အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း ၃၇၉ - ဖုန်းရွေ့ စက်မှုလုပ်ငန်းစု စတော့ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်း
"ဝါး ဒါဆိုရင် ရေနံစည်ပေါင်း ၃၅ ဘီလီယံက ကျွန်မတို့ကို တူးဖော်ဖို့ စောင့်နေတယ် ဆိုတဲ့ သဘောပေါ့ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာ ကောင်းလိုက်တာ တကယ်လို့ ငါတို့က ဒီမြေလွှာကျောက် ရေနံမြေတွေ အကုန်လုံးကို တူးဖော်နိုင်မယ် ဆိုရင် ငါတို့ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ ရေနံ ဌာနခွဲက ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီကြီး တစ်ခု အဖြစ် ချက်ချင်း ရောက်ရှိသွားမှာ သေချာတယ်"
စူးမေး၏ လေသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။
"ဒါပေါ့ ငါ ပြောသားပဲ ငါ့အစီအစဉ်က တစ်ဆင့်ပြီး တစ်ဆင့် ချိတ်ဆက်ထားတာ ငါ့နောက် လိုက်တာ လုံးဝ မမှားစေရဘူး"
ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်လေသည်။
"ဘော့စ် ကျွန်မ တို့ နောက်ပိုင်း ရေနံလောကမှာ ခြေကုပ်ယူနိုင်ပြီ ဆိုရင် ဘာလို့ ရေနံချက်စက်ရုံ ဒါမှမဟုတ် ရေနံ ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံ မတည်ထောင်တာလဲ ကျွန်မတို့မှာ အခု ရင်းနှီးငွေ ရှိနေပြီ ဆိုတော့ ရေနံစိမ်းတွေကို ရောင်းစရာ မလိုတော့ဘူးလေ"
စူးမေးက ဆွန်ဖုန်းကို မေးခွန်းထုတ်လိုက်လေသည်။
သူမ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ရေနံစိမ်း ရောင်းရသည့် ဈေးက သိပ်မများလှပေ။ အကယ်၍ ရေနံကို ပြုပြင်ပြီးမှ ရောင်းမည် ဆိုပါက ဈေးနှုန်းက နှစ်ဆ တက်သွားမည် ဖြစ်ပြီး ပို၍လည်း မြတ်မည် ဖြစ်လေသည်။
"ဒါကို အလောတကြီး မလုပ်နဲ့ဦး ငါတို့ နယူးဖောင်လန် ဘက်က ရေနံမြေတွေနဲ့ ဒီ ဂျားလော့ ရေနံမြေကို ဘယ်လို တူးဖော်မလဲ ဆိုတာကို အရင် စဉ်းစားကြတာပေါ့ ဒီကိစ္စကို ငါ့ဘာသာ အတိုင်းအတာ တစ်ခု သတ်မှတ်ထားပြီးသားပါ"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
နောက်နေတာလား။ ဆွန်ဖုန်းက ပိုက်ဆံ လိုနေတဲ့သူလား။
သူ ဘာကြောင့် ရေနံတွေကို ကျင်းချန် ရေနံကုမ္ပဏီကို ရောင်းချင်ရသနည်း ဆိုလျှင် ဒါက တစ်နည်းအားဖြင့် မျိုးချစ်စိတ် ပြသခြင်းပင် ဖြစ်သည်။ ရေနံများကို အမိနိုင်ငံတော်သို့ ရောင်းချချင်သောကြောင့် ဖြစ်လေသည်။
"အင်းပါ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ရေနံချက်တဲ့ လုပ်ငန်းမှာ အတွေ့အကြုံ လုံးဝ မရှိသေးဘူးလေ တကယ်လို့ ကုမ္ပဏီနဲ့ စက်ရုံ တည်ထောင်မယ် ဆိုရင် အချိန်နဲ့ လုပ်အားတွေ အများကြီး ပေးပြီး လည်ပတ်ရဦးမှာ"
စူးမေးက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။ ခုနက သူမ အနည်းငယ် စိတ်ကူးယဉ်လွန်းသွားခဲ့သည်။
"ဒါနဲ့ ဘော့စ် ငါတို့ ဂျားလော့ ရေနံမြေက ရေနံတွေကို ကျင်းချန် ရေနံကုမ္ပဏီကိုပဲ ရောင်းမှာလား သူတို့က ငါတို့ရဲ့ ဂျားလော့ ရေနံမြေ တူးဖော်ရေး အဆင်ပြေနေတာကို သိသွားတော့ စိန့်ဖုန်း ရေနံမြေတုန်းကလိုပဲ သူတို့ကို ရောင်းပေးဖို့ မျှော်လင့်နေကြတယ်"
စူးမေးက ပြောလိုက်လေသည်။
"အင်း ရတယ် ဒီကိစ္စကို မင်းပဲ သူတို့နဲ့ ဆွေးနွေးလိုက်တော့ ဘာပဲဖြစ်ဖြစ် ဘယ်လောက် ထွက်ထွက် အကုန် ရောင်းမယ် သိုလှောင်ထားစရာ မလိုဘူး"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
မိမိ၏ နိုင်ငံတော် ဖြစ်သော တရုတ်နိုင်ငံ၏ ကျင်းချန် ရေနံကုမ္ပဏီသို့ ရောင်းချရမည် ဖြစ်သဖြင့် ဆွန်ဖုန်းက အလွန် လိုလားနေလေသည်။
"ဟုတ်ကဲ့ နောက်ရက် အနည်းငယ် နေရင် ကျွန်မ သူတို့နဲ့ ဆွေးနွေးလိုက်ပါ့မယ်"
"နောက်ထပ် တစ်ပတ် နေရင် ငါတို့ရဲ့ ဖုန်းရွေ့ စက်မှုလုပ်ငန်းစုက စတော့ရှယ်ယာ ဈေးကွက် ဝင်တော့မယ် ဒီတစ်ပတ်တော့ အလုပ်တွေကို အဲဒီဘက်မှာ အဓိကထားပြီး လုပ်ကြရအောင်"
ဆွန်ဖုန်းက စူးမေးနှင့် ထပ်မံ ဆွေးနွေးပြီးနောက် ပြောလိုက်လေသည်။
လျန်ယင်း ကိုယ်ဝန်ရပြီး အလုပ်မလုပ်တော့ကတည်းက ဝူမုန်ရှင်းက မားစ်သံရိုင်းတွင်း ဘက်ရှိ ကိစ္စများကို အဓိက တာဝန်ယူ ကြီးကြပ်နေလေသည်။ နောက်မှ ဝင်ရောက်လာသော ဟွမ်ကျားချန် ၏ အဓိက အလုပ်မှာလည်း ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံ ဘက်တွင် ဖြစ်လေသည်။
ထို့ကြောင့် ကိစ္စတော်တော်များများကို ဆွန်ဖုန်းက စူးမေးနှင့်သာ တိုင်ပင် ဆွေးနွေးနိုင်တော့သည်။
ဆွန်ဖုန်း သိထားလေသည်။ ပြင်ပလူများက သူ့ကို ရင်းနှီးမြှုပ်နှံမှု ပါရမီရှင် တစ်ဦးဟု ထင်နေကြသည်။
တကယ်တမ်းတွင် သူက လုံးဝ မဟုတ်ပေ။ သူသည် တတိယတန်းစား တက္ကသိုလ် တစ်ခုမှ ဘွဲ့ရလာသော သာမန် လူတစ်ယောက်သာ ဖြစ်သည်။
သူ ရင်းနှီးမြှုပ်နှံမှု အောင်မြင်ရခြင်းမှာ သူ ရင်းနှီးမြှုပ်နှံလိုက်သော အရာတိုင်းကို ကူညီထောက်ပံ့ပေးမည့် ရွှေလက်ချောင်း (စနစ်) ရှိနေသဖြင့် သေချာပေါက် အောင်မြင်မည် ဖြစ်ကြောင်းကို သူ ကြိုတင်သိထားသောကြောင့်ပင်။
စူးမေးနှင့် ဟွမ်ကျားချန် တို့ နှစ်ဦးမှာ စီးပွားရေး လည်ပတ်မှု အပိုင်းတွင် ပါရမီ ပါကြောင်း သူ သိလေသည်။ လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ နှစ်ဦးကတော့ အနည်းငယ် အားနည်းလေသည်။
နောက်ဆုံးတွင် ဟယ်မင်ယီ နှင့် ယန်ရွှယ် တို့ ရှိသေးသည်။
ယန်ရွှယ်မှာ အိမ်တွင်းပုန်း အမျိုးသမီး တစ်ဦးသာ ဖြစ်ပြီး ဟယ်မင်ယီမှာလည်း သူဌေးသမီးလေး တစ်ဦးသာ ဖြစ်သည်။ သူမ အနေဖြင့် ယခုလောက် ပြောင်းလဲလာသည်ကပင် တော်နေပြီ ဖြစ်သည်။ သူမကို စီးပွားရေး လုပ်ခိုင်းရန်လား။ ဆွန်ဖုန်းကို ဒုက္ခမပေးလျှင်ပင် ကျေးဇူးတင်ရမည် ဖြစ်လေသည်။
တစ်ခါတစ်ရံ ဆွန်ဖုန်း တွေးမိသည်မှာ ဟွမ်ကျားချန်နှင့် သူမ နှစ်ဦးစလုံး သူဌေးသမီးများ ဖြစ်ကြသော်လည်း ဘာကြောင့်များ ဟွမ်ကျားချန်က ထိုမျှလောက် တော်နေရသနည်း ဟူ၍ပင်။
ထို့ကြောင့် ကုမ္ပဏီရှိ ကိစ္စ အတော်များများကို ဆုံးဖြတ်ခြင်းနှင့် လည်ပတ်ခြင်း အပိုင်းတွင် ဆွန်ဖုန်းက သိပ်မကျွမ်းကျင်ပေ၊ ထို့ကြောင့် သူက ကိုယ်ပိုင် ယုံကြည်ရသော လက်ယုံများ လိုအပ်ခြင်း ဖြစ်လေသည်။
အကောင်းဆုံးကတော့ မိမိ၏ မိန်းမများပင် ဖြစ်လေသည်။ ထို့ကြောင့် ဆွန်ဖုန်းက နောက်ပိုင်းတွင် မိမိ၏ မိန်းမများကို အစွမ်းထက် အမျိုးသမီးများ ဖြစ်လာအောင် ပျိုးထောင်ရန် ရည်ရွယ်ထားလေသည်။
"သိပါပြီ ဘော့စ်"
စူးမေးက ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
ဆွန်ဖုန်း၏ ဤဖုန်းရွေ့ စက်မှုလုပ်ငန်းစုမှာ သူ၏ လုပ်ငန်းစု တစ်ခုလုံး၏ အမည် ဖြစ်သော်လည်း လျှောက်ထားရာတွင် ပြည်တွင်းရှိ ဖုန်းရွေ့ သံမဏိစက်ရုံ အမည်ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဖုန်းရွေ့ သံမဏိစက်ရုံကို ဖုန်းရွေ့ စက်မှုလုပ်ငန်းစု အဖြစ် အမည်ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ငန်း တစ်ခုသာလျှင် တည်ထောင်ခဲ့သည်မှာ သုံးနှစ် ပြည့်သွားသောကြောင့် ဖြစ်လေသည်။
နောက်ပိုင်းတွင် ဆွန်ဖုန်းက ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီကိုလည်း ဖုန်းရွေ့ စက်မှုလုပ်ငန်းစုထဲသို့ ပေါင်းထည့်ကာ စတော့ရှယ်ယာ ဈေးကွက်သို့ ဝင်ရောက်ခိုင်းမည် ဖြစ်လေသည်။
ထို့နောက် စတော့ရှယ်ယာများ စတင် ထုတ်ဝေခြင်းနှင့် ဈေးကွက် ဝင်ရောက်သည့် အဆင့်များ အားလုံး အလွန် ချောမွေ့ခဲ့သည်။ ဆွန်ဖုန်း၏ နာမည်ဂုဏ်သတင်းမှာ ယခုအခါ အလွန် ကောင်းမွန်နေပြီ ဖြစ်ရာ သူ၏ အမည်အောက်ရှိ လုပ်ငန်းများမှာ မည်သို့ ဆိုးရွားနိုင်မည်နည်း။ ထို့ကြောင့် စတော့ရှယ်ယာ ဈေးနှုန်းများမှာ တရိပ်ရိပ် မြင့်တက်လာတော့သည်။
ဆွန်ဖုန်း၏ ဤတစ်ကြိမ် ဈေးကွက် ဝင်ရောက်မှု အလွန် ချောမွေ့ခဲ့ပြီး ရှယ်ယာများလည်း အကြီးအကျယ် တက်လာခဲ့သဖြင့် စုန့်ကျဲ အစရှိသူများ အားလုံးက ဖုန်းဆက်ကာ ဂုဏ်ပြုစကား ပြောကြားကြလေသည်။
၎င်းတို့ထဲတွင် ဆွန်ဖုန်းကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သူမှာ မိမိ၏ ယောက္ခမ ဖြစ်သူ ဟယ်လင် ပင် ဖြစ်လေသည်။ ဤယောက္ခမကြီးက ဤတစ်နှစ်ကျော် အတွင်း ဆွန်ဖုန်း တဖြည်းဖြည်း ကြီးပွားလာသည်ကို စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။
အရင်ကတော့ သူက ဆွန်ဖုန်းကို အထင်သေးခဲ့သည်မှာ အမှန်ပင်။ ယခု ဆွန်ဖုန်း၏ ပိုင်ဆိုင်မှုများက သူ့ထက် ဆယ်ဆမက များပြားနေသည်ကို မြင်သောအခါ သူ၏ သားမက်ကို ရုတ်တရက် အလွန် လေးစားသွားမိလေသည်။
'လူငယ်လေး ဆင်းရဲတာကို မလှောင်ပြောင်နဲ့' ဆိုသော စကားနှင့် အမှန်တကယ် ကိုက်ညီနေလေသည်။
သို့သော် ဆွန်ဖုန်းကို ငိုရခက် ရယ်ရခက် ဖြစ်စေသည်မှာ ဤယောက္ခမကြီးက သူ၏ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံချင်နေခြင်းပင်။ ဆိုလိုသည်မှာ သူနှင့်အတူ သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ချင်နေခြင်းပင် ဖြစ်လေသည်။
"အာ ယောက္ခမကြီး အဲဒါ တကယ် သေချာလို့လား"
ဆွန်ဖုန်းက ဖုန်းထဲမှ ဟယ်လင် ကို မေးလိုက်လေသည်။
"ဟုတ်တယ် ငါ ဒီနှစ်တွေထဲမှာ စုဆောင်းထားတဲ့ အမြတ်ငွေတွေ အကုန်လုံးကို ရင်းနှီးမြှုပ်နှံမလို့ စုစုပေါင်း ယွမ် ဘီလီယံ ၂၀ ပါ"
ဟယ်လင် က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်လေသည်။
သူက ဆွန်ဖုန်း သူ့ကို လိမ်မည်ကိုလည်း မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် သူ့တွင် သမီး တစ်ယောက်တည်းသာ ရှိပြီး ဆွန်ဖုန်းနှင့်လည်း လက်ထပ်ပေးလိုက်ပြီ ဖြစ်ရာ ဆွန်ဖုန်း၏ လိမ်လည်မှုကို ခံရလျှင်တောင် သူ နောင်တမရပေ။ သူက ဆွန်ဖုန်းကို သားတစ်ဝက်လို သဘောထားနေပြီ ဖြစ်လေသည်။
"အာ ယောက္ခမကြီး ဒီလောက် ငွေကြေး အများကြီးကို ရင်းနှီးမြှုပ်နှံမှာ သေချာလို့လား"
ဆွန်ဖုန်း တစ်ယောက် မျက်နှာပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများပင် ပေါ်လာလေသည်။
ယွမ် ဘီလီယံ ၂၀ ဆိုသည်မှာ နားထောင်လို့ အများကြီးဟု ထင်ရသော်လည်း အမေရိကန် ဒေါ်လာနှင့် တွက်ကြည့်ပါက ဒေါ်လာ သန်း ၃၀၀ ကျော်ခန့်သာ ရှိလေသည်။
သူ၏ ယောက္ခမကြီးက ယခုအခါ သူ့ကို တကယ်ပဲ ယုံကြည်နေပုံ ရလေသည်။ သိထားရမည်မှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းက အလွန် ကြီးမားသော အန္တရာယ်များ ရှိနေကြောင်းကိုပင်။
"အေးပါကွာ မင်းကလည်း ဘာလို့ မိန်းမတွေလို စကားများနေရတာလဲ ရှုံးသွားရင်တောင် ငါ မင်းကို အပြစ်မတင်ပါဘူး ဒါပေမဲ့ ငါ့မှာ စည်းကမ်းချက် တစ်ခုတော့ ရှိတယ်"
ဟယ်လင် က အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်လေသည်။
"ကောင်းပါပြီ ယောက္ခမကြီး ဘာစည်းကမ်းချက်များ ရှိသေးလို့လဲ"
ဆွန်ဖုန်းက ရယ်မောလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် သူ့အတွက်ကတော့ သတ္တုတူးဖော်ရေး လုပ်ရာတွင် အန္တရာယ်ရှိခြင်းနှင့် အရှုံးပေါ်ခြင်း ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
"ငါ့ရဲ့ မြေးလေး ဆွန်ရွှိုက် ကို တရုတ်ပြည် ပြန်ခေါ်လာခဲ့ ငါ့ကို တစ်လ နှစ်လလောက် ထိန်းခွင့်ပေးပါ ငါက မြေးလေးကို မတွေ့ရတာ ကြာလှပြီ"
ဟယ်လင် က ပြောလိုက်လေသည်။
"ဖူး"
ဟယ်လင် ၏ စကားကြောင့် ဆွန်ဖုန်း ရယ်ပင် ရယ်ချင်သွားလေသည်။
"အာ ဒီကိစ္စကို ယောက္ခမကြီးက မင်ယီ နဲ့ ပြောမှ ရမယ် သား တိုက်ရိုက် သဘောတူလိုက်ဖို့ အဆင်မပြေဘူး"
ဆွန်ဖုန်းက ဤကိစ္စကို သူ တိုက်ရိုက် ဆုံးဖြတ်၍ မရကြောင်း ပြသလိုက်လေသည်။
"ဟူး ကောင်းပါပြီ ငါ နောက်မှ သူ့ကို တိုင်ပင်ကြည့်လိုက်ပါ့မယ် ဒါပေမဲ့ မင်း ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စကိုတော့ ငါ ဆုံးဖြတ်ပြီးသွားပြီနော်"
"ဟုတ်ကဲ့ပါဗျာ"
ယောက္ခမ ဖြစ်သူ၏ ရင်းနှီးမြှုပ်နှံမှုကို ဆွန်ဖုန်းက မကန့်ကွက်ပေ။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံကို အတူတူ ရှာကြမည်။ မိမိ၏ ယောက္ခမကို ခေါ်ဆောင်ကာ အနည်းငယ် အမြတ်ရအောင် လုပ်ပေးခြင်းကလည်း ကောင်းမွန်လေသည်။
တိုက်ဆိုင်စွာပင် သူလည်း ရင်းနှီးငွေ လိုအပ်နေပြီး မိမိတွင် ရင်းနှီးငွေ ပိုများနေပါက နောက်ပိုင်းတွင် ကျင်းချန် ရေနံကုမ္ပဏီ၊ ဖီးလက်စ် တို့နှင့် ပူးပေါင်း လုပ်ဆောင်ရာတွင် အမြတ်ဝေစု ပိုမို ရရှိနိုင်မည် ဖြစ်လေသည်။
ယောက္ခမကြီး ရင်းနှီးမြှုပ်နှံလိုက်သော အမေရိကန် ဒေါ်လာ သန်း ၃၂၀ ခန့်ကို နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေ လုပ်ငန်းတွင် အသုံးပြုရန် ဆွန်ဖုန်းက ရည်ရွယ်လိုက်လေသည်။
လက်ရှိတွင် ဆွန်ဖုန်း ကိုယ်တိုင်၏ ရင်းနှီးငွေမှာ ဒေါ်လာ ၂.၄ ဘီလီယံခန့် ကျန်ရှိနေသေးသည်။ ယောက္ခမ၏ ငွေနှင့် ပေါင်းလိုက်ပါက ဒေါ်လာ ၂.၇ ဘီလီယံကျော်ခန့် ရှိသွားပြီ ဖြစ်သည်။
ကျင်းချန် ရေနံကုမ္ပဏီနှင့် ဖီးလက်စ် တို့၏ ရင်းနှီးငွေများနှင့် ပေါင်းလိုက်ပါက နယူးဖောင်လန် အနောက်ပိုင်းရှိ အလွန် ကြီးမားသော ရေနံမြေ တစ်ခုကို သေချာပေါက် ဝယ်ယူနိုင်မည်ဟု ယုံကြည်လေသည်။