← Chapters

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း ၃၈၄ - တစ်နေရာမကျန် လိုက်လံရှာဖွေခြင်း

နာဇီရတနာသင်္ဘော၏ သဲလွန်စများ ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာမှ အကြီးအသေး ဆယ်ယူရေးကုမ္ပဏီများသာမက တစ်သီးပုဂ္ဂလ ရတနာရှာဖွေသူများနှင့် ယာယီဖွဲ့စည်းထားသော ရတနာရှာဖွေရေး အဖွဲ့ငယ်များပါ ဂရိနိုင်ငံ ဒါဆာရိုနီကာ ပင်လယ်ပြင်သို့ ရောက်ရှိလာကြသည်။ ဤပင်လယ်ကမ်းခြေ မြို့ငယ်လေး၏ ဆိပ်ကမ်းမှာ ယခင်ကထက် ပိုမိုစည်ကားလာပြီး ရပ်နားထားသော သင်္ဘောများလည်း ပိုမိုများပြားလာသည်။ ဆိပ်ကမ်းရှိ ကုန်တင်ကုန်ချ အလုပ်သမားများမှာလည်း အလုပ်များနေကြသည်။

ရက်အနည်းငယ်ခန့် လှည့်လည်ရှာဖွေပြီးနောက် ဆွန်ဖုန်းတို့အဖွဲ့မှာ မည်သည့်သတင်းကောင်းမျှ မရရှိခဲ့ပေ။ အခြားသော ဆယ်ယူရေးကုမ္ပဏီများနှင့် တစ်သီးပုဂ္ဂလ ရတနာရှာဖွေသူများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ အစောပိုင်းက ရေငုပ်သမားတစ်ဦး ကံကောင်း၍ ရွှေသေတ္တာတစ်လုံး ရရှိခဲ့သည်မှလွဲ၍ အခြားသဲလွန်စအသစ် မရှိတော့ပေ။

ယခုအခါ ဒါဆာရိုနီကာ ပင်လယ်ပြင်တွင် သွားလာနေသော သင်္ဘောများမှာ တဖြည်းဖြည်း များပြားလာပြီး တန်ချိန်ဆယ်ဂဏန်းမှ ရာဂဏန်း၊ ထောင်ဂဏန်းအထိ ရှိသော ရတနာရှာဖွေရေး သင်္ဘောများဖြစ်သည်။ ဤပင်လယ်ပြင်ကြီးမှာ ရုတ်တရက် စည်ကားသိုက်မြိုက်လာတော့သည်။ ဆယ်ယူရေးကုမ္ပဏီအချို့ပင် အချင်းချင်း ပူးပေါင်းကာ သတင်းအချက်အလက်များ ဖလှယ်၍ နာဇီရတနာသင်္ဘောကို အတူတကွ ရှာဖွေနေကြသည်။

"သောက်ကျိုးနည်း... ဒီနာဇီရတနာသင်္ဘောက တကယ်ရော ရှိရဲ့လား" သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်ကာ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း ဆွန်ဖုန်းက တီးတိုးရေရွတ်လိုက်သည်။ ယခုဆိုလျှင် ၅ ရက်တောင် ကြာခဲ့ပြီဖြစ်သည်။

ဤ ၅ ရက်တာကာလအတွင်း ဆွန်ဖုန်းက ရှာဖွေထောက်လှမ်းရေးစနစ်ကို အမြဲဖွင့်ထားပြီး မူလသတ်မှတ်ထားသော နယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်ကာ ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ မည်သည့်သဲလွန်စမျှ မရရှိသေးပေ။

"ကြည့်ရတာ တစ်နေရာမကျန် လိုက်ရှာမှပဲ ရတော့မယ် ထင်တယ်... ဒီညပဲ စလုပ်မယ်" နောက်ဆုံးတွင်တော့ ဆွန်ဖုန်းက သူ၏ အကောင်းဆုံးလက်နက်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။

ညဘက်သို့ ရောက်သောအခါ ဆွန်ဖုန်းက သူ၏ ဝန်ထမ်းများ မသိအောင် တိတ်တဆိတ် ပင်လယ်ထဲသို့ ငုပ်ဆင်းသွားခဲ့သည်။

ပင်လယ်ကြမ်းပြင်တွင် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားသော ဆွန်ဖုန်းက ကာကွယ်ရေး အကာအကွယ်နှင့် ရှာဖွေထောက်လှမ်းရေးစနစ်ကို ဖွင့်ကာ ရှာဖွေရေးခရီးကို စတင်လိုက်သည်။ ဤနေရာမှစ၍ တစ်နေရာမကျန် လိုက်လံရှာဖွေရန် သူ ဆုံးဖြတ်ထားသည်။

"အသံလက်ထောက်စနစ်... ငါ့ကို လမ်းကြောင်းပြပြီး မြေပုံပေါ်မှာ မှတ်သားပေးထား... ပြီးရင် စရှာမယ်" ဆွန်ဖုန်းက အသံလက်ထောက်စနစ်အား ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်"

ဒါဆာရိုနီကာ ပင်လယ်ပြင်မှာ အတော်လေး ကျယ်ဝန်းသဖြင့် ဤသို့ရှာဖွေမည်ဆိုပါက နှစ်ရက် နှစ်ညခန့် အချိန်ယူရမည်ဟု ခန့်မှန်းရသည်။ ရွှေသင်္ဘောစုကြီးကို ရှာဖွေခဲ့စဉ်ကထက် အချိန်အနည်းငယ် ပိုတိုတောင်းမည်ဖြစ်သည်။

နာဇီရတနာသင်္ဘောက ဘယ်နေရာမှာ ပုန်းနေသလဲဆိုတာကို ဆွန်ဖုန်းက မရရအောင် ရှာမည်ဟု ဆုံးဖြတ်ထားသည်။ အကယ်၍ နာဇီရတနာသင်္ဘောက သတင်းများအတိုင်း ဤပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည်ဆိုပါက ရှာတွေ့ရန် ရာခိုင်နှုန်းပြည့် သေချာသည်။ အကယ်၍ ဤနေရာတွင် မရှိပါက သူ အလကား အချိန်ကုန်ခံလိုက်ရခြင်းသာ ဖြစ်မည်။

တစ်ညတာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဆွန်ဖုန်းသည် ဤပင်လယ်ပြင်၏ လေးပုံတစ်ပုံကို ရှာဖွေပြီးစီးခဲ့ပြီဖြစ်သည်။ သို့သော် မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ပေ။ အခြားသော နစ်မြုပ်နေသည့် သင်္ဘောအချို့ကို တွေ့ရှိခဲ့သော်လည်း မည်သည့်တန်ဖိုးရှိသည့် ပစ္စည်းမျှ မပါရှိသဖြင့် သူ့ကို အနည်းငယ် စိတ်ပျက်သွားစေသည်။

"သောက်ကျိုးနည်း... ကြည့်ရတာ ပြန်ဖို့ အချိန်တန်ပြီ ထင်တယ်... မနက်ဖြန်ညမှပဲ ဆက်လုပ်တော့မယ်" တစ်ညလုံး ရှာဖွေပြီးနောက် ဆွန်ဖုန်းလည်း အတော်လေး ပင်ပန်းသွားခဲ့ပြီဖြစ်သည်။ ကောင်းကောင်း အိပ်စက်အနားယူပြီး ညဘက်မှသာ ဆက်လက်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

သင်္ဘောပေါ် ပြန်ရောက်ပြီးနောက် မီးဖိုချောင်ကို ပင်လယ်စာခေါက်ဆွဲဟင်းရည် တစ်ပွဲ ချက်ခိုင်းလိုက်ပြီး စားသောက်ပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။

"ဘော့စ်... ကျွန်တော်တို့ အခု ခေါင်းမပါတဲ့ ယင်ကောင်တွေလို လျှောက်ရှာနေရတာ အဆင်မပြေဘူးဗျ... ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ကြမလဲ" ဆွန်ဖုန်း အိပ်ရာဝင်ရန် ပြင်နေစဉ် ဂေးလ်နှင့် ဆုံမိသည်။

"ကိစ္စမရှိပါဘူး... ငါတို့မှာ သဲလွန်စလည်း မရှိသလို သင်္ဘောနစ်မြုပ်တဲ့ နေရာအတိအကျကိုလည်း မသိရတော့ ဒီလိုပဲ ရှာရမှာပေါ့... မှတ်ထား... ထောက်လှမ်းရေး ကိရိယာတွေ အကုန်ဖွင့်ထားပြီး တစ်ခုခုများ တွေ့မလားဆိုတာ စောင့်ကြည့်နေပါ" ဆွန်ဖုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့" ဂေးလ်က ခေါင်းညိတ် သဘောတူလိုက်သော်လည်း သူ၏မျက်နှာတွင် ယုံကြည်မှု မရှိကြောင်း ထင်ရှားနေသည်။

ထိုထောက်လှမ်းရေး ကိရိယာများက သူတို့ကို အများကြီး အထောက်အကူ မပြုနိုင်ပေ။ ပင်လယ်ရေက အရမ်းနက်နေလျှင်ဖြစ်စေ သံလိုက်စက်ကွင်းများ၏ အနှောင့်အယှက်ကြောင့်ဖြစ်စေ အသုံးမဝင်တော့ပေ။

အမှန်တကယ်တော့ ဆွန်ဖုန်းကလည်း သူတို့ကို မျှော်လင့်မထားပေ။ ဂေးလ်ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးနောက် အိပ်ရာဝင်သွားခဲ့သည်။ သိပ်မကြာခင်မှာပင် ညဘက်သို့ ရောက်ရှိလာခဲ့သည်။

ဆွန်ဖုန်းက ရေချိုးသန့်စင်ပြီးနောက် ထကာ ညစာစားလိုက်သည်။ ဝန်ထမ်းများနှင့် စကားစမြည်ပြောဆိုပြီးနောက် ပင်လယ်ထဲသို့ နောက်တစ်ကြိမ် ငုပ်ဆင်းသွားခဲ့ပြန်သည်။

မနေ့ညက ဤပင်လယ်ပြင်၏ လေးပုံတစ်ပုံကို ရှာဖွေခဲ့ပြီးဖြစ်သဖြင့် ယခု ကျန်ရှိနေသော နေရာများကို ဆက်လက်ရှာဖွေရမည်ဖြစ်သည်။ ရှာဖွေပြီးသော နေရာများကို အသံလက်ထောက်စနစ်က မှတ်သားပေးထားပြီးဖြစ်သဖြင့် မရှာရသေးသော နေရာများသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး စတင်ရှာဖွေတော့သည်။

မနက် ၄ နာရီခန့်တွင် ဆွန်ဖုန်းတစ်ယောက် အိပ်ငိုက်နေစဉ် အသံလက်ထောက်စနစ်က ရုတ်တရက် သတင်းပို့လာသည်။ "တီ တီ တီ... ပိုင်ရှင်ကို သတင်းပို့ပါတယ်... ရှေ့ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ ရှေးဟောင်း နစ်မြုပ်သင်္ဘောတစ်စီးကို တွေ့ရှိပါတယ်... ထောက်လှမ်းစစ်ဆေးချက်အရ အထဲမှာ အမွှေးတစ်ပင်တောင် မရှိပါဘူး..."

"သောက်ကျိုးနည်း... တန်ဖိုးရှိတဲ့ ပစ္စည်းမပါတဲ့ သင်္ဘောဆိုရင် ငါ့ကို လာသတင်းမပို့နဲ့ကွ... အစ်ကိုကြီးက အိပ်မက်ကောင်း မက်နေတာကို"

ဆွန်ဖုန်းက အသံလက်ထောက်စနစ်ကို အပြစ်တင်လိုက်သည်။ မနေ့ညက သင်္ဘော ၇ စီး ၈ စီးခန့် တွေ့ခဲ့သော်လည်း တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုမှ မပါရှိခဲ့ပေ။ ယနေ့ညလည်း ၃၊ ၄ စီးခန့် ထပ်တွေ့သော်လည်း ရလဒ်ကတော့ အတူတူပင်ဖြစ်ပြီး အသုံးမကျသည့် သင်္ဘောအစုတ်များသာ ဖြစ်နေသည်။

"ကောင်းပါပြီ ပိုင်ရှင်... တကယ်တော့ ကျွန်တော်လည်း ဒီလိုရှာနေရတာ အရမ်းပျင်းစရာကောင်းတယ်လို့ ထင်နေတာ" အသံလက်ထောက်စနစ်က ပြောလိုက်သည်။

"တခြားပင်လယ်ပြင်တွေကို သွားပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှာတာကမှ ပိုကောင်းဦးမယ်... ဥပမာ- ပုလဲတို့ သန္တာကျောက်အနီတို့ပေါ့... ကျောက်စိမ်း သတ္တုကြောတွေတောင် တွေ့ချင် တွေ့နိုင်သေးတယ်" ဆွန်ဖုန်းက ပြောလိုက်သည်။

"ပိုင်ရှင်... တည်တည်ငြိမ်ငြိမ်နေပါ... အခွင့်အရေးဆိုတာ စောင့်ဆိုင်းနိုင်တဲ့သူ သည်းခံနိုင်တဲ့သူတွေအတွက်ပဲ အမြဲတမ်း ရှိနေတာလေ... ဒါက ပိုင်ရှင် အမြဲပြောနေကျ စကားမဟုတ်ဘူးလား... ဟားဟား... ပိုင်ရှင်တောင် အခု နည်းနည်း စိတ်မရှည်ဖြစ်နေပြီပဲ" အသံလက်ထောက်စနစ်က ဆွန်ဖုန်းကို နောက်ပြောင်လိုက်သည်။

"အင်း... မင်းပြောတာလည်း ဟုတ်တာပဲ... ငါ တကယ် နည်းနည်း စိတ်လောနေမိတယ်"

"ဒါပေမဲ့ ငါက အဲဒီ နာဇီရတနာသင်္ဘော ဆိုတာကို သေချာပေါက် ရှာတွေ့နိုင်မယ်လို့ ယုံကြည်တယ်"

"ဟင်... ဒီနေရာက ပင်လယ်ရေက ဘာလို့ ဒီလောက်တောင် နက်နေရတာလဲ... ၉၀၀၀ မီတာတောင် ရှိတယ်"

အသံလက်ထောက်စနစ်နှင့် စကားစမြည်ပြောဆိုနေရင်း တစ်နာရီကျော်ခန့် အချိန်ကုန်ဆုံးသွားခဲ့ပြီး ဤနေရာရှိ ပင်လယ်ရေအနက်မှာ ယခင် ၄၅၀၀ မီတာမှ ၉၀၀၀ မီတာအထိ တိုးလာသည်ကို ဆွန်ဖုန်း သတိထားမိလိုက်သည်။ ၉၀၀၀ မီတာဆိုသည်မှာ အတော်လေး နက်ရှိုင်းလှသည်။

"တီ တီ တီ... ပိုင်ရှင်ကို သတင်းပို့ပါတယ်... ရှေ့ဘက် ကီလိုမီတာ ၅၀ အကွာမှာ ထူးဆန်းတဲ့ ပင်လယ်ရေအောက် အပင်တွေကို တွေ့ရှိပါတယ်" ထိုအချိန်တွင် အသံလက်ထောက်စနစ်က သတိပေးလာသည်။

"ဘာထူးဆန်းတဲ့ ပင်လယ်ရေအောက် အပင်တွေလဲ... အထူးအဆန်းလုပ်ပြီး လာမပြောနဲ့... တကယ်လို့ အရမ်းထူးဆန်းနေရင်တောင် ငါ့အတွက် ဘာအသုံးကျမှာလဲ... ငါက ပင်လယ်ရေအောက် အပင်တွေကိုမှ မစားတာ" ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။

"ပိုင်ရှင်... ဒီလို ထူးဆန်းတဲ့ ရေအောက်အပင်တွေကို ကမ္ဘာမြေရဲ့ သတင်းအချက်အလက် မှတ်တမ်းတွေထဲမှာ ရှာမတွေ့ဘူးဗျ... လောလောဆယ် ကမ္ဘာပေါ်က လူသားတွေက ဒီလိုရေအောက်အပင်မျိုးကို ရှာမတွေ့သေးဘူးလို့ ကျွန်တော်ထင်တယ်"

"မတွေ့ဖူးတာက ပုံမှန်ပါပဲ... ပင်လယ်ကြီးက ဒီလောက်ကျယ်ပြီး အပင်တွေကလည်း အများကြီးပဲဟာ... ငါတို့ လူသားတွေ မမြင်ဖူးတာလည်း ပုံမှန်ပါပဲလေ... ဘာလို့လဲဆိုတော့ ရေနက်ပိုင်းဆိုတာ လူတိုင်း သွားနိုင်တဲ့ နေရာမှ မဟုတ်တာ"

ဆွန်ဖုန်းက ရယ်မောလိုက်ပြီးနောက် "ဟင်... နေပါဦး... မင်း ဘာပြောလိုက်တာလဲ... ဒီနေရာက ပင်လယ်ရေအောက် မီတာ တစ်သောင်းလောက် နက်တဲ့နေရာလေ... မင်းက ငါ့ကို အပင်တွေ ရှင်သန်နေတယ်လို့ ပြောနေတာလား" ဆွန်ဖုန်းက ချက်ချင်း သတိထားမိသွားသည်။

"ဟုတ်တယ်လေ ပိုင်ရှင်... ဒါကြောင့်မို့လို့ ကျွန်တော်က ထူးဆန်းတဲ့ အပင်တွေလို့ ပြောတာပေါ့... ပြီးတော့... ကျွန်တော် ခုနက အဝေးကနေ ထောက်လှမ်းကြည့်လိုက်တော့ ဒီထူးဆန်းတဲ့ ရေအောက်အပင်တွေရဲ့ ဖွဲ့စည်းပုံထဲမှာ အရမ်းထူးဆန်းတဲ့ စွမ်းအင်တစ်မျိုး ပါဝင်နေတာကို တွေ့ရတယ်... ငါတို့ သွားကြည့်ကြမလား" အသံလက်ထောက်စနစ်က မေးလိုက်သည်။

"ထူးဆန်းတဲ့ စွမ်းအင်... သွားမယ်... ငါတို့ သွားကြည့်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် အဲဒီ နာဇီရတနာသင်္ဘောကို ရှာဖို့ကလည်း အလောတကြီး မလိုပါဘူး"

ပင်လယ်ရေအောက် မီတာ တစ်သောင်းခန့် နက်သောနေရာရှိ အပင်များအပေါ် ဆွန်ဖုန်းက အလွန်စိတ်ဝင်စားသွားသည်။ သူက ပင်လယ်ထဲသို့ မကြာခဏ ဆင်းလေ့ရှိသော်လည်း ပင်လယ်ပြင်အကြောင်းကို အပြည့်အဝ နားမလည်သေးသလို ဤပင်လယ်နက်ကြီးထဲတွင် မသိနိုင်သော ပဟေဠိများနှင့် ထူးဆန်းသော အရာများ မည်မျှရှိနေသေးသည်ကိုလည်း မသိနိုင်ပေ။

ပင်လယ်ပြင်ကြီး၊ အထူးသဖြင့် ရေနက်ပိုင်းများမှာ ယနေ့တိုင် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေဆဲဖြစ်သည်။ ဆွန်ဖုန်းနှင့် အသံလက်ထောက်စနစ်တို့ပင်လျှင် ဤပင်လယ်ပြင်ကြီးကို အပြည့်အဝ နားလည်သည်ဟု မပြောရဲပေ။

မည်သို့ပင်ဆိုစေကာမူ အသံလက်ထောက်စနစ်တွင် အဆင့်မြင့် စွမ်းအင်ကျောက်တုံး မရှိသေးသဖြင့် ဤပင်လယ်ပြင်ကြီးကို ချက်ချင်း အပြည့်အဝ ထောက်လှမ်းနိုင်စွမ်း မရှိသေးပေ။

All Chapters