အခန်း ၃၉၀
Vol. 39 Ch. 390
အခန်း ၃၉၀ - အနီးအနားမှ လူများကို ရှာဖွေခြင်း
ရဲ့ဖုန်း ရေနံမြေတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် ဆွန်ဖုန်းသည် ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီသို့ သွားကာ အလုပ်အချို့ကို စီစဉ်ခဲ့သည်။ နောက်ဆုံးတွင် ဇနီးဖြစ်သူ ဟယ်မင်ယီ၏ ဖုန်းခေါ်ဆိုမှုကြောင့် အိမ်သို့ ပြန်လာခဲ့ရသည်။ ဆွန်ဖုန်းကလည်း အလုပ်ကိစ္စများကို အကြမ်းဖျင်း စီစဉ်ပြီးသွားပြီ ဖြစ်ရာ ဇနီးဖြစ်သူက တိုင်ပင်စရာ ရှိ၍ အိမ်ပြန်ခေါ်လျှင်တော့ သေချာပေါက် ပြန်ရမည်သာ ဖြစ်သည်။
"ဘာကိစ္စ ရှိလို့လဲ"
အိမ်ပြန်ရောက်သောအခါ ဆွန်ဖုန်းက ဟယ်မင်ယီကို မေးလိုက်သည်။
"နောက်တစ်ပတ်ဆို ဖေဖေ့ရဲ့ မွေးနေ့လေ ငါ ပြန်မသွားချင်ပေမယ့် တစ်ခေါက်လောက်တော့ ပြန်သွားဖို့ စဉ်းစားထားတယ် ဒါနဲ့ အတူတူ ဆွန်ရွှိုက်ကိုပါ ခေါ်သွားမလို့ ငါလည်း ပြည်တွင်းကို မပြန်ရတာ တော်တော်ကြာနေပြီလေ"
ဟယ်မင်ယီက ပြောလိုက်သည်။
"ကောင်းပြီလေ ငါ မင်းနဲ့အတူ လိုက်ခဲ့ပြီး ယောက္ခမကြီးကို ဂါရဝပြုတာပေါ့"
ဆွန်ဖုန်းက သဘောတူလိုက်သည်။ ဤတစ်ကြိမ်တွင် လျန်ယင်း ယန်ရွှယ် တို့ကို ခေါ်မသွားရန် သူ ဆုံးဖြတ်ထားသည်။ ဘာပဲဖြစ်ဖြစ် သမီးလေး နှစ်ယောက်က ငယ်လွန်းသေးသဖြင့် အိမ်မှာသာ နေခဲ့ခြင်းက ပိုကောင်းမည် ဖြစ်သည်။
ငါးရက် အကြာတွင် ဆွန်ဖုန်းတို့ မိသားစု သုံးယောက်မှာ ဟိုင်ထျန်းမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမတန်းစား နိုင်ငံတကာ မြို့တော်ကြီးဖြစ်သည့်အပြင် ဟယ်မင်ယီ၏ ဇာတိမြို့လည်း ဖြစ်ရာ သူမ၏ စိတ်အခြေအနေမှာ အထူး ပျော်ရွှင်နေလေသည်။
ဤမြို့မှာ တရုတ်နိုင်ငံ၏ စီးပွားရေး ဗဟိုချက် ဖြစ်ရုံသာမက ဤနေရာသို့ လာရောက် အလုပ်လုပ်ကိုင်သူများလည်း အလွန် များပြားလှသည်။ ဟယ်မင်ယီက ဤနေရာသို့ ရောက်ရောက်ချင်း ဖခင်၏ အိမ်သို့ မပြန်သေးဘဲ ဆွန်ဖုန်းကို ဟိုတယ်တွင် ပစ်ထားခဲ့ကာ သားဖြစ်သူကို ပွေ့ချီပြီး သူမ၏ သူငယ်ချင်းမများနှင့် သွားရောက် တွေ့ဆုံလေတော့သည်။ ထိုလုပ်ရပ်က ဆွန်ဖုန်းကို ဆွံ့အသွားစေသည်။ အကယ်၍ သူမ၏ ဖခင်သာ ဤကိစ္စကို သိသွားပါက ဒေါသထွက်လွန်း၍ သေမတတ် ဖြစ်သွားမည်မှာ အသေအချာပင်။
ထားလိုက်ပါတော့ လက်ရှိတွင် ဟယ်မင်ယီက သူမဖခင်၏ အိမ်သို့ မသွားချင်သေးရာ သူကိုယ်တိုင်လည်း ကြိုတင် သွားရောက်၍ မရနိုင်ပေ။ ထို့အပြင် ဟိုဘက်ကို ရောက်သွားလျှင်လည်း ဘာလုပ်ရမှန်း သူ မသိချေ။
ဟိုတယ် အတွင်းတွင် ဆွန်ဖုန်းသည် နူးညံ့သော ကုတင်ကြီးပေါ်တွင် လှဲလျောင်းရင်း အလွန်အမင်း ပျင်းရိနေလေသည်။ ဟိုင်ထျန်းမြို့တွင် သူက စုန့်ကျဲ တို့ အုပ်စုနှင့် သွားရောက် တွေ့ဆုံရန် ရည်ရွယ်ထားခဲ့သော်လည်း သူတို့ အားလုံးက ညဘက်မှသာ အားမည်ဟု သူမထင်ထားခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် ဆွန်ဖုန်း ဘာသွားလုပ်ရမည်ကိုပင် မသိတော့ချေ။
"ပျင်းစရာကောင်းလိုက်တာ"
ကုတင်ပေါ်တွင် ဆွန်ဖုန်းက ပျင်းရိစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ဂိမ်းလေး ဘာလေး ဆော့လိုက်ဦးမယ်"
ဆွန်ဖုန်းက သူ၏ ဟွာဝေး ဖုန်းလေးကို ထုတ်ယူလိုက်သည်။ ဆွန်ဖုန်းမှာ ပြည်တွင်းဖြစ်ကို အခိုင်အမာ အားပေးသူ တစ်ဦး ဖြစ်သည်။ အက်ပဲလ် (Apple) 6s လိုမျိုး သွားသုံးမည့်သူ မဟုတ်ချေ။
သို့သော် ဆွန်ဖုန်း ခဏမျှ ဆော့ကစားပြီးနောက် အနည်းငယ် ပျင်းစရာ ကောင်းနေကြောင်း တွေ့လိုက်ရသည်။ မိုဘိုင်းဂိမ်းများက အထက်တန်းကျောင်း သို့မဟုတ် တက္ကသိုလ်တက်စဉ်က အချိန်ဖြုန်းရန် ဆော့ကစားနိုင်ခဲ့သော်လည်း ယခုအခါ ဤကဲ့သို့သော မိုဘိုင်းဂိမ်းများ ဆော့ကစားခြင်းက ကလေးဆန်လွန်းသည်ဟု ဆွန်ဖုန်း ခံစားလိုက်ရသည်။ ထိုအသက်အရွယ်ကို ကျော်လွန်သွားပြီ ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ လူကလည်း အတော်လေး ရင့်ကျက်လာပြီ ဖြစ်သည်။
ဂိမ်းထဲမှ ထွက်လိုက်ပြီးနောက် ဆွန်ဖုန်းက သူ၏ Q.Q အကောင့်သို့ ဝင်ရောက်လိုက်သည်။ ပုံမှန်အားဖြင့် ဆွန်ဖုန်းက Q.Q သုံးလေ့ သိပ်မရှိပေ။ တစ်ချက်က အလုပ်များနေခြင်း ဖြစ်ပြီး ဒုတိယ အချက်မှာ Q.Q ပေါ်တွင် ပြောစရာ စကား သိပ်မရှိသောကြောင့် ဖြစ်သည်။ အထက်တန်းကျောင်းမှ သူငယ်ချင်းများ၊ တက္ကသိုလ်မှ သူငယ်ချင်းများ အားလုံးက အလုပ်များနေကြရာ မည်သူက အားယားပြီး စကားလာပြောနေမည်နည်း။ ထို့ကြောင့် ဆွန်ဖုန်း အလုပ်စဝင်ကတည်းက Q.Q သုံးရန် အချိန် အလွန် ရှားပါးသွားခဲ့သည်။
Q.Q သို့ ဝင်လိုက်သည်နှင့် သူ့ထံသို့ မက်ဆေ့ချ်များ ပို့ထားသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။ အားလုံးမှာ သူနှင့် ရင်းနှီးသော ညီအစ်ကိုများ ဖြစ်ကြပြီး လက်ရှိ အခြေအနေများ မေးမြန်းထားကြသည်။ နိုင်ငံတကာတွင် ဆွန်ဖုန်း ဟုခေါ်သော အလွန် အစွမ်းထက်သည့် လူတစ်ယောက် အကြောင်း ကြားဖူးကြောင်း၊ သူ့ပုံစံနှင့်လည်း အလွန် တူကြောင်း၊ ထိုသူ ဟုတ်မဟုတ် မေးမြန်းထားကြသည်။
ထို့အပြင် ယခင်က သူငယ်ချင်းများ Group ထဲတွင်လည်း အားလပ်နေသော အလုပ် လုပ်ကိုင်နေသူ အနည်းငယ်က တစ်ခါတစ်ရံ ဝင်ရောက် ကြွားလုံးထုတ်ကြသည်မှလွဲ၍ ထူးထူးခြားခြား ဘာမှ မရှိချေ။ သေချာသည်ပေါ့ ဘယ်သူမကတော့ မင်္ဂလာဆောင်သွားပြီ၊ ဘယ်သူကတော့ မင်္ဂလာဆောင်သွားပြီ၊ ဘယ်သူကတော့ ကလေးမွေးသွားပြီ သို့မဟုတ် အတန်းထဲက အလှဆုံးကောင်မလေးက ရည်းစား ထပ်ပြောင်းသွားပြီ စသည့် သတင်းမျိုးများလည်း ပါဝင်လေသည်။
ဆွန်ဖုန်း ဖတ်ပြီးနောက် Group ထဲတွင် စာတစ်ကြောင်း ပို့လိုက်သည်။
"ဒီနှစ် နှစ်သစ်ကူးကျရင် အတူတူ ဆုံကြရအောင် အားတဲ့သူတွေ အကုန်လာခဲ့ကြ ငါ ဒကာခံမယ်"
ဤမက်ဆေ့ချ်ကို ဆွန်ဖုန်းက အထက်တန်းကျောင်း Group ထဲသို့ ပို့လိုက်ခြင်း ဖြစ်သည်။ သူ အထက်တန်းကျောင်း ပြီးခဲ့သည်မှာ ၆ နှစ် ၇ နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း လူစုပွဲများသို့ တစ်ခါမှ မရောက်ခဲ့ဖူးချေ။ ဆွန်ဖုန်း မက်ဆေ့ချ် ပို့ပြီး နာရီဝက်ခန့် စောင့်သော်လည်း မည်သူကမျှ ပြန်မပြောကြပေ။
အားလုံးက ပျောက်နေကြလေသည်။ ကြည့်ရသည်မှာ အလုပ်လုပ်နေကြပုံရသည်။ ဆွန်ဖုန်းလောက် မည်သူက အားနေမည်နည်း။ ပြည်တွင်းတွင် ဆွန်ဖုန်း၏ နာမည်ဂုဏ်သတင်းက သိပ်မကြီးမားသဖြင့် ဆွန်ဖုန်း အလွန် အောင်မြင်နေပြီ ဆိုသည်ကို လူအများအပြားက မသိကြချေ။
ဆွန်ဖုန်း၏ ပိုင်ဆိုင်မှု အများစုမှာ နိုင်ငံခြားတွင်သာ ရှိပြီး သူ နာမည်ကြီးသည်မှာလည်း နိုင်ငံခြားတွင်သာ ဖြစ်သည်။ ပြည်တွင်းတွင် သံမဏိစက်ရုံ တစ်ရုံ ဖွင့်ထားခြင်းသာ ရှိလေသည်။ သူ ကြီးပွားနေပြီ ဆိုသည်ကို အမှန်တကယ် မည်သူကမျှ မသိကြပေ။
တိုင်းမ် မဂ္ဂဇင်းက ဆွန်ဖုန်းကို အင်တာဗျူးခဲ့စဉ်ကပင် ဆွန်ဖုန်းက သူ၏ ပညာအရည်အချင်းနှင့် အတိတ်ကြောင်းကို အသေးစိတ် မပြောပြခဲ့ပေ။ ထို့ကြောင့် အခြားသူများက နာမည်တူသူ တစ်ယောက်ဟုသာ ထင်နေကြသည်။ နောက်တစ်ချက်က အင်တာဗျူးမှ ဓာတ်ပုံမှာ ဆွန်ဖုန်း ဖြစ်နေသော်လည်း ဆွန်ဖုန်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မည်သူကမျှ မထင်ထားကြပေ။
ထို့ကြောင့် ယခုအချိန်အထိ ဆွန်ဖုန်း အလွန် အစွမ်းထက်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်လာသည်ကို တက္ကသိုလ်မှ လူများသာ သိလောက်မည် ဖြစ်သည်။ အထက်တန်းကျောင်းမှ သူငယ်ချင်းများထဲတွင် သိသူ လက်ချိုးရေ၍ပင် ရနိုင်မည် ဖြစ်ပြီး အလယ်တန်းနှင့် မူလတန်း ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
"သောက်ကျိုးနည်း ကြည့်ရတာ တစ်ယောက်ချင်းစီ အကုန် ပျောက်နေကြတာပဲ"
တစ်နာရီခန့် ကုန်လွန်သွားသော်လည်း အထက်တန်းကျောင်း Group ထဲတွင် တစ်ယောက်မျှ ပြန်မစာမပို့သည်ကို တွေ့ရသဖြင့် ဆွန်ဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ အတိတ်ကို ပြန်တွေးကြည့်လျှင် အထက်တန်းကျောင်း တက်စဉ်က Group ထဲတွင် အားလုံး အလွန် တက်ကြွခဲ့ကြသည်။
တက္ကသိုလ် ရောက်သွားသည့်တိုင် Group ထဲတွင် စကားများသူ အများအပြား ရှိနေသေးသည်။ သို့သော် ကျောင်းပြီးသွားကတည်းက Group ထဲမှ လူများ အားလုံးလိုလို ပျောက်သွားကြသည်။ အားလုံးက ဝမ်းရေးအတွက် ရုန်းကန်နေကြရပြီး အားလပ်ချိန် ရလျှင်ပင် Group ထဲတွင် စကားများမည့်အစား ကောင်းကောင်း အိပ်စက်လိုက်ခြင်းက ပိုကောင်းသည်ဟု တွေးကြလေသည်။
ထို့ကြောင့် ဤသည်မှာ လူငယ်ဘဝ၏ မှတ်တမ်းများသာ ဖြစ်သည်။ အထက်တန်းကျောင်းနှင့် တက္ကသိုလ်မှ မြင်ကွင်းများကို ပြန်လည် တွေးတောရင်း ဆွန်ဖုန်း၏ ရင်ထဲတွင် ခံစားချက်များ အပြည့် ဖြစ်ပေါ်လာသည်။ မိမိ၏ လူငယ်ဘဝမှာ မသိလိုက်မသိဘာ ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလော။
"တကယ် ပျင်းစရာကောင်းတာပဲ အနီးအနားက လူတွေကို ရှာပြီး ကစားလိုက်ဦးမယ်"
Q.Q တွင် အနီးအနားမှ လူများကို ရှာဖွေနိုင်သည့် လုပ်ဆောင်ချက် ရှိကြောင်း ဆွန်ဖုန်း သိထားသည်။ ၎င်းက ဆော့ဖ်ဝဲလ်ပေါ်မှနေ၍ သူစိမ်းများနှင့် စကားစမြည် ပြောဆိုခြင်း တစ်မျိုးပင် ဖြစ်သည်။ ယခင်က တက္ကသိုလ် တက်စဉ်က ဆွန်ဖုန်းသည် အားနေလျှင် အနီးအနားရှိ ကောင်မလေးများကို မကြာခဏ ရှာဖွေလေ့ ရှိသည်။
ကောင်မလေး အချို့နှင့် သိကျွမ်းရန် သို့မဟုတ် တစ်ခုခု လုပ်ရန် အတွက် ချိန်းဆိုချင်၍ ဖြစ်သည်။ သို့သော် ကောင်မလေးများကလည်း တုံးအသူများ မဟုတ်ချေ။ မင်းနှင့် အလွယ်တကူ လာချိန်းတွေ့မည်တဲ့လား။ မင်းနှင့် အလွယ်တကူ အိပ်မည်တဲ့လား။
အကယ်၍ မင်းမှာ ပိုက်ဆံမရှိပါက အားလုံးက အလကားပင်။ ယခုက ရုပ်ဝတ္ထုပစ္စည်းများ လွှမ်းမိုးသော ခေတ်ဖြစ်ရာ ပိုက်ဆံမရှိလျှင် မင်းဘယ်လောက် ချောချော ဘယ်ကောင်မလေးကမှ ဂရုစိုက်မည် မဟုတ်ပေ။ သေချာသည်ပေါ့ ရုပ်ဆိုးဆိုး ကောင်မလေးတွေ ဆိုရင်တော့ မင်း ယူမလား။
ဆွန်ဖုန်းက ဖုန်း Q.Q ပေါ်ရှိ အနီးအနားမှ လူများကို ရှာဖွေရန် လုပ်ဆောင်ချက်ကို နှိပ်လိုက်ရာ ချက်ချင်းပင် စာရင်းထဲတွင် အနီးအနားရှိ လူများ၏ အမည်များ တစ်သီတစ်တန်းကြီး ကျလာလေသည်။ ယောကျာ်းရော မိန်းမပါ အကုန်ပါဝင်ပြီး အားလုံးက လူငယ် ယောကျာ်း မိန်းမများသာ ဖြစ်သည်။
ဆွန်ဖုန်းက အလွန် ကျွမ်းကျင်စွာဖြင့် ရွေးချယ်စရာထဲမှ မိန်းကလေးများကိုသာ တိုက်ရိုက် ရွေးချယ်လိုက်သည်။ ဆိုလိုသည်မှာ ယောကျာ်းများကို အကုန် ဖယ်ရှားလိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် သူက ယောကျာ်းများကို မလိုချင်ပေ။ သူ့တွင် သုံးနှစ်ကြာ အတွေ့အကြုံများ ရှိထားသည် မဟုတ်ပါလော။
သေချာသည်ပေါ့ သုံးနှစ်တာ ချိန်းဆိုခဲ့ရာတွင် ကောင်မလေး တစ်ယောက်ကိုမျှ မချိန်းဆိုနိုင်ခဲ့ပေ။ သို့သော် ရုပ်ဆိုးဆိုး ကောင်မလေးများကိုတော့ မကြာခဏ ချိန်းဆိုနိုင်ခဲ့သည်။ သို့သော် ဆွန်ဖုန်းက မစားနိုင်ခဲ့ချေ။ ရုပ်ဆိုးဆိုးဆိုလျှင် မင်းရော စားနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ဆွန်ဖုန်းက ညာလက် ဘယ်လက်ဖြင့် ဖြေရှင်းရမည် ဆိုလျှင်တောင် ရုပ်ဆိုးဆိုးများကိုတော့ လုံးဝ ရင်မဆိုင်လိုပေ။
ရွှစ် ချက်ချင်းဆိုသလိုပင် ကောင်မလေးများ၏ စာရင်းများ ကျလာလေတော့သည်။
ဆွန်ဖုန်းက ထိုကောင်မလေးများ၏ ပရိုဖိုင် ပုံများကို တစ်ပုံချင်း ကြည့်နေလိုက်သည်။ တစ်ယောက်ချင်းစီတိုင်းက အလွန် လှပနေသော်လည်း အားလုံးက မိတ်ကပ်လိမ်းထားခြင်း သို့မဟုတ် အလှပြင် ကင်မရာအက်ပ် ဖြင့် ပြုပြင်ထားခြင်းများသာ ဖြစ်သည်။
"အို ကြည့်ရတာ ကောင်မလေးတွေရဲ့ အရည်အသွေးက ဟိုင်ယန်မြို့ကထက် ပိုမိုက်တယ် ပြည်တွင်းက ထိပ်တန်း မြို့တော်ကြီးက ကောင်မလေးတွေဆိုတော့လည်း အရည်အသွေးက တကယ်ကို ပိုမြင့်တာပဲ"
ဆွန်ဖုန်းက ဖုန်းစခရင်ကို ကြည့်ရင်း ပါးစပ်မှ တကျွတ်ကျွတ် စုပ်သပ်ကာ အံ့သြချီးကျူးနေလေသည်။