← Chapters

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း ၃၉၇ ဆေးစွမ်းပြလာပြီ

ဝမ်စစ်ချုံးတစ်ယောက် မုန်တောက်လွီအရက်ပြင်းက ဤမျှလောက်အထိ ပြင်းထန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ငါးပုလင်းပင်မကုန်သေးခင်မှာပဲ သူအန်ချလိုက်ရပြီဖြစ်ရာ ခဏနေလျှင် ဆွန်ဖုန်းနှင့် ဘယ်လိုလုပ်ဆက်ပြိုင်ရမည်နည်း။

စောစောက ဆွန်ဖုန်းက စည်းကမ်းချက်သတ်မှတ်ခဲ့ပြီးဖြစ်သည်။

ဆွန်ဖုန်းကို အန်သွားအောင်တိုက်နိုင်မှသာလျှင် ဤပြစ်ဒဏ်က ပြီးဆုံးမည်ဖြစ်ပြီး သို့မဟုတ်ပါက သူ့ကိုယ်သူ ဆေးရုံရောက်သည်အထိ သောက်ရမည်ဖြစ်သည်။

မဟုတ်လျှင်တော့ ဤကိစ္စက ပြီးပြတ်မည်မဟုတ်ပေ။

သို့သော်လည်း ဤသို့ဖြစ်သွားခြင်းက ချီးစားရမည်ထက်တော့ ပိုကောင်းသေးသည်ဟု ဆိုရမည်။

ဆွန်ဖုန်းက သူ့ကိုမျက်နှာသာပေးလိုက်ကြောင်း ဝမ်စစ်ချုံး သိနေသည်။

မဟုတ်ဘဲ ချီးစားရန် အတင်းအကျပ်ခိုင်းစေပါက ပို၍ပြဿနာတက်သွားနိုင်ပေသည်။

'ဝေါ့ သောက်ကျိုးနည်း ဒီညအစီအစဉ်က နည်းနည်းတော့ခက်ခဲသွားပြီထင်တယ် ခဏနေ ဆွန်ဖုန်းကိုမူးအောင်တိုက်ပြီးမှ ဟိုမိန်းကလေးတွေကို အပိုင်ကြံလို့ရမှာ တကယ်လို့ ငါသာဒီညမှောက်သွားခဲ့ရင် အစောကခတ်ထားတဲ့ဆေးတွေအကုန် အလကားဖြစ်သွားတော့မှာပဲ'

သန့်စင်ခန်းထဲတွင် ဝမ်စစ်ချုံးမှာ လက်ဆေးကန်အစွန်းကို လက်နှစ်ဖက်ဖြင့် ထောက်ထားရသည်။

နောက်ဆုံးတစ်ပတ် အန်ချလိုက်ပြီးနောက်မှသာ သူ့ဝမ်းဗိုက်ထဲမှ တင်းကျပ်မှုများ လျော့ကျသွားကာ အန်ချင်စိတ်များလည်း ပျောက်ကွယ်သွားသဖြင့် အတော်လေး နေလို့ထိုင်လို့ကောင်းသွားတော့သည်။

သို့သော်လည်း တရုတ်အရက်ဖြူက အစာအိမ်ကို အလွန်ပူလောင်စေရာ ယခုအချိန်တွင် ဝမ်စစ်ချုံး၏အစာအိမ်ထဲ၌ မီးတောက်တစ်ခုလောင်ကျွမ်းနေသကဲ့သို့ ခံစားနေရပေသည်။

ထို့အပြင် သူ၏ခေါင်းမှာလည်း စတင်မူးဝေလာပြီဖြစ်သည်။

ဘီယာသောက်လျှင် ခေါင်းမူးရန်မလွယ်ကူသော်လည်း အရက်ဖြူကမူ ခေါင်းမူးမြန်စေသည့်အပြင် ပို၍လည်းဆိုးရွားလာစေနိုင်သည်။

ဝမ်စစ်ချုံး သန့်စင်ခန်းထဲသို့သွားအန်နေချိန်တွင် ဆေးခတ်ထားသောအရက်ကို သောက်ထားမိသည့် မိန်းကလေးရှစ်ယောက်ရှိနေပြီဖြစ်ကြောင်း ဆွန်ဖုန်း သတိထားမိလိုက်သည်။

ထိုအထဲမှ လေးယောက်မှာ ဟယ်မင်ယီ၏ သူငယ်ချင်းများဖြစ်ကြပြီး တကယ်တမ်းတွင်လည်း ဟယ်မင်ယီ၌ သူငယ်ချင်းဟူ၍ ထိုလေးယောက်သာရှိသည်။

ကျန်သောလေးယောက်မှာမူ အခြားမိန်းကလေးများဖြစ်ကြပြီး ထိုအထဲတွင် အမျိုးသမီးသရုပ်ဆောင်တစ်ယောက်လည်း ပါဝင်သည်။

ဤသူများမှာ ဒုတိယမျိုးဆက်အသိုင်းအဝိုင်းထဲမှ မိန်းကလေးများသာဖြစ်ကြပြီး ဟယ်မင်ယီတို့နှင့် သိကျွမ်းရုံသာရှိကာ သိပ်ပြီးမရင်းနှီးလှပေ။

ဆွန်ဖုန်းက လျှို့ဝှက်ကြံစည်မှုကို ကြိုသိထားသည့်အပြင် ကလေးကိုပါ ခေါ်လာခဲ့သောကြောင့် ဟယ်မင်ယီကို အရက်မသောက်ရန် တားမြစ်ထားခဲ့သည်။

ထို့ကြောင့် သူမအတွက် ပြဿနာမရှိနိုင်သလို ပြဿနာတစ်စုံတစ်ရာဖြစ်လာလျှင်တောင်မှ သူကိုယ်တိုင်ဒီမှာရှိနေသည့်အတွက် ဘာကိုမှကြောက်စရာမလိုပေ။

ထို့အပြင် ဟယ်မင်ယီမှာ အခြေခံစွမ်းအားမြှင့်ဆဲလ်ကို ထိုးနှံထားသူဖြစ်ရာ ထိုဆေးဝါးများကို ခုခံနိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိနေမည်မှာ သေချာသည်။

"အို ငါ့ကိုယ်က ဘာလို့ရုတ်တရက်ကြီး ပူနွေးလာတာလဲ ပြီးတော့ ခန္ဓာကိုယ်ကြီးကလည်း ပျော့ခွေနေသလိုပဲ ပင်ပန်းနေလို့လား ဒါမှမဟုတ် လေမိသွားတာလားမသိဘူး"

ရှရှားရှင်းဟုခေါ်သော မိန်းကလေးတစ်ယောက်က သူမ၏လက်မောင်းနှင့် နဖူးကိုစမ်းသပ်ရင်း ဟယ်မင်ယီကို ပြောလိုက်သည်။

ထိုမိန်းကလေးမှာ ဟယ်မင်ယီ၏ သူငယ်ချင်းများထဲမှ တစ်ယောက်ဖြစ်ပြီး အလွန်လှပသော မိန်းမချောလေးတစ်ဦးလည်း ဖြစ်သည်။

"နင်ပြောမှပဲ ငါလည်းနည်းနည်းဖြစ်နေသလို ခံစားရတယ် ခန္ဓာကိုယ်ကြီးက ပျော့ခွေနေပြီးတော့ မနေ့ညက အိပ်ရေးမဝလို့များလား"

ရှရှားရှင်း၏စကားကို ကြားပြီးနောက် ကျန်းလန်မှာလည်း ရုတ်တရက်ဆိုသလို ပူနွေးလာသကဲ့သို့ ခံစားလိုက်ရကာ အလွန်အမင်း နေရခက်လာသည်။

ထို့အပြင် သူမ၏ခြေထောက်နှစ်ဖက်မှာလည်း ပျော့ခွေနေပြီး အားအင်ကုန်ခမ်းကာ လှဲအိပ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"အစ်မ ညီမလည်း အဲဒီလိုဖြစ်နေတယ် ဘာဖြစ်တာလဲမသိဘူး အရက်သောက်ထားလို့များလား ဒါမှမဟုတ် အဲကွန်းမဖွင့်ထားလို့လား"

ရှရှားရှင်း၏ အမြွှာညီမဖြစ်သူ ရှရှားယွီမှာလည်း သူမအစ်မနှစ်ယောက်ပြောသည့် အခြေအနေမျိုးကို ခံစားနေရပေသည်။

"ငါလည်း အဲလိုပဲ"

ရှန်ကွမ်းဇီရှီးကပါ ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

ထိုမိန်းမငယ်လေးများမှာ ဆွန်ဖုန်း၏အနောက်ဘက်တွင် ရှိနေကြသောကြောင့် သူတို့၏စကားများကို ဆွန်ဖုန်းက အတိုင်းသား ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ထို့ကြောင့် ဝမ်စစ်ချုံးဆိုသည့် လူယုတ်မာ ခတ်ထားသောဆေးများ အာနိသင်ပြလာပြီဖြစ်ကြောင်း သူသိလိုက်သည်။

သို့သော်လည်း ဆွန်ဖုန်း၏အမြင်တွင် ထိုဆေးများက တဖြည်းဖြည်းချင်းမှ အာနိသင်ပြသည့် အမျိုးအစားများဖြစ်ရမည်။

အဘယ်ကြောင့်ဆိုသော် သူတို့အရက်စသောက်သည့်အချိန်မှစ၍ တွက်ကြည့်လျှင် တစ်နာရီခန့် ကြာမြင့်နေပြီဖြစ်ကာ တကယ့်ဆေးအာနိသင် အပြည့်အဝပြသလာမည့်အချိန်မှာ နောက်ထပ် နာရီဝက်ခန့် ကြာဦးမည်ဟု ခန့်မှန်းရသည်။

ထို့ကြောင့် ဆွန်ဖုန်းအနေဖြင့် သူတို့ကို ချက်ချင်းခေါ်ထုတ်သွားရန် အလျင်မလိုသေးဘဲ ဝမ်စစ်ချုံးကို ဆေးရုံရောက်သည်အထိ အရင်တိုက်ရဦးမည်မဟုတ်ပါလား။

"ဘာမှမဖြစ်ပါဘူးနော် ရေနွေးလေး နည်းနည်းလောက်သောက်ပြီး အမောဖြေလိုက်ပါလား အဆင်မပြေရင် ဆိုဖာပေါ်သွားထိုင်နေကြ တကယ်လို့ အရမ်းဆိုးလာရင်လည်း ဆေးရုံသွားပြတာဖြစ်ဖြစ် အိမ်ပြန်နားတာဖြစ်ဖြစ် လုပ်လိုက်ကြလေ"

ဟယ်မင်ယီက သားလေးကိုပွေ့ချီထားရင်း သူမဘေးရှိ မိန်းကလေးများကို ပြောလိုက်သည်။

ညီအစ်မများ နေမကောင်းဖြစ်နေသည်ကိုမြင်တော့ သူမလည်း စိတ်ပူသွားမိသည်။

သူမကိုယ်တိုင်လည်း ဒုတိယမျိုးဆက်အသိုင်းအဝိုင်းထဲတွင် ကျင်လည်ခဲ့ဖူးသူဖြစ်ရာ ထိုဒုတိယမျိုးဆက် သခင်လေးများ၏ ယုတ်မာပက်စက်သော လုပ်ရပ်များစွာကို သိထားပြီးဖြစ်သည်။

ယခု သူမသူငယ်ချင်းများ၏ အခြေအနေကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ဆေးခတ်ထားသည့်ပုံပေါက်နေပေသည်။

သို့သော်လည်း ထိုမိန်းကလေးလေးယောက်မှာမူ ထိုသို့မခံစားရဘဲ ဒီည ကေတီဗွီလာဆိုရခြင်းက အလွန်ပျော်စရာကောင်းသည်ဟုသာ ထင်နေကြသည်။

အကြောင်းမှာ သူတို့နှစ်သက်သော အဆိုတော်များက ဤနေရာတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်သီဆိုဖျော်ဖြေပေးနေသောကြောင့်ဖြစ်သည်။

အမှန်ပင် ဤပွဲလေးက တော်တော်လေးကို ဆွဲဆောင်မှုရှိနေသည်။

သာမန်ကေတီဗွီဆိုသည့်ပွဲမျိုးဆိုလျှင် သူတို့လာမည်မဟုတ်ပေ။

ယနေ့က ရှန်ကွမ်းဇီရှီး၏ မွေးနေ့ဖြစ်နေသောကြောင့် သူငယ်ချင်းများအနေဖြင့် မဖြစ်မနေ လာရောက်အဖော်ပြုပေးရခြင်းဖြစ်သည်။

"ကိစ္စမရှိပါဘူး ငါဟိုဘက်သွားထိုင်နေလိုက်မယ် ခဏလောက်နားလိုက်ရင် ကောင်းသွားမှာပါ မနေ့ညက ၃ နာရီလောက်မှ အိပ်ရလို့ နေမှာပါ ဒီရက်ပိုင်း အိပ်ရေးမဝလို့ နေမယ်"

"အိုကေ ဒါဆို နင်တို့အရင်လှဲနေလိုက်ကြလေ"

ထို့ကြောင့် ထိုမိန်းကလေးများမှာ ဆိုဖာပေါ်တွင်ထိုင်ကာ အနားယူရင်း စကားစမြည်ပြောနေကြတော့သည်။

တစ်ဖက်တွင်လည်း နာမည်ကြီးအဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများကို ခံစားနားဆင်နေကြသည်။

ဆွန်ဖုန်းဘက်တွင်မူ အရက်ပွဲက ပြန်လည်စတင်နေပြီဖြစ်သည်။

ဝမ်စစ်ချုံးလည်း သန့်စင်ခန်းထဲမှ ပြန်ရောက်လာခဲ့ပြီး အသစ်တစ်ဖန် ပြိုင်ပွဲထပ်စတော့မည်ဖြစ်သည်။

"ငါကုန်အောင် သောက်လိုက်မယ်"

အန်ပြီးနောက် ပြန်ရောက်လာသောအခါ ဝမ်စစ်ချုံးတစ်ယောက် အတော်လေး နေလို့ထိုင်လို့ကောင်းသွားပုံရသည်။

သို့သော် သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေပြီး ခေါင်းများလည်း မူးဝေနေဆဲဖြစ်သည်။

သို့ရာတွင် ဗိုက်ထဲ၌ ဟာလာဟင်းလင်းဖြစ်သွားသောကြောင့် အရက်ထပ်သောက်နိုင်သွားပြီဖြစ်ကာ နောက်ဆုံးကျန်နေသည့် မုန်တောက်လွီအရက်ပြင်းတစ်ဝက်ကို သူက ရဲရဲဝင့်ဝင့်ပင် တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။

“ဖြောင်း ဖြောင်း ဖြောင်း”

ဝမ်စစ်ချုံးက ကျန်နေသည့်အရက်တစ်ဝက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို မြင်သောအခါ ဘေးပတ်လည်မှ စောင့်ကြည့်နေသူများအားလုံး လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။

သူက စောစောက အန်ထားခဲ့သော်လည်း သူ၏အရက်သောက်နိုင်စွမ်းက တကယ်ကို အထင်ကြီးစရာပင်ဖြစ်သည်။

လူအများစုက သူ့ကိုလေးစားသွားကြပြီး ဆွန်ဖုန်းကိုယ်တိုင်ပင် အသိအမှတ်ပြုမိသွားသည်။

ဒီဝမ်စစ်ချုံးဆိုသည့်ကောင်က တခြားကိစ္စများတွင် တော်ချင်မှတော်မည်ဖြစ်သော်လည်း အရက်သောက်ပြီး မိန်းကလေးများကို ဆေးခတ်သည့်ကိစ္စတွင်တော့ တကယ်ကို ဆရာတစ်ဆူပင်ဖြစ်သည်။

ဟိုင်ထျန်မြို့၏ နံပါတ်တစ်အချမ်းသာဆုံးသူဌေး၏ သားပီပီ တကယ့်ကို မျိုးရိုးမှန်ပေသည်။

သူ၏ဖခင်ဖြစ်သူမှာလည်း နာမည်ကြီး ပလေးဘွိုင်တစ်ဦးဖြစ်ပြီး အတိတ်က မိန်းကလေးဘယ်နှယောက်ကို ဒုက္ခပေးခဲ့မှန်းပင် မသိရပေ။

နောက်ဆုံးမှသာ စိတ်ငြိမ်သွားပြီး မိန်းမယူကာ ဝမ်စစ်ချုံးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ စီးပွားရေးကို သေချာလုပ်ကိုင်လာခဲ့ရာ ဟိုင်ထျန်မြို့၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

အမှန်တကယ်တော့ သတင်းသဲ့သဲ့ထွက်ပေါ်မှုများအရ ဝမ်စစ်ချုံး၏ဖခင်မှာ ကျန်းမာရေး အကြီးအကျယ် ထိခိုက်သွားခဲ့ပြီးနောက်ပိုင်းမှသာ စီးပွားရေးဘက်သို့ အာရုံစိုက်လာခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

"တော်တော်သောက်နိုင်တာပဲ မင်းက မုန်တောက်လွီအရက်ပြင်း ငါးပုလင်းကို ကုန်အောင်သောက်လိုက်ပြီဆိုတော့ အခု ဒုတိယပိုင်းကို စရတော့မှာပေါ့ ငါစောစောက ပြောခဲ့သလိုပဲ မင်းငါ့ကို အန်သွားအောင် တိုက်နိုင်တာနဲ့ ဒီနေ့ကိစ္စက ပြီးပြီ တကယ်လို့ မင်းငါ့ကို အန်အောင်မတိုက်နိုင်ဘူးဆိုရင် မင်းကိုယ်မင်း ဆေးရုံရောက်တဲ့အထိ သောက်ရမယ် အဲဒီလိုမှမဟုတ်ရင် ဒီကိစ္စက ပြီးမှာမဟုတ်ဘူး"

ဆွန်ဖုန်းက ဝမ်စစ်ချုံးတစ်ကျိုက်တည်း မော့သောက်လိုက်သည်ကိုကြည့်ကာ ပြုံး၍ ဆက်ပြောလိုက်သည်။

"ကောင်းပြီ ငါသိတယ်"

ယခုအချိန်တွင် ဝမ်စစ်ချုံးမှာ အကြောက်တရားမရှိတော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် အန်ပြီးသွားပြီမို့ နောက်ထပ် ထပ်အန်ရမည်ကိုလည်း သူဂရုမစိုက်တော့ပေ။

ဒီဆွန်ဖုန်းဆိုသည့်ကောင်ကို မဖြုတ်ချနိုင်စရာ အကြောင်းမရှိဟု သူယုံကြည်နေသည်။

"ဒါဆိုလည်း ကောင်းပြီလေ ဒီလိုလုပ်ပါလား လူနာတင်ယာဉ်ကိုအရင်ခေါ်ထားဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခဏနေ အစာအိမ်သွေးကြောပေါက်သွားတာတို့ သတိလစ်သွားတာတို့ဖြစ်မှ လူနာတင်ယာဉ်ကိုလှမ်းခေါ်ရင် အချိန်မမီဘဲနေမှာစိုးလို့ တစ်ခုခုဖြစ်သွားရင် မင်းအဖေကို မျက်နှာပြရခက်လိမ့်မယ် ဘာပဲဖြစ်ဖြစ် မင်းက တစ်ဦးတည်းသောသားလေ"

ဆွန်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။

ဆွန်ဖုန်း၏စကားကြောင့် အခန်းထဲရှိ လူတိုင်း မှင်တက်သွားကြသည်။

ဆွန်ဖုန်းက ဝမ်စစ်ချုံးကို ဤမျှလောက်အထိ အရှက်ခွဲရဲမည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ဝမ်စစ်ချုံးတစ်ယောက် သေချာပေါက်ရှုံးနိမ့်ပြီး ဆေးရုံရောက်သွားရတော့မည့်အလား ပုံစံမျိုးဖမ်းနေခြင်းဖြစ်သည်။

ဤအချိန်တွင် ဝမ်စစ်ချုံးမှာ ဒေါသထွက်သွားတော့သည်။

"ဟေ့ကောင် ဆွန်ဖုန်း မင်းက ငါမင်းကို အန်အောင်မတိုက်နိုင်ဘူးလို့ အဲဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလား ငါဆက်တိုက် ငါးပုလင်းသောက်ထားရပေမယ့် ငါဆေးရုံမရောက်ခင် မင်းကိုအရင်မှောက်သွားအောင် တိုက်နိုင်စွမ်းရှိသေးတယ်ကွ"

ဆွန်ဖုန်း၏စကားကို ကြားပြီးနောက် ဝမ်စစ်ချုံးမှာ ချက်ချင်းပင် မခံချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

သူ၏နတ်ဘုရားမလေးကလည်း သူ့ကိုကြည့်နေသည့်အချိန်တွင် သူဘယ်လိုလုပ် အရှုံးပေးနိုင်မည်နည်း။

'နေပါဦး နတ်ဘုရားမလေး ရှန်ကွမ်းဇီရှီးရော ဘယ်ရောက်သွားတာလဲ'

ချက်ချင်းဆိုသလိုပင် ရှန်ကွမ်းဇီရှီးလည်း ဆေးခတ်ထားသောအရက်ကို သောက်လိုက်မိပြီဖြစ်ကြောင်း ဝမ်စစ်ချုံး သတိထားမိလိုက်သည်။

ထိုအခြေအနေကြောင့် ဝမ်စစ်ချုံးတစ်ယောက် ချက်ချင်းပင် သွေးဆူလာခဲ့သည်။

'ဒီညတော့ ငါ့အကြံအစည်တွေ အောင်မြင်နိုင်မလား'

သူတွေးလိုက်မိသည်။

သို့သော်လည်း ပြဿနာမှာ ဤစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည့် ဆွန်ဖုန်းဆိုသည့်ကောင်ကို အရင်ဆုံးရှင်းလင်းပစ်မှ ရမည်ဖြစ်သည်။

မဟုတ်လျှင် လက်ပေါက်ကပ်လွန်းလှသဖြင့် အလွန်တရာ အာရုံနောက်စရာကောင်းလှပေသည်။

"ကောင်းပြီ မင်း လူနာတင်ယာဉ်ကို အရင်မခေါ်ဘူးဆိုတာ သေချာတယ်ပေါ့"

ဆွန်ဖုန်းက တည်ငြိမ်စွာပင် မေးလိုက်သည်။

ဝမ်စစ်ချုံးက သူ့သတိပေးချက်ကို ဂရုမစိုက်ဘဲ သေလမ်းကိုသူ့ဘာသာ ရွေးချယ်နေမှတော့ ဆွန်ဖုန်းအနေဖြင့်လည်း ဂရုစိုက်နေစရာ မလိုတော့ပေ။

အချိန်တန်လျှင် ဆေးရုံရောက်မှသာ သွားငိုပါစေတော့ဟု တွေးလိုက်သည်။

"ခေါ်စရာမလိုပါဘူး ငါတို့စကြတာပေါ့ စောစောက မင်းပြောထားသလို မင်းတစ်ပုလင်းသောက်ရင် ငါတစ်ပုလင်းသောက်မယ် စလို့ရပြီ"

ဝမ်စစ်ချုံးက ယုံကြည်မှုအပြည့်ဖြင့် မောက်မာစွာ ပြောလိုက်သည်။

"ကောင်းပြီ ဒါဆိုလည်း စကြတာပေါ့"

ဆွန်ဖုန်းမှာ အခြေခံစွမ်းအားမြှင့်ဆဲလ်ကို ထိုးနှံထားပြီးကတည်းက သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူသားများ၏ အမြင့်ဆုံးအဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်နှစ်အတွင်း အရက်ဝိုင်းများစွာကို ဖြတ်သန်းခဲ့ရသောကြောင့် သူ၏အရက်သောက်နိုင်စွမ်းမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ဤညတွင် ဝမ်စစ်ချုံးဆိုသည့်ကောင်ကို အရက်ဘုရင်ဆိုသည်မှာ ဘာလဲဆိုတာ သေချာပေါက် သိအောင်လုပ်ပြရမည်ဖြစ်သည်။

"ငါအရင် သောက်လိုက်မယ်"

ဆွန်ဖုန်းက ဆက်ပြီးစကားများမနေတော့ဘဲ အဖုံးဖွင့်ထားပြီးသား မုန်တောက်လွီအရက်ပြင်းတစ်ပုလင်းကို ယူကာ လည်ပင်းကိုမော့၍ စတင်သောက်ချလိုက်တော့သည်။

“ဂလု ဂလု ဂလု”

ဆယ်ငါးစက္ကန့်မျှသာ အချိန်ယူလိုက်ရပြီးနောက် ဆွန်ဖုန်းက ထိုမုန်တောက်လွီအရက်ပုလင်းကို အကုန်သောက်ချလိုက်သည်။

သောက်ပြီးသွားသောအခါ ပါးစပ်ကိုသုတ်လိုက်ပြီး ပြောင်စင်သွားသော သံပုလင်းခွံကို စားပွဲပေါ်သို့ ပစ်ချလိုက်ရာ ခေါင်းလောင်းသံကဲ့သို့ အသံမြည်သွားလေသည်။

"လခွမ်း ဆယ်စက္ကန့်ကျော်လေးနဲ့ တစ်ပုလင်းကုန်သွားတာလား ဒီအမြန်နှုန်းက တော်တော်လေးကို မိုက်လွန်းနေပြီ ဒါက အရက်သောက်နေတာလား ရေသောက်နေတာလား သောက်ကျိုးနည်း တကယ်ကို မယုံနိုင်စရာပဲ ဒီ ၆၇ ဒီဂရီရှိတဲ့ အရက်ပြင်းက မပြင်းဘူးလားဟ"

"ဒီအမြန်နှုန်းက ဘော့စ်ဝမ်စစ်ချုံးထက် အများကြီးပိုသာနေသလိုပဲ ဒီဆွန်ဖုန်းဆိုတဲ့လူက တကယ်ပဲ အရက်ဘုရင်များလား သူ ဆီးကျိတ်ရောဂါများ မရှိဘူးလားမသိဘူး"

"တစ်ပုလင်းလုံးသောက်ပြီးတာတောင် မျက်နှာလည်းမနီဘူး အမောလည်းမဖောက်ဘူး လန်ထွက်နေတာပဲ ငါတော့ အရှုံးပေးတယ်ကွာ"

ထိုအချိန်တွင် ဘေးပတ်လည်ရှိ လူများအားလုံး ဆွန်ဖုန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။

အရက်ပြင်းကို ရေသောက်သလိုသောက်ချလိုက်သောကြောင့် လူတိုင်းက လေးစားသွားကြသည်။

"တော်တော်သောက်နိုင်တာပဲ"

ဝမ်စစ်ချုံးက ဆွန်ဖုန်းတစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို မြင်သောအခါ သူ၏မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။

'ဒီဆွန်ဖုန်းဆိုသည့်ကောင်က သာမန်မဟုတ်မှန်း သိသာလှတယ် ဒီညတော့ အကြိတ်အနယ် ပြိုင်ရမယ့်ပွဲဖြစ်လာနိုင်တယ်'

ယခုအချိန်တွင် ဝမ်စစ်ချုံးတစ်ယောက် အတော်လေး ဒုက္ခရောက်နေပြီဖြစ်သည်။

စောစောက ငါးပုလင်းသောက်ထားပြီးဖြစ်ရာ သူကိုယ်တိုင်လည်း ဘယ်လောက်ထပ်သောက်နိုင်မည်ကို သေချာမသိတော့ပေ။

မူလကတော့ နှစ်ပုလင်း သုံးပုလင်းလောက်နှင့် ဆွန်ဖုန်းကို အမူးတိုက်ရန် ရည်ရွယ်ထားသော်လည်း ယခုအခြေအနေကို ကြည့်ရသည်မှာ သူထင်သလိုဖြစ်လာမည် မဟုတ်တော့ပေ။

"ကောင်းပြီ ငါသောက်မယ်"

ဆွန်ဖုန်းက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ တစ်ဖက်လူက သူသောက်မည့်အချိန်ကို စောင့်ကြည့်နေမှန်း ဝမ်စစ်ချုံး သိလိုက်သည်။

ထို့ကြောင့် သူ၏မာနကို အကျမခံနိုင်ပေ။

'တကယ်လို့ တစ်ဖက်လူက ဟန်ဆောင်နေတာဆိုရင်ကော'

ထို့ကြောင့် သူ မဖြစ်မနေ သောက်ရမည်ဖြစ်ပြီး အရှုံးပေး၍မဖြစ်ပေ။

“ဂလု ဂလု”

ဝမ်စစ်ချုံးလည်း စတင်သောက်လိုက်တော့သည်။

ဤသည်မှာ သူ၏ဆဋ္ဌမမြောက် မုန်တောက်လွီအရက်ပြင်းပုလင်းဖြစ်သည်။

တကယ်ကို သောက်ရခက်ခဲနေပြီဖြစ်သည်။

ဆွန်ဖုန်းကဲ့သို့ အမြန်သောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ယခုအချိန်တွင် ဝမ်စစ်ချုံးအတွက် တစ်ငုံသောက်လိုက်တိုင်း အဆိပ်ကိုသောက်ရသကဲ့သို့ အလွန်ခံရခက်နေသည်။

ဗိုက်ထဲမှ အရက်ငွေ့များက အဆက်မပြတ် အထက်သို့ဆန်တက်လာနေပြီး အချိန်မရွေး အန်ထွက်လာတော့မည့်အလား ခံစားနေရသည်။

နောက်ဆုံးတွင် ဝမ်စစ်ချုံးက ဆယ့်ငါးမိနစ်တိတိ အချိန်ယူကာ ထိုမုန်တောက်လွီတစ်ပုလင်းကို ကုန်အောင်သောက်လိုက်ရသည်။

ယခုအချိန်တွင် သူ၏ပါးစပ်က သူ၏ပါးစပ်မဟုတ်တော့သကဲ့သို့ ခံစားနေရပြီး အစာအိမ်ကလည်း သူ့အစာအိမ်မဟုတ်တော့သကဲ့သို့ ဖြစ်နေလေပြီ။

"ကောင်းတယ် အရမ်းကောင်းတယ်"

ဆွန်ဖုန်းက ဝမ်စစ်ချုံး တစ်ပုလင်းကုန်အောင် သောက်လိုက်သည်ကိုကြည့်ကာ ပြုံးလိုက်သည်။

ထို့နောက် ဝမ်စစ်ချုံးကို အသက်ရှူချိန်ပင်မပေးတော့ဘဲ သူကိုယ်တိုင် မုန်တောက်လွီတစ်ပုလင်းကို ထပ်ယူကာ စတင်သောက်ချလိုက်ပြန်သည်။

ဒီတစ်ကြိမ်တွင် ဆွန်ဖုန်းက စက္ကန့် ၂၀ သာ အချိန်ယူလိုက်ပြီး ထိုအရက်တစ်ပုလင်းကို ကုန်စင်အောင် သောက်ချလိုက်သည်။

ဆွန်ဖုန်း၏ ဤကဲ့သို့သော အရှိန်အဝါကြောင့် အခန်းထဲရှိ လူများအားလုံးမှာ အံ့ဩထိတ်လန့်သွားကြပြီး လေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

'သောက်ကျိုးနည်း တကယ်ကို လန်ထွက်နေတာပဲ'

ဝမ်စစ်ချုံးတစ်ယောက် ဆွန်ဖုန်းက နောက်တစ်ပုလင်းကို လျင်မြန်စွာ သောက်ချလိုက်သည်ကို မြင်သောအခါ အလွန်တရာ ဒေါသထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

'သောက်ကျိုးနည်း ဒါက သူ့ကို နားချိန်လေးတောင်မပေးတော့ဘူးလား သူ ခုလေးတင်သောက်ပြီးတာကို နောက်တစ်ပုလင်း ထပ်သောက်ခိုင်းနေပြန်ပြီ အနားယူဖို့ အချိန်လုံးဝမပေးတော့ဘူးပဲ'

"ငါသောက်လို့ပြီးပြီ မင်းအလှည့်ရောက်ပြီ"

ဆွန်ဖုန်းက ဝမ်စစ်ချုံးကို ပြောလိုက်သည်။

ဤကဲ့သို့သော လူယုတ်မာမျိုးကို သူလုံးဝသနားနေမည် မဟုတ်ပေ။

"ကောင်းပြီလေ မင်းမိုက်တယ်"

ဝမ်စစ်ချုံးက ဘာဆက်ပြောနိုင်မည်နည်း။

ဆွန်ဖုန်းက သူ့ကိုအသေအလဲတိုက်တော့မည်ဆိုတာ သူသိနေသည်။

ထို့ကြောင့် သူဆက်ပြီးတောင့်ခံနိုင်ရန်အတွက်သာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေရတော့သည်။

အကြောင်းမှာ ဆေးခတ်ထားသောအရက်ကို သောက်ထားမိသည့် မိန်းကလေးရှစ်ယောက် ကိုးယောက်ခန့်မှာ ဆေးအာနိသင်များ တဖြည်းဖြည်း ပြလာပြီဖြစ်ကြောင်း သူမြင်တွေ့နေရသောကြောင့်ဖြစ်သည်။

ဒီည အကြံအစည်အောင်မြင်မမြင်ဆိုသည်မှာ ဆွန်ဖုန်းကို အမူးတိုက်ပြီး မောင်းထုတ်နိုင်မနိုင်အပေါ်တွင်သာ မူတည်နေတော့သည်။

ယခုအချိန်တွင် ဟယ်မင်ယီကို ကေတီဗွီသို့ ခေါ်လာမိသည့်အတွက် ဝမ်စစ်ချုံး အနည်းငယ်နောင်တရနေမိသည်။

သူမ၏ယောကျ်ားဖြစ်သူ ဆွန်ဖုန်းပါ လိုက်လာပြီး သူ့ကိုဒီလို ဒုက္ခပေးနေသောကြောင့်ဖြစ်သည်။

မဟုတ်လျှင် ဒီည သူသေချာပေါက် အကြံအောင်မြင်မည်မှာ သေချာသည်။

တကယ်ကို ကိုယ့်ဒုက္ခကိုယ် ရှာမိခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ဝမ်စစ်ချုံးမှာ အန်ချင်စိတ်ကို အတင်းအောင့်ထားရင်း နောက်ထပ် မုန်တောက်လွီတစ်ပုလင်းကို ယူကာ ဆက်သောက်ရတော့သည်။

ဤသည်မှာ ဤညအတွက် သူ၏ သတ္တမမြောက် အရက်ပုလင်းဖြစ်သည်။

နောက်ဆုံးတွင် ပုလင်း၏ သုံးပုံတစ်ပုံခန့်သာ သောက်ရသေးချိန်၌ ဝမ်စစ်ချုံးတစ်ယောက် သန့်စင်ခန်းဆီသို့ ပြေးကာ အန်ရပြန်တော့သည်။

ဤတစ်ကြိမ်တွင် တစ်နာရီနီးပါးခန့် အန်ပြီးနောက်မှသာ လေးလံနေသော ခြေလှမ်းများဖြင့် ကေတီဗွီအခန်းထဲသို့ ယိုင်တိုင်တိုင် ပြန်လည်ဝင်ရောက်လာခဲ့သည်။

ယခုအချိန်တွင် ဝမ်စစ်ချုံးမှာ တကယ်ကို မခံနိုင်တော့ပေ။

အရက်နံ့ရလိုက်သည်နှင့် အန်ချင်နေပြီး အန်လွန်းအားကြီး၍ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်များပင် ခမ်းခြောက်သလို ဖြစ်နေလေပြီ။

တစ်ကိုယ်လုံးလည်း ပျော့ခွေနေသည်။

ယခုအချိန်၌ ရှန်ကွမ်းဇီရှီးကို အပိုင်ကြံဖို့ဆိုတာ ဝေးစွ မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေပြီဖြစ်သည်။

"ဝမ်စစ်ချုံး ဆက်လုပ်လေ မင်းပုလင်းထဲမှာ တစ်ဝက်ကျော်တောင် ကျန်သေးတယ် မင်း စောစောက အချိန်တစ်နာရီတောင် ဖြုန်းတီးလိုက်သေးတယ် အခု ငါတောင် ရေဆာလာပြီ မြန်မြန်သောက်စမ်းပါ ငါဆက်သောက်ရအောင်လို့"

ဆွန်ဖုန်းက ထိုလူကို သရော်လှောင်ပြောင်ရန် မမေ့ခဲ့ပေ။

"မင်း ရက်စက်တယ်ကွာ"

ဝမ်စစ်ချုံးက သွားကြိတ်ကာ ပြောလိုက်ပြီးနောက် ကျန်နေသည့် မုန်တောက်လွီအရက်ပြင်းတစ်ဝက်ကျော်ကို အံကြိတ်ကာ သောက်ချလိုက်ရတော့သည်။

ထိုအရက်ပုလင်း ကုန်သွားသည်နှင့် ဆွန်ဖုန်းက နောက်တစ်ကြိမ် ထပ်မတိုက်ရသေးခင်မှာပင် သူက သန့်စင်ခန်းဆီသို့ ထပ်ပြေးကာ အန်ရပြန်သည်။

"ဟင်း ငါ့ကို အန်အောင်တိုက်မယ်လို့တောင် ပြောနေသေးတယ် အခုကျတော့ ကိုယ့်ဘာသာ အူကလီစာတွေပါ ထွက်လာမတတ် အန်နေရပြီ"

ဆွန်ဖုန်းက အပြောင်အပျက် ရယ်မောလျက် ပြောလိုက်သည်။

ဤအချိန်တွင် အခန်းထဲရှိ မည်သူမျှ စကားမပြောရဲကြတော့ပေ။

ဝမ်စစ်ချုံး၏ နောက်လိုက်ခွေးများလည်း ဆက်လက်၍ မောက်မာဝံ့ကြွားခြင်း မပြုရဲကြတော့ပေ။

အကြောင်းမှာ သူတို့၏သခင်လေး ဟန်ရေးပြခြင်းမှာ ကျရှုံးသွားခဲ့ပြီဖြစ်ပြီး တကယ်ကို လူနာတင်ယာဉ်ခေါ်ရတော့မည့် အနေအထားမျိုး ဖြစ်နေသောကြောင့်ပင်။

နောက်ဆုံးတွင် ဤတစ်ကြိမ်၌ ဝမ်စစ်ချုံးကို သူ၏တပည့်တစ်ယောက်က တွဲ၍ခေါ်လာရတော့သည်။

ဤတစ်ကြိမ်တွင် သူတကယ်ကို နာလန်မထူနိုင်တော့ပေ။

ထပ်သောက်ပါက သေချာပေါက် ဆေးရုံရောက်သွားမည်ဖြစ်ပြီး အစာအိမ်သွေးကြောပင် ပေါက်သွားနိုင်ကြောင်း သူခံစားနေရသည်။

ဤမုန်တောက်လွီအရက်က တကယ်ကို ပြင်းထန်လွန်းလှပြီး ဒီဂရီ အလွန်မြင့်မားပေသည်။

"ကောင်းပြီလေ မင်းအန်လို့ပြီးပြီဆိုတော့ ငါဆက်သောက်မယ် ငါအရင်သောက်လိုက်မယ်"

ဆွန်ဖုန်းက နောက်ထပ် မုန်တောက်လွီတစ်ပုလင်းကို ယူကာ တစ်ကျိုက်တည်း ထပ်မော့လိုက်ပြန်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဝမ်စစ်ချုံးမှာ ဆွန်ဖုန်းကို တကယ်ပင် ရိုက်သတ်ချင်စိတ် ပေါက်သွားတော့သည်။

'သောက်ကျိုးနည်း မင်းကမှ တတိယပုလင်းပဲ ရှိသေးတာလေ ငါက ခုနစ်ပုလင်းသောက်ပြီးလို့ ရှစ်ပုလင်းမြောက်တောင် ရောက်နေပြီ'

“ဂလု ဂလု”

ဆွန်ဖုန်းက တစ်မိနစ်အချိန်ယူကာ ထိုပုလင်းကို အကုန်သောက်ချလိုက်ပြန်သည်။

ထိုအရာက ဝမ်စစ်ချုံးကို သွေးအန်ချင်စိတ်ပေါက်သွားစေသည်။

'သောက်ကျိုးနည်း သူ့ကို အသက်ရှူဖို့ အချိန်လေးတောင် မပေးတော့ဘူးလား သူနဲ့ ဘာရန်ငြိုးတွေများ ရှိနေလို့ ဒီလောက်တောင် အတင်းအကျပ် ဖိအားပေးနေရတာလဲ’

All Chapters