← Chapters

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း ၃၇၈ - အသုံးမကျတဲ့ကောင်တွေ ဘာအသုံးကျမှာလဲ

ထို့နောက် ချားလ်စ်က ဒီလူအုပ်ကြီးကို လက်ရှိ တူးဖော်ရေး အခြေအနေများအကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်ပြီး အချက်အလက် အစစ်အမှန် တချို့ကိုပါ ပြသလိုက်ရာ နောက်ဆုံးတွင် ထိုလူများ အားလုံး တကယ်ကို ယုံကြည်သွားကြလေသည်။

တူးဖော်ရေး စက်ခေါင်းက မြေအောက် ၁၀၅ မီတာ အနက်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေသော ဒိုင်ခွက်များကို မြင်လိုက်ရသောအခါ သူတို့ အားလုံး မျက်လုံးပြူးသွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာ တစ်ဝိုက်လုံးမှာ မြေလွှာကျောက် အလွှာများ ဖြစ်ကြောင်းကို သူတို့က မှန်ပြင်ပေါ်တွင် မြင်တွေ့လိုက်ရသောကြောင့်ပင်။ ဆိုလိုသည်မှာ ဆွန်ဖုန်း၏ ဤစင်မြင့်က မြေလွှာကျောက် အလွှာများကို တူးဖော်နေခြင်းပင် ဖြစ်သည်။

ထို့အပြင် နှစ်ရက် အတွင်း မီတာ ၁၀၅ မီတာ အနက်အထိ တူးဖော်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဤအရှိန်အတိုင်း ဆိုပါက တစ်ပတ် အတွင်း ဤမြေလွှာကျောက် အလွှာများကို ဖောက်ထွင်းပြီး ရေနံလွှာထဲသို့ ဝင်ရောက်နိုင်မည်မှာ သေချာလှသည်။

အစပိုင်းတွင် ဤလူအများစုက ဆွန်ဖုန်း၏ စကားကို မယုံကြည်ခဲ့ကြသော်လည်း ယခု အချက်အလက် အစစ်အမှန်များကို မြင်တွေ့ရသောအခါ တစ်ယောက်ချင်းစီတိုင်းက လုံးဝ ယုံကြည်သွားကြလေသည်။ ဖီးလက်စ်နှင့် ယန်ကျစ် တို့မှာမူ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ အထင်းသား ပေါ်လွင်နေလေသည်။

ဆွန်ဖုန်း၏ အောင်မြင်မှုက သူတို့ အနေဖြင့် နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေများကို ဝင်ရောက် တူးဖော်ရန် အခွင့်အရေး ရရှိတော့မည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။

"ဆွန်ဖုန်း မင်း တကယ် မိုက်တာပဲ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့သလို လေလုံးထွားခဲ့တာလည်း မဟုတ်ဘူး မင်း တကယ် လုပ်ပြနိုင်ခဲ့ပြီပဲ"

ဖီးလက်စ်က ဆွန်ဖုန်း၏ ပခုံးကို လက်သီးဖြင့် တစ်ချက် ထိုးကာ ပြောလိုက်လေသည်။

"ဟီးဟီး နောက်ရက် အနည်းငယ် နေရင် ကျွန်တော်တို့ သုံးယောက် နေရာတစ်ခု ရှာပြီး သေချာ ဆွေးနွေးကြတာပေါ့"

ဆွန်ဖုန်းက ဖီးလက်စ်နှင့် ယန်ကျစ် ကို ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်းပါပြီ ပြဿနာ မရှိပါဘူး"

ယန်ကျစ်က ပြန်ပြောလိုက်လေသည်။

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး"

ဤရလဒ်ကို မြင်တွေ့ရသောအခါ မူလက လှောင်ပြောင်ရန် ပြင်ဆင်ထားခဲ့သော ဒေးဗစ်၏ မျက်နှာမှာ ချက်ချင်း ညိုမည်းသွားလေသည်။ ဆွန်ဖုန်း၏ တူးဖော်ရေး စင်မြင့်က ဤမျှလောက် အဆင်ပြေ ချောမွေ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

နှစ်ရက်တည်းဖြင့် မြေလွှာကျောက် အလွှာ ၅၀ မီတာ အထူကို တူးဖော်နိုင်ခဲ့သည်တဲ့လား။ ဤရလဒ်နှင့် ဤအရှိန်အဟုန်က တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှသည်။

သူတို့ကိုယ်တိုင်လည်း ဤနေရာရှိ မြေလွှာကျောက် အလွှာများကို စမ်းသပ် တူးဖော်ခဲ့ဖူးသော်လည်း တစ်လလောက် အချိန်ယူရသည့်တိုင် ၅၀ မီတာ အနက် အထိ မတူးနိုင်ခဲ့ပေ။ အခြားသူများက ဘာလို့ နှစ်ရက်တည်းနဲ့ လုပ်နိုင်ခဲ့တာလဲ။

ဖုန်းရွေ့ သုတေသန ဌာနက ထုတ်လုပ်လိုက်တဲ့ X အမျိုးအစား တူးဖော်ရေး စင်မြင့်က တကယ်ပဲ ဒီလောက် အဆင့်မြင့်နေတာလား၊ ဆွန်ဖုန်းက နောက်ဆုံးပေါ် မြေလွှာကျောက် ရေနံ တူးဖော်ရေး နည်းပညာနဲ့ စက်ပစ္စည်းတွေကို ပိုင်ဆိုင်ထားပြီလား။

ဤအတွေးများက ယခုအချိန်တွင် ဒေးဗစ်၏ ခေါင်းထဲ၌ ချာချာလည်နေပြီး ဖယ်ထုတ်ပစ်၍ မရနိုင်အောင် ဖြစ်နေလေသည်။

"မစ္စတာဆွန် ခင်ဗျားရဲ့ X အမျိုးအစား ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်က တကယ်ကို အံ့မခန်းပါပဲ အခု အခြေအနေကို ကြည့်ရတာ ခင်ဗျားတို့ရဲ့ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်နိုင်တဲ့ အဆင့်မြင့် နည်းပညာ ဒါမှမဟုတ် စက်ပစ္စည်းတွေကို ပိုင်ဆိုင်ထားပြီ ဆိုတဲ့ သဘောလား"

လူတစ်ယောက်က ခါးကိုင်းကာ ရိုသေစွာ မေးလိုက်လေသည်။

ထိုလူ၏ စကား ထွက်လာသည်နှင့် လူတိုင်းက ဆွန်ဖုန်းကို ပြိုင်တူ ကြည့်လိုက်ကြပြီး သူ၏ အဖြေကို စောင့်ဆိုင်းနေကြလေသည်။ ဤနေရာရှိ လူတိုင်း ဤအဖြေကို သိချင်နေကြပြီး ၎င်းတို့ထဲတွင် ဖီးလက်စ်နှင့် ယန်ကျစ် တို့လည်း ပါဝင်လေသည်။

လက်ရှိ ကမ္ဘာပေါ်တွင် မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး နည်းပညာနှင့် စက်ပစ္စည်းများတွင် ကောင်းမွန်သည်ဟု ဆိုနိုင်သော အရာ တစ်ခုမျှ မရှိသေးချေ။ ကုန်ကျစရိတ် ကြီးမားလွန်းခြင်း မဟုတ်လျှင် ထွက်ရှိမှု နည်းပါးခြင်းသာ ဖြစ်သည်။ အမြဲတမ်း လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။

"ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ ဖုန်းရွေ့ သုတေသန ဌာနက အဆင့်မြင့် နည်းပညာနဲ့ တူးဖော်ရေး စက်ပစ္စည်း တစ်မျိုးကို သုတေသန ပြုလုပ်ပေးထားပါတယ် နည်းပညာက ဘာလဲ ဆိုတာကိုတော့ ကျွန်တော် ထုတ်ပြောလို့ အဆင်မပြေပါဘူး စက်ပစ္စည်း ကတော့ ခင်ဗျားတို့ အခု မြင်တွေ့နေရတဲ့ ဒီတူးဖော်ရေး စင်မြင့်ပါပဲ"

ဆွန်ဖုန်းက အပြုံးလေးဖြင့် ပြောလိုက်လေသည်။

ဆွန်ဖုန်း၏ စကား ထွက်လာသည်နှင့် လူတိုင်းက အံ့သြချီးကျူးသံများ ထွက်ပေါ်လာကြပြီး လူအများအပြားက မိမိတို့ ရောက်ရှိနေသော ဤစင်မြင့်ကြီးကို သေချာ ဂရုတစိုက် လိုက်လံ ကြည့်ရှုကြကာ ဘယ်နေရာတွေက ဆန်းသစ်နေသလဲ ဆိုတာကို သိချင်နေကြလေသည်။

"မစ္စတာဆွန်ဖုန်း ခင်ဗျားက ဒီ X အမျိုးအစား ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်ကို ရောင်းချဖို့ အစီအစဉ် ရှိပါသလား"

လူဝဝပုပု တစ်ယောက်က ဆွန်ဖုန်းကို ရိုသေစွာ မေးလိုက်လေသည်။

"ဟားဟား မရောင်းပါဘူး ဒီနည်းပညာကို ကျွန်တော် ရောင်းမှာ မဟုတ်ပါဘူး သူက အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံလောက် ပေးနိုင်မယ် ဆိုရင်တော့ တစ်မျိုးပေါ့"

ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်လေသည်။

"အာ ဒါ... ဒေါ်လာ ၁၀ ဘီလီယံ"

မေးခွန်းမေးသောသူ တစ်ယောက် လေအေးများပင် ရှူသွင်းလိုက်မိလေသည်။

"ဒီဈေးက အရမ်း ကြီးလွန်းနေပြီလေ ၁၀ ဘီလီယံ ဆိုတော့ ဘယ်သူက ဝယ်ချင်မှာလဲ"

"ဒါပေမဲ့ ငါ့မှာသာ အဲဒီလောက် ပိုက်ဆံ ရှိရင် သေချာပေါက် ဝယ်မှာပဲ အဲဒီအချိန်ကျရင် ငါက နယူးဖောင်လန် ဘက်က မြေလွှာကျောက် ရေနံမြေကို သွားတူးမှာပေါ့ အဲဒီဘက်မှာ ရေနံစည်ပေါင်း ၃၅ ဘီလီယံတောင် ရှိတာလေ တကယ်လို့ စည်ပေါင်း ၁၅ ဘီလီယံလောက်ပဲ တူးနိုင်တယ် ဆိုရင်တောင် တစ်စည်ကို တစ်ဒေါ်လာပဲ မြတ်ရင်တောင် ဒေါ်လာ ၁၅ ဘီလီယံ မြတ်နေပြီပဲ"

လူတစ်ယောက်က စိတ်ကူးယဉ်လျက် ပြောလိုက်လေသည်။

"......"

'မဟုတ်ဘူး မဟုတ်ဘူး ဒါက သေချာပေါက် ဆွန်ဖုန်း ကံကောင်းသွားလို့ ဖြစ်ရမယ် ဒါက ဒုတိယနေ့ပဲ ရှိသေးတယ်လေ ဒီနှစ်ရက် တူးဖော်တာ အဆင်ပြေနေရုံနဲ့ နောက်ပိုင်း တူးဖော်တာတွေ အကုန်လုံး အဆင်ပြေမယ်လို့ မဆိုနိုင်ဘူး ဟုတ်တယ် ဒီရေနံတွင်း တစ်တွင်း တူးရတာ လွယ်ကူရုံနဲ့ တခြား ရေနံတွင်းတွေပါ တူးရလွယ်မယ်လို့ မဆိုနိုင်ဘူးလေ ဒီနေရာက မြေလွှာကျောက် ရေနံမြေ ဖြစ်ပြီး ပင်လယ်ထဲမှာ ရှိနေတာ သူတို့ ဝမ်လွန်း ရေနံကုမ္ပဏီတောင် ဘာမှ မလုပ်နိုင်တာကို သေးငယ်တဲ့ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီလေး တစ်ခုက ဒီလောက် စွမ်းနိုင်မယ် ဆိုတာကို ငါ မယုံဘူး'

ဒေးဗစ်က စိတ်ထဲမှ မိမိကိုယ်ကိုယ် နှစ်သိမ့်နေလေသည်။ မှန်ပါသည်။ သူက အမှန်တရားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရသော်လည်း မယုံကြည်ချင်သဖြင့် မိမိကိုယ်ကိုယ် လှည့်စားနေခြင်းပင် ဖြစ်လေသည်။

"မစ္စတာဆွန်ဖုန်း ကျွန်တော်တို့ တခြား ရေနံတူးဖော်ရေး စင်မြင့် နှစ်ခုကို သွားကြည့်လို့ ရမလား"

ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်း တစ်ယောက်က မေးလိုက်လေသည်။

"သေချာတာပေါ့ ရပါတယ် ဒီကိစ္စကို ခင်ဗျားတို့ကို လိုက်ပြဖို့ လူစီစဉ်ပေးပါ့မယ် ကျွန်တော်တော့ မလိုက်တော့ဘူး ကျွန်တော် ဒီမှာ ဖီးလက်စ်နဲ့ စကား နည်းနည်း ပြောချင်လို့ အေးအေးဆေးဆေး ကြည့်ကြပါ"

ဆွန်ဖုန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မစ္စတာဆွန်"

ဤလူများထဲတွင် အရှုံးမပေးချင်သေးသူ အချို့လည်း ပါဝင်ပြီး တခြား စင်မြင့် နှစ်ခုကို အုပ်စုဖွဲ့ကာ သွားရောက် ကြည့်ရှုကြလေသည်။ တူးဖော်မှု အခြေအနေက တူညီမှု ရှိမရှိ ကို သိချင်ကြခြင်း ဖြစ်ပြီး ၎င်းတို့ထဲတွင် ဒေးဗစ် လည်း ပါဝင်လေသည်။

သို့သော် သိပ်မကြာခင်မှာပင် ဤလူများ ပြန်ရောက်လာကြသည်။ တူးဖော်ရေး စင်မြင့် သုံးခုစလုံး၏ တူးဖော်မှု အခြေအနေမှာ အတူတူလောက် ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသောအခါ ဤသတင်းကြောင့် သူတို့ အားလုံး ဆွန်ဖုန်းကို လုံးဝ ယုံကြည်သွားကြတော့သည်။

"မစ္စတာဆွန် ခင်ဗျားရဲ့ ရေနံတူးဖော်ရေး စင်မြင့် တစ်ခုက တစ်ရက်ကို ရေနံတန်ချိန် ဘယ်လောက်လောက် တူးဖော်နိုင်မလဲ ဆိုတာ သိလို့ ရမလား"

"တန်ချိန် ၅၀၀ လောက်ပါ"

ဆွန်ဖုန်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်လေသည်။

"ရှူး... တန်ချိန် ၅၀၀ ဟုတ်လား ဒီလောက် အများကြီး ထွက်တာလား"

လူတိုင်း ကြားပြီးနောက် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြလေသည်။ ဤအချိန်တွင် လူအများစု၏ ရင်ထဲ၌ သံသယများ စတင် ဖြစ်ပေါ်လာကြသော်လည်း လက်ရှိတွင် ရေနံ မထွက်သေးသဖြင့် ထိုအချိန်ရောက်မှသာ အမှန်ကို သိရမည် ဖြစ်လေသည်။

ဤလူများက ဤနေရာတွင် တစ်ရက်ခန့် လေ့လာပြီးနောက် ပြန်သွားကြလေသည်။ ဖီးလက်စ်နှင့် ယန်ကျစ် တို့လည်း ပြန်သွားကြသည်။ ဆွန်ဖုန်းကလည်း သူတို့ကို မတားတော့ပေ။ အချိန်ကျလျှင် သူတို့က နောက်တစ်ခေါက် လာရောက် အတည်ပြုပြီးမှသာ ဆွန်ဖုန်းနှင့် ပူးပေါင်း လုပ်ကိုင်ရန် ဆုံးဖြတ်ကြမည်မှာ သေချာလှသည်။ ဘာပဲဖြစ်ဖြစ် လက်ရှိတွင် ရေနံ မထွက်သေးပေ။

နောက်တစ်နေ့တွင် ဤသတင်းထောက်များ ပြန်ရောက်သွားပြီးနောက် သိပ်မကြာခင်မှာပင် သတင်းများ ထွက်ပေါ်လာလေသည်။ ဆွန်ဖုန်း၏ ဤရင်းနှီးမြှုပ်နှံမှုမှာ အရှုံးမပေါ်ကြောင်း၊ အနည်းဆုံးတော့ လက်ရှိအချိန်တွင် အတော်လေး ချောမွေ့နေပုံ ရကြောင်း ရေးသား ဖော်ပြကြခြင်းပင် ဖြစ်လေသည်။

အရေးအကြီးဆုံး သတင်း တစ်ခုမှာ ဆွန်ဖုန်း၏ X အမျိုးအစား ကမ်းလွန် တူးဖော်ရေး စင်မြင့်က တကယ်ကို အစွမ်းထက်ကြောင်းပင် ဖြစ်သည်။ ထို့အပြင် မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး နည်းပညာသစ်နှင့် စက်ပစ္စည်းများ အကြောင်းလည်း ပါဝင်လေသည်။

ဤအရာကို ဆွန်ဖုန်းက အသေးစိတ် ထုတ်ဖော် ပြောဆိုထားခြင်း မရှိသဖြင့် ပြင်ပလောကမှ မရေမရာသာ ရေးသား ဖော်ပြကြပြီး ၎င်းအပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံး တစ်ခု စွပ်ပေးထားသကဲ့သို့ ဖြစ်နေလေသည်။

သို့သော် နှစ်ရက် အတွင်း မီတာ ၅၀ အထူရှိသော မြေလွှာကျောက် အလွှာကို ဖောက်ထွင်းနိုင်ခဲ့သည် ဆိုသော သတင်းကတော့ လူအများကို အလွန် အံ့အားသင့်သွားစေခဲ့လေသည်။

နှစ်ပတ် အကြာတွင် ဆွန်ဖုန်း၏ ရေနံတူးဖော်ရေး စင်မြင့် သုံးခုစလုံးမှ ရေနံများ စတင် ထွက်ရှိလာခဲ့ပြီ ဖြစ်သည်။ စင်မြင့် တစ်ခုစီက တစ်ရက်လျှင် ရေနံတန်ချိန် ၅၀၀ ထွက်ရှိလေသည်။

ဤသတင်း ထွက်ပေါ်လာသောအခါ ပါးရိုက်သံများ ထွက်ပေါ်လာသကဲ့သို့ပင်။ အရင်က ဆွန်ဖုန်းကို အထင်သေးခဲ့သူများ သို့မဟုတ် လှောင်ပြောင်ခဲ့သူများ အားလုံး ချက်ချင်းပင် ဆွန်ဖုန်း၏ ပါးရိုက်ခြင်းကို အပြင်းအထန် ခံလိုက်ရလေတော့သည်။

စင်မြင့် တစ်ခုက တစ်ရက်ကို ရေနံတန်ချိန် ၅၀၀ တူးဖော်နိုင်ရာ စင်မြင့် သုံးခု ပေါင်းလျှင် တစ်လကို ရေနံတန်ချိန် ၄၅,၀၀၀ ထွက်ရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ရေနံစည်ပေါင်း ၂၈၀,၀၀၀ ဖြစ်လေသည်။ ဤထွက်ရှိမှုက မဆိုးလှဟု ဆိုနိုင်ပေသည်။ နောက်ပိုင်းတွင် ရေနံတွင်းများကို ထပ်မံ တိုးချဲ့ပါက ထွက်ရှိမှုကလည်း ဆက်လက် မြင့်တက်လာဦးမည် ဖြစ်လေသည်။

ဝမ်လွန်း ရေနံကုမ္ပဏီ၊ အစည်းအဝေး ခန်းမ အတွင်းတွင်။

ယနေ့ ဒါရိုက်တာ အများစု ရောက်ရှိနေကြပြီး ကျန်ရှိသော အရာရှိကြီးများ၊ ဥက္ကဋ္ဌ အစရှိသည်တို့ အားလုံး အစုံအလင် ရောက်ရှိနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံးက သတင်းတစ်ခုကို လက်ခံရရှိထားသောကြောင့်ပင်... ဂျားလော့ ရေနံမြေမှ ရေနံ ထွက်လာပြီ ဟူသော သတင်းပင် ဖြစ်လေသည်။

သူတို့က ရေနံမြေကို ရောင်းထုတ်လိုက်သည်မှာ နှစ်ဝက်ပင် မပြည့်သေးချိန်တွင် ဆွန်ဖုန်းက ရေနံများ တူးဖော် ထုတ်ယူနိုင်သွားပြီ ဖြစ်သည်။ သူတို့ လက်ထဲတွင် ရှိစဉ်ကတော့ ဆက်တူး၍ မရတော့ဘူး၊ တန်ဖိုး မရှိတော့ဘူး ဟု ထင်ခဲ့ကြသည်။

ထို့နောက် ဈေးပေါပေါဖြင့် ရောင်းချခဲ့ရုံသာမက သူများ ဝယ်ယူလာအောင်ပင် တောင်းပန်ခဲ့ရသေးသည်။ ယခုတော့ တွေ့ကြပြီ မဟုတ်လား၊ သူများက အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံတည်းဖြင့် ဒီရေနံမြေကြီးကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ခဲ့ပြီး လေးလပင် မပြည့်သေးချိန်တွင် ရေနံများ တူးဖော် ထုတ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

လုပ်ငန်းစဉ် တစ်လျှောက်လုံးကလည်း အလွန် ချောမွေ့နေပြီး ဘာအခက်အခဲမှ မကြုံတွေ့ခဲ့ရချေ။ မြေလွှာကျောက် အလွှာများကိုပင် အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့သည်။

သူတို့က ဒီသတင်းကို ရရှိသောအခါ တစ်ယောက်ချင်းစီက ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေကြလေသည်။ သူတို့ အကြီးအကျယ် ရှုံးသွားပြီ ဖြစ်ကြောင်း၊ ဤတစ်ကြိမ်တော့ တကယ်ကို အကြီးအကျယ် ရှုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ကြလေသည်။

အရင်က သူတို့က ဆွန်ဖုန်းကို အရူး တစ်ယောက်ဟု ထင်ခဲ့ကြသည်။ ပိုက်ဆံ ပေါလွန်း၍ သုံးစရာ နေရာ မရှိသဖြင့် ဤအကျိုးမရှိသော ဂျားလော့ ရေနံမြေကို လာဝယ်သည်ဟု ထင်ခဲ့ကြသည်။

ယခုတော့ တွေ့ပြီ မဟုတ်လား၊ သူများက အရူး မဟုတ်ဘဲ သူတို့ကိုယ်တိုင်ကသာ အရူးများ ဖြစ်နေခဲ့ကြသည်။ သူများ၏ ဉာဏ်ရည်က အလွန် ကောင်းမွန်နေလေသည်။

သူများက ဒီတစ်ကြိမ်မှာ တကယ်ကို အကြီးအကျယ် မြတ်သွားပြီ ဖြစ်ပြီး ဝမ်လွန်း ရေနံကုမ္ပဏီကတော့ အကြီးအကျယ် ခံလိုက်ရလေပြီ။

"အဲဒီတုန်းက ငါ မင်းတို့ကို မရောင်းပါနဲ့လို့ ပြောသားပဲ မင်းတို့က အတင်း ရောင်းချင်နေကြတာ အခုတော့ တွေ့ပြီလား စားလိုက်ကြတော့ ရပ်လိုက်ကြတော့ သူများက အကြီးအကျယ် မြတ်သွားပြီး ငါတို့က အကြီးအကျယ် ရှုံးသွားပြီ အဲဒီတုန်းက ငါ ပြောခဲ့တယ် တစ်ဖက်က ဒေါ်လာ ၁.၅ ဘီလီယံ မပေးရင် ငါတို့ လုံးဝ မရောင်းဘူး လို့ မင်းတို့ကတော့ ရှုံးမှာ ကြောက်ပြီး ဂျားလော့ ရေနံမြေကြီး ဆက်ထားရင် ကိုယ့်အတွက် အကျိုးမရှိဘူး ဆိုပြီး ကြောက်နေကြတာ အခုတော့ တွေ့ပြီလား နောင်တရနေကြပြီ မဟုတ်လား ဒီရေနံမြေမှာ တူးဖို့ ကျန်သေးတဲ့ ရေနံစည်ပေါင်း သန်း ၄၅၀ လောက် ရှိသေးတယ် အဲဒါကိုမှ ဒေါ်လာ ၁.၁ ဘီလီယံတည်းနဲ့ အဲဒီ ဆွန်ဖုန်းကို ရောင်းလိုက်တယ် သူများကတော့ အခု ပျော်လွန်းလို့ သေတော့မယ် မင်းတို့ကို မင်းတို့ ပြန်ကြည့်စမ်း တစ်ယောက်ချင်းစီက ငိုမဲ့ငိုမဲ့ မျက်နှာတွေနဲ့ ဟွန့် အဲဒီတုန်းက ငါ့ကို ဝိုင်းပြီး ကန့်ကွက်ခဲ့ကြတာ အခုကျတော့ ဘာလို့ ဘာစကားမှ မပြောကြတော့တာလဲ"

အရင်က ရေနံမြေကို ဆွန်ဖုန်းထံ မရောင်းရန် အော်ဟစ် ပြောဆိုခဲ့သော ဒါရိုက်တာ တစ်ဦးက ယခုအခါ ဒေါသတကြီး အော်ဟစ်နေလေသည်။

အရင်က ရေနံမြေကို ဆွန်ဖုန်းထံ ရောင်းချရန် ထောက်ခံခဲ့ကြသော ဒါရိုက်တာများမှာ တစ်ယောက်ချင်းစီက မျက်နှာ ညှိုးငယ်နေကြပြီး အချို့မှာ မျက်နှာ မည်းမှောင်နေကြကာ မည်သူကမျှ ဘာစကားမှ မပြောကြတော့ချေ။

သူတို့ အလိမ်ခံလိုက်ရပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။ မဟုတ်ဘူး... မိမိတို့၏ လက်များကိုပင် ခုတ်ဖြတ်ပစ်ချင်စိတ် ပေါက်နေကြလေသည်။ အဲဒီတုန်းက ဘယ်လိုများ စိတ်လွတ်ပြီး ဂျားလော့ ရေနံမြေကို ရောင်းထုတ်ပစ်ခဲ့မိပါလိမ့် ဟု တွေးနေကြလေသည်။

အထူးသဖြင့် ထိုဒါရိုက်တာ အိုကြီးမှာ ယခုအခါ အနည်းငယ် ညှိုးငယ်နေသော မျက်နှာထားဖြင့် တီးတိုး ရေရွတ်နေလေသည်။

"ဒီဆွန်ဖုန်းက တကယ့် ပါရမီရှင် စီးပွားရေးသမား တစ်ယောက်ပဲ သူ့ရဲ့ အမြင်က ဒီလောက်တောင် စူးရှလွန်းတယ် သူ ရင်းနှီးမြှုပ်နှံသမျှ ဘယ်တုန်းကမှ မရှုံးဖူးဘူး ထင်တယ် စိန့်ဖုန်း ရေနံမြေပဲ ဖြစ်ဖြစ်၊ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံပဲ ဖြစ်ဖြစ် သူက ယုံကြည်မှု အပြည့် ရှိနေခဲ့တာ ကြည့်ရတာ နောက်ပိုင်း သူနဲ့ ဆက်ဆံတဲ့အခါ သေချာပေါက် သတိထားမှ ရတော့မယ် အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်"

"ဟွန့် ကြောက်စရာ ကောင်းတယ် ဟုတ်လား သူက ပုံစံသစ် ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်နဲ့ တူးဖော်ရေး စက်ပစ္စည်းတွေကို သုတေသန လုပ်ပြီး ထုတ်နိုင်ခဲ့တာလေးပဲ မဟုတ်ဘူးလား သူ လုပ်နိုင်ရင် ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ ဒီအကြောင်း ပြောရမယ် ဆိုရင် ငါက ဟိုသုတေသန ဌာနက အသုံးမကျတဲ့ ကောင်တွေကို သွားဆဲချင်နေပြီ ငါတို့က သူတို့ကို သုတေသန လုပ်ဖို့ နှစ်တိုင်း ငွေတွေ အများကြီး ပေးထားရတာ မင်းတို့ ကြည့်စမ်း ဘယ်နှစ်နှစ် ရှိနေပြီလဲ အခုထိ ဘာတိုးတက်မှုမှ မရှိသေးဘူး သောက်ကျိုးနည်း အသုံးမကျတဲ့ ကောင်တွေကို မွေးထားရတာပဲ သူများတွေရဲ့ ဖုန်းရွေ့ သုတေသန ဌာနကို ကြည့်စမ်း တည်ထောင်တာ တစ်နှစ်ကျော်လေးပဲ ရှိသေးတယ် အခု ပစ္စည်းတွေ ဘယ်လောက်တောင် ထုတ်နိုင်နေပြီလဲ ဆွန်ဖုန်း အတွက် ဓနဥစ္စာတွေ ဘယ်လောက်တောင် ဖန်တီးပေးနေပြီလဲ X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း တစ်ခုတည်းနဲ့တင် သူ့ကို ဒေါ်လာ ဘီလီယံချီပြီး မြတ်အောင် လုပ်ပေးနိုင်နေပြီလေ အသုံးမကျတဲ့ ကောင်တွေ သောက်အသုံးမကျတဲ့ ကောင်တွေ"

"ကျွန်တော် အကြံပြုချင်တာက ဒုတိယ နှစ်ဝက်က စပြီး သုတေသန ဌာနကို ပေးတဲ့ သုတေသန ရန်ပုံငွေတွေကို လျှော့ချပစ်ဖို့ပဲ သူတို့ကို ပိုက်ဆံတွေ အများကြီး ပေးထားပေမယ့် သူတို့က ဘာမှ သုတေသန လုပ်ပြီး ထုတ်မပေးနိုင်ဘူး ပိုက်ဆံ ဖြုန်းတီးနေတာ သက်သက်ပဲ"

"ဟုတ်တယ် ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ် လွန်ခဲ့တဲ့ ငါးနှစ်လောက် ကတည်းက သူတို့ကို မြေလွှာကျောက် ရေနံမြေ အကြောင်း သုတေသန လုပ်ခိုင်းခဲ့တာ အခုချိန်ထိ ဘာတိုးတက်မှုမှ မရှိသေးဘူး သောက်ကျိုးနည်း သူတို့ကို ဘာလုပ်ဖို့ ထားထားရမှာလဲ အိမ်ပြန်ပြီး ချီးသာ သွားစားခိုင်းလိုက်တော့"

......

ဆွန်ဖုန်း၏ ဤတစ်ကြိမ် အောင်မြင်မှုမှာ ကံကောင်းခြင်း မဟုတ်တော့ဘဲ အစစ်အမှန် စွမ်းရည်နှင့် နည်းပညာကြောင့် ဖြစ်လေသည်။ ဆွန်ဖုန်းက မြေလွှာကျောက် ရေနံမြေကို တူးဖော်နိုင်သည့် ရင့်ကျက်ပြီး အဆင့်မြင့်သော နည်းပညာကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ချက်ချင်းပင် မရေမတွက်နိုင်သော အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့လေသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ကနေဒါ အစိုးရပင် ဖြစ်လေသည်။

သူတို့က ဆွန်ဖုန်းနှင့် ပူးပေါင်းကာ နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေ တစ်ခုကို စမ်းသပ် တူးဖော်ရန် မျှော်လင့်နေကြသည်။ ထို့အပြင် အခြားသော ရေနံ သူဌေးကြီးများကလည်း ဆွန်ဖုန်းနှင့် ပူးပေါင်းကာ မြေလွှာကျောက် ရေနံမြေများကို အတူတူ တူးဖော်ရန် မျှော်လင့်နေကြလေသည်။

အခြားသော သူဌေးကြီး အချို့ကလည်း ဆွန်ဖုန်း၏ နည်းပညာနှင့် စက်ပစ္စည်းများကို တိုက်ရိုက် ဝယ်ယူရန် မျှော်လင့်နေကြသည်။ ဘာပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှု ပုံစံ မျိုးစုံ ရှိနေလေသည်။

သို့သော် ဆွန်ဖုန်းက မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့ပေ။ သူက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျင်းချန် ရေနံကုမ္ပဏီ၊ ဖီးလက်စ် တို့နှင့် သဘောတူညီချက် တစ်ခု ရယူထားခဲ့ပြီး ဖြစ်သည်။

သူတို့ သုံးဦး ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး ဆွန်ဖုန်းက ရင်းနှီးငွေ အနည်းငယ်နှင့် နည်းပညာ၊ စက်ပစ္စည်းများကို ထုတ်ပေးမည် ဖြစ်ကာ ဖီးလက်စ်နှင့် ကျင်းချန် ရေနံကုမ္ပဏီတို့က ရင်းနှီးငွေ အများအပြား ထုတ်ပေးမည် ဖြစ်ပြီး နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေများကို အတူတူ သွားရောက် တူးဖော်ကြမည် ဖြစ်လေသည်။

ဖီးလက်စ် ပါဝင်လာမှတော့ ထိုဘက်ရှိ ရေနံမြေ အကွက်များကို ရယူရန် အလွန် ခက်ခဲမည် မဟုတ်ဟု ဆွန်ဖုန်း ယုံကြည်ထားလေသည်။ ဖီးလက်စ်၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ဆွန်ဖုန်း အနေဖြင့် စိတ်ချလက်ချ တူးဖော်နိုင်ပြီ ဖြစ်သည်။ အခြားသော ရေနံ သူဌေးကြီးများ ဆိုလျှင်ကော ဘာဖြစ်သနည်း။ ယခု ဆွန်ဖုန်းတွင်လည်း မဟာမိတ်များ ရှိနေပြီ ဖြစ်လေသည်။

ကနေဒါ အစိုးရ တစ်ခုတည်း ရှိနေသလော။ ဖီးလက်စ် ပါဝင်လာပါက ကနေဒါ အစိုးရကလည်း ထိုရေနံမြေများ၏ တူးဖော်ခွင့်ကို အသာတကြည် ရောင်းချပေးမည်မှာ သေချာလှကြောင်း ဆွန်ဖုန်း ယုံကြည်ထားလေသည်။

သေချာသည်ပေါ့ ယခုက ကနဦး သဘောတူညီချက် တစ်ခုသာ ဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရန် အတွက်တော့ ထိုမျှ မမြန်ဆန်နိုင်သေးပေ။

အနည်းဆုံးတော့ ရေနံမြေ ဝယ်ယူရန် လအနည်းငယ်ခန့် ကြိုတင် ပြင်ဆင်ရဦးမည် ဖြစ်သည်။ တူးဖော်မည့် အချိန်ကို ဆိုလျှင်တော့ အနည်းဆုံး နှစ်ဝက်ခန့် ကြာမြင့်ဦးမည် ဖြစ်လေသည်။

ဤလုပ်ငန်း လုပ်ရသည်မှာ ဟင်းသီးဟင်းရွက် ဝယ်သလို ဝယ်ချင်တိုင်း ဝယ်၊ လုပ်ချင်တိုင်း လုပ်၍ ရသည် မဟုတ်ပေ။ ကြိုတင် ပြင်ဆင်ရမည့် အလုပ်များစွာနှင့် အချိန်ကာလ တစ်ခု လိုအပ်လေသည်။

"ဘော့စ် ဒီတစ်ခေါက်တော့ ကျွန်မတို့ အကြီးအကျယ် မြတ်သွားပြီ စဉ်းစားကြည့်ရုံနဲ့တင် ရင်ခုန်ဖို့ ကောင်းတယ် ရေနံစည်ပေါင်း သန်း ၄၅၀ တောင်လေ ကျွန်မတို့ ဘယ်လောက် တူးနိုင်မလဲ ဆိုတာကို မပြောနဲ့ဦး အဲဒီအထဲက ၃၀ ရာခိုင်နှုန်းလောက်ပဲ တူးနိုင်တယ် ဆိုရင်တောင် ကျွန်မတို့ အကြီးအကျယ် ချမ်းသာနေပြီ ၃၀ ရာခိုင်နှုန်း ဆိုတာ ရေနံစည်ပေါင်း ၁၃၅ သန်းပဲ တကယ်လို့ ကျွန်မတို့က ရေနံစည်ပေါင်း ၁၃၅ သန်း တူးဖော်နိုင်မယ် ဆိုရင် ဒီရင်းနှီးမြှုပ်နှံမှုက သေချာပေါက် အဆပေါင်းများစွာ မြတ်သွားပြီ အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံတည်းနဲ့ ဒီရေနံမြေကို ဝယ်နိုင်ခဲ့တာ တကယ်ကို တန်လွန်းတယ်"

စိန့်ဂျွန်မြို့၊ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ ဌာနချုပ်တွင် စူးမေးက ဂျားလော့ ရေနံမြေ၏ ပထမ သီတင်းပတ် အတွက် အချက်အလက် မှတ်တမ်းများကို ကြည့်ပြီးနောက် ဆွန်ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"အင်း ဒီရေနံမြေကနေ ငါတို့ သေချာပေါက် အကြီးအကျယ် မြတ်မှာပါ ဒါပေမဲ့ ဒီရေနံမြေက ကြီးမားပေမယ့် ငါ့ရဲ့ အဓိက ဟင်းလျာတော့ မဟုတ်ဘူး ဒါက ငါ့အတွက် အမြည်း ဟင်းလျာလေး တစ်ပွဲ သက်သက်ပဲ ငါ့ရဲ့ ပစ်မှတ်က နယူးဖောင်လန် အနောက်ပိုင်းက ရေနံစည်ပေါင်း ၃၅ ဘီလီယံပဲ အဲဒါမှ ငါ့ရဲ့ အဓိက ဟင်းလျာ"

ဆွန်ဖုန်းက လက်ချောင်းများဖြင့် ရုံးစားပွဲကို ပုတ်ကာ ပြောလိုက်ပြီး သူ၏ မျက်လုံးများတွင် ပူပြင်း တောက်လောင်သော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

"နယူးဖောင်လန် အနောက်ပိုင်းက မြေလွှာကျောက် ရေနံမြေ... ရေနံစည်ပေါင်း ၃၅ ဘီလီယံ... ဘော့စ် ရှင် ပြောချင်တာက နယူးဖောင်လန် အနောက်ပိုင်း တစ်ခုလုံးက ရေနံတွေ အကုန်လုံးကို တူးဖော်ဖို့ ပြင်ဆင်နေတာလား"

စူးမေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။

"ဟုတ်တယ် အဲဒါမှ ငါ့ရဲ့ ပစ်မှတ်ပဲ"

ဂျားလော့ ရေနံမြေ ဖြစ်လျှင်တောင် သူက အဲဒီက ရေနံတွေကို ရာခိုင်နှုန်း ပြည့် တူးဖော်သွားမည် ဖြစ်ကြောင်းကို ဆွန်ဖုန်းက စူးမေးကို မပြောပြရသေးချေ။

All Chapters