အခန်း (၁၆၁၉-၁၆၂၀)
Vol. 116 Ch. 1619-1620
အခန်း (၁၆၁၉) : နောက်ဆုံး ပြင်ဆင်မှုများ
“မင်းအနေနဲ့ ဒီအသစ်ဖွဲ့စည်းထားတဲ့ စစ်တပ်ကို လေ့ကျင့်ပေးဖို့ လိုတယ်။ အရင်က ဖွဲ့စည်းထားခဲ့တဲ့ ပုံစံအပေါ် ငါ မကျေနပ်ဘူး။ ဒုတိယမူလစစ်ပွဲတုန်းကလိုပဲ မင်းရဲ့ အစွမ်းအစတွေကို အသုံးပြုပြီး ဒီစစ်သည်တွေကို စစ်မှန်တဲ့ သူရဲကောင်းတွေဖြစ်အောင် ပြောင်းလဲပေးဖို့ လိုအပ်တယ်”
“ပြဿနာမရှိပါဘူး” လီမင်က ခေါင်းညိတ်လိုက်သည်။ သူ၏ တာအိုကို ပြီးပြည့်စုံစေရန်အတွက် တိုက်ပွဲရူးသည် အဖွဲ့လိုက်တိုက်ပွဲများနှင့် စစ်တပ်တိုက်ပွဲများအပါအဝင် တိုက်ပွဲများ၏ အမျိုးမျိုးသော ကဏ္ဍရပ်များကို လေ့လာဆန်းစစ်ထားခဲ့သည်။
“အံ့ဖွယ်ကာကွယ်ရေးမျှော်နန်းက အံ့ဖွယ်ထုတ်လုပ်ရေးမျှော်နန်းထဲကို ပေါင်းစပ်သွားလိမ့်မယ်။ အင်အားစုအားလုံးကလည်း မိမိတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေထဲက ၅ ရာခိုင်နှုန်းကို လာရောက်တာဝန်ထမ်းဆောင်ဖို့ ပေးပို့ရမယ်။
ပြီးတော့ ပါရမီအနည်းဆုံးရှိတဲ့ လူတွေကိုပဲ ရွေးပို့တာမျိုး မလုပ်နဲ့။ လူတိုင်းက မိမိတို့ရဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်အလိုက် ထိပ်ဆုံး ၁၀ ယောက်ထဲက အနည်းဆုံး တစ်ယောက်ကို ပေးပို့ရမယ်”
မေတ္တယျက ထိုလူများ၏ ရုပ်ဆိုးလှသော မျက်နှာအမူအရာများကို လျစ်လျူရှုလိုက်သည်။
“အဖွဲ့အစည်းက မျှော်နန်းကို တာဝန်ယူရမှာဖြစ်သလို အဲဒါက အတော်လေး ဘေးကင်းတဲ့ ရာထူးနေရာဆိုတော့ မင်းတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေထဲက ၂၀ ရာခိုင်နှုန်းကို ပေးပို့ရမယ်”
အခြားတစ်ယောက်က မိမိတို့ထက် ပိုမိုခံစားနေရသည်ကို သိရှိလိုက်ရသည့်အတွက် လူတိုင်း စိတ်သက်သာရာရသွားခဲ့ကြသည်။ သို့သော်လည်း အဖွဲ့အစည်းအနေဖြင့် ထိုအရာကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
မျှော်နန်းသည် စစ်ပွဲအတွင်း အဘေးကင်းဆုံးနေရာ ဖြစ်၏။ သူတို့လုပ်ဆောင်ရန် လိုအပ်သည်မှာ ဆေးလုံးများ၊ အဆောင်များ၊ အစီအရင်များနှင့် ရုပ်သေးရုပ်များ စသည်တို့ကို သန့်စင်ရန်သာ ဖြစ်သည်။ ရရှိမည့် ကုသိုလ်က တိုက်ရိုက်တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်ပါက နည်းပါးလိမ့်မည်ဖြစ်သော်လည်း ဤသည်က ဘေးကင်းသော ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးဖြစ်ပြီး သူတို့အနေဖြင့် ထိုအရာကို လက်ခံနိုင်ကြသည်။
“ချီယွမ် မင်းရဲ့ ရုပ်သေးရုပ်သန့်စင်ခြင်း နည်းစနစ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသပြီး မင်းရဲ့ ဆန်းသစ်တီထွင်မှုအတွက် ကုသိုလ်ကို ရယူလိုက်ပါ။ ပြီးတော့ ချိုက်စုန့်နဲ့ ရုပ်သေးနတ်ဆိုးလို့ ခေါ်တဲ့လူကို မျှော်နန်းနဲ့ သူတို့ရဲ့ အသိပညာတွေ မျှဝေဖို့အတွက် လွှတ်လိုက်ပါဦး”
ချီယွမ်က ဝမ်ဝေ့ထံသို့ လှမ်းကြည့်လိုက်ရာ ဝမ်ဝေ့က “ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ... သူမရဲ့ အမိန့်အတိုင်းသာလုပ်” ဟူသော အကြည့်မျိုး ပြန်လည်ပေးလိုက်သည်။
“ဖြစ်စေရပါ့မယ်” ချီယွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“မင်းတို့ဂိုဏ်းမှာ ဒီစစ်ပွဲအတွက် ကူညီပံ့ပိုးပေးနိုင်တဲ့ ထူးခြားတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေတာပဲ။ ဒါပေမဲ့ မင်းတို့က ရာထူးနေရာ အတော်များများကို ရယူထားပြီးသားဆိုတော့ ငါ အလွန်အမင်း တောင်းဆိုမှာ မဟုတ်ပါဘူး” မေတ္တယျက ခေါင်းညိတ်လိုက်သည်။
သူမ ဤစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဝေ့က ယန်းလီလင်းနှင့် သုံ့လီဖန်းတို့ကို ရုတ်တရက် သတိရသွားခဲ့သည်။
“မာလီချိုး” မေတ္တယျက ခေါ်လိုက်သည်။
“ဟုတ်ကဲ့ပါ သူတော်စင်”
ရှေးဦးမူလအားလုံး၏ မျက်နှာအမူအရာက ရုတ်တရက် ပျက်ယွင်းသွားခဲ့ကြသည်။ ဤအမျိုးသမီးက မည်သည့်အချိန်ကတည်းက ဤနေရာသို့ ရောက်ရှိနေခဲ့သနည်း။ သူတို့အနေဖြင့် သူမကို မည်သည့်ပုံစံမျိုးနှင့်မျှ မမြင်ခဲ့ဖူးသလို အာရုံလည်းမရခဲ့ကြပေ။
မိမိတို့နှင့် အလွန်နီးကပ်သောနေရာတွင် လူတစ်ယောက် ရှိနေခဲ့သော်လည်း မည်သူမျှ သတိမထားမိခဲ့ခြင်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မင်း သူမကို အာရုံခံမိလား
ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်မှတစ်ဆင့် မေးလိုက်သည်။
ဟင့်အင်း
ဝူဟုန်က အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။
ကိုယ်တို့ ထင်ထားသလောက် မင်းရဲ့ အသန်မာဆုံးဆိုတဲ့ ဘွဲ့အမည်က မသေချာတော့ပုံပဲ
ကျွန်မကတော့ စိန်ခေါ်မှုတွေကို အမြဲတမ်း ကြိုဆိုနေမှာပါပဲ
ဝူဟုန်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
ပုန်းကွယ်နေနိုင်ခြင်းက စွမ်းအားကို ဆိုလိုခြင်းမဟုတ်ပေ။ ထိုအရာသည် စွမ်းအားညွှန်ပြမှုအရိပ်အယောင်တစ်ခုမျှသာ ဖြစ်သော်လည်း အကြွင်းမဲ့ မဟုတ်သည့်အတွက် သူမအနေဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေဆဲပင် ဖြစ်သည်။
“မင်းရဲ့ တာအိုမှာ အိပ်မက်တွေလည်း ပါဝင်ပတ်သက်နေတယ် မလား”
“အိပ်မက်တွေက ပုံရိပ်ယောင်ရဲ့ အခြားပုံစံတစ်မျိုးပါပဲ” မာလီချိုးက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
“မင်း အိပ်မက်တွေကတဆင့် လူတွေရဲ့ စိတ်ထဲက အချက်အလက်တွေကို ခိုးယူနိုင်မလား”
မာလီချိုးက ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။
“ရပါတယ်”
“ကောင်းပြီ … မင်းက အရိပ်အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာလိမ့်မယ်။ မင်းအနေနဲ့ ရန်သူတွေရဲ့ အခြေစိုက်စခန်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် အရိပ်ကွန်ရက်တစ်ခု တည်ဆောက်ပေးဖို့ လိုတယ်။
သူတို့က ရန်လိုတဲ့ အချိန်စက်ဝန်းတစ်ခုဆီကို ကူးသန်းသွားရမှာဆိုတော့ ဒါကိုလည်း ထည့်သွင်းစဉ်းစားထားဦး”
ထင်ထားတဲ့အတိုင်းပါပဲ …
မာလီချိုးက စိတ်ထဲက တွေးလိုက်သည်။ သူမ၏ ခေတ်ကာလအတွင်း သူမသည် အရာအချို့ကြောင့် ကျော်ကြားခဲ့ရာ ထိုအရာများထဲမှ တစ်ခုမှာ သတင်းအချက်အလက်များကို ခိုးယူရန်အတွက် အိပ်မက်များနှင့် ပုံရိပ်ယောင်များကို အသုံးပြုသည့် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိပ်မက်ယောင်သူများပင် ဖြစ်သည်။ သူတော်စင်က ထိုမေးခွန်းများကို မေးမြန်းခဲ့စဉ်ကတည်းက ဘယ်ကို ဦးတည်နေလဲဆိုတာကို သူမ ရိပ်မိထားခဲ့ပြီးသား ဖြစ်၏။
“လုပ်ဆောင်လို့ ရပါတယ်။ ဒါပေမဲ့ ...”
“ငါ မင်းကို လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို အသုံးပြုခွင့် ပေးနိုင်တယ်။ ဒါပေမဲ့ ပိုင်ဆိုင်မှုကတော့ ဝမ်ဝေ့ဆီမှာ ရှိနေတာ။ မင်း အဲဒီထိန်းချုပ်မှုကို ပြန်လိုချင်တယ်ဆိုရင်တော့ သူနဲ့ အကျိုးအကြောင်း အဆက်အစပ်ကို ဖြေရှင်းလိုက်ပါ”
“ကျွန်မ နားလည်ပါပြီ”
“ဝမ်ကောနဲ့ လင်းဖန်” မေတ္တယျက ပြောလိုက်သည်။ သူမက ချက်ချင်း စကားမဆိုခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမက သီးသန့်လျှို့ဝှက်စကားပြောဆိုရန်အတွက် သူတို့၏ စိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်နယ်မြေတစ်ခုထဲသို့ ဖိတ်ခေါ်လိုက်သည်။
“ဝမ်ကော မင်းက ကမ္ဘာပေါ်မှာ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရား သွေးမျိုးဆက်အကြောင်းကို အသိဆုံးလူဖြစ်ပြီး၊ လင်းဖန် ... မင်းက သူတို့နဲ့ အနီးစပ်ဆုံး ဆက်နွှယ်မှု ရှိတဲ့သူပဲ။ ငါ မင်းတို့ကို သူတို့ရဲ့ တည်ရှိမှုနဲ့ တည်နေရာကို စုံစမ်းစစ်ဆေးဖို့အတွက် တာဝန်တစ်ခု ပေးမယ်။
သူတို့ကို ရန်မစပါနဲ့။ စုံစမ်းစစ်ဆေးပြီး အစီရင်ခံတာပဲ လုပ်ပါ။ ပြီးတော့ အဲဒါက အတည်ဖြစ်နေစရာ မလိုပါဘူး။ နက်နက်နဲနဲ သံသယဖြစ်ဖွယ်ရာ ရှိနေရင်ကိုပဲ ငါ့အတွက် လုံလောက်ပြီ”
ဝမ်ကောက မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်က သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သော်လည်း ပြဿနာတစ်ခု ရှိနေသည်။
“သူတော်စင်လည်း အဲဒီနတ်ဘုရားတွေရဲ့ စွမ်းအားကို မြင်တွေ့ခဲ့ပြီးပြီပဲလေ”
“မစိုးရိမ်ပါနဲ့။ သူတို့ထဲက အများစုက စံပြအဆင့်အထိ အဆင့်ကျသွားခဲ့ပြီ”
“အများစု ဟုတ်လား”
“ငါ မင်းတို့ကို ငါ့ရဲ့ စွမ်းအားတွေ ပါဝင်တဲ့ တံဆိပ်ပြားတစ်ခု ပေးမယ်။ အဲဒါက မင်းတို့ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ ကာကွယ်ပေးနိုင်ပါလိမ့်မယ်”
“ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်” လင်းဖန်က ပြောလိုက်သည်။
“ငါ မင်းတို့ကို ကြီးမားတဲ့ စွမ်းအားတွေ ပေးအပ်မှာဆိုပေမဲ့ ဒါကို အလွဲသုံးစား မလုပ်နဲ့။ နားလည်လား”
ထိုလူနှစ်ဦးစလုံးမှာ ကျောရိုးထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။ မေတ္တယျသည် လျှို့ဝှက်စကားပြောဆိုခြင်းကို အဆုံးသတ်လိုက်ပြီး သူမ၏ အလုပ်ကို ဆက်လက်လုပ်ဆောင်လိုက်သည်။
“ဒီလူနှစ်ယောက်က စုံစမ်းစစ်ဆေးရေးမှူးအဖြစ် အထူးအဆင့်အတန်း ရှိလိမ့်မယ်”
ထို့နောက် သူမက သူမ၏ ဘွဲ့အမည် ပါရှိသော ရွှေရောင်တံဆိပ်ပြားတစ်ခုကို စုစည်းလိုက်သည်။
“သူတို့ ဒီတံဆိပ်ပြားကို အသုံးပြုရင် မင်းတို့ရဲ့ အင်အားစုတွေဆီကို အကန့်အသတ်နဲ့ ဝင်ရောက်ခွင့်ပေးပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ကူညီပေးလိုက်ပါ”
ထိုမြေခွေးအိုကြီးများသည် ငတုံးများမဟုတ်ကြသဖြင့် စုံစမ်းစစ်ဆေးရေးမှူးဟူသော စကားလုံးကို အနက်ရောင်တံခါးဝတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် ချက်ချင်းပင် ချိတ်ဆက်မိသွားခဲ့ကြသည်။
အမှန်အတိုင်းပြောရရင် သူတို့အားလုံးက လွတ်မြောက်သွားခဲ့သော ထိုအရာများကို စုံစမ်းစစ်ဆေးရန် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာများထဲမှ အများစုမှာ သူတို့၏ နယ်မြေထဲသို့ ကျရောက်သွားခဲ့ကြခြင်း ဖြစ်သည်။
“နောက်ဆုံးအနေနဲ့ မင်းပဲ ဝမ်ဝေ့” မေတ္တယျက ဝမ်ဝေ့ကို ကြည့်ရင်း ပြောလိုက်သည်။ သို့သော်လည်း သူမ၏ နောက်ဆက်တွဲ စကားလုံးများကိုမူ အံ့ဖွယ်အသိစိတ်မှတစ်ဆင့် တိုက်ရိုက် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီစစ်ပွဲရဲ့ အကျိုးကျေးဇူးအတွက် မင်းရဲ့ စစ်တုရင်ခုံကို အသုံးပြုလိုက်ပါ။ လိုအပ်လာရင် မင်း ငါ့ကို ကံကြမ္မာကြိုးမျှင် တောင်းဆိုနိုင်သလို တစ်ခုခုကို ပိုပြီးတော့ ကောင်းကောင်း ဖုံးကွယ်ဖို့အတွက်လည်း အကူအညီတောင်းခံနိုင်တယ်”
ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
“ကျွန်တော် လုပ်ပါ့မယ်”
“ခုံကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်ရင် သူ့ကို လမ်းညွှန်ပေးလိုက်ပါ”
“သူ အဆင်ပြေမှာပါ ဟုတ်တယ်မလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူ အလိုမရှိဆုံးအရာမှာ ကြမ္မာရွေးချယ်ခံ၏ မည်သည့်အကျိုးကျေးဇူးမျှ မရရှိဘဲ ခုံကို ကူညီပေးနေရခြင်းပင် ဖြစ်သည်။
အမှန်တော့ သူကလည်း အကျိုးကျေးဇူးအချို့ ရရှိရန်အတွက် ထိုသူကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
“သူက ဒီတာဝန်အတွက် လုံလောက်တဲ့ ဉာဏ်ပညာနဲ့ တုံ့ပြန်မှုတွေ ရှိနေတယ်ဆိုတာကို သက်သေပြနေပေမဲ့ စိတ်ပျက်စရာကောင်းတဲ့ အချိန်တွေမှာ ဖြေရှင်းချက်တစ်ခု ရှာဖွေနိုင်မဲ့ သူ့ရဲ့ စွမ်းရည်အပေါ် ငါ စတင်သံသယဝင်မိနေပြီ။ အခုအချိန်အထိတော့ သူက ခက်ခဲတဲ့ အခြေအနေတွေကနေ လွတ်မြောက်ဖို့အတွက် သူ့ရဲ့ ကြမ္မာအပေါ်မှာပဲ အရမ်း မှီခိုလွန်းနေတာ”
“ကျွန်တော် နားလည်ပါတယ်”
မေတ္တယျက ခေါင်းညိတ်လိုက်ပြီးနောက် လူတိုင်းကို ကြေညာလိုက်သည်။
“ယွမ်ခေတ်ကာလ ၁၀၀ အကြာမှာ ပြန်တွေ့ကြတာပေါ့”
...
ဝမ်ဝေ့၊ ဝမ်ပေါ်နှင့် ဘိုးဘေးများသည် ဝိုင်းဖွဲ့ထိုင်ကာ ယနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို စဉ်းစားတွေးတောနေခဲ့ကြသည်။ အရာများစွာ ဖြစ်ပျက်ခဲ့သဖြင့် မည်သည့်နေရာမှ စတင်ရမှန်း မသိဘဲ ဖြစ်နေခဲ့ကြသည်။
“သူတော်စင်တစ်ပါးရဲ့ စွမ်းအားပဲ” ဝမ်ချုံးက သူ၏ မျှော်လင့်ချက်နှင့် မနာလိုဖြစ်မှုကို မဖုံးကွယ်ဘဲ ပြင်းထန်စွာ သက်ပြင်းချလိုက်သည်။
“ငါတို့လည်း တစ်နေ့ကျရင် အဲဒီလို အမြင့်ဆုံးနေရာကို ရောက်မှာမလို့ မနာလိုဖြစ်နေစရာ မလိုပါဘူး” လီမင်က ပြောလိုက်သည်။
“ကျင့်ကြံခြင်းအကြောင်း ပြောရရင်… ကောင်လေး မင်း ရှေးဦးမူလအဆင့်ကို တက်လှမ်းဖို့ ဘာလို့ ရပ်တန့်လိုက်တာလဲ” ဝမ်ပေါ်က မေးလိုက်သည်။
ဝမ်ဝေ့ သက်ပြင်းချလိုက်သည်။
“ဒါက နည်းနည်း ရှုပ်ထွေးတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း သိပ်ပြီးတော့ မသိသေးဘူး။ သိထားတာကတော့ ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်ပျက်လာနိုင်ပြီး ကျွန်တော် အဆင့်မတက်လှမ်းခင်မှာ ကာကွယ်မှုတစ်ခု လိုအပ်နေတယ်ဆိုတာပဲ”
“ဒါဆိုရင်တော့ ငါတို့ ပြင်ဆင်ပြီး ဂိုဏ်းကို ပိတ်ဆို့ထားဖို့ လိုအပ်လိမ့်မယ်” ချီယွမ်က ပြောလိုက်သည်။
“ဘိုးဘေးတို့ ကျွန်တော်ကို ကုန်းမြေပေါ်မှာပဲ ကာကွယ်ပေးထားနိုင်ရင် ပိုပြီးတော့ ကောင်းလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူသည် ဂိုဏ်းထဲထက် မူလစည်းတံဆိပ်ကုန်းမြေ၏ အစီအရင်အတွင်းတွင် ပိုမိုဘေးကင်းသည်ဟု ခံစားရသည်။
“ဒါဆို အခုတော့ မင်းက ငါ့ရဲ့ စွမ်းရည်တွေကို အထင်သေးနေတာပေါ့”
“လူအိုကြီးရယ်... ဒါက ကျွန်တော်ရဲ့ အသက်နဲ့ သက်ဆိုင်နေတဲ့ ကိစ္စလေ” ဝမ်ဝေ့က မျက်လုံးဝေ့ကာ ပြောလိုက်သည်။
သူ့ဇနီးသည်၏ အိမ်ကို ရွေးချယ်ခဲ့ရခြင်းတွင် အကြောင်းပြချက်များစွာ ရှိနေခဲ့ရာ … ထိုအရာထဲတွင် လိုအပ်လာပါက မေတ္တယျ အသုံးပြုနိုင်ရန်အတွက် သူမက အစီအရင်တစ်ခုကို ပုံစံဆွဲပေးနိုင်သည်ဟူသောအချက်လည်း ပါဝင်သည်။
“ငါတို့ နားလည်ပါတယ်။ ပြီးတော့ အဲဒီကို လာခဲ့ပါ့မယ်” ချီယွမ်က ခေါင်းညိတ်လိုက်သည်။
“အခြားကိစ္စတစ်ခုအနေနဲ့ မင်း ကောင်ကင်ခုံရုံးမှာ ငါ့ရဲ့ ရာထူးဟောင်းနေရာကို ရယူချင်လား။ အဲဒါက စိတ်အေးလက်အေး ရှိလှတဲ့ ရာထူးနေရာတစ်ခု ဖြစ်သလို နောက်ဆုံးရ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် စစ်ပွဲနဲ့ အနီးစပ်ဆုံးနေရာမှာ ရှိနေနိုင်လိမ့်မယ်”
“မယူစရာ အကြောင်းမရှိပါဘူး” ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။
သူ အဆင့်တက်လှမ်းပြီးနောက် စံပြတားမြစ်ချက်အဆင့်ကို ရရှိရန်နှင့် သူ၏ ရှေးဦးမူလအတန်းအစားကို မြှင့်တင်ရန်ကဲ့သို့သော အရာများကို အာရုံစိုက်ရန် လိုအပ်လိမ့်မည်။ လူတိုင်း … အထူးသဖြင့် သူ၏ ဇနီးသည်က အလုပ်ရှုပ်နေကြမည်ဖြစ်ရာ သူ စစ်မြေပြင်သို့ မသွားရသေးမီ လုပ်ဆောင်ရန် တစ်ခုခု လိုအပ်ပေသည်။
“ကောင်းပြီလေ။ မင်း သွားရောက်ပြင်ဆင်ပြီး အဆင်သင့်ဖြစ်တဲ့အခါ ငါတို့ကို လှမ်းခေါ်လိုက်ပါ”
ဝမ်ဝေ့က သူ၏ စွမ်းအားများကို မြှင့်တင်ရန်အတွက် အနည်းငယ် အလျင်လိုနေခဲ့သဖြင့် အကြာကြီး မနေခဲ့ပေ။ မေတ္တယျ၏ လုပ်ရပ်က အတော်လေး အဆင်ပြေစေခဲ့သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ ရင်ဆိုင်ရမည့် အကျပ်အတည်းကိုလည်း ဖော်ပြနေခဲ့သည်။
ဤစစ်ပွဲက ပြင်းထန်လိမ့်မည်ဖြစ်ပြီး သူ အသက်ရှင်လျက် သို့မဟုတ် အကောင်းအတိုင်း လွတ်မြောက်နိုင်လိမ့်မည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ အစည်းအဝေးမှ ထွက်ခွာပြီးနောက် ဝမ်ဝေ့က ချက်ချင်း သီးသန့်ကျင့်ကြံခြင်းကို မစတင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက ယန်းလီလင်း၊ သုံ့လီဖန်း၊ ချိုက်စုန့်နှင့် ကျွင်းမုန့်ယောင်တို့ကို ခေတ္တမျှ ပြန်လည်ဆုံတွေ့ရန်အတွက် ဆက်သွယ်လိုက်သည်။
သူတို့လေးဦးစလုံး သူ၏ တောင်ထိပ်ပေါ်သို့ ပျံသန်းလာကြသည်ကို ကြည့်ရင်း ဝမ်ဝေ့က စိတ်ထဲကနေ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက သူတို့အတွက် စစ်ဆေးမှုတံဆိပ်ပြားများ ချန်ထားခဲ့ခြင်းကြောင့် သူတို့လေးဦးစလုံးမှာ စံပြအဆင့်များ ဖြစ်နေခဲ့ကြပြီဖြစ်ပြီး ယန်းလီလင်းမှာမူ ဒုတိယမြောက်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အားလုံးထက် ပိုကောင်းသည်မှာ သူတို့က ကျင့်ကြံခြင်းကို အလျင်မလိုခဲ့ကြဘဲ ခိုင်မာသော အုတ်မြစ်တစ်ခုကို တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် တားမြစ်ချက်အဆင့်သို့လည်း ဝင်ရောက်ခဲ့ကြပြီးဖြစ်ရာ ဤသည်က တားမြစ်ချက်အဆင့်သို့ ဝင်ရောက်ရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်းကို ဖန်တီးခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးနိုင်စွမ်းကို ထိန်းသိမ်းခြင်းဟူသော ဂိုဏ်း၏ စမ်းသပ်ချက်ကို အောင်မြင်ခဲ့ကြပြီဟု ဆိုလိုခြင်း ဖြစ်၏။
“မင်းတို့ကြည့်ရတာ အတော်လေးကို အစွမ်းထက်နေပုံပဲ” ဝမ်ဝေ့က ပြုံးရင်း ပြောလိုက်သည်။
“ဒါက လှောင်ပြောင်နေတာလား” သုံ့လီဖန်းက မေးလိုက်သည်။
“ဘာလို့ အဲဒီလို ပြောတာလဲ”
“ရွှေရောင်ခေတ်ကာလ ကုန်ဆုံးပြီးကတည်းက ဒီကမ္ဘာက မကြုံစဖူးသေးတဲ့ အကြီးမားဆုံး စစ်ပွဲတွေထဲကတစ်ခုမှာ ရှင် ပါဝင်ဆင်နွှဲနေချိန်မှာ ကျွန်မတို့က စံပြအဆင့်ကို မနည်းရောက်အောင် ကြိုးစားခဲ့ရတာလေ” သူမက ပြင်းထန်စွာ သက်ပြင်းချရင်း ပြန်လည်ဖြေကြားလိုက်သည်။
ထိုဒဏ္ဍာရီလာ စစ်ပွဲကို မမြင်တွေ့ရမီအချိန်အထိ သူမအနေဖြင့် ဤလူနှင့် ခေတ်ပြိုင်ဖြစ်ရခြင်း၏ စိတ်ပျက်စရာကောင်းမှုကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
“ငါက အတင်းအကျပ် ဆွဲသွင်းခံလိုက်ရတာပါ” ဝမ်ဝေ့ သက်ပြင်းချလိုက်သည်။ သူ့အလိုအတိုင်းသာဆိုလျှင် သူသည် ပျော်ရွှင်စွာ ကျင့်ကြံနေထိုင်ပြီး သူ့ဇနီးသည်နှင့် အချိန်ဖြုန်းနေခဲ့လိမ့်မည်။
အခန်း (၁၆၂၀) : လည်ပတ်လာသော ကြမ္မာစက်ဝန်း
အသင်္ချေဂိုဏ်းမဟာမိတ်၊ လပြည့်ဝန်းတောင်ပံ
အသင်္ချေဂိုဏ်းမဟာမိတ်သည် သူတို့အင်အားစုများကို တောင်ပံများစွာအဖြစ် ခွဲခြားထားပြီး ထိုနေရာများတွင် မတူညီကွဲပြားသော ဂိုဏ်းများ အခြေစိုက်ကြသည်။
လပြည့်ဝန်းတောင်ပံသည် ယင်စန္ဒာနန်းဆောင်မှ တပည့်များ နေထိုင်ရန်အတွက် ဧရာမလူလုပ် လ အသွင် ဖန်တီးထားသည့် နေရာတစ်ခု ဖြစ်၏။ ယနေ့တွင် ထိုနန်းဆောင်၏ တည်ထောင်သူနှင့် ဘိုးဘေးဖြစ်သူ ယင်စန္ဒာစံပြက လျှို့ဝှက်အစည်းအဝေးတစ်ခုကို ပြုလုပ်နေသည်။
“ငါ မင်းတို့အားလုံးကို ဒီနေရာကို ဘာလို့ ခေါ်လိုက်လဲဆိုတာ သိကြလား” ယင်စန္ဒာစံပြက မေးလိုက်သည်။
သူမက ဝတ်စုံဖြူကို ဆင်မြန်းထားပြီး ပြာလဲ့သော ဆံနွယ်များ ရှိသည့် သာမန်ရုပ်ရည်နှင့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက တည်ငြိမ်အေးဆေးပုံရပြီး လူသားတို့ကို နွေးထွေးပြီး ပြုစုပျိုးထောင်ပေးလိုသော ခံစားချက်မျိုး ပေးစွမ်းသော်လည်း သူမကို သိရှိနားလည်သူများကမူ ထိုအရာက ဟန်ဆောင်မှုတစ်ခုမျှသာဖြစ်ကြောင်း သိကြသည်။
ဤအမျိုးသမီးသည် အလွန်အမင်း စိတ်လှုပ်ရှားလာသည့်အခါ ပေါက်ကွဲထွက်လုနီးပါးဖြစ်နေသော မီးတောင်တစ်ခုကဲ့သို့ ဖြစ်၏။
သူမနှင့် မျက်နှာချင်းဆိုင်ဘက်တွင် အမျိုးသမီးနှစ်ဦး ရပ်နေခဲ့ကြသည်။ သူတို့မှာ စုယာနှင့် လော့နျူယင်တို့ ဖြစ်သည်။ ဤအခန်းထဲရှိ အမျိုးသမီးသုံးဦးစလုံးတွင် တူညီသောအချက်တစ်ခု ရှိနေခဲ့သည်။ ဤသည်မှာ စိတ်ခံစားချက်ခုနစ်ပါး၊ လိုအင်ဆန္ဒခြောက်ပါး (ချီယွိလျိူ့ချင်) ရုပ်ခန္ဓာ ဖြစ်သည်။
သူတို့၏ ကျင့်ကြံရေးအဆင့်ကလည်း တစ်ဦးပြီးတစ်ဦး ဆက်ခံထားသကဲ့သို့ ဖြစ်နေခဲ့ရာ စုယာသည် မဟာဧကရာဇ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး လော့နျူယင်က သူမ၏ ရှေးဦးစမ်းသပ်ချက်အတွက် ပြင်ဆင်နေကာ ယင်စန္ဒာစံပြမှာမူ ထိပ်သီးစံပြတစ်ဦး ဖြစ်သည်။
“ဘိုးဘေး… ကျွန်မတို့ မသိပါဘူး” လော့နျူယင်က ပြောလိုက်သည်။
သူမ၏ အသံမှာ နူးညံ့လှသော်လည်း ဟိန်းဟောက်သံအချို့ ပါဝင်နေခဲ့သည်။ ထိုရုပ်ခန္ဓာပိုင်ရှင် အများစုမှာ ပိန်ပါးပြီး သဘာဝအတိုင်း ညှို့ဓာတ်ပြင်းကြသော်လည်း လော့နျူယင်မှာမူ ကမ္ဘာမြေသားများ ဖော်ပြကြမည့် စစ်နတ်သမီးတစ်ပါးနှင့် ပို၍တူသည်။ သူမသည် ခုနစ်ပေနီးပါး မြင့်မားပြီး ရှည်လျားသော ခြေတံများ ရှိကာ အလွန်အမင်း ကျန်းမာသန်စွမ်းပြီး အထက်နှင့်အောက် အစိတ်အပိုင်းနှစ်ခုစလုံးတွင် အချိုးအစား ပြည့်စုံလှပြီး သူမ၏ ကိုယ်လုံးကိုယ်ထည်နှင့် ကွက်တိကျကျ လိုက်ဖက်လှသော ဝတ်စုံနက်အတွင်း ထင်ရှားပေါ်လွင်နေသည်။
သူမ၏ တည်ကြည်သော မျက်နှာမှာ ဆွဲမက်ဖွယ်ကောင်းသလို တစ်ချိန်တည်းမှာပင် ခြောက်ခြားဖွယ်လည်း ကောင်းလှပြီး ထိုဒွန်တွဲနေမှုက သူမ၏ ရှည်လျားပြီး ဝေ့ဝဲနေသော ဆံပင်နီနီများကြောင့် ပိုမိုသိသာထင်ရှားနေသည်။
လတ်တလောတွင် ဆံပင်အစိမ်းရောင်ကို သဘောကျနေသော စုယာမှာမူ တိတ်ဆိတ်စွာ ရှိနေခဲ့သော်လည်း သူမ၏ မျက်နှာအထက် ဇဝေဇဝါဖြစ်မှု အမူအရာကို ပြသနေသည်။
ယင်စန္ဒာစံပြက စကားအပိုများ မပြောဘဲ တည့်တိုးသာ ပြောလိုက်သည်။
“အဖွဲ့အစည်းအတွက် အခြေအနေတွေက သိပ်ပြီးတော့ မကောင်းတော့ဘူး။ ဒါကြောင့် ငါတို့နန်းဆောင်အတွက် ထွက်ပေါက်တစ်ခုကို စတင်ရှာဖွေဖို့ လိုအပ်နေပြီ”
စုယာနှင့် လော့နျူယင်တို့က တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များဖြင့် စကားတစ်ခွန်းကို အပြန်အလှန် ပြောကြားလိုက်ကြသည်။
“အတော်လေးကို မြန်ဆန်လွန်းတာပဲ”
သူတော်စင်ကြီးက လူတိုင်းကို လူစုခွဲလိုက်ကတည်းက တစ်နာရီပင် မပြည့်သေးသော်လည်း အဖွဲ့အစည်း၏ ပြိုလဲမှုက စတင်နေခဲ့လေပြီ။ သို့သော်လည်း သူတို့ ကြုံတွေ့ခဲ့ရသောအရာများနှင့် ထွက်ပေါ်လာသည့်အရာများအပြီးတွင် ဤသို့ ဖြစ်ပျက်လာခြင်းအပေါ် မအံ့ဩမိကြပေ။
ထိုသို့ အလွန်အမင်း လျင်မြန်စွာ ဖြစ်ပျက်လာခြင်းအပေါ်၌သာ အံ့ဩမိကြခြင်း ဖြစ်၏။
“ဘိုးဘေး ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲဟင်” စုယာက မေးလိုက်သည်။
“ငါ လဲလှယ်ရေးစာရင်းထဲကနေ ထူးခြားတဲ့ လေဟာနယ်ဖြိုခွဲခြင်း အဆောင်တွေကို ဝယ်လာခဲ့တယ်” ယင်စန္ဒာစံပြက ပြောလိုက်သည်။
“အဲဒါတွေက မင်းတို့ကို ဝေးရာဆီ ခေါ်ဆောင်သွားပေးရုံတင်မကဘဲ မင်းတို့ရဲ့ ကြမ္မာ တောက်ပလာနိုင်မဲ့ နေရာတစ်ခုဆီကိုလည်း ပို့ဆောင်ပေးလိမ့်မယ်။ အခု မင်းတို့ ထွက်သွားပြီး ငါ ပြန်ဆက်သွယ်လာတဲ့ အခါကျမှသာ ပြန်လာခဲ့ကြပါ။ နားလည်လား”
“စစ်ပွဲကရောဟင်” လော့နျူယင်က မေးလိုက်သည်။
“အဲဒါအတွက် စိုးရိမ်နေစရာ မလိုပါဘူး”
“ဒါပေမဲ့ … ”
“မင်းတို့ တကယ်ပဲ ပြောင်းလဲမှုတစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ ပိုပြီးတော့ သန်မာအောင် လုပ်ပြီးမှ ပြန်လာခဲ့ကြ” ယင်စန္ဒာက ပြောလိုက်သည်။
“ကျွန်မ နားလည်ပါပြီ”
“စိတ်ခံစားချက်-လိုအင်ဆန္ဒစာအုပ်ကရော ဘာလုပ်ရမလဲ” စုယာက သံသယစိတ်အချို့ဖြင့် မေးလိုက်သည်။
“မင်းက အမြဲတမ်း ပါးနပ်တာပဲ။ အဲဒါက ငါ မင်းကို သဘောကျတဲ့ အချက်တစ်ခုပေါ့” ယင်စန္ဒာက ပြုံးလိုက်သည်။
“အဲဒါကို မင်းနဲ့ ယူသွားလိုက်ပါ”
“ဒါက…” လော့နျူယင်က တိုးတိုးရေရွတ်လိုက်သည်။
တခြားသောဂိုဏ်းများကဲ့သို့ ယင်စန္ဒာနန်းဆောင်တွင်လည်း သူတို့၏ ကိုယ်ပိုင်အင်အားစုများ ရှိကြသည်။ ယင်စန္ဒာစံပြသည် အတုအယောင်ထာဝရအဆင့်မျှသာ ဖြစ်နေသော်လည်း အသန်မာဆုံးအင်အားစုမှာ ဘိုးဘေးမျိုးနွယ်ခွဲ ဖြစ်၏။
အကြောင်းပြချက်မှာ စိတ်ခံစားချက်-လိုအင်ဆန္ဒစာအုပ်များကြောင့် ဖြစ်ပေသည်။ ထိုစာအုပ်များသည် မျိုးနွယ်စုအတွက် အရေးပါလှပြီး လော့နျူယင်နှင့် စုယာတို့က သူတို့၏ ရာထူးနေရာများကို ရယူထားနိုင်ခြင်းမှာ သူတို့က မူလရေးသားသူများ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ဂိုဏ်း၏ စည်းကမ်းချက်များအရ သူတို့အနေဖြင့် ထိုအရာကို အခြားလူတစ်ဦးထံသို့ လွှဲပြောင်းပေး၍မရဘဲ သူတို့ သေဆုံးသွားခဲ့ပါက နန်းဆောင်အနေဖြင့် ပြန်လည်ရယူပြီး အခြားတစ်ဦးကို သူတို့စတင်ခဲ့သောအရာကို အဆုံးသတ်စေရန် လုပ်ဆောင်ပိုင်ခွင့် ရှိပေသည်။
သို့သော်လည်း ဘိုးဘေးက သူတို့ကို ယခုကဲ့သို့သော အရေးကြီးသည့် ပစ္စည်းနှင့်အတူ ထွက်ခွာသွားရန် ခွင့်ပြုခဲ့လေသည်။
“စာအုပ်ကို ယူသွားပြီး မင်းတို့စတင်ခဲ့တဲ့ အရာကို အဆုံးသတ်လိုက်ပါ... နားလည်လား”
“ဟုတ်ကဲ့ပါ... ဘိုးဘေး”
“ဟုတ်ကဲ့ပါ… ဘိုးဘေး”
“ကောင်းပြီ” ယင်စန္ဒာက ခေါင်းညိတ်လိုက်ပြီးနောက် သူတို့ကို အဆောင်များ ကမ်းပေးလိုက်သည်။ သူမက သူတို့ ပျောက်ကွယ်သွားသည်ကို တည်ငြိမ်စွာ စောင့်ကြည့်လိုက်ပြီးမှ သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။
ကံကြမ္မာသည် ထူးဆန်းသော နည်းလမ်းများဖြင့် ပေါ်ပေါက်လာတတ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယင်စန္ဒာနန်းဆောင်တွင် ဒုတိယမြောက် ဧကရာဇ် ပေါ်ထွက်လာပြီးနောက် သူမ၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့သဖြင့် သူမက နန်းဆောင်ကို သူမ၏ ရုပ်ခန္ဓာရှိသည့် လူများကို ဆက်လက်စုဆောင်းရန် ညွှန်ကြားခဲ့သည်။
ထို့နောက် သူမက စံပြအဆင့် ဖြစ်လာပြီး ဒိုင်မေးရှင်းအမြင့်တွင် အင်အားစုတစ်ခုကို စတင်တည်ဆောက်ပြီးနောက် ယင်စန္ဒာသည် ပိုမိုများပြားသော အမျိုးသမီးများကို ရှာဖွေခဲ့သည်။
အခုအချိန်အထိ ချီယွိလျို့ချင်ရုပ်ခန္ဓာ ရှိသည့် အမျိုးသမီး ၁၈ ဦးသည် သူတို့၏ စာအုပ်ကို ဖန်တီးခဲ့ကြပြီး စံပြအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။ ၁၁ ဦးမှာ ဒိုင်မေးရှင်းအမြင့်မှဖြစ်ပြီး ၇ ဦးမှာမူ ဒိုင်မေးရှင်းအနိမ့်မှ ဖြစ်သည်။
ယင်စန္ဒာက ဒိုင်မေးရှင်းအမြင့်နှင့် ဒိုင်မေးရှင်းအနိမ့် နှစ်ခုစလုံးမှ အမျိုးသမီး ၁၃ ဦး သူတို့၏ စာအုပ်များကို အဆုံးသတ်ပြီးသွားသည့်အခါ ထူးဆန်းသော အရာတစ်ခုခု ဖြစ်ပျက်လာလိမ့်မည်ဟူသော ခံစားချက်မျိုး ရှိနေခဲ့သည်။
ဤသည်က သူမ၏ ထူးကဲသာလွန်လမ်းစဉ် ဖြစ်လာနိုင်ပေသည်။ သူမ အသေအချာ မသိရှိသော်လည်း ထိုဖြစ်နိုင်ခြေကပင် အရာအားလုံးကို စွန့်စားရန်အတွက် လုံလောက်လှသည်။
နောက်ထပ် အဆင့်ကတော့ ကျန်ရှိနေတဲ့ ရုပ်ခန္ဓာတွေကို ရှာဖွေဖို့ပဲ
ယင်စန္ဒာက စိတ်ထဲက တွေးလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ထိုအရာက ခက်ခဲလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က ဒိုင်မေးရှင်းအနိမ့်တွင်သာ တွေ့ရတတ်သည့် ကောင်းကင်ရုပ်ခန္ဓာတစ်ခု ဖြစ်သည်။
ယင်စန္ဒာသည် ထိုပါရမီရှင်များကို စုဆောင်းရန်အတွက် ဒိုင်မေးရှင်းအနိမ့်ထဲသို့ ပုံရိပ်ယောင်များ စေလွှတ်ရန် အချိန်နှင့် အားစိုက်ထုတ်မှု အမြောက်အမြားကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် နောက်ဆုံးတွင် ကောင်းကင်တာအိုနှင့် သူမ၏ ဆက်ဆံရေးမှာ တင်းမာသွားရခြင်း ဖြစ်၏။ သို့သော်လည်း ကိစ္စရပ်များက ယခုကဲ့သို့ ခက်ခဲနေစရာ မလိုတော့ပေ။
လဲလှယ်ရေးစာရင်းနှင့်အတူ ထိုရုပ်ခန္ဓာများ မည်သည့်အချိန်တွင် မွေးဖွားလာမည်ကို ခြေရာခံရန် ပိုမိုကောင်းမွန်သော နည်းလမ်းများ ရှိနေခဲ့လေပြီ။ ပို၍ကောင်းသည်မှာ သူမအနေဖြင့် ကောင်းကင်တာအိုကို ထိုရုပ်ခန္ဓာများကို သူမအတွက် မွေးဖွားပေးရန် တောင်းဆိုနိုင်မည့် နည်းလမ်းတစ်ခုကိုပင် ရှာဖွေနိုင်ပေသည်။ အကန့်အသတ်တစ်ခုတည်းမှာမူ သူမ လိုအပ်မည့် ကုသိုလ်ပမာဏပင် ဖြစ်၏။
သူမ နက်နဲစွာ တွေးတောနေစဉ်မှာပင် အဆောင်တစ်ခုက သူမ၏ လက်ဖဝါးထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။
တုကုပိုင်ထျန်းက သူမကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်၏။ သူမက လှောင်ပြုံး ပြုံးလိုက်သည်။ ထိုကောင်စုတ်သည် လတ်တလော သူတို့နန်းဆောင်၏ စာအုပ်ကို မျက်စိကျနေခဲ့သည်။ ထိုအရာမှာ သူမအနေဖြင့် လော့နျူယင်နှင့် စုယာတို့ကို ဝေးရာဆီ စေလွှတ်ခဲ့ရသည့် အဓိက အကြောင်းပြချက်များထဲမှ တစ်ခုပင် ဖြစ်ပေသည်။
စာအုပ်၏ ယခင်ပိုင်ရှင်များသည် သေဆုံးသွားခဲ့ကြပြီးသား သို့မဟုတ် ထိုစာအုပ်များကို ကာကွယ်ရန် လုံလောက်အောင် သန်မာကြပြီးသား ဖြစ်နေသော်လည်း ဤလူနှစ်ဦးမှာမူ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့သည်။
ထို့အပြင် ထိုစာအုပ်များ၏ တန်ဖိုးအစစ်အမှန်မှာ သူတို့၏ ပေါင်းစပ်သွားခြင်း၌ တည်ရှိသည်။ နှစ်အုပ် ပျောက်ဆုံးနေခြင်းကြောင့် ပါဝင်အကြောင်းအရာနှင့် စွမ်းအားကို ဝင်ရောက်ရယူရန် မဖြစ်နိုင်တော့ပေ။
အမှန်တော့ ဤသည်က ယင်စန္ဒာအနေဖြင့် သူမ၏ အကြီးမားဆုံးသော အားကိုးရာတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းကိုလည်း ဆိုလိုနေခြင်း ဖြစ်၏။ သို့သော် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုနှင့် လဲလှယ်ရန်အတွက် ထိုစွန့်စားမှုကို သူမ လက်ခံခဲ့သည်။
အခုအချိန်မှာ သူ့ရဲ့ စွမ်းအားက အားအနည်းဆုံး အခြေအနေကို ရောက်နေတာဆိုတော့ သူ ငါ့ကို အမျက်ဒေါသ ထွက်မှာမဟုတ်သလို တိုက်ရိုက်လည်း အပြစ်ပေးမှာ မဟုတ်ဘူး.. ဒါပေမဲ့ ငါကတော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့ သေချာပေါက် အခေါ်ခံရလိမ့်မယ်
ယင်စန္ဒာက ဆန်းစစ်လိုက်သည်။ ထိုကဲ့သို့သော ရလဒ်ကလည်း အဆင်ပြေလှသည်။
သူမအနေဖြင့် ထာဝရလမ်းစဉ်သို့ နောက်ဆုံးတွင် ဝင်ရောက်နိုင်ရန်နှင့် ကျန်ရှိနေသော ရုပ်ခန္ဓာ ခြောက်ခုအတွက် လုံလောက်သော ကုသိုလ် လိုအပ်နေခဲ့သည်။
....................
စုယာက အလွန်အမင်း သတိထားရမည့် အခြေအနေတစ်ခုထဲသို့ မဝင်ရောက်မီ လေဟာနယ်အတွင်း ဖြတ်သန်းလာရသည့် ခံစားချက်ကို ဖျောက်ဖျက်ရန် ခေတ္တမျှ အချိန်ယူလိုက်သည်။
ကောင်းကင်ယံကြီးမှာ ပြာလဲ့မနေဘဲ စိမ်းလန်းနေသည်ဟူသောအချက်မှလွဲ၍ သူမ၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ထင်မှတ်ရသည်။ သူမသည် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဦးကို မတော်တဆ ချောင်းကြည့်မိပြီး သူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သဖြင့် သူမ၏ အံ့ဖွယ်အသိစိတ်ကို ဖြန့်ကြက်ခြင်း မပြုခဲ့ပေ။
သို့သော်လည်း သူမ၏ အမြင်အာရုံက မလှမ်းမကမ်းတွင် စုဝေးနေကြသော လူအုပ်ကြီးကို ညွှန်ပြနေသည့် စိတ်ခံစားချက်လှိုင်းလုံးကြီးတစ်ခုကို အာရုံခံမိသွားခဲ့သည်။ စုယာက သူမ၏ မြှင့်တင်ထားသော အကြားအာရုံကို အသက်သွင်းလိုက်သည်။
“ငါတို့ အောင်မြင်လိမ့်မယ်လို့ မင်း ထင်လား”
“ကျိမျိုးနွယ်စုထဲကို ဝင်ရောက်ဖို့အတွက် သတ်မှတ်ချက်တွေကို ပြည့်မီနိုင်တဲ့သူ ရှိလိမ့်မယ်လို့ မင်း ထင်လို့လား”
“မင်းမှာ ယုံကြည်မှု မရှိရင် ဘာလို့ ဒီကို လာခဲ့တာလဲ”
“ငါကတော့ သူတို့ရဲ့ အာရုံစိုက်မှုကို ခံရမဲ့ အလွန်အမင်း ရှားပါးပြီး ပုန်းကွယ်နေတဲ့ စွမ်းအားအချို့ ငါ့မှာ ရှိနေပါစေလို့ပဲ မျှော်လင့်နေတာ”
“မင်းကတော့ စိတ်ကူးယဉ် အလွန်ကောင်းတာပဲ”
“ဘာဖြစ်လဲ။ လူတစ်ယောက်က စိတ်ကူးတောင် မယဉ်ရတော့ဘူးလား”
စုယာက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ဆရာသမားများက ကျိမျိုးနွယ်စုအကြောင်းကို တစ်ကြိမ် ပြောပြခဲ့ဖူးပြီး သူတို့က စိတ်ခံစားချက်-လိုအင်ဆန္ဒတာအိုတွင် အထွတ်အထိပ်သို့ ရောက်ရှိထားကြကြောင်း ဆိုခဲ့ဖူးသည်။
ငါ ဝင်ရောက်သင့်လား …
သူမက စက္ကန့်ပိုင်းခန့် အကောင်းအဆိုးကို မချင့်ချိန်မီ စိတ်ထဲက တွေးလိုက်မိသည်။
ကျိမျိုးနွယ်စုက မိသားစုအင်အားစုတစ်ခု ဆိုတော့ ငါ သူတို့ရဲ့ မျိုးနွယ်စုထဲကို အိမ်ထောင်ပြုပြီး မဝင်မချင်း ရာထူးတက်ဖို့ အခွင့်အလမ်း သိပ်ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ နှလုံးသားအလိုဆန္ဒနန်းဆောင်ထဲမှာတော့ ပိုပြီးတော့ လွတ်လပ်မှု ရှိသင့်တယ် …
သူမက ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။ စည်းမျဉ်းစည်းကမ်းများနှင့် ကန့်သတ်ချက်များ ပိုမိုများပြားမည်ကို ဆိုလိုသော်လည်း အင်အားကြီးသော နောက်ခံတစ်ခု ရှိခြင်း၏ အကျိုးကျေးဇူးက ကြီးမားလှသည်။
စုယာ၏ ဝင်ရောက်ခြင်း လုပ်ငန်းစဉ်က အတော်လေး မြန်ဆန်လှသည်။ သူမ လူအုပ်ကြီးထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လူတစ်ဦးက သူမ၏ ရုပ်ခန္ဓာကို အာရုံခံမိသွားခဲ့ပြီး အနားသို့ ချဉ်းကပ်လာခဲ့သည်။
စမ်းသပ်မှုအချို့ ပြုလုပ်ပြီးနောက် သူမကို ကူးသန်းရေးအစီအရင်မှတစ်ဆင့် မျိုးနွယ်စု၏ ဌာနချုပ်ဆီသို့ ချက်ချင်းပင် ခေါ်ဆောင်သွားခဲ့တော့သည်။
သို့သော်လည်း သူမ၏ ရောက်ရှိလာမှုက ကျိမျိုးနွယ်စုတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ကြောင်းကိုမူ စုယာအနေဖြင့် မသိရှိခဲ့ပေ။
သူမ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စု၏ ကြမ္မာက ဖရိုဖရဲဖြစ်သွားခဲ့ပြီး သူတော်စင်အများအပြားကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
“ဒီမိန်းကလေးက ငါတို့ဆီကို ဘယ်လို ကပ်ဘေးမျိုး ယူဆောင်လာနိုင်လို့လဲ”
“ငါ မသိဘူး။ ငါ့ရဲ့ ဂမ္ဘီရစွမ်းရည်က ဗလာကိုပဲ ပြသနေတာ။ မျက်မှန်... မင်းရော ဘာသိလဲ”
“ငါ့ကို အဲဒီလို ခေါ်တာကို ရပ်ဖို့ မင်းကို ဘယ်နှစ်ကြိမ် ပြောရမလဲ”
“မင်း အဲဒီရယ်စရာကောင်းတဲ့ အရာကို ဝတ်ထားတာ ရပ်တဲ့အခါကျရင် ငါလည်း ခေါ်တာ ရပ်မယ်။ သူတော်စင်တစ်ပါးက အမြင်အာရုံ အထောက်အကူပြု ကိရိယာတစ်ခု ဝတ်ဆင်ထားတယ်ဆိုတာက ရယ်စရာကောင်းလွန်းတယ်”
“လူတွေက အလှအပအတွက် အရာမျိုးစုံကို လုပ်ဆောင်ကြတာပဲ။ မင်းက ဘာလို့ မျက်မှန်ကျမှ ကန့်သတ်ချက် ထားနေရတာလဲ”
“ငါက ထားချင်လို့ ထားတာ”
“အဓိကအချက်ကို အာရုံစိုက်ကြစို့။ မျက်မှန်... ဘာအချက်အလက်တွေ ရလဲ”
“မင်းကတော့လား”
“ကဲ... ပြောပါဦး”
“ကောင်းပြီလေ။ ငါ သူမရဲ့ အချက်အလက်တွေကို ကာကွယ်ထားတဲ့ သော့ခတ်မှုကို အခုလေးတင် ဖြိုခွဲလိုက်တာ။ သူမရဲ့ ကမ္ဘာ့ရန်ဘက်က လင်းဖန်လို့ ခေါ်တဲ့လူဖြစ်ပြီး သူက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေနဲ့ ဆက်စပ်နေတယ်”
“ဆက်စပ်နေတယ် ဟုတ်လား။ ဘယ်လိုမျိုးလဲ”
“သူက သူတို့ကို လွှတ်ပေးခဲ့တဲ့သူပဲ”
“ငါ နားလည်ပြီ။ ဒါပေမဲ့ အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ငါတို့က သူတို့ကို ဘယ်တုန်းကမှ မပြစ်မှားခဲ့ဖူးသလို အဲဒီလင်းဖန်လို့ ခေါ်တဲ့လူက ငါတို့မျိုးနွယ်စုကို တိုက်ခိုက်ဖို့ သူတို့က ကူညီလိမ့်မယ်လို့လည်း ငါ မထင်ဘူး”
“သူက နယ်ရုပ်တစ်ခုဖြစ်ပုံပဲ။ ဒါပေမဲ့ ငါလည်း သိပ်မသိဘူး”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ဒီမိန်းကလေးကို လက်ခံမှာလား ဒါမှမဟုတ် သူမကို သုတ်သင်ဖယ်ရှားပစ်မှာလား”