← Chapters

အခန်း (၁၆၁၃-၁၆၁၄)

Vol. 116 Ch. 1613-1614

အခန်း (၁၆၁၃-၁၆၁၄)

Vol. 116 Ch. 1613-1614

အခန်း (၁၆၁၃) : ဝှက်ဖဲများ

ယင်ကျန်းက လွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် အဝေးဆီက ကြီးမားလှသော အနက်ရောင်လက်ဝါးကြီးကို ချက်ချင်း သတိပြုမိလိုက်သည်။

ထိုအနက်ရောင်လက်ဝါး၏ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် သူ့နှလုံးခုန်နှုန်း ရပ်လုမတတ် ဖြစ်သွားရ၏။ ထို့နောက် အနက်ရောင်တံခါးဝမှ အလင်းတန်းမြောက်မြောက်စွာ ထွက်ပြေးလာကြပြီး ဟုန်ကာကွယ်ရေးစနစ်၏ ပစ်ခတ်ခြေမှုန်းခြင်း ခံလိုက်ရသည်ကို သူ စောင့်ကြည့်နေမိသည်။

ထိုအလင်းတန်းအချို့က ချင်တိုင်းပြည်နှင့် ရှေးဟောင်းနဂါးမြို့တော်ပေါ်သို့ ကျဆင်းသွားသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်လာသည်။ သူ့ပထမဆုံး အလိုလိုသိစိတ်က အဖြစ်အပျက်ကို သိရှိနိုင်ရန် ဂမ္ဘီရစွမ်းရည်ကို အသုံးပြုဖို့ ဖြစ်သော်လည်း ပါဝင်ပတ်သက်နေသည့် စွမ်းအားများကြောင့် တန်ပြန်သက်ရောက်မှု ခံရနိုင်သည်ကို သတိပြုမိပြီး သူ့ကိုယ်သူ ပြန်ထိန်းလိုက်ရသည်။ ဤကဲ့သို့အရေးကြီးသော တိုက်ပွဲအလယ်တွင် ဒဏ်ရာရရှိမည့်အဖြစ်မျိုးကို သူ အဖြစ်မခံနိုင်ပေ။

ယင်ကျန်းက တစ်စုံတစ်ခုကို တွေးမိသွားပြီး ဗုဒ္ဓတစ်သောင်းဘုံရှိရာ အရပ်ဆီ လှမ်းကြည့်လိုက်သည်။ မည်သည့်တုံ့ပြန်မှုနှင့် အပြောင်းအလဲမျှ ရှိမနေသည်ကို မြင်ရမှသာ သူ စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။

ဆွဲသီးရဲ့ အာနိသင်က ဒီလောက်ထိ ထိရောက်မှု မရှိသင့်ဘူး

အနက်ရောင်ဂိတ်တံခါး ပေါ်လာခြင်းက သူ့ကြိုတင်ခန့်မှန်းချက်များ၊ ဂမ္ဘီရတွက်ချက်မှုများအားလုံးကို ကျော်လွန်နေခဲ့သည့်အတွက် ထိုအရာ၏ တည်ရှိမှုက သူ ယခင်က ပြင်ဆင်ထားသမျှကို နှောင့်ယှက်ဖျက်ဆီးပစ်လိုက်လေပြီ။

ငါ ကောင်းကင်တာအိုကို ကျေးဇူးတင်ရမလိုပဲ.. ဒါပေမဲ့ အချိန်ကတော့ သိပ်မကျန်တော့ဘူး

ယင်ကျန်းက တွေးလိုက်သည်။

“ဘာလဲ… ရှင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အကျိုးဆက်ကို ပြန်ခံရတော့မယ်ဆိုတော့ စိုးရိမ်နေတာလား” ဝူဟုန်က လှောင်ပြောင်လိုက်သည်။

ယင်ကျန်းက သူမကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး “မင်းတို့တွေက မေတ္တယျကို ကြောက်ကြပေမဲ့.. ငါကတော့ မကြောက်ဘူး”

“အာဏာရှင်အုပ်စိုးသူလမ်းစဉ်ကို ကျင့်ကြံတဲ့သူတွေ ထုံးစံအတိုင်းပဲ... မာနနဲ့ မောက်မာမှုက ရှင့်ကို ပျက်သုန်းခြင်းဆီ ခေါ်သွားလိမ့်မယ်”

ဝူဟုန်က ခေါင်းခါလိုက်သည်။

“ရှင်က သူမကို မစိုးရိမ်ဘူးဆိုရင်တောင်.. ရှင့်ရဲ့ စစ်သူကြီးအတွက်ရော မစိုးရိမ်ဘူးလား”

ယင်ကျန်း ခဏမျှ မျက်မှောင်ကြုတ်သွားသည်။ စုန့်ကျန်း ပြန်ရောက်လာခြင်းနှင့်အတူ ဝမ်ဝေ့၏ လျင်မြန်သော တုံ့ပြန်မှုတို့က အခြေအနေကို ပြောင်းလဲပစ်ခဲ့သည်မှာ မှန်သော်လည်း သူ သိပ်ပြီးတော့ မစိုးရိမ်မိပေ။

ပိုင်ချီ ဘာလုပ်ရမလဲဆိုတာ သိလိမ့်မည်။ စိတ်မကောင်းစရာမှာ ယင်ကျန်း ထိုသို့ တွေးတောနေနိုင်သည့် အချိန်က ကြာကြာမခံခဲ့ဘဲ မြေစေးစစ်သူကြီး ချေမှုန်းဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရသည်။

သူ ဝင်ရောက်စွက်ဖက်ရန် ပြင်လိုက်သော်လည်း အရှိန်အဝါတစ်ခုက သူ့အပေါ် ကျရောက်လာပြီး သတိပေးပြီးသား ဖြစ်နေသည်။

ယင်ကျန်းက လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူက ဒုတိယဘဝဖြစ်သော အထက်ဘုံကမ္ဘာတွင် ရှိစဉ်က မဟာမြူစက်ဝန်းကို အသုံးပြု၍ ထိုရုပ်သေးရုပ်နှင့် ပိုင်ချီကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူ၏ သံသယစိတ်ကြောင့် ဟုန်ကျွင်း ပေးအပ်ထားသော စိတ်ဝိညာဉ်ကို မသုံးရဲခဲ့သဖြင့် ထိုအရာများကို ဖန်ဆင်းမှုသက်ရှိများအဖြစ် အရင်ဆုံး ဖန်တီးလိုက်ပါက ပိုမိုထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏ စွက်ဖက်မှုများကြောင့် စိတ်ဝိညာဉ်များက အသုံးမဝင်ဖြစ်သွားခဲ့ရပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ လူဝင်စားလာပြီးနောက်မှသာ သူတို့၏ အလားအလာစွမ်းရည်များက စတင်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပိုင်ချီက ဖန်ဆင်းမှုသက်ရှိတစ်ခု၏ ကန့်သတ်ချက်များကို ချိုးဖျက်ပြီး ရှေးဦးမူလတစ်ယောက် ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုပ်သေးရုပ်က ချင်တိုင်းပြည်နှင့် ပေါင်းစပ်သွားကာ အခြေခံအားဖြင့် တိုင်းပြည်၏ အစောင့်အရှောက် ဖြစ်လာခဲ့သည်။

ချင်တိုင်းပြည်ကို မည်သူမျှ ဖောက်ထွင်း၍မရဟု နာမည်ကြီးရခြင်းမှာ သူတို့၏ ကံကောင်းမှုအစီအရင်၊ မဟာတံတိုင်းနှင့် မြေစေးစစ်သူကြီးတို့ ပေါင်းစပ်ထားခြင်းကြောင့် ဖြစ်၏။

အခြားအစောင့်အရှောက်တစ်ခုကို ထပ်မံဖန်တီးရန်အတွက် ပေးဆပ်ရမည့် တန်ဖိုးကို တွေးတောမိသောအခါ ယင်ကျန်း၏ နဖူးပေါ်တွင် အကြောများပင် ထောင်တက်လာသည်။ တစ်ခုတည်းသော သတင်းကောင်းမှာ လဲလှယ်ရေးစာရင်းကြောင့် ယခုကဲ့သို့ ထူးခြားသော အရာမျိုးကို ပြန်လည်ဖန်တီးရန် ဖြစ်နိုင်ခြေ ရှိနေသေးခြင်း ဖြစ်၏။ ထိုသို့မဟုတ်ပါက ယခုဆုံးရှုံးမှုက အပြီးပိုင် ဆုံးရှုံးသွားခြင်းမျိုး ဖြစ်ပေလိမ့်မည်။

“ကံကြမ္မာရဲ့ မျက်နှာသာပေးမှုက ဒီလောက်ပဲလား” ဝူဟုန်က ရိသဲ့သဲ့ ပြောလိုက်သည်။

ယင်ကျန်း၏ လက်သီးဘေးတွင် သေးငယ်သော တွင်းနက်တစ်ခု ပေါ်လာပြီးနောက် သူက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။

“ငါ မင်းကို တော်တော်ငြီးငွေ့နေပြီ... ဒါကြောင့် ဒါကို အဆုံးသတ်ကြရအောင်”

“ဒီလည်း အတူတူပဲ”

ယင်ကျန်း၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူ့ဦးခေါင်းထက်တွင် လှပသော လိပ်ပြာကျောက်စိမ်းဆွဲသီးတစ်ခုက ဖြည်းညှင်းစွာ ရုပ်လုံးပေါ်လာခဲ့သည်။

ထိုဆွဲသီးက ပကတိအတိုင်း သန့်စင်သိမ်မွေ့လှပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် တာအို၏ လျှို့ဝှက်ချက်အားလုံး ပါဝင်နေသည်ဟု မည်သူမဆို ယုံကြည်သွားစေနိုင်သည်။ ဆွဲသီးက အနည်းငယ် တုန်ခါသွားပြီးနောက် လေဟာနယ်တိုက်ပွဲကွင်းပြင်၏ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံသွားသည့် တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။

အလင်းတန်းထဲမှ လိပ်ပြာမင်းသမီး၏ ချစ်စဖွယ်မျက်နှာနှင့် နတ်ဆိုးကဲ့သို့ ကောက်ကြောင်းရှိသော ခန္ဓာကိုယ်တို့က ဖြည်းညှင်းစွာ ပေါ်ထွက်လာပြီး ဆွဲသီးနေရာတွင် အစားထိုးဝင်ရောက်သွားသည်။ သူမက ယင်ကျန်းကို နွေးထွေးစွာ ကြည့်လိုက်သော်လည်း ယင်ကျန်း၏ အာရုံကမူ ဤအသွင်ပြောင်းလဲမှုအပေါ်တွင်သာ ရှိနေသည်။

သူက တိုင်းပြည်၏ ချီကံကောင်းမှုနဂါးကို ဆင့်ခေါ်လိုက်ရာ ထိုအရာက အဖြူရောင်ခေါင်းစည်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ထိန်းချုပ်မှုအောက်တွင် လိပ်ပြာမင်းသမီးက ခေါင်းစည်းနှင့် ပေါင်းစပ်သွားကာ လိပ်ပြာသင်္ကေတများကို ချန်ထားခဲ့သည်။

ယင်ကျန်းက ထိုခေါင်းစည်းကို ပတ်လိုက်သည်နှင့် ကမ္ဘာပေါ်ရှိ အင်အားကြီးပုဂ္ဂိုလ်အားလုံး၏ အာရုံကို ဖမ်းစားနိုင်သည့် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ လျှံထွက်လာတော့သည်။

“ဒီနေ့တော့ မင်း ငါ့ရဲ့ အမျက်ဒေါသကို မြည်းစမ်းရလိမ့်မယ်”

ယင်ကျန်းက ကြေညာလိုက်ရာ သူ့အသံမှာ သာမန်လူသားများ နားမလည်နိုင်သည့် နတ်ဘုရားတစ်ပါး၏ အသံကဲ့သို့ ဟိန်းထွက်နေခဲ့သည်။

“ငါ့အလှည့် ရောက်ပြီထင်တယ်” ဝူဟုန်က ပြုံးလိုက်သည်။

အတုအယောင် မဟာယန္တရားကြီးများက ကုန်းမြေပေါ်မှ ပျံသန်းထွက်ခွာလာပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် သူမက ဝမ်ဝေ့၏ ဆုံမှတ်နည်းစနစ်ကို အသက်သွင်းကာ ထိုယန္တရားများကို ကြားခံအဖြစ် အသုံးပြု၍ သူမ၏ တည်ရှိမှုကို အပိုဆောင်းကာကွယ်မှု ပေးလိုက်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ် ပြိုလဲပျက်စီးမသွားစေရန် အဓိက အာရုံစိုက်ထားလိုက်သည်။

သို့သော်လည်း ဤသည်က အစပြုရုံမျှသာ ရှိသေးသည်။ ယန္တရားများက ထူးခြားပြီး ထူးကဲသာလွန်ခြင်း၏ သေးငယ်သော အနှစ်သာရ ပါဝင်နေသော်လည်း ဝူဟုန်ကို ကာကွယ်ရန်အတွက်မူ မလုံလောက်သေးပေ။ ဤအစီအစဉ်/အသွင်ပြောင်းလဲမှု၏ သော့ချက်မှာ မာလီချိုးထံမှ လုယူထားသော ဝမ်ဝေ့၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှုပင် ဖြစ်သည်။

ဝူဟုန်က ဆုံမှတ်နည်းစနစ်ကို စွမ်းအင်ပေးရန်အတွက် ထိုစွမ်းအင်အမြောက်အမြားကို အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် သူမက စည်းတံဆိပ်ကို ဖယ်ရှားပစ်လိုက်သည်။ သူမ၏နောက်တွင် ထူးခြားသော သင်္ကေတပေါင်း သုံးထောင်ရှစ်ရာ ပေါ်ထွက်လာသလို သူမ၏ တာအိုသက်သေပြုလက်နက်ဖြစ်သည့် ကိုးဘုံမျှော်နန်းဆောင်ငယ်လည်း ပေါ်ထွက်လာသည်။

သင်္ကေတများက မျှော်နန်းဆောင်ငယ်ထဲသို့ ဝင်ရောက်သွားပြီး ထိုလက်နက်က အံ့သြဖွယ်ကောင်းလောက်အောင် အထပ်များ တိုးပွားလာကာ (၁၃) ထပ်အထိ ဖြစ်သွားခဲ့သည်။ ထိုအရာက ပိုင်ရှင်ဖြစ်သူနှင့် ဒုတိယအကြိမ် ထပ်မံပေါင်းစပ်သွားသောအခါ ဝူဟုန်၏ အရှိန်အဝါက ယင်ကျန်းနှင့် အဆင့်တူညီသွားသည့်အထိ မြင့်တက်လာခဲ့သည်။

သူတို့နှစ်ဦး၏ အရှိန်အဝါက ချက်ချင်းပင် ထိပ်တိုက်တွေ့သွားကြပြီး လူအများ ဤတိုက်ပွဲကို စောင့်ကြည့်ရန် အသုံးပြုနေသည့် နည်းလမ်းအတော်များများကို နှောင့်ယှက်ပစ်လိုက်သည်။

ယင်ကျန်းက သူမကို တည်ငြိမ်ပြီး အကဲခတ်ရခက်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

တောက်.. ဘာလို့ အားလုံးက အခုမှ ပျက်စီးကုန်ရတာလဲ

သူက စည်းတံဆိပ် ၃၈၀၀ အကြောင်းကို သိရှိထားသည်။ သူမက သူ့မှတ်ဉာဏ်များကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့စဉ်က ဆွဲသီးကြောင့် သူ ဘာမှမဖြစ်ဘဲ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ့တွက်ချက်မှုများအရ သူမအနေဖြင့် ထိုအရာများကို အသည်းအသန်ဖြစ်နေသည့် အခြေအနေမျိုးမှသာ အသုံးပြုလိမ့်မည်ဖြစ်ပြီး သူမ၏တည်ရှိမှု ပြိုလဲမသွားခင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

သူက ထိုအသည်းအသန် တိုက်ကွက်ကို ရင်ဆိုင်ရန် သို့မဟုတ် သူမ မသုံးနိုင်ခင် ချက်ချင်း သတ်ပစ်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ငါ့ရဲ့ ဂမ္ဘီရတွက်ချက်မှုက ဒီလောက်အထိ လွဲချော်ဖို့ အကြောင်းမရှိဘူး... ဆိုလိုတာက သူမရဲ့ အခုစွမ်းအားက ပြင်ပအင်အားတစ်ခုခုကြောင့် ဖြစ်ရမယ်… ဂမ္ဘီရစွမ်းရည်နဲ့ လုံးဝ ထွင်းဖောက်လို့မရတဲ့ အင်အားစုမျိုးပဲ

ယင်ကျန်းက ဝမ်ဝေ့သည် ကံကြမ္မာကြယ်ပွင့် ဖြစ်နိုင်ခြေ အလွန်များပြားသည်ဟူသော အချက်အလက်ကို ရုတ်တရက် သတိရသွားသည်။

နောက်ထပ် ဒီကောင်ပဲ …

ယင်ကျန်း စိတ်ထဲကနေ အော်ဟစ်လိုက်မိသည်။

ထိုကောင်စုတ်က သူ့တည်ရှိမှုအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်နေပြီး သူ့အစီအစဉ်အတော်များများကို ဖျက်ဆီးပစ်ခဲ့သည်။

ဒီမိန်းမ သေသွားတာနဲ့.. ငါ အဲဒီကောင်ကိုပါ သူမနောက်ကို ချက်ချင်း ပို့ပေးမယ်

သူက မိမိ၏ အနက်ရောင်နဂါးဧကရာဇ်ဓားကို ဆင့်ခေါ်လိုက်ပြီး ဝူဟုန်၏ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိသွားကာ အမျက်ထွက်နေသော ဧကရာဇ်တစ်ပါး၏ စစ်မှန်သော အမျက်ဒေါသဖြင့် ဓားကို လွှဲယမ်းလိုက်တော့သည်။

ဝူဟုန်၏ မျက်လုံးထဲတွင် ခွန်အားသင်္ကေတက ဖျတ်ခနဲ လက်သွားပြီး သူမက ဓားကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူတို့၏ ထိပ်တိုက်တွေ့မှုကြောင့် လေဟာနယ်တိုက်ပွဲကွင်းပြင်တွင် ချက်ချင်းပင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။

မဟာစုပေါင်းဆန္ဒအစီအရင်က အသက်ဝင်လာပြီး ထိုအက်ကွဲကြောင်းကို ပြန်လည်ပိတ်ဆို့ပေးလိုက်သော်လည်း ထိုနှစ်ယောက်ကမူ ထိုကဲ့သို့သောအရာကို အာရုံမစိုက်အားပေ။ သူတို့စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသောအရာမှာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန်သာ ဖြစ်၏။

ကံကြမ္မာ ကြိုးကိုင်ခြင်း

ယင်ကျန်းက သူ၏ တာအိုမှ ကြိုးကိုင်လှုံ့ဆော်ခြင်းကဏ္ဍကို အသုံးပြုကာ ကံကြမ္မာတာအိုကို အသက်သွင်းပြီး သူ့ဓားကို ကောင်းချီးပေးလိုက်သည်။ သူက သူ့လက်နက်ကို လွှဲယမ်းလိုက်စဉ်မှာပင် ထိုအရာ၏ စွမ်းအားက ဝူဟုန်၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန်နှင့် သူမ၏ စည်းတံဆိပ်များကို အသက်သွင်းရန် အသုံးပြုထားသည့် နည်းလမ်းအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းလာသည်။ သို့သော်လည်း သူမက နှာခေါင်းရှုံ့လိုက်ပြီး အလားတူပင် ပြန်လည်တုံ့ပြန်လိုက်သည်။

သူမကလည်း မိမိတာအို၏ ထိန်းချုပ်ခြင်းကဏ္ဍကို အသုံးပြုကာ အစီအစဉ်ကျမှု-မကျမှုတာအိုကို အသက်သွင်းပြီး လေဟာနယ်တိုက်ပွဲကွင်းပြင်၏ စည်းမျဉ်းများကို ပြောင်းလဲပစ်လိုက်သည်။

အကယ်၍ လူတစ်ယောက်က ထူးကဲသာလွန်စွမ်းအားကို အသုံးပြုရန်အတွက် ထူးခြားသောနည်းလမ်းများကို မသုံးနိုင်လျှင် မည်သူမျှ သုံးခွင့်မရှိစေရ။

ထိုကန့်သတ်ချက်က ယင်ကျန်းအား သူ့တိုက်ခိုက်မှုကို ရပ်တန့်သွားစေရန် ဖိအားပေးလိုက်သဖြင့် ဝူဟုန်က တိုက်စစ်ဆင်ရန် အခွင့်အရေး ရရှိသွားတော့သည်။

ယင်ကျန်း၏ ဦးခေါင်းထက်တွင် အပ်မိုးများ ရုတ်တရက် ရုပ်လုံးပေါ်လာပြီး အနှိုင်းမဲ့အရှိန်နှုန်းဖြင့် သူ့အပေါ်သို့ ကျဆင်းလာခဲ့သည်။ ထိုအပ်များထဲတွင် ကြံ့ခိုင်မှုစည်းတံဆိပ်များ ပါဝင်နေသည်ကို သတိပြုမိလိုက်သဖြင့် သူ့မျက်နှာ အမူအရာက တည်ကြည်သွားခဲ့သည်။

သူ့ခေါင်းစည်းကြောင့် ဆွဲသီး၏စွမ်းအားကို အသုံးပြုခြင်း၏ တန်ပြန်သက်ရောက်မှုကို ချင်တိုင်းပြည်ကိုယ်တိုင် သို့မဟုတ် တိုင်းပြည်၏ ချီကံကောင်းမှုဆီသို့ လွှဲပြောင်းပေးနိုင်သည်။

သို့သော်လည်း ယင်ကျန်းက ထိုလက်နက်ကို သာမန်ဂမ္ဘီရတွက်ချက်မှု သို့မဟုတ် အခြားသူများကို လှည့်စားရန် အသုံးပြုခဲ့စဉ်ကနှင့်မတူဘဲ တိုက်ပွဲအတွက် အသုံးပြုသည့်အခါတွင်မူ ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိနေပေသည်။

ထိုအကျိုးဆက်များသည် သူ့တည်ရှိမှု ပြိုလဲပျက်စီးခြင်းမှသည် သူ့ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခြင်းနှင့် အဆင့်မြင့် မဟာယန္တရားအရည်အချင်းများကို အသုံးပြုသည့်အခါ ကြုံတွေ့ရတတ်သည့် ရှေးဦးမူလများ၏ ပြဿနာဖြစ်သော ကြံ့ခိုင်မှုအားနည်းခြင်းတို့အထိ ပါဝင်နေသည်။

နဂါးကာကွယ်ရေး တိမ်တိုက်

ယင်ကျန်း၏ ဦးခေါင်းထက်တွင် ခရမ်းရောင်တိမ်တိုက်တစ်ခု ရုပ်လုံးပေါ်လာပြီး ထိုအပ်မိုးများကို ပိတ်ဆို့ပေးလိုက်ရာ ထိုအပ်များက ကြီးမားလှသော သင်္ကေတကြီးတစ်ခုအဖြစ်သို့ ရုတ်တရက် ပေါင်းစပ်သွားခဲ့သည်။

ထိုသင်္ကေတက စုပ်ယူခြင်းနှင့် ကြံ့ခိုင်မှု ကုန်ခမ်းစေခြင်း ကဏ္ဍအားလုံးကို ပေါင်းစပ်ထားသဖြင့် အလွန်တရာ အံ့သြဖွယ်ကောင်းလှသည်။ ထိုအရာကသာ ထိမှန်သွားပါက ဤတိုက်ပွဲက ပြီးဆုံးသွားပေလိမ့်မည်။

ယင်ကျန်းက သူ့ဆွဲသီး၏ ထူးကဲသာလွန်စွမ်းအားကို အသုံးပြုရန် အလွန်အားနည်းသွားလိမ့်မည်ဖြစ်ပြီး ဝူဟုန်၏ သနားညှာတာမှုအပေါ်တွင်သာ မူတည်နေရလိမ့်မည်။

သို့သော်လည်း ချင်တိုင်းပြည်၏ ကြီးမြတ်သော အုပ်ချုပ်သူက တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့တိမ်တိုက်က ရုတ်တရက် ရောင်စုံသက်တံ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ထိုသင်္ကေတကို ချက်ချင်း ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည့် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူက ချို့ယွင်းချက်ကို ရှာတွေ့သွားတာလား.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

ဝူဟုန် ခဏမျှ တွေးလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားသည်။

ထိုကျောက်စိမ်းဆွဲသီးသည် ဥပဒေသများနှင့် တာအိုအားလုံးကို မှတ်တမ်းတင်နိုင်သည့် အဓိကစွမ်းရည်ရှိသော လက်နက်တစ်ခု ဖြစ်၏။ ထိုဥပဒေသများနှင့်ပတ်သက်ပြီး လုံလောက်သော အချက်အလက်များ ရှိနေပါက ထိုလက်နက်က သူမ၏ စည်းတံဆိပ်ဆီမှ မသည်းကွဲနိုင်သော ချို့ယွင်းချက်များကို ထိုးဖောက်မြင်နိုင်ပြီး ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

ဒါကသာ တခြားအချိန်ဆိုရင်တော့.. ငါ ဒီအခွင့်အရေးကို သုံးပြီး တိုးတက်အောင် လုပ်ချင်မိမှာပဲ

ဝူဟုန်က တွေးလိုက်သည်။

သူမ၏ ပြစ်ချက်ရှိ တာအိုသာလွန်ခြင်းကျင့်စဉ်က သူမ၏ အကောင်းဆုံးသော လက်ရာမွန်ဖြစ်ပြီး ထိုအရာကို တိုးတက်အောင် လုပ်ဆောင်နိုင်မည့် မည်သည့်အခွင့်အရေးမဆို စိတ်ကူးယဉ်အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာခြင်း ဖြစ်လိမ့်မည်။ စိတ်မကောင်းစရာမှာ အချိန်က သိပ်မကျန်တော့ပေ။

အခန်း (၁၆၁၄) : ကမ္ဘာဦးသူတော်စင်၏ စွမ်းအား

ယင်ကျန်းက ဤအခွင့်အရေးကို အသုံးချကာ တိုက်ပွဲ၏ စီးချက်ကို ထိန်းချုပ်လိုက်သည်။ ခရမ်းရောင်တိမ်တိုက်က သူ့ကို ပတ်ချာလည် ဝန်းရံပျံသန်းနေသော အလင်းလုံး ၁၃ လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်လုံးချင်းစီက အလင်းတန်းတစ်ခုစီ ထုတ်လွှတ်လိုက်ကြသည်။

ထိုအလင်းတန်းများရှေ့တွင် မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး အလင်းတန်းများက ထိုးဖောက်ဖြတ်သန်းသွားသည်။ သို့သော် ဤသည်က အစပြုရုံမျှသာ ရှိသေး၏။

သူတို့၏လမ်းကြောင်းတွင် ရာနှင့်ချီသော မှော်စက်ဝိုင်းလမ်းကြောင်းတစ်ခုက ပိတ်ဆို့နေပြီး သူတို့ ဝူဟုန်၏ ရှေ့သို့ ရောက်ရှိသွားချိန်တွင်မူ သူမက လက်သီးဖြင့် အလွယ်တကူပင် ပယ်ဖျက်ပစ်လိုက်သည်။

ထို့နောက် အလင်းတန်းများသည် မျဉ်းဖြောင့်အတိုင်း မဟုတ်ဘဲ သူတို့၏ ပျံသန်းမှုလမ်းကြောင်းကို ပြောင်းလဲလိုက်ကြသည်။ သို့သော်လည်း သူတို့ မည်မျှပင် ကွေ့ကောက်ပါစေ မှော်စက်ဝိုင်းများ သို့မဟုတ် သင်္ကေတလမ်းကြောင်းက ပိတ်ဆို့ထားသဖြင့် သူတို့၏ စွမ်းအားများမှာ အသုံးမဝင်ဖြစ်သွားရသည်။

ယင်ကျန်းက နောက်ဆုံး ပြင်းထန်သော စွမ်းအားအလင်းတန်းတစ်ခုအတွက် ထိုအလင်းလုံး ၁၃ လုံးကို ရုတ်တရက် ပေါင်းစပ်လိုက်သည်။

သို့သော်လည်း သူ အံ့သြသွားရသည်မှာ ဝူဟုန်က စည်းတံဆိပ်အသစ်တစ်ခုကို အသုံးပြုလိုက်ပြီး သူ့တိုက်ကွက်က ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

တောက်.. ဒီမိန်းမ

“ရှင့်ကို ကျေးဇူးတင်သင့်တယ် ထင်တယ်”

ဝူဟုန်က အစိမ်းရောင်စည်းတံဆိပ်ကို ဖန်တီးရင်း လှောင်ပြုံးပြုံးလိုက်သည်။ သူမက လက်တစ်ချက်ဝေ့ယမ်းကာ အချိန်မြစ်ကြောင်း၏ အစိတ်အပိုင်းတစ်ခုကို ပိတ်ဆို့လိုက်ပြီးနောက် အချိန်ကို သူ့အလိုအလျောက် ပြန်လည်ခေါက်ချိုးပစ်လိုက်သည်။

ယင်ကျန်းက သူ့ဘေးတွင် သူ့ကိုယ်သူ လူငယ်ပုံစံဖြင့် ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် ကလေးဘဝပုံစံနှင့် အသက်ကြီးသောပုံစံတို့လည်း ထပ်မံပေါ်ထွက်လာခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ မရေမတွက်နိုင်သော အခြားရွေးချယ်စရာ အချိန်စက်ဝန်းများ သို့မဟုတ် ဖြစ်နိုင်ခြေပုံစံများ ရုပ်လုံးပေါ်လာတော့သည်။

သူ့မျက်နှာအမူအရာက အကြောင်းအရင်းနှစ်ခုကြောင့် ပျက်ယွင်းသွားခဲ့သည်။ ပထမဆုံးအနေဖြင့် သူ၏ လက်ရှိ ကမ္ဘာဦးသူတော်စင်စွမ်းအားကို အသုံးပြုပုံစနစ်က မှားယွင်းနေကြောင်း သတိပြုမိသွားခြင်း ဖြစ်သည်။

သူ၌ သူတော်စင် စွမ်းအားရှိနေသော်လည်း သူ့စိတ်သဘောထားက စံပြအဆင့်တွင်သာ ရှိနေသေး၏။ သူတော်စင်များသည် မဟာယန္တရားများ၏ စွမ်းအားကို ငှားရမ်းအသုံးပြုခြင်းမျိုး မဟုတ်ဘဲ အမိန့်ပေးစေခိုင်းခြင်း ဖြစ်သည်။

သူ ထိုအချက်ကို သဘောမပေါက်သေးစဉ် ဝူဟုန်ကမူ ယခင်က အန္တိမသဟဇာတကို ပိတ်ဆို့နိုင်ခဲ့သည့် အောင်မြင်မှုရလဒ်ကြောင့် သဘောပေါက်ထားပြီး ဖြစ်ကြောင်း ထင်ရှားနေသည်။

သူ့အာရုံကို ဖမ်းစားသွားသည့် ဒုတိယအချက်မှာ ဤမန္တန်၏ အန္တရာယ်ကြီးမားမှု ဖြစ်၏။ သူ့အခြားသော ဖြစ်နိုင်ခြေပုံစံများအားလုံး ရှိနေသဖြင့် သူက မိမိ၏ တည်ရှိမှုကို သံသယဝင်လာမိသည်။

သို့သော်လည်း ဤသည်က သူတော်စင်ကျင့်စဉ်၏ အဆိုးရွားဆုံးသော ကဏ္ဍမဟုတ်သေးပေ။ ထိုကျင့်စဉ်၏ ရည်ရွယ်ချက်မှာ ထိုဖြစ်နိုင်ခြေပုံစံများကို သူ့ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ပေါင်းစပ်စေကာ သူ့ကို မကောင်းဆိုးဝါး သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲပစ်ရန် ဖြစ်၏။

အကယ်၍ သူက ထိုဖြစ်စဉ်ကို ပြန်လည်ပြောင်းလဲပစ်နိုင်လျှင်ပင် တစ်ကြိမ်မျှ ပေါင်းစပ်ခွင့်ပေးလိုက်သည်နှင့် သူ့တည်ရှိမှုက အပြီးပိုင် ပြောင်းလဲသွားပေလိမ့်မည်။

ယင်ကျန်းက သေးငယ်သော ပူဖောင်းတစ်ခု ဖန်တီးရန် လက်ကို လျင်မြန်စွာ မြှောက်လိုက်သည်။ သူက အချိန်မြစ်ကြောင်း၏ အစိတ်အပိုင်းတစ်ခုကို သူ ထိန်းချုပ်နိုင်သော စိတ်ဝိညာဉ်တစ်ခုအဖြစ် ဖွဲ့စည်းရန် အမိန့်ပေးလိုက်သည်။

ထို့ကြောင့် ဝတ်စုံဖြူ ဆင်မြန်းထားပြီး ပျော်ရွှင်ဖွယ် အပြုံးမျိုး ရှိသည့် ချောမောလှပသော အချိန်စိတ်ဝိညာဉ်ငယ်လေးတစ်ခုက သူ့လက်ဖဝါးပေါ်ရှိ ပူဖောင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် ယင်ကျန်းက အခြားသော သူ့ပုံစံကွဲများအားလုံးကို ခြေမှုန်းဖျက်ဆီးပစ်မည့် အချိန်မုန်တိုင်းတစ်ခု ထုတ်လွှတ်ရန် ထိုစိတ်ဝိညာဉ်ကို စတေးလိုက်သည်။

ဝူဟုန်က သူမ၏နည်းစနစ်မှာ ယခုလို လွယ်လွယ်ကူကူ အရေးနိမ့်သွားသည်ကို လက်မခံနိုင်သဖြင့် သူမ၏ အချိန်ခေါက်ချိုးခြင်းကို ထိန်းသိမ်းရန်အတွက် အချိန်စွမ်းအင်များကို ပိုမိုအသုံးပြုလိုက်သည်။ သို့သော်လည်း ထိုထိပ်သီးနှစ်ဦး၏ ထိပ်တိုက်တွေ့မှုက လျှံထွက်သွားပြီး လေဟာနယ်တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

သူတို့၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်လုံး စံပြအဆင့် ဆယ်ဂဏန်းကျော် ရှိနေသည့် တိုက်ပွဲကွင်းပြင်တစ်ခုထဲသို့ ရောက်ရှိသွားကြသည်။

ထိုလူများသည် အတုအယောင် သူတော်စင်နှစ်ဦးထံမှ ထွက်ပေါ်လာသည့် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် အနည်းဆုံးတော့ တုန်လှုပ်သွားကြသည်။

အဲဒီဝတ်စုံတွေက… စမ်းသပ်ချက်ခေတ်ကာလတုန်းက ခေတ်စားခဲ့တဲ့ အရာတွေ မဟုတ်ဘူးလား

ဝူဟုန်က ထိုအဖွဲ့ကို အကဲခတ်ရင်း တွေးလိုက်သည်။ သို့သော်လည်း ယင်ကျန်းက ထိုရုတ်တရက် အပြောင်းအလဲကြောင့် အနည်းငယ်မျှ အာရုံမပျံ့လွင့်ဘဲ တိုက်ခိုက်လာသဖြင့် သူမအနေဖြင့် ပိုမိုကောင်းမွန်သော အရာများကို ချက်ချင်းပင် တွေးတောလိုက်ရသည်။

“ငါက ကောင်းကင်၊ မြေပြင်နဲ့ ကြားထဲမှာ ရှိတဲ့ အရာအားလုံးကို အုပ်ချုပ်တယ်။ ငါက ကောင်းကင်ဘုံ၊ လူသားလောကနဲ့ ငရဲပြည်ကို အုပ်ချုပ်တယ်” ယင်ကျန်းက ရွတ်ဆိုလိုက်သည်။

ယခုအခါ သူ့စိတ်အနေအထားက ပြောင်းလဲသွားပြီဖြစ်၍ သူ့စွမ်းအားကို မည်သို့ ကောင်းမွန်စွာ အသုံးပြုရမည်ကို နားလည်သွားခဲ့လေပြီ။ သူက ကြီးမားလှသော အနက်ရောင် မရဏအလုံးကြီးတစ်ခုကို ဆင့်ခေါ်ရန် လက်ကို မြှောက်လိုက်ပြီး ဝူဟုန် အပေါ်သို့ ပစ်ချလိုက်တော့သည်။

“မရဏကို စနစ်တကျ ဖြစ်အောင် လုပ်ကြရအောင်”

ဝူဟုန်က သူမ၏ မရဏစည်းတံဆိပ်ကို အသုံးပြုကာ ထိုကြီးမားလှသော မရဏစွမ်းအားကို ထိန်းချုပ်လိုက်ပြီး သံသရာလမ်းစဉ်ခြောက်ပါး၏ သေးငယ်သော ပုံစံငယ်တစ်ခုအဖြစ် စီစဉ်လိုက်သည်။

မရဏအလုံးကြီးက ပြန်လည်ခုခံလိုက်သဖြင့် ထိုအရာမှ ထုတ်လွှတ်လိုက်သော စွမ်းအားက တိုက်ခိုက်နေကြသည့် စံပြအဆင့် ဆယ်ဂဏန်းကျော်ကို ချက်ချင်းပင် သုတ်သင်ပယ်ရှင်းပစ်လိုက်သည်။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အချိန်စက်ဝန်းအပေါ် ယခုလို အကြီးအကျယ် ပြောင်းလဲပစ်မှုမျိုးက ပြင်းထန်သော အကျိုးဆက်များ ရှိလာသင့်သော်လည်း ထိုနှစ်ဦးစလုံးမှာ ဘာမှမဖြစ်ခဲ့ပေ။

ထို့အစား ကောင်းကင်တာအိုက ယခုလို ကြီးမားသောပြောင်းလဲမှုကို အနန္တစကြဝဠာဆီ လွှဲပြောင်းပေးလိုက်ပြီး အချိန်စက်ဝန်းအသစ်တစ်ခု ဖန်တီးကာ သူတို့၏ အရှုပ်များကို ရှင်းလင်းပေးလိုက်သည်။

ဂိတ်တံခါးခြောက်ခုက ဝူဟုန်၏ ပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ ရုပ်လုံးပေါ်လာ၏။ သူတို့ ပြီးဆုံးသွားသည့်အချိန်တွင် ပတ်ဝန်းကျင်က နောက်တစ်ကြိမ် ထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။ ယခုအခါ သူတို့သည် အဓိကအရင်းအမြစ်အနေနှင့် ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်မီးတောက်များ ရှိသည့် မှောင်မိုက်သော နေရာတစ်ခုတွင် ရောက်ရှိနေကြသည်။

ပတ်ဝန်းကျင်က အလွန်အမင်း အေးစက်လှပြီး မရေမတွက်နိုင်သော တစ္ဆေများနှင့် ဝိညာဉ်များသည် အဆုံးမရှိဟု ခံစားရသည့် တံတားကြီးပေါ်တွင် လျှောက်လှမ်းနေကြသည်။ သို့သော်လည်း ဝူဟုန်ရော ယင်ကျန်းပါ ထိုအရာကို သတိမပြုမိကြဘဲ သူတို့၏ စွမ်းအားများကို ထိန်းချုပ်ရန်အတွက်သာ အာရုံစိုက်နေကြသည်။

ထိုဂိတ်တံခါး ခြောက်ခုမှ မျက်နှာမရှိသော လူသားတစ်ယောက်၊ အနက်ရောင်တစ္ဆေတစ်ကောင်၊ ဦးချိုပါရှိပြီး သွေးဆာနေသော သတ်ဖြတ်ခြင်းအရှိန်အဝါ ရှိသည့် လူသားအသွင် သတ္တဝါတစ်ကောင်၊ သန်မာလှသော နွားလားဥဿဘတစ်ကောင်၊ ပင်ကိုနတ်ဆိုးနတ်ဘုရား အနက်ရောင်နဂါးနှင့် မည်သည့်ပုံသဏ္ဍာန်မှန်း ခွဲခြား၍မရသော တောက်ပနေသည့် သတ္တဝါတစ်ကောင်ဟူ၍ ပုဂ္ဂိုလ်ခြောက်ဦး ထွက်ပေါ်လာခဲ့သည်။

သံသရာလမ်းစဉ်ခြောက်ပါး၏ ကဏ္ဍတစ်ခုစီကို ကိုယ်စားပြုနေကြသည့် ထိုပုဂ္ဂိုလ်တစ်ဦးချင်းစီက လက်များကို မြှောက်လိုက်ပြီး အလယ်တွင် ပေါင်းစပ်သွားသည့် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။

ယင်ကျန်းကလည်း အရှုံးမပေးလိုပေ။ သူက သံသရာထဲမှ စိတ်ဝိညာဉ်အသစ် ခြောက်ခုကို ဖန်တီးလိုက်သည်။ သို့သော်လည်း သူ၏ ယခင် အချိန်စိတ်ဝိညာဉ်နှင့် မတူဘဲ ဤစိတ်ဝိညာဉ်များသည် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားပြီး မတူညီသော လက်နက်များကို ကိုင်ဆောင်ထားသည့် သန်မာလှသော စစ်သူကြီးများနှင့် တူညီနေကြသည်။

သူတို့က ယင်ချီ၊ အစွန်းရောက်မရဏတရား၊ အစွန်းရောက် ရှင်သန်မှုတရား၊ ဝိညာဉ်၊ သံသရာလည်ခြင်း သဘောတရားနှင့် အသစ်အစပြုခြင်း ကဲ့သို့သော သံသရာ၏ အဓိကကဏ္ဍတစ်ခုစီကို အသုံးပြုပြီး တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ စွမ်းအားကလည်း ရန်သူနှင့် ထိပ်တိုက်မတွေ့ခင်မှာပင် အချင်းချင်း ပေါင်းစပ်သွားခဲ့သည်။

“မင်းတို့က လုပ်ရဲတယ်ပေါ့”

“ကောင်စုတ်တွေ”

ထိုထိပ်တိုက်တွေ့မှု မဖြစ်ပွားခင် ယမမင်းများ ပေါ်လာပြီး အကာအကွယ်အတားအဆီးများ ဖန်တီးလိုက်ကြသဖြင့် ဤနေရာတွင် မရေမတွက်နိုင်သော အသံများ ပဲ့တင်ထပ်သွားခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် သူတို့၏ ကြိုးပမ်းမှုက အသုံးမဝင်ဖြစ်သွားခဲ့ရသည်။

ထိုနှစ်ယောက်ထံမှ ထွက်ပေါ်လာသည့် မရဏစွမ်းအားက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ဝိညာဉ်များကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်သည်။

အဆိုးရွားဆုံးအပိုင်းမှာ ဝိညာဉ်အောက်မေ့ရာတံတား၊ မေ့လျော့ခြင်းမြစ် (သို့မဟုတ်) မြစ်ဝါနှင့် ဂိတ်တံခါး ခြောက်ခုကဲ့သို့သော အထင်ကရနေရာများ ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်၏။

ဝူဟုန်နှင့် ယင်ကျန်းတို့က နောက်ဆုံးတွင် တိုက်ပွဲကို ရပ်တန့်လိုက်ပြီး သူတို့၏ ပတ်ဝန်းကျင်ကို သတိပြုမိသွားကြသည်။ သူတို့ ဘာလုပ်မိသွားလဲဆိုတာကို သဘောပေါက်သွားကြသော်လည်း သူတို့ စကားတစ်ခွန်းမှ မပြောနိုင်ခင် သို့မဟုတ် မည်သည့်ပြုပြင်ဖန်တီးမှုမျှ မလုပ်ဆောင်နိုင်ခင်မှာပင် မိုးမြေအကြား အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအသံက သူတို့ကို ချက်ချင်းပင် ကူးသန်းပြောင်းရွေ့သွားစေပြီး ပျက်စီးသွားသော အရာအားလုံး သို့မဟုတ် ဖျက်ဆီးခံလိုက်ရသည့် ဝိညာဉ်အားလုံးက ယခင်အခြေအနေအတိုင်း ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူတို့ လေဟာနယ်တိုက်ပွဲကွင်းပြင်သို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် နှာခေါင်းမှ သွေးများ စီးကျလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူတို့၏ ဦးခေါင်းများကို ဖိထားလိုက်မိကြသည်။ သူတို့က အချင်းချင်း စိုက်ကြည့်ရင်း သွေးအနည်းငယ်ကို ချက်ချင်းပင် မျိုချလိုက်ကြသည်။

စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် ယင်ကျန်းက တိတ်ဆိတ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။

“ငါတို့ ဒီတိုက်ပွဲကို ကမ္ဘာဦးဟွင်သွမ်းထဲမှာ ဆက်တိုက်ရင် ဘယ်လိုလဲ”

“မဖြစ်ဘူး” ဝူဟုန်က တုံ့ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။

“ရှင် နောက်ထပ် သူတော်စင်တစ်ပါးကို စိတ်အနှောင့်အယှက် ပေးချင်လို့လား”

ယင်ကျန်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ဝူဟုန်၏ အဖြေကမူ အတူတူသာ ဖြစ်၏။ သူမ၏ အကြောင်းပြချက်မှာ တစ်ကိုယ်ကောင်းဆန်လှသော်လည်း ယုတ္တိရှိပေသည်။ သူတို့၏ တိုက်ပွဲက မဟာစုပေါင်းဆန္ဒကို အသက်သွင်းနိုင်ပြီး ထိုအရာက ကောင်းကင်တာအိုကို ပိုမိုတိုးတက်ကောင်းမွန်လာစေကာ သူမအား ကုသိုလ်များ ပိုမိုပေးသနားလိမ့်မည် ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဝူဟုန်အနေနှင့် သူတို့ အချိန်ကို ကျော်လွန်သွားရသည့် အကြောင်းအရင်း သို့မဟုတ် သံသရာထဲသို့ မတော်တဆ ဝင်ရောက်သွားရခြင်း၏ အကြောင်းအရင်းကို နားလည်ထားလေသည်။ ဤသည်မှာ ထိန်းချုပ်မှု အားနည်းခြင်းကြောင့် ဖြစ်သည်။

သူတို့က မိမိတို့အသုံးပြုနေသည့် စွမ်းအားကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိကြသဖြင့် စွမ်းအားများ အလွန်အမင်း လျှံထွက်သွားလေရာ သူတို့နှင့် ပတ်ဝန်းကျင်အပေါ် ကြီးမားသော သက်ရောက်မှု ရှိစေခဲ့သည်။

သို့သော်လည်း ဝူဟုန်က ယခုလို ထပ်မံမဖြစ်ပွားစေရဟု ယုံကြည်ချက် ရှိနေသည်မှာ သူမတွင် ယင်ကျန်းထက် အတွေ့အကြုံ ပိုမိုများပြားပြီး မဟာယန္တရားများအကြောင်းကို ပိုမိုသိရှိထားခြင်းကြောင့် ဖြစ်၏။

ဝူဟုန်က အထပ်မြင့်အစီအရင်တစ်ခုကို ဆင့်ခေါ်ရန် သူမ၏လက်နက်ဖြင့် အချက်ပြလိုက်သည်။ ထိုအရာတွင် အုပ်စုသုံးစုခွဲထားပြီး တစ်စုချင်းစီတွင် အမှန်တရား၊ အသိပညာ၊ လျှို့ဝှက်ချက် သို့မဟုတ် ဂမ္ဘီရစာလုံးများ ပါရှိသည့် အနက်ရောင်တိုင်လုံးကြီး ၁၂ တိုင်အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းသွားခဲ့သည်။

ယင်ကျန်းက ထိုတိုင်လုံးများကို မှတ်မိသွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ ကောင်းကင်တာအိုစာကြည့်တိုက်ဟု လူသိများသည့် ကောင်းကင်မှတ်တမ်း ဖြစ်ပေသည်။

ထိုနေရာသည် ဟွင်သွမ်းကမ္ဘာတစ်ခု၏ အသိပညာ၊ ဂမ္ဘီရတွက်ချက်မှု၊ လျှို့ဝှက်ချက်များ သို့မဟုတ် နက်နဲမှုများကို မှတ်တမ်းတင်ထားသည့် နေရာဟု ယူဆနိုင်သည်။

“မင်းက ကစားချင်တယ်ဆိုမှတော့ ငါလည်း မင်းနဲ့အတူ ကစားပေးရတာပေါ့”

ယင်ကျန်း၏ ခေါင်းစည်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုတိုင်လုံးကြီး ၁၂ တိုင်နှင့် ဟန်ချက်ညီသွားခဲ့သည်။ ထို့နောက် သူက ကမ္ပည်းပြားပေါ်တွင် ကောင်းကင်ဘုံဟူသော စာလုံးကို ထင်ရှားစွာ ရေးထွင်းထားသည့် အဖြူရောင် နန်းဆောင်ကြီးတစ်ခုကို ဆင့်ခေါ်လိုက်သည်။

ချင်ဧကရာဇ်သည် မိမိ၏ ကိုယ်ပိုင် အမှန်တရားစာကြည့်တိုက်ဖြင့် ဝူဟုန်၏ နည်းစနစ်ကို တုံ့ပြန်ရန် ကြိုးပမ်းလာခြင်း ဖြစ်၏။

တိုင်လုံးကြီးများမှ အမှန်တရားနှင့် အသိပညာ၏ အလေးချိန်များ ပါရှိသည့် စာလုံးများနှင့် သင်္ကေတများ မိုးရွာသကဲ့သို့ ကျဆင်းလာခဲ့သည်။ အကယ်၍ ထိုစာလုံးများထဲမှ တစ်လုံးက ရန်သူကို ထိမှန်သွားပါက ချက်ချင်းပင် ပြာကျသွားစေနိုင်သည် သို့မဟုတ် အသိပညာအမြောက်အမြားကို တစ်ပြိုင်နက်တည်း ပေးအပ်လိုက်သဖြင့် သူတို့၏ ဝိညာဉ်ကို ကြေမွသွားစေနိုင်သည်။

အခြားသော အဆိုးရွားဆုံး ဖြစ်နိုင်ခြေတစ်ခုမှာ သူတို့ လက်မခံနိုင်လောက်အောင် နက်နဲလွန်းသည့် အမှန်တရားတစ်ခုကို ရရှိသွားပြီး ဘဝအသက်ရှင်ခြင်း ကစားပွဲထဲမှ မိမိတို့ဘာသာ ထွက်ခွာသွားစေရန် ဖိအားပေးခြင်းပင် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ထိုကံကြမ္မာက အားနည်းသောလူများအတွက်သာ ဖြစ်ပြီး ချင်ဧကရာဇ်သည် ခိုင်မာသော စိတ်ဆန္ဒ ရှိသည့် လူတစ်ယောက်ဖြစ်သဖြင့် ဘာမှမဖြစ်ပေ။

ယင်ကျန်း၏ စာကြည့်တိုက်က ထိုသင်္ကေတများကို ကြီးထွားမှုအတွက် အာဟာရအဖြစ် ချက်ချင်းပင် ဝါးမျိုပစ်လိုက်သဖြင့် ဝူဟုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူမက ကောင်းကင်မှတ်တမ်း၏ ပိုင်ရှင်ကို အသက်သွင်းရန် လက်ဖျောက်တီးလိုက်သည်။

တိုင်လုံးများပေါ်တွင် မျက်လုံးတစ်လုံး ပေါ်လာပြီးနောက် ခရမ်းရင့်ရောင် မိုးကြိုးများဖြင့် နန်းဆောင်ကို ပစ်ခတ်လိုက်သည်။ ထိုစဉ် လိပ်ပြာစိတ်ဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ထိုမိုးကြိုးများကို တားဆီးပေးလိုက်သည်။

သူတို့၏ ထိပ်တိုက်တွေ့မှုက စွမ်းအားပေါက်ကွဲမှုတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူတို့ မသိလိုက်ခင်မှာပင် ယင်ကျန်းရော ဝူဟုန်ပါ အခြားနေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။ ထိုတိုင်လုံးကြီး ၁၂ တိုင်က အဝေးတစ်နေရာတွင် ရှိနေပြီး တိုက်ပွဲကွင်းပြင်တွင် မြင်တွေ့ခဲ့ရသည်ထက်ပင် ပိုမိုခန့်ညားထည်ဝါနေခဲ့သည်။ သူတို့၏ အောက်တွင် သံကြိုးများနှင့် သင်္ကေတ ပင်လယ်ကြီးတစ်ခု ရှိနေပြီး ဗဟိုတွင် တိမ်တိုက်တစ်ခု ရှိနေသည်။

ဝူဟုန်က မျက်နှာအမူအရာကို တည်ငြိမ်စွာ ထိန်းသိမ်းထားသော်လည်း အနည်းငယ်မျှတော့ ရှက်ရွံ့သွားမိသည်။ သူမအနေဖြင့် စွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အဆုံးသတ်တွင်မူ ကျရှုံးသွားခဲ့ရသည်။

သို့သော်လည်း သူမက မိမိကိုယ်ကိုယ် အားမလိုအားမရ မဖြစ်ခဲ့ပေ။ ရှေးဟောင်းပညာရှိများ ပြောခဲ့ဖူးသကဲ့သို့ပင် ကျရှုံးခြင်းသည် အောင်မြင်ခြင်း၏ မိခင် မဟုတ်ပါလော။

All Chapters