အခန်း ၄၀၀
Vol. 40 Ch. 400
အခန်း ၄၀၀ ရုတ်တရက်ဆိုသလို
ဤနေ့တွင် ဆွန်းဖုန်းနှင့် မိန်းကလေးလေးယောက်တို့သည် ကစားကွင်းသို့သွားကာ တစ်ဝကြီး ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြသည်။ ညပိုင်းရောက်သောအခါ ဟယ်မင်ယီလည်း ပြန်ရောက်လာပြီး သူတို့အားလုံး အပြင်ထွက်ကာ အစားအသောက်များ သွားရောက်စားသောက်ခဲ့ကြသည်။
ထို့နောက် ဆွန်းဖုန်းနှင့် ဟယ်မင်ယီတို့က ဆွန်းရွှိက်လေးကိုခေါ်ကာ ယောက္ခမကြီး၏ မွေးနေ့ပွဲသို့ သွားရောက်တက်ရောက်ခဲ့ကြသည်။ ထိုမှတစ်ဆင့် ယောက္ခမကြီး၏အိမ်တွင် ရက်အနည်းငယ်ခန့် ဝင်ရောက်တည်းခိုခဲ့ကြသည်။
ဆွန်းဖုန်းက ပြည်တွင်း၌ နောက်ထပ် တစ်လခန့် ဆက်နေပြီးမှ ရဲ့ဖုန်းရေနံမြေကိစ္စများကို ဖြေရှင်းရန် နယူးဖောင်လန်သို့ ပြန်သွားမည်ဟု ဆုံးဖြတ်ထားသည်။
ယခုအချိန်တွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေဆဲဖြစ်ရာ ထိုမျှမြန်မြန်ဆန်ဆန် တူးဖော်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ပြန်သွားလျှင်လည်း ဘာမှလုပ်စရာရှိမည်မဟုတ်ချေ။
ဆွန်းဖုန်း တာဝန်ယူရမည့် တူးဖော်ရေးစက်ပစ္စည်းများအားလုံးနီးပါးကို ပြင်ဆင်ပြီးစီးနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသည့် အလုပ်များကို ဖီးရပ်စ်နှင့် ယန်ကျိတို့ကသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အချိန်တန်၍ တကယ့်တူးဖော်ရေးလုပ်ငန်းများ စတင်သည့်အချိန်ကျမှသာ ဆွန်းဖုန်းကိုယ်တိုင် သွားရောက်တာဝန်ယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစက်ပစ္စည်းများအတွင်းရှိ အထူးစက်ယန္တရားများကို ဖွင့်လှစ်ရန်အတွက် ဆွန်းဖုန်း၏ ခွင့်ပြုချက်ရှိမှသာ စတင်လည်ပတ်နိုင်မည်ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ပြည်တွင်းတွင် နေထိုင်ရသည်မှာ တကယ်ကို ကောင်းမွန်လှသည်ဟု ဝန်ခံရမည်ဖြစ်သည်။ အရာအားလုံးက ပြည့်စုံလုံလောက်နေသည်။ စကားပြောဆိုဆက်ဆံရသည်ဖြစ်စေ အစားအသောက်ပိုင်းဖြစ်စေ အားလုံး အဆင်ပြေလှသည်။
မနက်တိုင်း ဆွန်းဖုန်းတို့ မိသားစုသုံးယောက် အပြင်ထွက်ကာ မနက်စာ သွားစားလေ့ရှိကြသည်။ ဤနေရာတွင် ဆွန်းဖုန်း အကြိုက်ဆုံး ဝက်ကလီစာဆန်ပြုတ် ပဲနို့ အီကြာကွေးနှင့် အခြားသော သရေစာမုန့်မျိုးစုံ ရှိနေပေသည်။
ဤနေ့တွင် ဟယ်မင်ယီက သူမ၏သူငယ်ချင်းများနှင့်အတူ အပြင်သို့ ထွက်သွားပြန်သည်။ ယောက္ခမကြီးက သူ၏မြေးဦးလေးကို ထိန်းချင်သော်လည်း ကုမ္ပဏီတွင် အရေးကြီးကိစ္စများ ပေါ်လာသောကြောင့် အလုပ်များသွားခဲ့သည်။
ထို့ကြောင့် ဆွန်းဖုန်းတစ်ယောက်တည်း ကလေးထိန်းရသည့်ဘဝသို့ ရောက်ရှိသွားတော့သည်။
မနက်ပိုင်းတွင် ဆွန်းဖုန်းနှင့် ကလေးလေးတို့ သားအဖနှစ်ယောက် အိမ်ထဲတွင်သာ အောင်းနေခဲ့ကြသည်။ ယခုအခါ ဆွန်းရွှိက်လေးမှာ အသက်တစ်နှစ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အသားစားမယ် ဖေဖေ မေမေ စသည့် ရိုးရှင်းသော စကားလုံးအချို့ကို စတင်ပြောဆိုတတ်နေပြီဖြစ်သည်။
ညနေပိုင်းရောက်သောအခါ ဆွန်းဖုန်းက သားဖြစ်သူကိုချီကာ အနီးနားရှိ ပန်းခြံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အပြင်ထွက်၍ နေရောင်ခြည်ခံခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းမွန်သည်မဟုတ်ပါလား။
ဟိုင်ထျန်မြို့တွင် စုန့်ကျဲနှင့် အခြားလူအနည်းငယ်မှလွဲ၍ ဆွန်းဖုန်း၌ သူငယ်ချင်းဟူ၍ သိပ်မရှိချေ။ ယခင်က သူသည် ဟိုင်ယန်မြို့တွင် ကျောင်းတက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤမြို့တွင် အလုပ်လုပ်နေသော သူ၏ကျောင်းနေဘက် သူငယ်ချင်းများ ရှိကောင်းရှိနေနိုင်ပေသည်။
ကျောင်းပြီးသွားပြီးနောက်ပိုင်းတွင် အားလုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ၏ကျောင်းနေဘက် သူငယ်ချင်းများ ဘယ်ရောက်နေကြသည် ဘာတွေလုပ်နေကြသည် ဘဝမှာ ဘယ်လိုတွေဖြတ်သန်းနေကြသည် ဆိုသည်ကို ဆွန်းဖုန်း သေချာမသိတော့ချေ။
ပန်းခြံထဲတွင် နှစ်နာရီ သုံးနာရီခန့် လမ်းလျှောက်ပြီးနောက် ဆွန်းဖုန်းက ထိုင်နားရန် နေရာတစ်ခုရှာရင်း အစားအစာတစ်ခုခု စားရန် ဆုံးဖြတ်လိုက်သည်။
ပန်းခြံထဲမှ ထွက်လာသည်နှင့် သားဖြစ်သူ ဆွန်းရွှိက်လေးက ပူဆာတော့သည်။
"ဖေဖေ ... နို့နို့သောက်မယ် ... နို့နို့သောက်မယ်"
ဆွန်းရွှိက်လေးက ဆွန်းဖုန်း၏ ရင်ခွင်ထဲတွင် ရုန်းကန်နေပြီး ခေါင်းလေးကိုမော့ကာ ဆွန်းဖုန်းကို ကြည့်နေသည်။ မဝယ်ပေးလျှင် ငိုတော့မည့်ပုံစံလေး ဖမ်းနေရာ အလွန်တရာ ချစ်စရာကောင်းလှပေသည်။
"ကောင်းပါပြီဗျာ ... ဖေဖေ သားလေးအတွက် နို့သွားဝယ်ပေးမယ်နော်"
သားဖြစ်သူ ရေဆာနေပြီဖြစ်ကြောင်း ဆွန်းဖုန်း သိလိုက်သည်။ ထို့ကြောင့် သားဖြစ်သူအတွက် နို့ဝယ်ရန် စူပါမားကတ်ကြီးတစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။
ကလေးငယ်များအနေဖြင့် ရေခဲသေတ္တာထဲမှ အေးစက်နေသောနို့ကို သောက်ရန်မသင့်တော်ပေ။ ထို့ကြောင့် ဆွန်းဖုန်းက အအေးမခံထားသော နေရာမှ နို့တစ်ဘူးကိုယူကာ ငွေရှင်းကောင်တာသို့ သွားခဲ့သည်။ သို့သော် ငွေရှင်းနေစဉ်မှာပင် ဆွန်းဖုန်းက သူနှင့်စိမ်းသက်မနေသော သူစိမ်းတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသည်။
'ဝမ်ကွေ့မေ'
ငွေရှင်းရန် သွားနေစဉ် ဆွန်းဖုန်းက အလွန်ရင်းနှီးကျွမ်းဝင်နေသော ကျောပြင်တစ်ခုကို မြင်လိုက်ရသည်။ သူမက ဆွန်းဖုန်း၏ ပထမဆုံးအချစ်ဦး ဝမ်ကွေ့မေ ပင်ဖြစ်သည်။ လေးငါးနှစ်ခန့် မတွေ့ရတော့သော်လည်း ဆွန်းဖုန်းက တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားခဲ့သည်။
ယခုအချိန်တွင် ဆွန်းဖုန်း အလွန်တရာ သေချာနေမိသည်။ သူ၏မျက်စိရှေ့တွင် ငွေရှင်းနေသော အမျိုးသမီးမှာ သူ၏ပထမဆုံးအချစ်ဦး အထက်တန်းကျောင်းတုန်းက ချစ်သူကောင်မလေးပင်ဖြစ်သည်။
ထိုအချိန်တွင် ငွေရှင်းနေသော ဝမ်ကွေ့မေက တစ်စုံတစ်ယောက် သူမကို ခေါ်လိုက်သကဲ့သို့ ကြားလိုက်ရသဖြင့် နောက်သို့လှည့်ကာ ဆွန်းဖုန်းကို ကြည့်လိုက်သည်။ ဆွန်းဖုန်းကို မြင်လိုက်ရသောအခါ သူမလည်း အံ့အားသင့်သွားပြီး ဆွန်းဖုန်းဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားပုံရသည်။
နှစ်ယောက်သား ဤနေရာတွင် ဆုံတွေ့လိုက်ရသဖြင့် အနည်းငယ်တော့ နေရခက်သွားကြသည်။ အကြောင်းပြချက်အရဆိုလျှင် သူတို့နှစ်ဦးမှာ စိမ်းသက်နေသော သူစိမ်းများထဲမှ သူစိမ်းများ ဖြစ်သွားခဲ့ပြီမဟုတ်ပါလား။
"ဆွန်းဖုန်းလား"
ဝမ်ကွေ့မေက မဝံ့မရဲဖြင့် မေးလိုက်သည်။
"ဟားဟား ... ငါပါပဲ ... ဒီမှာမင်းနဲ့ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ... တကယ်ကို မထင်မှတ်ထားတာပဲ ... အင်း ... ဒီနှစ်တွေထဲ မင်းအဆင်ပြေရဲ့လား"
မိမိ၏အချစ်ဦးကို ပြန်လည်တွေ့ရှိလိုက်ရသောအခါ ဆွန်းဖုန်း၏ စိတ်ခံစားမှုများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ရင်းနှီးကျွမ်းဝင်နေသော ဘဲဥပုံမျက်နှာလေးနှင့် ဝမ်ကွေ့မေ၏ အသွင်အပြင်ကို ကြည့်ရင်း ဆွန်းဖုန်းတစ်ယောက် အတိတ်အမှတ်ရစရာများထဲသို့ နစ်မြောသွားတော့သည်။
ထိုအချိန်က အထက်တန်း ဒုတိယနှစ်ဖြစ်သည်။ သူနှင့် ဝမ်ကွေ့မေတို့ နှစ်ယောက်စလုံး အထက်တန်းကျောင်းတွင် အနုပညာဘာသာရပ်ကို သင်ယူခဲ့ကြသည်။ အနုပညာဘာသာရပ်ကို ယူထားပါက စာမေးပွဲအမှတ် အနည်းငယ်နည်းလျှင်တောင်မှ တက္ကသိုလ်ဝင်ခွင့်ရရန် လွယ်ကူသောကြောင့်ဖြစ်သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြသည်။ အနုပညာအတန်း တစ်တန်းတည်းဖြစ်သလို အနုပညာအုပ်စုလည်း တစ်စုတည်းဖြစ်သောကြောင့်ဖြစ်သည်။ စာသင်နှစ်တစ်ဝက်ခန့် အတူတူ ဖြတ်သန်းပြီးနောက် သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။
ထို့နောက် တတိယနှစ် အနုပညာစာမေးပွဲမတိုင်မီတွင် သူတို့နှစ်ဦးမှာ သဘာဝကျကျပင် ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။ ဆွန်းဖုန်းက ဝမ်ကွေ့မေကို အလွန်ချစ်သလို ဝမ်ကွေ့မေကလည်း ဆွန်းဖုန်းကို အလွန်သဘောကျသည်။ နှစ်ယောက်သား အတူရှိနေချိန်တိုင်း အလွန်ချိုမြိန်ခဲ့ကြပြီး ကြီးမားသော ပြဿနာဟူ၍လည်း ဘာမှမရှိခဲ့ပေ။
ဝမ်ကွေ့မေ၏ ရုပ်ရည်က အလွန်အမင်း လှပလွန်းသည်မဟုတ်သော်လည်း ရုပ်ဆိုးသည်ဟုလည်း မဆိုနိုင်ပေ။ သူမကို လိုက်နေသည့် ယောကျ်ားလေးများလည်း ရှိခဲ့သည်။ သို့သော် ထိုအချိန်က နှစ်ယောက်စလုံးမှာ အနည်းငယ် ရှေးရိုးစွဲဆန်ကြသဖြင့် နောက်ဆုံးအဆင့်အထိ မကျူးလွန်ခဲ့ကြပေ။
နှစ်ယောက်စလုံးက တောနယ်မှလာသူများဖြစ်ရာ ကြီးမားသော ရည်မှန်းချက်ကြီးကြီးမားမားလည်း မရှိခဲ့ကြချေ။ ထိုအချိန်က ဆွန်းဖုန်း၏ စိတ်ကူးမှာ ကျောင်းပြီးပါက မြို့ပေါ်တွင် အိမ်တစ်လုံးနှင့် ကားတစ်စီး ပိုင်ဆိုင်နိုင်ရန်ဖြစ်သည်။ ထို့အပြင် သူမရှိနေလျှင် လုံလောက်ပြီဟု တွေးခဲ့သည်။
ထိုနည်းတူစွာပင် ဝမ်ကွေ့မေတွင်လည်း ကြီးမားသော ရည်မှန်းချက်မရှိခဲ့ဘဲ ဆွန်းဖုန်းနှင့် ခပ်ဆင်ဆင်သာဖြစ်သည်။ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပြီး ရွာပြန်ကာ လယ်စိုက်စရာမလိုလျှင် ရပြီဟုသာ တွေးထားခဲ့သည်။
နောက်ပိုင်းတွင် ဆွန်းဖုန်းက တက္ကသိုလ်တက်ခွင့်ရခဲ့သော်လည်း ဝမ်ကွေ့မေကတော့ စာမေးပွဲကျသွားခဲ့သည်။ သူမက တက္ကသိုလ်လည်း ဆက်မတက်သလို ကောလိပ်လည်း မတက်တော့ပေ။ မိသားစုကလည်း ဆက်မထားနိုင်တော့သဖြင့် အလုပ်ထွက်လုပ်ရန်သာ ရွေးချယ်လိုက်ရတော့သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ အဝေးရောက်ချစ်သူများ ဖြစ်သွားခဲ့ကြသည်။ ထိုစဉ်က ဆွန်းဖုန်းက သူမကို အလွန်သံယောဇဉ်ကြီးသလို သူမကလည်း ဆွန်းဖုန်းကို အလွန်တွယ်တာခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ လက်တွေ့ဘဝကို အရှုံးပေးလိုက်ရပြီး သူမက အလုပ်ခွင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဆွန်းဖုန်းက ဟိုင်ယန်မြို့သို့ ကျောင်းသွားတက်ခဲ့ပြီး သူမကတော့ တုန်းဟိုင်မြို့တွင် အလုပ်သွားလုပ်ခဲ့သည်။ သို့သော်လည်း ထိုကာလအတွင်း ဆွန်းဖုန်းက ငွေချေးငှားကာ သူမထံသို့ တစ်ခေါက်သွားရောက် တွေ့ဆုံခဲ့သေးသည်။ ထိုအချိန်က ဆွန်းဖုန်းမှာ နေ့တိုင်း သူမထံ ဖုန်းဆက်ကာ အနာဂတ်အကြောင်း စိတ်ကူးယဉ်အိပ်မက်များ အတူတကွ တည်ဆောက်ခဲ့ကြသည်။
ထိုအိပ်မက်မှာ ပျော်ရွှင်စရာကောင်းသော အိပ်မက်တစ်ခုဖြစ်သည်။ ဆွန်းဖုန်းနှင့် ဝမ်ကွေ့မေတို့ နှစ်ဦးစလုံးက ဆွန်းဖုန်း ကျောင်းပြီးပါက အလုပ်တစ်ခုရှာရန် အိပ်မက်မက်ခဲ့ကြသည်။ ထို့နောက် အိမ်ဝယ်ရန် ကနဦးပေးသွင်းငွေ စုဆောင်းမည်။ ပြီးလျှင် သူမနှင့်အတူ ကလေးနှစ်ယောက် ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် မွေးမည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။
အထူးသဖြင့် ဝမ်ကွေ့မေက ထိုအချိန်တွင် အမြွှာလေးတွေရလျှင် အကောင်းဆုံးပဲဟု မကြာခဏ ပြောလေ့ရှိသည်။ ထိုအချိန်က ဆွန်းဖုန်းနှင့် ဝမ်ကွေ့မေတို့မှာ အသက် ဆယ့်ကိုးနှစ် နှစ်ဆယ်ခန့်သာ ရှိသေးသည်။ ဤသည်မှာ သူတို့၏ လူငယ်ဘဝပင်ဖြစ်သည်။
ထိုအချိန်က ဝမ်ကွေ့မေသည် ကျောင်းမှာ တခြားမိန်းကလေးတွေကိုရော လိုက်နေသေးလား ဟု မကြာခဏ မေးတတ်သည်။ ဆွန်းဖုန်းက လုံးဝမဖြစ်နိုင်ကြောင်း အမြဲပြန်ဖြေခဲ့သည်။ တကယ်တမ်းလည်း သူထိုသို့ မလုပ်ခဲ့သလို လုပ်လည်းမလုပ်တတ်ပေ။
ထိုအချိန်က ဆွန်းဖုန်းသည်လည်း မင်း ငါ့ကို ထားသွားမလား ဟု မေးလေ့ရှိသည်။ ထိုအခါ ဝမ်ကွေ့မေက ရှင်ကသာ ကျွန်မကို အရင်မစွန့်ပစ်ဘူးဆိုရင် ကျွန်မတစ်သက်လုံး ရှင့်အနားကနေ ထွက်သွားမှာမဟုတ်ဘူး ဟု ပြတ်သားစွာ ပြောခဲ့ဖူးသည်။
သို့သော် စာသင်နှစ်တစ်ဝက်အကြာ နေ့တစ်နေ့တွင် ဆွန်းဖုန်းက ထုံးစံအတိုင်း ဝမ်ကွေ့မေထံ ဖုန်းဆက်ခဲ့သည်။ အနာဂတ်အကြောင်းနှင့် လက်ထပ်ပြီး ကလေးမွေးမည့် အိပ်မက်လေးအကြောင်းကို ထပ်မံပြောဆိုခဲ့ကြသည်။
ထိုအချိန်က ဝမ်ကွေ့မေက ရုတ်တရက် စကားတစ်ခွန်း ပြောလာခဲ့သည်။
"ရှင် အရမ်းတွေ တွေးနေတာပါ"
ထိုအချိန်က ဤစကားက ဘာပြဿနာမှမရှိဟု ဆွန်းဖုန်း ထင်ခဲ့မိသည်။ ဝမ်ကွေ့မေက သူ့ကို တမင်သက်သက် နောက်ပြောင်နေခြင်းဖြစ်မည်ဟုသာ တွေးခဲ့သည်။
သို့သော် သေချာပြန်တွေးကြည့်သောအခါ ယခင်က ဝမ်ကွေ့မေသည် ဤကဲ့သို့သော စကားမျိုးကို တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဖူးကြောင်း ဆွန်းဖုန်း သတိထားမိလိုက်သည်။ ယနေ့မှ ရုတ်တရက်ကြီး ဘာလို့ဒီလိုပြောရသနည်း။ ထို့ကြောင့် ဆွန်းဖုန်းတစ်ယောက် ချက်ချင်းပင် သံသယဝင်သွားခဲ့သည်။
ထို့ကြောင့် ဆွန်းဖုန်းက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"မင်း ငါ့ကို ဖုံးကွယ်ထားတာ တစ်ခုခုရှိနေသလား"
ဆွန်းဖုန်း၏ ဤစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ဖုန်းတစ်ဖက်မှ ဝမ်ကွေ့မေမှာ တိတ်ဆိတ်သွားပြီး ဘာစကားမှမပြောတော့ချေ။ သူမ၏တိတ်ဆိတ်မှုက သူ့ကိုဖုံးကွယ်ထားသော ကိစ္စတစ်ခုခုရှိနေကြောင်း ဆွန်းဖုန်းကို ခံစားမိစေသည်။
ထို့ကြောင့် ဆွန်းဖုန်းက ဆက်တိုက် ဖိအားပေးမေးမြန်းတော့သည်။ သို့သော် ဝမ်ကွေ့မေက တစ်ခွန်းမျှ ပြန်မပြောဘဲ ဖုန်းချသွားခဲ့သည်။
ဤအခြေအနေက ဆွန်းဖုန်းကို ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားစေပြီး ဝမ်ကွေ့မေထံသို့ အလျင်စလို ဖုန်းထပ်ခေါ်ခဲ့သည်။ သို့သော် တစ်ဖက်က ဖုန်းလက်ခံရန် တိုက်ရိုက်ငြင်းပယ်ခဲ့သည်။ အကြိမ်ပေါင်းများစွာ ဆက်တိုက်ခေါ်ပြီးနောက်မှသာ ဝမ်ကွေ့မေ ဖုန်းကိုင်လာခဲ့သည်။
"မင်း ငါ့ကို ဖုံးကွယ်ထားတာ တစ်ခုခုရှိနေတာလား ... ငါ့ကို ပြောပြလို့ရမလား ... အဆိုးရွားဆုံးကိစ္စဆိုရင်တောင်မှ ငါ့ကို ရှင်းရှင်းလင်းလင်း သိခွင့်ပေးပါ"
နောက်ဆုံးတွင် ဆွန်းဖုန်းက သတ္တိမွေးကာ မေးလိုက်သည်။ လက်ရှိအခြေအနေအရဆိုလျှင် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း သူသိနေသည်။
"ဖုန်း ... ကျွန်မ တခြားတစ်ယောက်ကို သဘောကျနေပြီ ... ကျွန်မတို့ လမ်းခွဲကြရအောင်"
ဝမ်ကွေ့မေ၏ စကားတစ်ခွန်းက ဆွန်းဖုန်းကို ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ အေးစက်သွားစေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် အဆင်ပြေနေသေးသည်မဟုတ်ပါလား။
ယနေ့မှ ရုတ်တရက်ကြီး ဘာလို့ ဒီလိုကိစ္စမျိုး ပေါ်လာရသနည်း။ ဤမိုးကြိုးပစ်ချလိုက်သကဲ့သို့သော သတင်းက ဆွန်းဖုန်း၏ ဦးနှောက်ကို လည်ပတ်၍မရအောင် ဖြစ်သွားစေသည်။
"ဘာ ... ဘာလို့လဲ ... ငါတို့ အဆင်ပြေနေကြတာပဲ မဟုတ်ဘူးလား ... ဘယ်လိုဖြစ်လို့ တခြားတစ်ယောက်ကို သဘောကျသွားရတာလဲ"
ဆွန်းဖုန်းက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး အက်ကွဲနေသော အသံဖြင့် မေးလိုက်သည်။
"ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဖြစ်ခဲ့တာပါ ... သူ့နားမှာနေရတာ အရမ်းပျော်ဖို့ကောင်းတယ် စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်မ ခံစားရတယ် ... ရှင်နဲ့အတူရှိနေရတာက အရမ်းကို ရိုးရှင်းလွန်းတယ် ... တကယ်ကို ရိုးရှင်းလွန်းလွန်းတယ် ... အနာဂတ်ကို ကျွန်မ မမြင်ရဘူး ... ကျွန်မလိုချင်တဲ့ ဘဝက မြင့်မြင့်မားမားကြီး မဟုတ်ပါဘူး ... အိမ်တစ်လုံးလောက် ပိုင်ဆိုင်ချင်တယ် ... အားတဲ့အချိန်မှာ ဈေးဝယ်ထွက်ချင်တယ် ... ကိုယ်ကြိုက်တဲ့ အဝတ်အစားလေးတွေ ဝယ်ချင်တယ် ... စနေ တနင်္ဂနွေလို နေ့မျိုးမှာ ကေအက်ဖ်စီကိုသွားထိုင်ပြီး ကိုယ်စားချင်တာလေးတွေ စားချင်တယ် ... ဒါပေမဲ့ ကျွန်မရဲ့ လက်ရှိအလုပ်နဲ့ဆိုရင် ဒီလိုရိုးရှင်းတဲ့ တောင်းဆိုမှုလေးတွေကိုတောင် မလုပ်နိုင်ဘူး ... ကျွန်မ နေ့တိုင်း အလုပ်လုပ်ဖို့ပဲ သိတယ် ... တစ်ပတ်လုံးမှာမှ တစ်ရက်ပဲ နားရတယ် ... အဲဒီတစ်ရက်ကိုလည်း နားဖို့ကလွဲရင် တခြားဘာမှ မလုပ်ချင်တော့ဘူး ... ရှင်နဲ့အတူရှိနေရင် ကျွန်မ အနာဂတ်ကို မမြင်ရဘူး ... ဒါကြောင့် ကျွန်မတို့ လမ်းခွဲကြရအောင် ... တကယ်တော့ ကျွန်မ တခြားတစ်ယောက်ကို သဘောကျနေပြီဆိုတဲ့အကြောင်း ရှင့်ကို မပြောပြချင်ခဲ့ဘူး ... ဒါပေမဲ့ ကျွန်မတို့ ချစ်ခဲ့ကြဖူးတဲ့ သံယောဇဉ်ကို ထောက်ထားပြီး ကျွန်မ ပွင့်ပွင့်လင်းလင်း ဝန်ခံတာပါ ... ရှင့်ကို တောင်းပန်ပါတယ် ဖုန်း ... ကျွန်မတို့ လမ်းခွဲကြစို့ ... နောက်ဆိုရင် ဖုန်းမဆက်ပါနဲ့တော့"
စကားဆုံးသည်နှင့် ဝမ်ကွေ့မေက ဖုန်းချသွားခဲ့သည်။ ထိုသို့ဖြင့် ဆွန်းဖုန်းတစ်ယောက် အချစ်နာကျပြီး အသဲ ကွဲသွားခဲ့ရသည်။
ထို့နောက်ပိုင်းတွင် ဆွန်းဖုန်း၏ဘဝက ပို၍ပို၍ အောက်ခြေသိမ်းဘဝသို့ ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းတွင် ဝမ်ကွေ့မေ အိမ်ထောင်ကျသွားကြောင်း သူကြားသိခဲ့ရသည်။
ထို့နောက် သူမတွင် ကလေးရသွားပြီဟု ကြားရပြီးနောက် သတင်းအစအန လုံးဝပျောက်ကွယ်သွားခဲ့သည်။ ယနေ့ ဤနေရာတွင် သူ၏အချစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤဇာတ်လမ်းကို ဆွန်းဖုန်း မည်သူ့ကိုမျှ မပြောပြခဲ့ဖူးပေ။ အသဲကွဲပြီးကတည်းက သူသည် ရည်းစားထားဖူးကြောင်းကိုပင် ဝန်မခံခဲ့တော့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုခံစားချက်များကို သူပြန်မတွေးချင်တော့သလို သူကိုယ်တိုင် ရည်းစားထားဖူးသူဖြစ်ကြောင်းလည်း မတွေးချင်တော့ပေ။ ထိုအမှတ်တရလေးများကို ပြန်လည်တွေးတောမိတိုင်း သူ၏နှလုံးသားက နာကျင်ရလွန်းလှသည်။
ဤအချစ်ရေးကို ဆွန်းဖုန်းက အစောကြီးကတည်းက သူ၏မှတ်ဉာဏ်များထဲမှ ဖျက်ပစ်ရန် ရွေးချယ်ခဲ့ပြီးဖြစ်သည်။ သက်ဆိုင်သူနှင့် ယနေ့ ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ရာ ယခုတော့ သူ၏ဦးနှောက်ထဲတွင် ထိုအမှတ်တရများ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
သို့သော်လည်း နှစ်များစွာကြာပြီးနောက် ပြန်လည်ဆုံတွေ့ချိန်တွင် ယခုအခါ သူတို့နှစ်ဦးမှာ ရင်းနှီးကျွမ်းဝင်နေသော သူစိမ်းများကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ဆွန်းဖုန်း သတိထားမိလိုက်သည်။
နှစ်ယောက်သား ဤနေရာတွင် တောင့်တောင့်ကြီး ရပ်နေကြပြီး ဘာဆက်ပြောရမှန်းမသိ ဖြစ်နေကြသည်။ နောက်ဆုံးတွင်တော့ ဆွန်းဖုန်းက စကားတစ်ခွန်းကို အားယူကာ မေးလိုက်ရသည်။
"ဒီနှစ်တွေထဲ မင်းဘဝအဆင်ပြေရဲ့လား"
အမှန်တကယ်တော့ ဤစကားက ဆွန်းဖုန်းရင်ထဲမှ တကယ်မေးချင်နေခဲ့သော စကားပင်ဖြစ်သည်။ တစ်ဖက်လူ ဒုက္ခရောက်နေသည်ကို သူမသိချင်ပေ။ သူက ထိုကဲ့သို့သော လူယုတ်မာမျိုး မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ကွေ့မေ ဘဝမှာ အဆင်ပြေနေစေရန်သာ သူမျှော်လင့်မိသည်။ လူတိုင်းတွင် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပြီး ဤအရာတွင် အမှားအမှန် မရှိပေ။ မှားယွင်းနေသည်က ဤကျိန်စာသင့်နေသော လူ့အသိုင်းအဝိုင်းကြီးသာ ဖြစ်သည်။
"အဆင်ပြေပါတယ် ... တည်ငြိမ်တဲ့ အလုပ်လေးရှိတယ် ... ကလေးတောင် သူငယ်တန်းရောက်နေပြီ ... ရှင်ရော ... ဘယ်မှာအလုပ်လုပ်နေလဲ ... ဒါရှင့်သားလေးလား"
ဆွန်းဖုန်းကို မြင်သောအခါ ဝမ်ကွေ့မေ၏ ရင်ထဲတွင်လည်း လှုပ်ခတ်သွားခဲ့သည်။ သို့သော် ထိုလှုပ်ခတ်မှုက ချစ်ခြင်းမေတ္တာကြောင့်မဟုတ်ဘဲ လူငယ်ဘဝ၏ အမှတ်တရများကြောင့်သာဖြစ်သည်။
သူမက အချစ်ကို ကိုးကွယ်ရမည့်အရွယ်ကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ သူနှင့် ဆွန်းဖုန်းတို့အကြား အစောကြီးကတည်းက ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ကြောင်း သူမ သိထားသည်။ တကယ်လို့ ဖြစ်နိုင်မည်ဆိုပါက သူငယ်ချင်းများအဖြစ် နေထိုင်သွားရန်လောက်သာ ဖြစ်နိုင်ပေ။
"မင်းအဆင်ပြေရင် ပြီးတာပါပဲ ... အော် ... ဟုတ်တယ် ... ဒါငါ့သား ဆွန်းရွှိက်လေ ... ဟဲဟဲ ... အလုပ်ကတော့ ဒီလိုပါပဲလေ ... ဖြစ်သလို ရုန်းကန်နေရတာပေါ့"
ဆွန်းဖုန်းက ပြုံး၍ ဖြေလိုက်သည်။
"အော် ... ရှင့်သားလေးက တော်တော်ချောတာပဲ ... ရှင်လည်း အိမ်ထောင်ကျနေပြီပဲ ... ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ဝမ်ကွေ့မေက ပြုံးကာ ပြောလိုက်သည်။ ဆွန်းဖုန်းလည်း အိမ်ထောင်ကျနေပြီဖြစ်ကြောင်း မြင်ရသောအခါ သူမ၏စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွားမိသည်။
"ငါတို့ တစ်နေရာရာမှာ ထိုင်ပြီး စကားပြောကြမလား"
ဆွန်းဖုန်းက မေးလိုက်သည်။
"ရပါတယ်"
ဝမ်ကွေ့မေက ခေါင်းညိတ်ပြလိုက်သည်။
မကြာမီမှာပင် ဆွန်းဖုန်းက ဝမ်ကွေ့မေကိုခေါ်ကာ ကော်ဖီဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ကော်ဖီနှစ်ခွက်နှင့် သရေစာအနည်းငယ်မှာယူကာ စကားစမြည် စတင်ပြောဆိုကြတော့သည်။
နှစ်ပေါင်းများစွာကြာမှ ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်ရာ အနည်းငယ် စိမ်းသက်နေသလို ခံစားရသော်လည်း စကားပြောကြည့်လိုက်သောအခါ ပြောစရာအကြောင်းအရာ အများအပြားရှိနေသေးကြောင်း တွေ့လိုက်ရသည်။ စကားပြောရင်း ပြောရင်း မိသားစုအကြောင်း ရောက်သွားတော့သည်။
"ကျွန်မယောကျ်ားက အလုပ်သမားတစ်ယောက်ပါ ... လစာက သိပ်မများပေမယ့် မိသားစုကို လုပ်ကျွေးဖို့တော့ လောက်ငပါတယ် ... အိမ်ထောင်ကျတုန်းက အိမ်တစ်လုံးဝယ်ခဲ့တယ် ... ကနဦးပေးသွင်းငွေကိုတော့ ယောက္ခမတွေက ထုတ်ပေးခဲ့တာပါ ... အခု ကျွန်မမှာလည်း အလုပ်တစ်ခုရှိနေပြီဆိုတော့ ဘဝက အဆင်ပြေတယ်လို့ ဆိုရမှာပေါ့ ... ကျွန်မလို အထက်တန်းပဲအောင်တဲ့ မိန်းမတစ်ယောက်အတွက်တော့ ဒါက တော်တော်လေးကို ကျေနပ်စရာကောင်းနေပါပြီ"
ဝမ်ကွေ့မေကတော့ အရင်က ဝမ်ကွေ့မေပါပင်။ ရည်မှန်းချက် သိပ်မကြီးချေ။ လက်ရှိ သူမ၏အခြေအနေကို ကြည့်ရသည်မှာ ထိုအချိန်က သူမ၏အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပုံရသည်။
အိမ်တစ်လုံးရှိကာ ရွာပြန်ပြီး လယ်စိုက်စရာမလိုတော့ပေ။ အားလပ်ချိန်များတွင် မိမိလုပ်ချင်ရာကို လုပ်နိုင်သည်။
တကယ်လို့သာ ဆွန်းဖုန်း ရွှေလက်ချောင်းစနစ်ကို မရရှိခဲ့ပါက ဤကဲ့သို့သော ဘဝမျိုးကိုပင် ဝမ်ကွေ့မေအား ပေးနိုင်ခဲ့မည် မဟုတ်ချေ။
ယခုအချိန်တွင် ဆွန်းဖုန်းက ဝမ်ကွေ့မေအတွက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးနေမိသည်။ သူမ လုပ်နိုင်ခဲ့ပြီဖြစ်သည်။ သူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သူမက သူမလိုချင်သော ဘဝကို ရရှိခဲ့ပြီး ဆွန်းဖုန်း ကိုယ်တိုင်ကတော့ တကယ်ပဲ ရှုံးနိမ့်သွားခဲ့ကာ ဝမ်ကွေ့မေကို လက်လွှတ်လိုက်ရခြင်းဖြစ်သည်။ သို့သော်လည်း ဤအရာများအားလုံးက အတိတ်ဖြစ်သွားခဲ့ပြီဖြစ်သည်။ ဆွန်းဖုန်းက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
"ရှင့်ဘဝရော ... ဘယ်လိုလဲ"
ဝမ်ကွေ့မေက ဆွန်းဖုန်းကို မေးလိုက်သည်။
"ငါလား ... အဆင်ပြေပါတယ် ... မိန်းမနဲ့ ကလေးရှိတယ် ... သုံးလောက်တဲ့ ပိုက်ဆံရှိတယ် ... သောက်စရာအရက်နဲ့ သောက်စရာဆေးလိပ် ရှိတယ် ... ဒီလောက်ဆို ရပါပြီ ... ဟားဟား"
ဆွန်းဖုန်းက ပြောလိုက်သည်။ ထိုယောကျ်ားနှင့် အတူနေရသည်မှာ ပျော်ရွှင်ရရဲ့လားဟု ဆွန်းဖုန်း ထပ်မမေးတော့ချေ။
အဘယ်ကြောင့်ဆိုသော် စောစောက ဝမ်ကွေ့မေပြောပြခဲ့သည်များမှာ အပေါ်ယံအရာများသာဖြစ်ပြီး လက်တွေ့ဘဝတွင် အမှန်တကယ် ပျော်ရွှင်ရခြင်း ရှိမရှိဆိုသည်ကို ဆွန်းဖုန်း တိတိကျကျ မသိနိုင်သောကြောင့်ဖြစ်သည်။ သို့သော် သူ မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ဤအရာများကို မေးနေခြင်းက ဘာအဓိပ္ပာယ်မှ မရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် ဒါက ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော လူငယ်ဘဝ၏ အမှတ်တရတစ်ခုမျှသာ ဖြစ်သွားခဲ့ပြီမဟုတ်ပါလား။
အနည်းဆုံးတော့ ဆွန်းဖုန်းအတွက် ယခုအချိန်တွင် သူ၏ဆန္ဒတစ်ခု ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ ဝမ်ကွေ့မေ ဘဝမှာ အဆင်ပြေနေကြောင်း သိရရုံဖြင့် လုံလောက်ပြီဖြစ်သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦး တစ်နာရီကျော်ခန့် စကားပြောဖြစ်ခဲ့ကြသည်။ ဆွန်းဖုန်းက သူမကို ထမင်းတစ်နပ်ကျွေးပြီးနောက် နှစ်ယောက်သား လမ်းခွဲခဲ့ကြသည်။ တားဆီးခြင်းမျိုး မရှိသလို နောက်မှပြန်တွေ့ကြမယ် စသည့်စကားမျိုးလည်း မရှိခဲ့ပေ။
နောက်နောင် ပြန်တွေ့ဖြစ်လျှင်တောင်မှ သာမန်သူငယ်ချင်းများအဖြစ်သာ ရှိနေမည်ဖြစ်ကြောင်း ဆွန်းဖုန်း သိထားသည်။
ဆွန်းဖုန်းက သူယခုလက်ရှိတွင် မည်မျှချမ်းသာနေကြောင်းကိုလည်း တမင်သက်သက် ကြွားလုံးမထုတ်ခဲ့ချေ။ အစောက သူနှင့်လမ်းခွဲခဲ့သော ဝမ်ကွေ့မေကို နောင်တရသွားအောင် မျက်နှာဖြတ်ရိုက်မည်ဆိုသည့် အတွေးမျိုးလည်း မရှိပေ။
ဤအရာများက မလိုအပ်သလို ဘာအဓိပ္ပာယ်မှလည်း မရှိပေ။ တစ်စုံတစ်ယောက်ကို ချစ်ခြင်းဆိုသည်မှာ သူမ ဘဝမှာ အဆင်ပြေနေရန် မျှော်လင့်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အနည်းဆုံးတော့ သူမ အဆင်ပြေနေသည်ဟု ဆွန်းဖုန်း ခံစားမိသည်။
လမ်းခွဲပြီးနောက် ညအမှောင်ထု လွှမ်းမိုးစပြုလာပြီဖြစ်သည်။ ဆွန်းဖုန်းက သားဖြစ်သူကိုချီကာ စည်ကားနေသော လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေရင်း ရင်ထဲတွင် အမည်မသိ ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုနှစ်များက လူငယ်ဘဝ၏ ဇာတ်လမ်းတစ်ပုဒ်နှင့် အမှတ်တရလေးများကို ပြန်လည်သတိရမိလာသောအခါ သီချင်းတစ်ပုဒ်က ဤအခြေအနေနှင့် အလွန်လိုက်ဖက်ညီနေမည်ဟု သူတွေးမိသည်။ ထိုသီချင်းမှာ မိုဝန်ဝေ့ ၏ ရုတ်တရက်ဆိုသလို ပင်ဖြစ်သည်။
"ရုတ်တရက်ဆိုသလို ... ကောင်းကင်နဲ့မြေကြီးတွေ မှောင်မိုက်သွားခဲ့တယ် ... လောကကြီးမှာ ရုတ်တရက်ဆိုသလို ဘာဆိုဘာမှမရှိတော့သလိုမျိုး ... ကိုယ် မင်းကို သတိရမိတယ် ... ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိတယ် ..."
ဆွန်းဖုန်းက လမ်းမကြီးပေါ်တွင် လျှောက်လှမ်းရင်း သူနှစ်သက်သော ဤသီချင်းလေးကို ညည်းဆိုကာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော လူငယ်ဘဝအတွက် ဂါရဝပြုလိုက်သည်။ ဤသည်မှာ လူငယ်ဘဝနှင့်ပတ်သက်သော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်ပေတော့သည်။