အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း ၃၈၈ ယှဥ်လို့မရဘူး
'တကယ်ပါပဲ မိန်းမဆိုတာ ကောင်းကောင်း ပြုစုယုယပေးလိုက်ရင် လိမ္မာရေးခြားရှိပြီး စကားနားထောင်သွားကြတာပဲ။ မိန်းမတွေဆိုတာ ချော့မြှူရုံတင်မကဘူး သူတို့ရဲ့ လိုအင်ဆန္ဒကိုပါ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုအပ်တာပဲ'
ဟု ဆွန်ဖုန်း စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။
"ရော့ ရေသောက်လိုက်ဦး"
ဟွမ်ကျားချန်က ရေတစ်ခွက် ကမ်းပေးလိုက်ပြီး ဆွန်ဖုန်း၏ အနောက်သို့သွားကာ သူမ၏ သွယ်လျနူးညံ့သော လက်ကလေးများဖြင့် ပခုံးကို နှိပ်နယ်ပေးရင်း ပြောလိုက်သည်။
"ဖုန်း ကျွန်မလည်း မြန်မြန် ကလေးတစ်ယောက်လောက် ယူချင်တယ် ရှင် ဘယ်လိုထင်လဲ"
ဆွန်ဖုန်း၏ အခြား မိန်းမများတွင် ကလေးကိုယ်စီ ရနေကြပြီ ဖြစ်သဖြင့် ဟွမ်ကျားချန်လည်း စိတ်လှုပ်ရှားလာကာ ကလေးတစ်ယောက် ယူချင်လာခြင်း ဖြစ်လေသည်။
"ကောင်းတာပေါ့ မင်း ဘယ်နှစ်ယောက် မွေးချင်မွေး အကုန်မွေးလို့ရတယ် ကိုယ်တို့မှာ ပိုက်ဆံရှိတယ် ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်နိုင်တယ်"
ဆွန်ဖုန်းက လက်ကို အနောက်သို့ ဆန့်တန်းကာ ဟွမ်ကျားချန်၏ နူးညံ့အိစက်သော အသားအရေလေးကို ဆွဲညှစ်ရင်း ပြောလိုက်သည်။
"ဟွန့် လူဆိုး"
ဟွမ်ကျားချန်က ဆွန်ဖုန်းကို ခပ်ဖွဖွလေး လှမ်းရိုက်လိုက်ပြီး ဆက်ပြောသည်။
"ဒါဆိုလည်း ကောင်းပြီလေ ကျွန်မ ဒီနှစ်ထဲမှာပဲ ကလေးတစ်ယောက် ယူဖို့ ရည်ရွယ်လိုက်ပြီ ဘယ်တော့လောက် ကိုယ်ဝန်ရမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
"ဒီလိုဆိုတော့လည်း ဒီကာလအတွင်းမှာ ကိုယ် ပိုပြီး ကြိုးကြိုးစားစား အလုပ်လုပ်ရတော့မှာပေါ့"
ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်သည်။
"ဒါကတော့ သေချာတာပေါ့ ဒါနဲ့ ရှင် ဆေးလိပ်သောက် အရက်သောက်တာတွေ မလုပ်နဲ့နော် နောက်မျိုးဆက်လေးရဲ့ မျိုးရိုးဗီဇ ကျန်းမာရေးကောင်းဖို့ သေချာအောင် လုပ်ရမယ်"
ဟွမ်ကျားချန်က ဆွန်ဖုန်းကို သတိပေးလိုက်သည်။ သူမ သိထားသည်မှာ ဆွန်ဖုန်းက ဆေးလိပ် မကြာခဏ သောက်လေ့ရှိပြီး အရက်ကိုလည်း နည်းနည်းနောနော သောက်သူ မဟုတ်ပေ။ ဤအရာ နှစ်ခုက နောက်မျိုးဆက်၏ မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သည် မဟုတ်ပါလော။
"အင်း အင်း ကိုယ်သိပါပြီ"
ဆွန်ဖုန်းက ပါးစပ်မှသာ ထိုသို့ ပြောနေသော်လည်း စိတ်ထဲတွင်တော့ ထိုသို့ မတွေးပေ။ သူရော ဟွမ်ကျားချန်ပါ အခြေခံအဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို ထိုးသွင်းထားပြီး ဖြစ်ရာ ၎င်းတို့၏ မျိုးရိုးဗီဇမှာ အလွန်ပင် ကောင်းမွန်နေပြီ ဖြစ်သည်။ သူက ဆေးလိပ် အရက် သောက်လျှင်တောင်မှ နောက်မျိုးဆက်၏ မျိုးရိုးဗီဇကို လုံးဝ ထိခိုက်မည် မဟုတ်ပေ။ သူတို့၏ နောက်မျိုးဆက် မျိုးရိုးဗီဇမှာ သေချာပေါက် အထူး ကောင်းမွန်နေမည်သာ ဖြစ်သည်။
"ဒါနဲ့ ကျွန်မတို့ ဒုတိယမြောက် ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံကို ဘယ်တော့လောက် တည်ဆောက်ကြမလဲ အခု စက်ရုံတစ်ရုံရဲ့ ထုတ်လုပ်မှုက အတော်လေး များနေပေမယ့် ယူရေနီယမ် လာဝယ်ချင်တဲ့ ဖောက်သည်တွေ အများကြီး ရှိနေတယ် အဲဒီအထဲမှာ အမေရိကန် တရုတ် အင်္ဂလန် စတဲ့ နိုင်ငံတွေကပါ ကျွန်မကို လာဆက်သွယ်ကြတယ် အခု စက်ရုံတစ်ရုံတည်းရဲ့ တစ်နှစ်စာ ထုတ်လုပ်မှုက လိုအပ်ချက်ကို လုံးဝ မဖြည့်ဆည်းပေးနိုင်ဘူး ဖြစ်နေတယ်"
ဟွမ်ကျားချန်က ပြောလိုက်သည်။
"ကိုယ့်ရဲ့ လက်ရှိ ရင်းနှီးငွေတွေ အကုန်လုံးနီးပါးကို နယူးဖောင်လန် အနောက်ပိုင်းက ရဲ့ဖုန်း ရေနံမြေမှာ ရင်းနှီးမြှုပ်နှံထားလိုက်ပြီ နောက်ပိုင်း ကိုယ်က ရဲ့ဖုန်း ရေနံမြေဘက်ကိုပဲ အဓိကထားပြီး အာရုံစိုက်သွားမှာ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံနဲ့ ပတ်သက်ပြီးတော့ နောက်လာမယ့် တစ်နှစ် နှစ်နှစ် အတွင်းမှာ စက်ရုံသစ် ထပ်တိုးဖို့ အစီအစဉ် မရှိသေးဘူး"
ဆွန်ဖုန်းက ပြန်ရှင်းပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် ယူရေနီယမ် အများစုကို နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံများထံသို့သာ ရောင်းချရသည် မဟုတ်ပါလော။
"ကောင်းပြီလေ ဒီလိုဆိုလည်း ကောင်းတာပါပဲ ဒါဆို ကျွန်မ ဒီနှစ်ထဲမှာ စိတ်အေးလက်အေးနဲ့ ကလေးယူလို့ ရပြီပေါ့ လောလောဆယ် စက်ရုံရဲ့ လည်ပတ်မှုကလည်း တည်ငြိမ်နေတော့ သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး"
ဟွမ်ကျားချန်က ပြုံးလျက် ပြောလိုက်သည်။
ဆွန်ဖုန်းက ဤနေရာတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် နယူးဖောင်လန် အနောက်ပိုင်းရှိ ရဲ့ဖုန်း ရေနံမြေသို့ သွားရောက် ကြည့်ရှုရန် ထွက်ခွာလာခဲ့သည်။
စိန့်ဖုန်း ရေနံမြေ၏ လက်ရှိ အခြေအနေမှာလည်း အလွန် ကောင်းမွန်နေပြီး တူးဖော်ထားသော ရေနံတွင်းများမှာ တစ်တွင်းပြီးတစ်တွင်း များပြားလာသည်။ စူးမေးက တစ်ခါတစ်ရံမှသာ သွားရောက် ကြီးကြပ်ပေးရုံသာ ရှိပြီး ကြီးကြီးမားမား စီမံခန့်ခွဲစရာ မလိုတော့ပေ။ ထို့ကြောင့် ဆွန်ဖုန်းက စူးမေးကို ရဲ့ဖုန်း ရေနံမြေ ဘက်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။
နောက်တစ်ချက်မှာ ဆွန်ဖုန်းက ဝူမုန်ရှင်းကိုပါ ရဲ့ဖုန်း ရေနံမြေ ဘက်သို့ ပြောင်းရွှေ့ပေးလိုက်ခြင်းပင်။ ဤဘက်တွင် လူအင်အား အမှန်တကယ် လိုအပ်နေသည်။ မားစ်သံရိုင်းတွင်းကိုတော့ ဆွန်ဖုန်းက နောက်ပိုင်း ဆက်လက် မတူးဖော်ရန် ရည်ရွယ်ထားလိုက်သည်။ ယခုအခါ သံရိုင်းက ဈေးမကောင်းတော့သဖြင့် ခွန်အားနှင့် လူအင်အားများကို ရေနံဘက်သို့သာ အကုန်ပုံအောလိုက်ခြင်းက ပို၍ ကောင်းမွန်လေသည်။
လက်ရှိတွင် အလုပ်သမားများ ခေါ်ယူရေး အပိုင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အပိုင်းများကို ဖီးလက်စ်၏ ကုမ္ပဏီက တာဝန်ယူထားလေသည်။ ရဲ့ဖုန်း ရေနံမြေ၏ စမ်းသပ် တိုင်းတာရေး အပိုင်းကိုမူ ယန်ကျစ်၏ ကျင်းချန် ရေနံကုမ္ပဏီက တာဝန်ယူထားသည်။ ထို့အပြင် သူတို့က ရေနံမြေ တူးဖော်ရေး စီမံကိန်းများကိုပါ တာဝန်ယူထားလေသည်။ ဆွန်ဖုန်းကတော့ စက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တူးဖော်ရေး လုပ်ငန်းစဉ်များကို တာဝန်ယူရမည် ဖြစ်သည်။
ယခုအခါ ဆွန်ဖုန်းသည် ရေနံတွင်း တူးဖော်ရေး စက်ပစ္စည်း အစုံ ၅၀ ကို ထုတ်လုပ်ပြီးစီးနေပြီ ဖြစ်သည်။ တစ်စုံလျှင် ရေနံတွင်း တစ်တွင်း အတွက် အသုံးပြုနိုင်ရာ ဤစက်ပစ္စည်း အစုံ ၅၀ က တစ်ပြိုင်နက်တည်း ရေနံတွင်း ၅၀ ကို စတင် တူးဖော်နိုင်ပြီ ဆိုသည့် သဘောပင် ဖြစ်လေသည်။
ရဲ့ဖုန်း ရေနံမြေမှာ နယူးဖောင်လန် အနောက်ပိုင်း ဒေသ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဤနေရာတွင် လုပ်ငန်းခွင် ဧရိယာ တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်သည်။
သေချာသည်ပေါ့ အဆောက်အအုံများက အနည်းငယ် ရိုးရှင်းသော်လည်း ဘဏ္ဍာရေး ဌာန ထောက်ပံ့ပို့ဆောင်ရေး ဌာန ရုံးခန်း အစရှိသည်တို့ အားလုံး စုံလင်စွာ ရှိနေပြီ ဖြစ်သည်။ သို့သော် အားလုံးမှာ တပ်ဆင်ရ လွယ်ကူသော သံပြား အိမ်ဆောင်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ဝန်ထမ်း အိပ်ဆောင်များလည်း ပါဝင်သည်။ ဤနေရာကို ကျင်းချန် ရေနံကုမ္ပဏီက စီစဉ် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လအနည်းငယ်ကြာ အပြည့်အဝ စမ်းသပ် တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်ရာ ဤအရာများက မရှိမဖြစ် လိုအပ်လေသည်။
နောက်ထပ် တစ်ချက်မှာ ဤတစ်ကြိမ် ပူးပေါင်းဆောင်ရွက်မှုတွင် ကျင်းချန် ရေနံကုမ္ပဏီက ယန်ကျစ်ကို တာဝန်ခံ အဖြစ် စေလွှတ်ထားပြီး လက်ရှိ စမ်းသပ် တိုင်းတာရေး ကုမ္ပဏီ၏ အထွေထွေ တာဝန်ခံမှာ ယန်ကျစ် ပင် ဖြစ်လေသည်။
ဆွန်ဖုန်း လုပ်ငန်းခွင်သို့ ရောက်ရှိလာချိန်တွင် ယန်ကျစ် တစ်ယောက် အလုပ်များနေသည်ကို တွေ့လိုက်ရသည်။
ဤတစ်ကြိမ်တွင် ကျင်းချန် ရေနံကုမ္ပဏီက ဆွန်ဖုန်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလွန် အလေးထားကြောင်း သိသာလှသည်။ အကယ်၍ နယူးဖောင်လန် အနောက်ပိုင်း ရေနံမြေကိုသာ အောင်မြင်စွာ တူးဖော်နိုင်ပါက ကျန်ရှိနေသေးသော ရေနံစည်ပေါင်း ဘီလီယံချီကို ဆက်လက် ပူးပေါင်း တူးဖော်နိုင်မည် မဟုတ်ပါလော။ ဤသို့ဆိုလျှင် နိုင်ငံတွင်းသို့ ရေနံများ မည်မျှအထိ တင်သွင်းပေးနိုင်မည်ကို တွက်ဆ၍ပင် မရနိုင်တော့ချေ။
"ဟားဟား အစ်ကိုကြီးယန် တော်တော်လေး ကြိုးစားနေတာပဲ"
ဆွန်ဖုန်းက ယန်ကျစ်၏ ရုံးခန်းထဲသို့ ဝင်လာကာ နှုတ်ဆက်လိုက်သည်။ ဤလုပ်ငန်းခွင် စတင် တည်ထောင်ကတည်းက ဆွန်ဖုန်း ဤနေရာသို့ လာရောက်ခြင်းမှာ ဒုတိယအကြိမ်သာ ရှိသေးသည်။ ဤသုံးဦးစပ် ပူးပေါင်းဆောင်ရွက်မှုတွင် အလုပ်အများဆုံးသူမှာ ယန်ကျစ် ပင် ဖြစ်သည်ဟု ဆိုနိုင်လေသည်။
"အို ညီလေးဆွန် ရောက်လာတာကိုး မင်း အခုတလော ဘယ်တွေများ သွားပြီး အပျော်ရှာနေတာလဲ"
ယန်ကျစ်က ဆွန်ဖုန်း ရောက်လာသည်ကို မြင်သောအခါ သူ့အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ဘယ်မှာ အပျော်ရှာရမှာလဲဗျာ အလုပ်တွေချည်းပဲ များနေတာပါ"
ဆွန်ဖုန်းက နှာခေါင်းကို ပွတ်သပ်ရင်း ပြန်ဖြေလိုက်သည်။
"အကောင်လေး မင်း မိန်းကလေးတွေ သွားပိုးပန်းနေတာလား ဒါနဲ့ ငါတို့ ရေနံတူးဖော်မယ့် စက်ပစ္စည်းတွေကော ပြင်ဆင်ပြီးသွားပြီလား"
ယန်ကျစ်က ထိုကိစ္စကို ပို၍ စိတ်ဝင်စားနေလေသည်။
"အားလုံး ပြီးသလောက် ရှိနေပါပြီ အစ်ကိုကြီးဘက်က အလုပ်တွေ ပြီးတာနဲ့ ကျွန်တော်က နည်းပညာနဲ့ စက်ပစ္စည်းတွေကို ချက်ချင်း ပံ့ပိုးပေးလို့ ရပြီ ကျွန်တော်တို့ အခု ရင်းနှီးငွေ အလုံအလောက် ရှိနေပြီဆိုတော့ ပထမဆုံး စမ်းသပ် တူးဖော်မှုကို မြန်မြန် လုပ်လို့ ရပြီ အဲဒီအချိန်ကျမှ ရလဒ် ဘယ်လိုလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
ဆွန်ဖုန်းက ရှင်းပြလိုက်သည်။
"အဲဒါဆိုလည်း ကောင်းတာပေါ့ အစ်ကို့ဘက်ကတော့ နောက်ထပ် တစ်လကျော်လောက်ဆိုရင် အပြည့်အဝ စမ်းသပ် တိုင်းတာလို့ ပြီးလောက်ပြီ အဲဒီအခါကျရင် တူးဖော်ဖို့ အလွယ်ကူဆုံးနဲ့ အသင့်တော်ဆုံး နေရာတွေကို သတ်မှတ်ပြီး စတင် အလုပ်လုပ်လို့ ရပြီ"
ယန်ကျစ်က ပြန်ပြောလိုက်သည်။
"ကောင်းပြီဗျာ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ သေချာပေါက် ရလဒ်ကောင်းတွေ ထွက်လာအောင် လုပ်ပြရမယ် ဟီးဟီး"
"ကြည့်ရတာ မင်းက ယုံကြည်မှု အပြည့် ရှိနေတဲ့ ပုံပဲ"
ယန်ကျစ်က ရယ်မောလျက် ပြောလိုက်သည်။
"ဒါပေါ့ဗျ ဒါက လက်ရှိ အချိန်အထိ ကျွန်တော် လုပ်ဖူးသမျှထဲမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုပဲ ယုံကြည်မှုတော့ ရှိရမှာပေါ့ ကျွန်တော့်ရဲ့ ဂျားလော့ ရေနံမြေကို အစ်ကိုကြီးယန်လည်း မြင်တာပဲ အခုဆို တူးဖော်နေတာ နှစ်လ သုံးလလောက် ရှိပြီ အခြေအနေက အရမ်း တည်ငြိမ်နေတုန်းပဲ ပြီးတော့ ထွက်ရှိမှုကလည်း အဆက်မပြတ် တိုးတက်နေတယ် နယူးဖောင်လန် အနောက်ပိုင်း ဒေသက မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်ဖို့က ပိုပြီး လွယ်ကူလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဟုတ်တာပေါ့ မင်းရဲ့ ဖုန်းရွေ့ သုတေသန ဌာနက ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး အဲဒီ သိပ္ပံရူးသွပ်သူတွေကို ဘယ်ကနေများ သွားရှာလာပြီး ဒီလောက် အရေးပါတဲ့ နည်းပညာတွေ သုတေသန လုပ်ခိုင်းထားလဲ မသိပါဘူးကွာ"
ယန်ကျစ်က ချီးကျူးကာ အားကျစွာဖြင့် ပြောလိုက်သည်။ မူလက သူကိုယ်သူ သတ္တိရှိသည်ဟု ထင်ခဲ့သော်လည်း ဆွန်ဖုန်းနှင့် ယှဉ်ကြည့်လိုက်သောအခါ ဤကဲ့သို့သော ထူးမခြားနား ပါရမီရှင်နှင့် လုံးဝ ယှဉ်၍မရကြောင်း သူ သိလိုက်ရသည်။ တကယ်ကို အစွမ်းထက်လွန်းလှသည်။
"ဟီးဟီး ကျွန်တော့်ကို အားမကျနဲ့ အစ်ကိုကြီး ကျွန်တော်နဲ့လည်း လာမယှဉ်နဲ့ အစ်ကို ငိုရလိမ့်မယ် ဟားဟား"
ဆွန်ဖုန်းက ယန်ကျစ်ကို နောက်ပြောင်လိုက်သည်။
"ကောင်းပါပြီကွာ မင်းနဲ့ ယှဉ်လို့မရတာ အမှန်ပါပဲ စီးပွားရေး အောင်မြင်ရုံတင်မကဘူး မိန်းမတွေကလည်း တစ်ပုံကြီး မင်းနောက်ကို ကြည်ကြည်ဖြူဖြူ လိုက်နေကြတာပဲ အိမ်တွင်းရေး ပြဿနာတက်မှာကိုတောင် မကြောက်ဘူး မင်းကိုတော့ ငါ တကယ်ကို နားမလည်နိုင်တော့ပါဘူးကွာ တကယ်ပါပဲ ယန်ဇီမြစ်ရဲ့ နောက်လှိုင်းက ရှေ့လှိုင်းကို တွန်းထုတ်သလို ရှေ့လှိုင်းတွေကတော့ သဲသောင်ပြင်ပေါ်မှာ သေဆုံးကုန်တာပဲ"
ယန်ကျစ်က ခံစားချက် အပြည့်ဖြင့် ရေရွတ်လိုက်လေသည်။