← Chapters

ကပ်လွဲလေး

Vol. 015 Ch. 714

ကပ်လွဲလေး

Vol. 015 Ch. 714

သက်လတ်ပိုင်းလူကြီးက လေးစားစွာ ပြောလိုက်သည်။ “ဓားတစ်လက်ပါ။ ဒီဂျူနီယာက ဒီဓားကို ကြည့်လိုက်တာ သာမန်ပဲ ဆိုတာ တွေ့လိုက်ရပါတယ်။ ဒီလိုရတနာများက ငါတို့ရတနာခန်းမရဲ့လိုအပ်ချက်ကို မပြည့်မှီပါဘူး..."

သူက အဘိုးအိုထံသို့ မည့်သည့်မလေးမစားဟန်ကိုမှ မပြဝံ့ပေ။သည်အဘိုးအိုက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအစောပိုင်း အဆင့်သာ ဖြစ်သော်လည်း သည်ရတနာခန်းမ၌ သူ့အဆင့်အတန်းက မြင့်မားပေ၏။သက်လတ်ပိုင်းလူကြီးက သည်အဘိုးအိုသည် တစ်ချိန်တုန်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်မှန်း သိထားပေ၏။သို့သော် ဒဏ်ရာကြောင့် သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ကျဆင်းနေခြင်း ဖြစ်သည်။

အဘိုးအိုက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသော ဝမ်လင်းကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ သံသယအရိပ်အမြွက်တို့ ဖြစ်ပေါ်လာသေးသည်။သို့သော် သိပ်မကြာခင်တွင် သူက ခေါင်းယမ်းကာ တစ်ခုတည်းရတနာခန်းမထဲသို့ ပြန်ဝင်သွားတော့၏။

“ ဒီလူကို ရင်းနှီးနေသလိုပဲ…” အဘိုးအိုအသွင်က အလွန်တရာ နွမ်းနယ်ပင်ပန်းနေသည့်ပုံပင်။သူက အဆောက်အဦထဲသို့ ပြန်ဝင်လာသည့်အခါတွင် ထောင့်တစ်ခုရှိ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်၏။သူက သူ့ရင်ဘက်ကို ထိကာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ တိတ်ဆိတ်စွာ ငေးမောကြည့်နေသည်။

ဝမ်လင်းက တစ်ခုတည်းရတနာခန်းမကနေ ထွက်လာပြီးနောက် ဝါးစိမ်းခန်းမ ရှိရာသို့ လှမ်းလျှောက်လာခဲ့သည်။သူ့ခန်းမက ကြီးမားလှခြင်း မရှိသော်လည်း သပ်ရပ်မှု ရှိ၏။အထဲသို့ ဝင်လာသည့်နေက် ဝမ်လင်းက လှည့်ပတ်ကြည့်လိုက်ရာ နံရံမှီထားသော သစ်သားစင်များကို တွေ့လိုက်ရသည်။ထိုစင် တစ်ခုစီ၌ သေတ္တာငယ်လေး တစ်ခုစီ ရှိနေကာ ယင်းသေတ္တာငယ်များကို အဝါရောင်ပိုးသားနှင့် ထွေးပတ်ထားသည်။ ရတနာများ၊ဆေးလုံးများနှင့် အခြားအရာများကို ယင်းသေတ္တာငယ်လေးများ၏ အထဲ၌ ထည့်လို့ထားသည်။

ထိုဆိုင်ထဲ၌ လူငယ်တစ်ယောက်ရှိလို့နေသည်။သူ့လက်ထဲ၌လည်း ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားကာ စိတ်ဝင်တစား ဖတ်နေသည့်ဟန် ရှိ၏။လူငယ်က ဝမ်လင်း ဝင်လာသည်ကို သတိပြုမိသည့်အခါ စာအုပ်ကို ချကာ မတ်တပ်ထရပ်ပြီး ပြုံး၍ ဆိုလာ၏။ “ငါတို့ဆိုင်က သိပ်ကြီးမားခြင်း မရှိပေမဲ့လည်း ပစ္စည်းကောင်းတွေ စုဆောင်းထားပါတယ်။ မိတ်ဆွေက ဘာများ အလိုရှိပါသလဲ…”

သည်လူ၏ ကျင့်ကြံမှုအဆင့်က စဦးစိတ်ဝိညာဉ်အစောပိုင်းတွင် ရှိ၏။သူက ဝမ်လင်းကို မြင်လိုက်သည့်အခါတွင်လည်း တစ်ခုတည်းရတနာခန်းမက လူလိုမျိုး မည်သည့်မောက်မာမှုကိုမှ မပြသပေ။ထိုအစား သူက အေးအေးဆေးဆေးပင် နှုတ်ဆက်စကား ဆိုလာခဲ့သည်။

ဝမ်လင်းက ပြုံးလိုက်၏။သူက သိုလှောင်အိတ်ထဲမှ ဓားကို ထုတ်ယူ၍ မေးလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီဓားကို လက်ခံနိုင်လောက်လား…”

လူငယ်က ဓားကို ကြည့်လိုက်ချိန်၌ သူ့မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားကာ သူက ခြောက်ကပ်ကပ်ပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီဓားကို ငါစစ်ဆေးကြည့်လို့ရနိုင်မလား…”

လူငယ်၏စိတ်သဘောထားက ပျော့ပြောင်းပေသည်။ဝမ်လင်းက ပြုံး၍ သူ့ညာလက်ကို ဆန့်တွန်းလိုက်သည်။ဓားက လူငယ်ထံသို့ ပျံသန်းသွား၏။လူငယ်က ထိုဓားကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ကာ ပြောလာ၏။ “ဒီဓားက တော်တော်လေး သာမန်ဆန်တယ်…ငါစိုးရိမ်တာက…အာ….”

လူငယ်က စကားတစ်ဝက်တစ်ပျက်နှင့် သူ့မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။သူက လက်ထဲရှိ သာမန်ဆန်သောဓားကို ကြည့်ကာ တုန်လှုပ်နေမိ၏။

သူက ရုတ်တရက် ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၍ ခပ်မြန်မြန် ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီဓားထဲက မန္တာန်က…”

ဝမ်လင်းက ပြုံး၍ ဆို၏။ “သင် စမ်းသပ်ကြည့်ရင် သိပါလိမ့်မယ်…”

လူငယ်က အသက်ဝဝရှူသွင်းကာ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ပြန်ဖိနှိပ်လိုက်သည်။သူက သည်ဓားကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ချိန်၌ ယင်းဓားထဲတွင် မန္တာန်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရပေသည်။သူက သည်မန္တာန်ကို ဖြတ်၍ မြင်နိုင်စွမ်းမရှိချေ။သို့သော ထိုမန္တာန်၏ ဖိအားက သူ့စဦးစိတ်ဝိညာဉ်ကိုပင် တုန်ယင်သွားအောင် ပြုလုပ်နေသည်။

သူက ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ကာ ဓားထဲသို့ ထည့်သွင်းလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်က ဓားထဲရှိ မန္တာန်ကို ထိမိသွားချိန်၌ ပြင်းထန်သော ဓားစွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။

သူ့မျက်လုံးထဲ၌ အံ့အားသင့်မှုတို့ ဖြစ်ပေါ်နေ၏။ သည်ဓားပေါ်ရှိ မန္တာန်က အသက်သွင်းရခြင်း မရှိသေးသော်လည်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့်ပင် အလယ်အလတ်ရတနာတစ်ခု ဖြစ်ကြောင်း အမျိုးအစား ခွဲခြားနိုင်လိုက်သည်။

သူက ထိုမန္တာန်ကို အသက်သွင်းနိုင်စွမ်း မရှိပေ။သို့သော် သူက ဓားကို ကျွမ်းကျင်စွာကိုင်၍ ဆိုင်အပြင်ဘက်ရှိ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး ထံသို့ ညွှန်လိုက်၏။ ထိုအခါ ဓားစွမ်းအင်တန်းက စိတ်ဝိညာဉ်ကျောက်တုံးထံသို့ တိုးဝင်လို့သွားသည်။အသံတစ်စက်မှ မထွက်ဘဲနှင့် ဓားက စိတ်ဝိညာဉ်ကျောက်တုံးကို ထွင်းဖောက်သွားပြီးနောက် ပြန်လည် ပျံသန်းလာခဲ့သည်။

“ဓားကောင်းပဲ…” လူငယ်က ဓားကို ကြည့်နေရင်းဖြင့် သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်နေသည်။

သည့်နောက် သူက ဓားထဲရှိ မန္တာန်ကို အသက်သွင်းလိုက်၏။သို့သော် ချက်ခြင်းပင် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွား၏။သူက သူ့ရှေ့ရှိ ဓားက ပျောက်ကွယ်သွားပြီး သူနှင့် ပေတစ်ရာအကွာတွင် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ဒါက…”

လူငယ်၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက ချက်ခြင်းပင် ဆိုင်အပြင်သို့ လှမ်းထွက်လိုက်၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားက တည်နေရာရွှေ့ပြောင်းကာ ချက်ခြင်း ပြန်ရောက်လာ၏။ထိုအခါ လူငယ်၏မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နှက်လို့သွားသည်။သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကာ ဓားကို စိတ်ဝိညာဉ်ကျောက်တုံး ရှိရာသို့ နောက်တစ်ဖန် ညွှန်လိုက်ပြန်၏။ထိုအခါ ဓားက တည်နေရာ ရွှေ့ပြောင်း၍ ကျောက်တုံးအား ထွင်းဖောက် ဖြတ်ကျော်သွားပြန်သည်။

“ဒါ…ဒါက တည်နေရာ ရွှေ့ပြောင်းခြင်းပဲ…” လူငယ်က ပါးစပ်ဟောင်းလောင်း ဖြစ်လို့သွားသည်။သူက ချက်ခြင်းပင် ဓားကို ပြန်ဆင့်ခေါ်လိုက်ရာ သူ့လက်ထဲသို့ ပြန်ရောက်ရှိလာ၏။ခုချိန်၌ သူက စိတ်ထဲတွင် ဗြောင်းဆန်နေခဲ့ချေပြီ။ယေဘုယျအားဖြင့် ဓားတစ်လက်ထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း မန္တာန်တစ်ခုကို ချမှတ်ရန် မဖြစ်နိုင်ပေ။အကြောင်းကတော့ ဓားက တည်နေရာရွှေ့ပြောင်းခြင်း ပွတ်တိုက်မှုအတားအဆီးကို ကောင်းကောင်း ကိုင်တွယ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။ သည့်အပြင် ကျင့်ကြံမှုအဆင့်မြင့်မားလှခြင်း မရှိလျှင် တည်နေရာရွှေ့ပြောင်းခြင်းမန္တာန်နှင့် ဓားကို တံဆိပ်ခပ်နှိပ်ရန် မဖြစ်နိုင်ပေ။

လူငယ်က ဓားကို ဆုပ်ကိုင်ထား၏။သူက ဆိုင်ထဲသို့ အလျှင်စလို ပြန်ဝင်လာကာ ဝမ်လင်းကို ခပ်သွက်သွက် ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီဆိုင်က သင့်ရဲ့ ဓားကို လိုချင်ပါတယ်။ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆို လုံလောက်ရဲ့လား…”

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သူ့ရှေ့ရှိ လူငယ်၏ ကျင့်ကြံမှုအဆင့်က အလွန်နိမ့်နေ၏။စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုခြင်းဖြင့် သူက သည်ဓား၏ စွမ်းအား ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်စွမ်း ရှိခဲ့ပေသည်။

လူငယ်က ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင်လိုက်သည့်အခါ သူက စဉ်းစားသွား၏။ သည့်နောက် သူက အံကြိတ်၍ ဆိုလာသည်။ “ရောင်းရင်းကျင့်ကြံသူ..ငါက နောက်ထပ် ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ကို ထပ်ပေါင်းပေးနိုင်ပါတယ်။ ဒီဓားက ထိပ်တန်းစိတ်ဝိညာဉ်ရတနာ ဖြစ်နေပေမဲ့လည်း ငါက ဒီဓားအတွက် မြင့်မားတဲ့နှုန်းကို ပေးပြီးနေပါပြီ…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “သင်တို့ရှိမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံဿူတွေကော မရှိဘူးလား…”

လူငယ်က မှင်သက်သွား၏။သူက မကျေမနပ်အသံနှင့် မေးလိုက်သည်။ “ရောင်းရင်းက ဘာကို ဆိုလိုတာလဲ။ ငါ့ကျင့်ကြံမှုအဆင့်က ဒီဓားကို ဖြတ်မြင်နိုင်စွမ်း မရှိဘူးလို့ ထင်နေတာလား။ ငါတို့မှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်စီနီယာတွေ ရှိပါတယ်။သင်က တောင်ဆိုလာတော့လည်း ငါက တစ်ကြိမ်တစ်ခါတော့ မေးပေးရတော့မှာပေါ့…”

သည့်နောက် လူငယ်က သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းကျောက်စိမ်းပြားပေါ်၌ သတင်းပို့လွှတ်မှုတစ်ခုကို ချန်ထားလိုက်ပြီးနောက် သူက ထိုကျောက်စိမ်းပြားကို ပစ်လိုက်ရာ ၎င်းကျောက်စိမ်းပြားက ဆိုင်ထဲကနေ ပျံသန်းထွက်သွားသည်။

ကျောက်စိမ်းပြားကို ပို့လွှတ်လိုက်ပြီးသည့်နောက် လူငယ်က ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ချကာ လက်ထဲရှိ ဓားကို ဆော့ကစား၍ သေချာကြည့်နေ၏။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူက အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်နှင့် ဖက်ပြိုင်နေစရာမလိုပေ။ သူက ဆရာသခင်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။သည်အခိုက်အတန့်၌ သူက ပြုံး၍ ဆိုင်ထဲရှိ ရတနာများကို လှည့်ပတ်ကြည့်နေသည်။

လူငယ်ကတော့ မတည်မငြိမ် ဖြစ်နေ၏။သူ့အကြည့်က ဝမ်လင်းပေါ်သို့ မကြာမကြာ ရောက်ရောက်လာကာ တုန်လှုပ်ဟန်တို့ ဖြစ်ပေါ်လို့နေသည်။သူ့အမြင်၌ သည်ကျင့်ကြံသူက အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆ့င်၌သာ ရှိသော်လည်း သူက သူ့မိသားစု၏ အကြီးအကဲများကို ကြည့်နေရသကဲ့သို့ ခံစားမိနေရသည်။

ဝမ်လင်း၏ သက်တောင့်သက်သာ တည်ငြိမ်နေသည့်အသွင်က အမြုတေဖွဲ့တည်ခြင်းကျင့်ကြံသူတစ်ယောက် ရှိသင့်သည့် အရာ မဟုတ်ပေ။သို့သော် ထိုလူက အမြုတေဖွဲ့တည်ခြင်းအဆင့်၌သာ အမှန်တကယ် ရှိနေပြန်၏။သူက ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသလားဟု တွေးနေ၏။သို့သော် သည် ဝါးစိမ်းခန်းမက မိသားစုအကြီးအကဲများ နေရာချထားသော အစီအရင်များ ရှိနေ၏။တစ်စုံတစ်ယောက်က အာဏာတက်ခြင်းအဆင့်သို့ ရောက်မနေပါက သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားရန်မှ မဖြစ်နိုင်ပေ။

သိပ်မကြာခင်တွင် အပြင်ဘက်မှ အဘိုးအိုတစ်ယောက် ဆိုင်ခန်းထဲသို့ ဝင်ရောက်လာ၏။ထိုအဘိုးအို ပထမဆုံး လုပ်သည့်အရာက လူငယ့်လက်ထဲမှ ဓားကို ကြည့်လိုက်ခြင်းပင်။ ထိုဓားကို မြင်လိုက်သည်နှင့် သူ့မျက်လုံးက ဖျပ်ခနဲ လင်းလက်သွားသည်။

လူငယ်က အဘိုးအိုကို မြင်သည်နှင့် ချက်ခြင်းမတ်တပ် ထရပ်ကာ လေးစားသည့်ဟန်ပန်ဖြင့် ပြောလိုက်၏။ “ဂျူနီယာစွန်မူက အကြီးအကဲကို နှုတ်ဆက်ပါတယ်…”

အဘိုးအိုက ဝမ်လင်းကို ကြည့်လိုက်ရင်း ပြန်တုံ့ပြန်လိုက်သည်။သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိဘဲ သူက တည်ငြိမ်စွာ မေးလိုက်သည်။ “ဒီလူက ရတနာကို လာရောက် အစစ်ဆေးခံတဲ့လူလား…”

လူငယ်က ခေါင်း ခပ်သွက်သွက် ညိတ်ကာ လေးစားသည့်ဟန်ပန်ဖြင့် သူ့လက်ထဲရှိ ဓားကို ကမ်းပေးလိုက်သည်။

အဘိုးအို ဝင်လာသည့်အခါ ဝမ်လင်းက တစ်ချက်သာ စောင်းငဲ့ကြည့်ကာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သည်အဘိုးအိုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွင် ရှိလို့နေသည်။သူက အထွတ်အထိပ်သို့ မရောက်သေးသော်လည်း သေခြင်းရှင်ခြင်းအခြေအနေများကို ဖြတ်ကျော်ခဲ့ဖူးသည်မှာ ထင်ရှားနေပေ၏။ထို့ကြောင့် သူ့စိတ်က သူအရင်က တွေ့ဆုံခဲ့ဖူးသော လေးယောက်ထက် ပို၍ ရင့်ကျက်နေလေသည်။

အဘိုးအိုက အချိန်ဖြုန်းမနေတော့ချေ။ သူက ညာလက်ကို ဝှေ့ယမ်းကာ ဓားကို ဖမ်းယူလိုက်၏။ သူက ၎င်းဓားကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နှင့် သူ့တည်ငြိမ်သောအသွင်က တုန်လှုပ်မှု အစားဝင်လာတော့သည်။

အဘိုးအိုက ထိုဓားကို သူ့လက်ချောင်းဖြင့် တောက်ထုတ်လိုက်၏။ ၎င်းက ဓားတေးသံတစ်ခုကို ထုတ်လွှတ်သွားစေကာ သည်ဆိုင်ထဲ၌ ပဲ့တင်ထပ်သွားစေသည်။သူ့မျက်လုံးက ပို၍ တုန်လှုပ်သွားကာ သူက ညာလက်ကိုဝှေ့ယမ်းလိုက်ပြန်၏။ ဓားက ပျံသန်းထွက်သွား၍ ပျောက်ကွယ်သွားသည်။

သည်တစ်ကြိမ်၌ ထိုဓားက ကီလိုမီတာငါးရာကျော် အထိ တည်နေရာ ရွှေ့ပြောင်းသွားခဲ့ခြင်းပင် ဖြစ်သည်။

သည့်နောက် ချက်ခြင်းပင် ထိုဓားက အဘိုးအိုဘေးနား၌ ပြန်ပေါ်လာကာ သူ့အား လှည့်လည်နေသည်။ဓားက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေကာ ကြမ်းကြုတ်သော ဓားစွမ်းအင်တစ်ခုလည်း ရှိလို့နေသည်။

ပို၍ အရေးကြီးသည်က ထိုဓားတစ်လျှောက်တွင် လျှပ်စီးအမျှင်တန်းများကပါ ရွှေ့လျားလို့နေသည်။အဘိုးအိုက လျှပ်စီးအမျှင်တန်းများကို စူးစိုက်ကြည့်ကာ စဉ်းစားနေ၏။သူက ညာလက်ကို မြှောက်၍ ထိုလျှပ်စီးကို ထိလိုက်သည်။

ပေါက်ကွဲသံတစ်ခုက အခန်းထွက်၌ ပဲ့တင့်ထပ်သွား၏။သည့်နောက် အဘိုးအို၏ အသွင်ကလည်း ချက်ခြင်း ဖြူရောသွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူက ခဏကြာမှ ပြန်ကောင်းမွန်လာခဲ့သည်။ထိုသို့ ဖြစ်သွားသော်လည်း သူက မည်သည့်ဒေါသထွက်ဟန်မှ မပြသည့်အပြင် ကျေနပ်နေသည့်ပုံပင် ပေါ်နေသေးသည်။

လူငယ်က သည်အခြင်းအရာကို ကြည့်ကာ လုံးဝ မှင်သက်ကြောင်ရီနေ၏။သူက အဘိုးအို၏ ထိန်းချုပ်မှုအောက်၌ သည်ဓားက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်နေသည်ကို ကိုယ်တိုင် တွေ့မြင်လိုက်ရပေသည်။

“ကောင်းကင်ဘုံ ရတနာ…ဒါ…ဒါက ကောင်းကင်ဘုံရတနာ တစ်ခုပဲ…” လူငယ်က မှင်သက်အံ့ဩသွားချေသည်။

“ကောင်းကင်ဘုံရတနာ မဟုတ်ဘူး။ ဒါက တုပထားတဲ့ ကောင်းကင်ဘုံရတနာ…တစ်ဝက်တစ်ပျက်ကောင်းကင်ဘုံရတနာပဲ။ ဒီဓားထဲမှာ မဟာတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကို ရေးထွင်းထားတယ်။ ထပ်ပြောရရင် လျှပ်စီးစွမ်းအင်က ဒီဓားရတနာကို ပိုပြီး တန်ဖိုး ရှိသွားစေတယ်။ ဒီလျှပ်စီးမရှိရင်တော့ တော်တော်လေး ကွာခြားသွားလိမ့်မယ်…”

အဘိုးအိုက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ဆို၏။သူက ထိုသို့ပြောလိုက်ရင်း ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

“ဒါက မင်း မင်းမိသားစုရှိကနေ အမွေရရှိခဲ့တာ ဖြစ်ရမယ်။ မင်းက ဒါကို ရောင်းချင်တာ သေချာရဲ့လား…”

“ကောင်းကင်ဘုံကျောက်စိမ်းပြားသုံးထောင်…” ဝမ်လင်းက တန်ကြေးကိုသာ တန်း၍ ဆိုလိုက်၏။

အဘိုးအိုမျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက ဝမ်လင်းကို သေချာစမ်းစစ်ကြည့်လိုက်သည်။ စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြားပုံကို ဆိုင်ကြမ်းပြင်ပေါ်သို့ ပုံချလိုက်၏။ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဝါးစိမ်းခန်းမတစ်ခုလုံးတွင် ပြည့်နှက်သွား၏။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြား များကို သိမ်းဆည်းလိုက်သည်။

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ မေးလိုက်ပြန်၏။ “မင်းမှာ တစ်ခြား တစ်ဝက်တစ်ပျက်ကောင်းကင်ရတနာတွေများ ရှိသေးလား…”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။သူက သိုလှောင်အိတ်ထဲမှ ကြေးမုံတစ်ချပ်ကို ထုတ်ကာ အဘိုးအိုထံသို့ ပစ်ပေးလိုက်သည်။

အဘိုးအိုက ကြေးမုံကို ဖမ်းယူလိုက်၏။သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွား၏။သည်တစ်ကြိမ်၌ သူက ပို၍ တုန်လှုပ်သွားလေ၏။ သူက အာမေဋိတ်အသံဖြင့် ပြောလာသည်။ “အမွေအနှစ်တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံရတနာ…”

***

All Chapters