အခန်း (၁၆၂၁-၁၆၂၂)
Vol. 116 Ch. 1621-1622
အခန်း (၁၆၂၁) : လည်ပတ်လာသော ကြမ္မာစက်ဝန်း (၂)
“မင်းတို့ မရှက်ကြဘူးလား။ အားနွဲ့တဲ့ မိန်းကလေးငယ်လေးတစ်ယောက်ကို သတ်ဖို့ ကြိုးစားနေကြတာ”
“ငါတို့မျိုးနွယ်စုရဲ့ ကြမ္မာက ဓားစာခံဖြစ်နေတာလေ။ ဘယ်သူကမှ သနားစာနာစိတ် ထားနေဖို့ အချိန်မရှိဘူး”
“ငါတို့က ဟွင်သွမ်းစကြဝဠာရဲ့ အထွတ်အထိပ်နေရာမှာ ခေတ်ကာလအဆက်ဆက် ရပ်တည်လာခဲ့တာ။ ဒါပေမဲ့ ဒီလောက်ကြာလာပြီးတဲ့နောက်မှာ မိန်းကလေးတစ်ယောက်ကို ကြောက်ရွံ့နေကြတာပဲ။ တည်ထောင်သူဘိုးဘေးသာ သိရင် ရှက်မိလိမ့်မယ်”
“တည်ထောင်သူဘိုးဘေးရဲ့ နာမည်ကို စည်းမဲ့ကမ်းမဲ့ မသုံးနှုန်းစမ်းနဲ့။ ဘာပဲဖြစ်ဖြစ် သူသာဆိုရင်လည်း သူ့ရဲ့ အမွေအနှစ်ကို ဘယ်လိုတန်ဖိုးနဲ့မဆို ကာကွယ်ဖို့ ရွေးချယ်မှာပဲ”
“ငြင်းခုံနေလို့လည်း အပိုပါပဲ။ ဒီမိန်းကလေးက ကပ်ဘေးအတွက် တာဝန်ရှိတဲ့သူ မဟုတ်တာ ရှင်းနေတာပဲ။ သူမက ကပ်ဘေးဖြစ်အောင် ဖန်တီးပေးတဲ့ ကြားခံနယ်ရုပ်တစ်ခုသာသာပဲ”
“ဒါဆို ငါတို့က ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေကိုပဲ အာရုံစိုက်သင့်တာလား။ သူတို့က လတ်တလောမှာ အတော်လေး အားနည်းနေတာဆိုတော့ ငါတို့ အခု တိုက်ခိုက်ရင် အသာစီး ရနိုင်လိမ့်မယ်”
“မင်းတို့က နိမိတ်ဖတ်ချက်အတိုင်း ဖြစ်လာခြင်း ဆိုတာကို မကြားဖူးကြဘူးလား။ ငါတို့က သူတို့အပေါ် ရန်ငြိုးမရှိဘဲ သူမရဲ့ တည်ရှိမှုကြောင့် ရုတ်တရက် သွားရောက်တိုက်ခိုက်လိုက်ရင် တစ်သက်တာ ရန်ငြိုးဖြစ်သွားပြီး နောက်ဆုံးမှာ ငါတို့ပဲ ခံစားရလိမ့်မယ်”
“မျက်မှန် ပြောတာ မှန်တယ်။ ကြိုတင်တိုက်ခိုက်တာက ငါတို့လုပ်ဆောင်နိုင်တဲ့ အဆိုးရွားဆုံး ရွေးချယ်မှုပဲ”
“အရာရာက အကြွင်းမဲ့ ဖြစ်နေစရာ မလိုပါဘူး။ ငါတို့ ဒီမိန်းကလေးကို ဝေးရာဆီ မောင်းထုတ်လိုက်ပြီး နောက်နောင် ငါတို့နဲ့ ကြမ္မာအဆက်အစပ် မရှိအောင် လုပ်ဆောင်လို့ ရတာပဲ”
“ဒါကလည်း နောက်ထပ် သူရဲဘောကြောင်တဲ့ နည်းလမ်းတစ်ခုပဲ”
“မင်းက သူမကို အသေလည်း မခံချင်ဘူး။ ဝေးရာကိုလည်း မမောင်းထုတ်ချင်ဘူး။ ဒါဆို မင်းက ဘာဖြစ်ချင်တာလဲ။ နေပါဦး … မင်းက သူမကို တပည့်အဖြစ် လက်ခံဖို့ စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်”
“သူမရဲ့ ရုပ်ခန္ဓာက ငါ့ရဲ့ လမ်းစဉ်နဲ့ အတော်လေး ကိုက်ညီတယ်”
“အဘွားကြီး မင်း ရူးနေပြီလား။ မင်းရဲ့ အမွေအနှစ်အတွက်နဲ့ မျိုးနွယ်စုရဲ့ ဘေးကင်းမှုကို စွန့်စားမလို့လား”
“မင်းက ဘယ်သူ့ကို အဘွားကြီးလို့ ခေါ်တာလဲ။ ငါ ရိုက်တာကို နောက်တစ်ကြိမ် ခံချင်လို့လား”
“သူမကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို ခဏ မေ့ထားလိုက်စို့။ သူမ ထုတ်ပြသခဲ့တဲ့ အချက်အလက်တွေကို ငါ စိတ်ဝင်စားတယ်”
“မင်းက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအကြောင်း ပြောနေတာလား”
“ဟုတ်တယ်။ ငါတို့ နောက်ဆုံးအကြိမ် စစ်ဆေးခဲ့တုန်းက သူတို့ရဲ့ သူတော်စင်က အနိမ့်ဆုံး အဆင့်အတန်းမှာပဲ ရှိနေခဲ့တာ ... ဒါပေမဲ့ သော့ခတ်ထားတဲ့ စွမ်းအားအပေါ် အခြေခံပြီး ကြည့်ရရင် သူမမှာ အနည်းဆုံး အခြေခံတိုင်လုံး ခုနစ်လုံး ရှိနေပြီ”
“အရင်က နှစ်တိုင် ဒါမှမဟုတ် သုံးတိုင်ပဲ မဟုတ်ဘူးလား။ အဲဒီလို နိမ့်ကျတဲ့ အခြေအနေကနေ ပြန်လည်မြင့်တက်လာတာက အတော်လေး ထူးခြားတာပဲ”
“အဲဒီလောက်လည်း မဟုတ်ပါဘူး။ သူမက အဆုံးစွန်မဲ့စံပြတစ်ဦး မဟုတ်ဘူးလား။ သူမ အရာရာကို မှန်ကန်စွာ လုပ်ဆောင်ခဲ့ရင် အဲဒါက အနည်းဆုံး တိုင် ၁၀ လုံးရဲ့ အလားအလာ ရှိတာပဲ။ အခုတော့ သူမက အဲဒီညံ့ဖျင်းတဲ့ နည်းလမ်း အသုံးပြုခဲ့မိတာကို ပြန်လည်ကုစားနေတာ သက်သက်ပဲ”
“မင်းက ဘာလို့ ဆန့်ကျင်ဘက်ချည်းပဲ တွေးနေရတာလဲ။ အဆုံးစွန်မဲ့ဖြစ်တာက တိုင် ၁၀ တိုင် အခြေခံ ရရှိဖို့ အခွင့်အလမ်းကိုပဲ မြှင့်တင်ပေးတာ။ အာမခံချက် ပေးတာ မဟုတ်ဘူး။ တားမြစ်ချက်ကနေ တိုင်လေးတိုင် အဆင့်ကို ရောက်ရှိဖို့ အသည်းအသန် ကြိုးစားနေကြရတဲ့ လူတွေ အများကြီး ရှိနေတာ မဟုတ်ဘူးလား”
“အဲဒီကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ကို ထည့်မပြောစမ်းပါနဲ့”
“...”
“သူ ပြောတာ မှန်တယ်။ ဒီအမျိုးသမီးက ထူးခြားတယ်။ သူမက ဒီမိန်းကလေးကို လွတ်မြောက်ခွင့် ပေးလိုက်တာက ကပ်ဘေးထဲကို ပြင်ပအင်အားစုတွေကိုပါ ဆွဲသွင်းဖို့ ကြိုးစားနေတာပဲ”
“သူတို့ ရင်ဆိုင်ရမဲ့ ရန်သူကို ထည့်တွက်ရင် ဒါက အပါးနပ်ဆုံး လုပ်ရပ်ပဲပေါ့”
“ဒါဆို ငါတို့ ဘယ်အချိန်မှာ ဝင်ရောက်စွက်ဖက်ကြမလဲ”
“သေချာတာကတော့ အစောပိုင်း အဆင့်တွေမှာတော့ မဟုတ်ဘူး”
“နှလုံးသားကျောက်တိုင်”
“ဘိုးဘေးလား”
“ဘိုးဘေးကို ကြိုဆိုပါတယ်”
“မင်းတို့က အကျိုးမရှိတဲ့ အရာတွေအတွက် ငြင်းခုံနေကြတာနဲ့ သူမမှာ နှလုံးသားကျောက်တိုင်ရဲ့ အရှိန်အဝါနဲ့ ကြမ္မာ ရှိနေတာကို သတိမထားမိကြဘူးပဲ”
“ဘယ်လို … ”
“အဲဒါ အမှန်ပဲ။ သူမရဲ့ စိတ်ခံစားချက်-လိုအင်ဆန္ဒစာအုပ်လို့ ခေါ်တဲ့အရာက တစ်နည်းနည်းနဲ့ နှလုံးသားကျောက်တိုင်နဲ့ ပဲ့တင်ထပ်နေခဲ့တာ။ အဲဒီယင်စန္ဒာစံပြက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ”
“ကံကောင်းတာ ဟုတ်လား... ကံကောင်းတာဆိုတာမျိုး မရှိဘူး”
“မှန်တယ်။ ငါတို့ ကျောက်တိုင်မှာ ချို့ယွင်းချက် ရှိနေတယ်လို့ ကောက်ချက်ချထားကြတာ။ ပြီးတော့ ဒီစာအုပ်ရဲ့ တည်ရှိမှုက ကိုယ့်ဘာသာ ပြန်လည်ပြုပြင်ဖို့ ကြိုးစားမှု ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပဲ”
“ဒါပေမဲ့... ဒါက အမှန်တကယ် ဖြစ်လာဖို့အတွက် အရမ်း ကောင်းလွန်းမနေဘူးလား”
“မင်း ပြောတာ မှန်ပါတယ်” ကျိမျိုးနွယ်စု ဘိုးဘေးဖြစ်သူ ကျိကျွင်းကျယ်က ပြောလိုက်သည်။
“ဒါက မဟာတာအိုက ငါတို့ကို ပေးအပ်လိုက်တဲ့ ရွေးချယ်မှုပဲ။ စွန့်စားမှုကို လက်ခံလိုက်ရင် ကျောက်တိုင်က ငါတို့ရဲ့ သွေးမျိုးဆက် ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်။
ဒါပေမဲ့ နောက်ဆက်တွဲရလဒ်ကတော့ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေ ပါဝင်ပတ်သက်နေတဲ့ ကပ်ဘေးတစ်ခုပဲ။ အဲလိုမှမဟုတ်ရင် ငါတို့ရဲ့ ကြမ္မာကို လက်ခံပြီး ဒီမိန်းကလေးကို ဝေးရာဆီ မောင်းထုတ်လိုက်ရုံပဲ”
“...”
“မဟာတာအိုကို ဂရုစိုက်မနေနဲ့တော့… လုပ်လိုက်ကြစို့”
“မှန်တယ်။ အဲဒီအမျိုးသမီးက ငါတို့ရဲ့ တည်ထောင်သူဘိုးဘေးရဲ့ လမ်းစဉ်ကို သဘောမကျကတည်းက ငါတို့ကို မျက်စိကျနေခဲ့တာ”
“ငါတို့ သေဆုံးရမယ်ဆိုရင်တောင် သမိုင်းတွင်အောင် လုပ်သွားကြစို့။ ဟွင်သွမ်းစကြဝဠာရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာ ငါတို့ရဲ့ နာမည်တွေကို သွေးနဲ့ ရေးထွင်းကြစို့”
“ငါ့ရဲ့ သွေးတွေ ဒီလို ဆူပွက်လာသလို မခံစားရတာ အတော်လေး ကြာခဲ့ပြီပဲ”
“ထာဝရ တည်ရှိနေမှုက မင်းတို့ရဲ့ တိုက်ခိုက်လိုစိတ်တွေကို မမှေးမှိန်စေခဲ့တာ တော်သေးတာပေါ့”
ကျိကျွင်းကျဲက ပြောလိုက်သည်။
“မျက်နှာဖုံး... မင်းက သူမကို တပည့်အဖြစ် လိုချင်တာဆိုတော့ သူမက မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေလိမ့်မယ်။ ဒါပေမဲ့ သူမကို အရမ်း ဖိအားမပေးနဲ့။ မင်းရဲ့ အခြားတပည့်တွေလိုမျိုး ကျိုးပျက်သွားအောင် မလုပ်နဲ့”
“ဒါပေမဲ့ ဘိုးဘေး ကျွန်မ သူမကို ဖိအားမပေးရင် သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်အောင် ဘယ်လို ပုံဖော်ပေးရမလဲ”
“ငါ ရိုးရိုးရှင်းရှင်းပဲ ပြောမယ်။ သူမ ပျက်စီးသွားရင် ငါ မင်းကို ဖျက်ဆီးပစ်မယ်”
“ဒါဆို ရှင် ပြောချင်တာက ကျွန်မ သူမကို လေ့ကျင့်ပေးလို့ရတယ်။ ပျက်စီးသွားအောင်ပဲ မလုပ်ရဘူး ဟုတ်တယ်မလား”
မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။
“သူ မငြင်းဘူးဆိုတော့ သဘောတူတယ်လို့ပဲ ငါ မှတ်လိုက်မယ်”
.....................
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်
လင်းဖန်က သူ့ကျင့်ကြံခြင်းအခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူက ပြင်းထန်စွာ သက်ပြင်းချလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လိုက်သည်။
သူ့ဝိညာဉ်သည် ဝတ်စုံဖြူကို ဆင်မြန်းထားပြီး ခရမ်းရောင် ဆံနွယ်များနှင့် မျက်ဝန်းများ ရှိသည့် အလွန်အမင်း ခန့်ညားလှသော လူတစ်ဦး၏ ရှေ့မှောက် ရောက်ရှိနေခဲ့သည်။
သူက ကြွက်သားများ ထင်းထွက်နေပုံရသော်လည်း သူ၏ ရှေးဟောင်းဝတ်စုံက ကောင်းမွန်စွာ ဖုံးကွယ်ပေးထားသည်။
“အခု ငါတို့ စကားပြောလို့ ရပြီ” လင်းဖန်က ပြောလိုက်သည်။
“စကားပြောမယ် ဟုတ်လား... ကောင်လေး ဘာမှ ပြောင်းလဲမသွားဘူး။ မင်း ငါပြောတဲ့အတိုင်း လုပ်ဆောင်ရမယ်။ မဟုတ်ရင် ငါ မင်းရဲ့ ဝိညာဉ်ကို သုတ်သင်ပစ်မယ်”
“ဟင့်အင်း... ငါ့မှာ ရွေးချယ်စရာတွေ ရှိနေတယ်။ ဥပမာ မင်းရဲ့ တည်ရှိမှုကို သူတော်စင်ဆီ ပြောပြလိုက်တာမျိုးပေါ့”
“ငါ့ရဲ့ တည်ရှိမှုကိုတောင် အာရုံမခံနိုင်တဲ့ အဲဒီအားနွဲ့တဲ့ အမျိုးသမီးလား။ ဟားဟားဟား… မင်းက အတော်လေး ဟာသဉာဏ် ရှိတာပဲ”
“ဒါက အမှန်တရား ဖြစ်နေရင်တောင် ... သူမအနေနဲ့ မင်းရဲ့ တည်ရှိမှုကို သိရှိသွားတာနဲ့တစ်ပြိုင်နက် မင်းကို အာရုံခံနိုင်မဲ့နည်းလမ်း ဒါမှမဟုတ် ဖယ်ရှားနိုင်မဲ့ နည်းလမ်းတစ်ခုခုကို ရှာဖွေနိုင်လိမ့်မယ်ဆိုတာကို ငါ ယုံတယ်”
“ပြီးတော့ ဘာဖြစ်လဲ။ ငါ သူမကို ပျောက်ကွယ်သွားအောင် ရိုက်ထုတ်ပစ်နိုင်တုန်းပဲ”
“အဲဒါ မဟုတ်ဘူးဆိုတာ ငါတို့နှစ်ယောက်စလုံး သိကြပါတယ်။ မဟုတ်ရင် အသင်္ချေဂိုဏ်းမဟာမိတ်ထဲက ဘယ်သူမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး” လင်းဖန်က လှောင်ပြုံး ပြုံးလိုက်သည်။
“အဲဒီကျိန်စာသင့် ထောင်ကြောင့် ငါ ဘယ်လောက်တောင် အားနည်းသွားခဲ့လဲဆိုတာကို မင်း အထင်သေးနေတာပဲ။ ဘာပဲဖြစ်ဖြစ် ကောင်လေး မင်းရဲ့ ရုန်းကန်မှုကို ငါ စိတ်မဝင်စားတော့ဘူး။ ငါ မင်းကို အခုပဲ သုတ်သင်ပစ်တာကောင်းမယ် ထင်တယ်”
အင်အားကြီးမားသော အရှိန်အဝါတစ်ခုက လင်းဖန်၏ ဝိညာဉ်ကို ချက်ချင်းပင် ဖိနှိပ်လိုက်သဖြင့် သူ စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သလို တွေးတောခြင်းပင် မပြုနိုင်တော့ပေ။ သူ့ဝိညာဉ်ပေါ်တွင် အက်ကွဲကြောင်းအချို့ ထင်ဟပ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအရှိန်အဝါက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်၏။ လင်းဖန် သူ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။
“မင်း ငါ့ကို မခြောက်လှန့်နိုင်ပါဘူး”
“ငါ ခြောက်လှန့်နိုင်တယ်လို့ ထင်တာပဲ”
“မင်းရဲ့ တည်ရှိမှုက ငါ့မှာ ကြမ္မာနှစ်ခု စောင့်ကြိုနေတယ်ဆိုတာကို ပြသနေတာပဲ။ ခန္ဓာကိုယ် သိမ်းပိုက်ခံရခြင်း ဒါမှမဟုတ် သေဆုံးခြင်း ... ဘယ်လိုပဲဖြစ်ဖြစ် ငါက သေရမှာပဲ။ ဒါကြောင့် မင်း အခုပဲ လုပ်ဆောင်လိုက်တာက ပိုကောင်းလိမ့်မယ်”
“ငါ မလုပ်ဘူးလို့ မင်း ထင်နေတာလား”
“မှန်တယ်” လင်းဖန်က ခေါင်းညိတ်လိုက်သည်။
“မင်း ငါ့ခန္ဓာကိုယ်ထဲမှာ ခိုလှုံဖို့ ရွေးချယ်ခဲ့တာ အကြောင်းပြချက် ရှိတယ်။ မင်း ငါ့ကို ချက်ချင်းမသတ်ခဲ့ဘူး။ ခန္ဓာကိုယ်ကို မသိမ်းပိုက်ခဲ့သလို ရုပ်သေးရုပ်အဖြစ် မပြောင်းလဲခဲ့ဘူး။ လက္ခဏာအားလုံးက မင်း ငါ့ကို အသက်ရှင်ရက် လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတာပဲ”
“အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်မှုတွေအပေါ် မင်းရဲ့ အသက်ကို လောင်းကြေးထပ်ရဲတာ အတော်လေး သတ္တိရှိတာပဲ” ခရမ်းရောင်မျက်ဝန်းနှင့် လူက ပြုံးလိုက်သည်။
“ဒါပေမဲ့ မင်းပြောတာ မှန်ပါတယ်။ ငါ မင်းကို အသက်ရှင်ရက် လိုအပ်တယ်”
လင်းဖန်၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“ဒါဆိုရင် ငါတို့ရဲ့ ဆက်ဆံရေးကို ခိုင်မာတဲ့ အုတ်မြစ်တစ်ခုနဲ့ စတင်ကြရင် ဘယ်လိုလဲ။ မိတ်ဆက်ခြင်းနဲ့ စတင်တာမျိုးပေါ့”
“ပိုပြီးတော့ နူးညံ့တဲ့ နည်းလမ်းပေါ့ ဟုတ်လား။ ငါ အဲဒီလို တစ်ခါမှ မလုပ်ဖူးဘူး။ ဒါက ပျော်စရာကောင်းလိမ့်မယ်လို့ ငါ ထင်တယ်”
ခရမ်းရောင်မျက်ဝန်းနှင့် လူက တိုးတိုးရေရွတ်လိုက်သည်။
သူက လင်းဖန်ကို ကြည့်ပြီး ပြုံးလိုက်ရာ လင်းဖန်အနေဖြင့် ထိုအပြုံးကို သိပ်ပြီး သဘောမကျခဲ့ပေ။
“ရတာပေါ့။ ဘာလို့မရရမှာလဲ”
လင်းဖန်က မသက်မသာဖြစ်မှုကို ထိန်းချုပ်လိုက်သည်။
“မင်းက ဘယ်သူလဲ။ မင်းက ဘာလို့ ထောင်ချခံထားရတာလဲ။ ပြီးတော့ မင်း ငါ့ဆီကနေ ဘာလိုအပ်တာလဲ”
“ငါက ကမ္ဘာဦးဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေထဲက သားဦးဖြစ်တဲ့ ဟွင်သွန်းရှီပဲ။ ပြီးတော့ ငါက အကြီးဆုံးအစ်ကိုပေါ့။ ငါက ဟွင်သွမ်းစကြဝဠာထဲရှိ သက်ရှိအားလုံးရဲ့ ရှေ့ပြေးပုံကြမ်းတစ်ခုပဲ။ အင်း … ငါ အရင်က အဲဒီလို ထင်ထားခဲ့တာပေါ့”
အသိစိတ်ပင်လယ်ထဲတွင် ပြင်းထန်သော သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။
“ငါ့ရဲ့ ဇာတ်လမ်းက လွန်ခဲ့တဲ့ ခေတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ အရာတစ်ခု ပါဝင်ပတ်သက်နေပြီး အဲဒါက ငါ့ရဲ့ အငယ်ဆုံးညီ ဖြစ်တဲ့ ဖန်းကူနဲ့ သက်ဆိုင်နေတယ်”
ဟွင်သွန်းရှီက သူ၏ အတိတ်ကို ပြန်လည်အမှတ်ရရင်း ပြောလိုက်သည်။
“ဖန်းကူက ငါတို့ထဲမှာ အတော်ဆုံး ဖြစ်ရမှာ။ သူက ကြင်နာတတ်တယ်၊ ကြိုးစားတယ်၊ ပါရမီရှိတယ်။ သူက ငါတို့ထဲမှာ မဟာတာအိုသူတော်စင် ပထမဆုံး ဖြစ်လာခဲ့တဲ့သူပဲ”
သူ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော ရန်ငြိုးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။
“တစ်နေ့မှာ သူက ရုတ်တရက် ရူးသွပ်သွားပြီး ဟွင်သွမ်းစကြဝဠာကို စတင်ဖျက်ဆီးခဲ့တယ်”
“စကြဝဠာကို ဖျက်ဆီးတယ် ဟုတ်လား” လင်းဖန်က ထိတ်လန့်တကြား မေးလိုက်သည်။ သို့သော်လည်း ဟွင်သွန်းရှီက သူ၏ ဇာတ်လမ်းထဲတွင် နစ်မြုပ်နေခဲ့၍ သူ့ကို လျစ်လျူရှုထားခဲ့သည်။
“ငါတို့ရဲ့ မိခင် ... မဟာတာအိုက သူ့ကို တားဆီးဖို့ ငါတို့ကို အမိန့်ပေးခဲ့တယ်။ ငါတို့ တားဆီးခဲ့ကြတယ်။ ငါတို့ ကြိုးစားခဲ့ကြတာပေါ့။
စိတ်ပျက်စရာကောင်းတာက သူက အရမ်း သန်မာလွန်းနေခဲ့တာပဲ။ သူက သူ့ရဲ့ ပုဆိန်နဲ့ ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် လဲပြိုအောင် လုပ်ခဲ့တယ်”
ဟွင်သွန်းရှီက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
“အဲဒီနောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာ ငါမမှတ်မိတော့ဘူး။ ဒါပေမဲ့ ငါတို့ အရေးနိမ့်သွားပြီးနောက် … ဖန်းကူလည်း နောက်ဆုံးမှာ တားဆီးခံလိုက်ရပြီးတဲ့နောက် မိခင်က ငါတို့ဘက်လှည့်လာပြီး မင်း ငါတို့ကို လွှတ်မပေးမချင်း လူတိုင်းရဲ့ ကျန်ရှိနေတဲ့ မူလဝိညာဉ် ဒါမှမဟုတ် ငါတို့ရဲ့ စွဲလမ်းမှုကို ဒီထောင်ထဲမှာ ပိတ်လှောင်ထားခဲ့တာပဲ”
လင်းဖန်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
“မင်း စကားမပြောချင်ရင်လည်း ပြောမပြဘဲ နေလို့ရတာပဲ။ လိမ်ညာနေဖို့ မလိုပါဘူး”
“လိမ်ညာတယ် ဟုတ်လား။ ငါက ဘာလို့ အဲဒီလို အကျိုးမရှိတဲ့ အရာကို လုပ်ရမှာလဲ”
“မင်းရဲ့ ဇာတ်လမ်းက အဆက်အစပ်မရှိဘူး ဖြစ်နေတယ်” လင်းဖန်က ဆက်လက်ပြောကြားလိုက်သည်။
“မဟာတာအိုက မင်းတို့ကို ဘာလို့ ပိတ်လှောင်ထားပြီး မရှင်းထုတ်ခဲ့တာလဲ။ မင်းတို့လို အဆင့်အတန်းမျိုးကို သတ်ဖို့ ခက်ခဲတယ်ဆိုတာ ငါ နားလည်ပေမဲ့ ဒီလောက်ကြာလာပြီးတဲ့နောက်မှာ နည်းလမ်းတစ်ခုခု ရှာမတွေ့သေးဘူးဆိုတာ ငါ မယုံဘူး။
“ဒါပေမဲ့ သူမ မလုပ်နိုင်ခဲ့ဘူးလို့ပဲ ထားပါဦး။ မင်းရဲ့ ဇာတ်လမ်းမှာ ပြဿနာတစ်ခု ရှိနေသေးတယ်။ အဲဒါက မင်းပဲ။ မင်း ဇာတ်လမ်းကို ပြောပြနေတုန်း မင်းရဲ့ မျက်လုံးထဲက ရန်ငြိုးကို ငါ သတိထားမိလိုက်တယ်။ ထူးဆန်းတဲ့ အချက်ကတော့ အဲဒါက မဟာတာအိုဆီကို ဦးတည်နေတာမဟုတ်ဘဲ ဖန်းကူဆီကို ဦးတည်နေတာပဲ။
“ပြီးတော့ အခြားလူတွေအားလုံးက ခန္ဓာကိုယ်တစ်ခုထဲမှာ ခိုလှုံဖို့ အတင်းအကျပ် လုပ်ဆောင်ခံခဲ့ရတာကို ထည့်မပြောနဲ့ဦး။ မင်းကတော့ ကိုယ်တိုင် ရွေးချယ်ခဲ့တာ။
တကယ်ပဲ အစွမ်းထက်တဲ့သူက လွတ်မြောက်သွားခဲ့ပြီး မင်းက အသန်မာဆုံးလို့ ပြောခဲ့တာဆိုတော့ မင်းလည်း လွတ်မြောက်နိုင်ခဲ့ရမှာပဲ။
ဒါပေမဲ့ မင်းက နေဖို့ ရွေးချယ်ခဲ့တယ်။ အဲဒါက မင်း တစ်ခုခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီကနေ ပုန်းကွယ်နေသလိုမျိုး ဖြစ်နေတယ်”
အခန်း (၁၆၂၂) : လည်ပတ်လာသော ကြမ္မာစက်ဝန်း (၃)
“စိတ်ဝင်စားဖို့ကောင်းတာပဲ” ဟွင်သွန်းရှီက နောက်ပြောင်ကျီစယ်လိုသော အကြည့်ဖြင့် ပြုံးလိုက်သည်။
“မင်းက ငါ့ရဲ့ညီ ဟုန်ကျွင်းကို သတိရစေတယ်။ သူက အတော်လေးကို ပါးနပ်တဲ့သူလေ။ ဖန်းကူဆီမှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို သူက အရင်ဆုံး သတိထားမိခဲ့တာ”
ဟွင်သွန်းရှီ၏ အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လေထုထဲရှိ တင်းမာမှုကို သိသိသာသာ မြင့်တက်သွားစေသည်။
“ငါ ဟုန်ကျွင်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ သူက အတော်လေး ဉာဏ်ကောင်းလွန်းနေတာ။ အဲဒါတင်မကသေးဘူး။ သူက အရာအားလုံးကို အမြဲသိနေတဲ့ အမူအရာ ရှိနေတာမျိုး ဒါမှမဟုတ် ပဟေဠိဆန်ဆန် စကားပြောတတ်တဲ့ ပုံစံမျိုးကို ငါ သဘောမကျဘူး”
လင်းဖန်က ဤကမ္ဘာဦးသက်ရှိကို စိုက်ကြည့်ရင်း သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူ တုန်လှုပ်ခြင်းမရှိသလို ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် မပြသဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် ဟွင်သွန်းရှီက ရုတ်တရက် ရယ်မောလိုက်တော့သည်။
“မင်းတို့က စိတ်ဝင်စားဖို့ကောင်းတဲ့ မျိုးနွယ်စုပဲ။ ကောင်းပြီလေ။ အခု ငါတို့ရဲ့ ကံကြမ္မာက အခြေခံအနေနဲ့ ဆက်နွှယ်နေပြီဆိုတော့ မင်းကို ပြောပြတာက ပိုကောင်းလိမ့်မယ်”
ကမ္ဘာဦးဟွင်သွမ်းနတ်ဆိုးနတ်ဘုရားက ဆိုလိုက်သည်။
သူက မလှမ်းမကမ်းရှိ အရာတစ်ခုခုကို ကြည့်ရန် ခေါင်းကို အသာမော့လိုက်သည်။
“မှန်တယ်။ ငါ လုပ်ဆောင်ခဲ့တဲ့ အရာတစ်ခုကြောင့် မဟာတာအိုက ငါတို့ကို ပိတ်လှောင်ထားခဲ့တာပဲ။ ငါ အတိအကျ ဘာလုပ်ခဲ့လဲ ဆိုတာကိုတော့ … မင်း သိဖို့ မလိုအပ်ဘူး”
လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
“အခြေခံအနေနဲ့ ဆက်နွှယ်နေတယ် ဟုတ်လား”
ထိုသတ်မှတ်ချက် စကားလုံးများက သူ့စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ မြည်ဟီးလာစေခဲ့သည်။
ဟွင်သွန်းရှီက သူ့ကို စိုက်ကြည့်ကာ ပြင်းထန်စွာ သက်ပြင်းချလိုက်သည်။
“အဲဒီထောင်ထဲကနေ လွတ်မြောက်မဲ့ လမ်းတစ်ခု ရှာဖွေဖို့ ငါ့မှာ အချိန်အကြာကြီး ယူခဲ့ရတယ်။ မင်းရဲ့ တည်ရှိမှုက ဟွင်သွမ်းနဲ့ ငါတို့မျိုးနွယ်စုအပေါ် နက်နဲတဲ့ ဆက်နွှယ်မှု ရှိတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ အထွတ်အထိပ် ရလဒ်ပဲ။
သူတို့ သေဆုံးသွားတဲ့ အခါတိုင်း ထောင်ကနေ လွှတ်ပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့ အခွံတစ်ခု မွေးဖွားလာတဲ့အထိ အခြားတစ်ယောက်က သူတို့ရဲ့ စွမ်းအားကို ဆက်ခံခဲ့ကြတာ။
ပြီးတော့ ငါတို့ရဲ့ မိခင်က ငါတို့ကို သေချာပေါက် ပြုပြင်ပြောင်းလဲပြီးပြီဆိုတာကို အာမခံပြီးတဲ့နောက်မှ လွှတ်ပေးဖို့ စီစဉ်ထားတာကို ငါ သိလိုက်ရတဲ့အချိန် ငါ ဘယ်လောက်တောင် အံ့ဩသွားခဲ့လဲဆိုတာ စိတ်ကူးကြည့်လိုက်။
အဆိုးရွားဆုံး အချက်ကတော့ သူမက ငါ့ရဲ့ အခွံကနေတဆင့် အဲဒါကို လုပ်ဆောင်ဖို့ စီစဉ်ထားတာပဲ။ အဲဒီအချိန်မှာပဲ ငါ ပြောင်းလဲမှုတစ်ခု လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာကို သိလိုက်ရတာ။
ဒါကြောင့် သူမက အခွံ ပြီးပြည့်စုံဖို့ ကြာမြင့်မဲ့ အချိန်ကို တိတ်တဆိတ် ထိန်းချုပ်နေချိန်မှာ ငါက အဲဒါကို ပြီးပြည့်စုံတဲ့ ပုန်းအောင်းရာနေရာတစ်ခုအဖြစ် တဖြည်းဖြည်းချင်း အသွင်ပြောင်းလဲပစ်ခဲ့တာ။ ငါ အလိုမရှိဆုံးအရာကတော့ လွတ်မြောက်ပြီးတဲ့နောက် သူမ ငါ့ကို ရှာဖွေတွေ့ရှိသွားမှာကိုပဲ။ ဒါကြောင့် … မှန်ပါတယ်။ ငါတို့က အခြေခံတော့ အတူတူ ဆက်နွှယ်နေကြတာပဲ”
“မင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာပဲ” လင်းဖန်က ရုတ်တရက် ပွင့်အံထွက်လာသည်။
ဟွင်သွန်းရှီက သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းက အသည်းအသန် ဖြစ်နေရင်တောင် ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်မှာမလို့လား”
“လူသားတွေက ပုရွက်ဆိတ်တွေ မဟုတ်ဘူး”
“ငါ့ရဲ့ အမြင်အရတော့ မဟုတ်ဘူးပေါ့” ဟွင်သွန်းရှီက ပြန်လည်ချေပလိုက်သည်။
“ကောင်းပြီလေ။ ပုရွက်ဆိတ်တော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့က အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားတဲ့ မျိုးနွယ်စုပဲ။ တာအိုပုံသဏ္ဌာန်နဲ့ မွေးဖွားလာခဲ့သလို ကြီးမားတဲ့ ဖန်တီးနိုင်စွမ်းနဲ့ အလားအလာလည်း ရှိနေကြတာပဲ။
ဒါပေမဲ့လည်း မင်းတို့က ကျိုးပဲ့လွယ်လောက်အောင် မွေးဖွားလာခဲ့ကြတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့ မရဘူး”
“ငါတို့က သေးငယ်ပြီး အားနည်းစွာ မွေးဖွားလာခဲ့တာ ဖြစ်နိုင်ပေမဲ့ ဘယ်အမြင့်ကိုမဆို ကြီးထွားလာနိုင်တယ်။ လူသားတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးနတ်ဘုရားတွေနဲ့ တန်းတူဖြစ်အောင် ကျင့်ကြံနိုင်ရင် ငါတို့က ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေနဲ့ တန်းတူဖြစ်အောင်လည်း လုပ်ဆောင်နိုင်တာပဲ”
“မင်း ဒီလို စော်ကားမော်ကား စကားမျိုး မပြောခဲ့ဘူးလို့ပဲ ငါ သတ်မှတ်လိုက်ပါ့မယ်”
ဟွင်သွန်းရှီက လက်ကို ဝေ့ယမ်းလိုက်သည်။
“ဒါပေမဲ့ အဲဒါက အမှန်တရား ဖြစ်နေရင်တောင် ဘယ်လောက်တောင် ကြာမြင့်ဦးမှာလဲ။ ဟင် … ငါ့ကိုယ်ငါ မင်းရဲ့ လူသားအသွေးအသားထဲမှာ ကန့်သတ်ထားမဲ့အစား ငါ့ရဲ့ ကိုယ်ပိုင် မူလခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လိုက်တာက ပိုပြီးတော့ မကောင်းဘူးလား”
“ဒါက မင်း လိုချင်တဲ့ အရာလား။ ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့နဲ့ မင်းရဲ့ အရင်စွမ်းအားတွေ ပြန်လည်ရရှိဖို့အတွက် ကူညီပေးရမှာလား”
“အခြားအရာတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ဟုတ်တယ်”
“ဘယ်လိုအရာမျိုးလဲ”
“ငါ မဆုံးဖြတ်ရသေးဘူး” ဟွင်သွန်းရှီက ပြန်လည်ဖြေကြားလိုက်သည်။
သူက ထောင်ထဲကနေ လွတ်မြောက်လာခဲ့ကာ ဟွင်သွမ်းစကြဝဠာ၏ အခြေအနေကို မသိရှိသေးသဖြင့် သူ၏ နောက်ထပ်လုပ်ဆောင်မှုကို စတင်စီစဉ်ဖို့ရာ မပါးနပ်ရာ ရောက်ပေလိမ့်မည်။
“အခု ငါတို့ နားလည်မှု ရကြပြီလား”
“နောက်ထပ် တစ်ခုရှိသေးတယ်”
“မင်း သေချာလို့လား”
လင်းဖန်၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး ကျောရိုးထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ငါ သေချာပါတယ်”
“ပြောပါဦး”
“ငါ့အပေါ် ဘာပဲဖြစ်ပျက်လာပါစေ။ မင်း ငါ့မိသားစုကို တစ်ချက်ကလေးတောင် လက်ဖျားနဲ့ မတို့ပါဘူးလို့ စကြဝဠာထဲက ပထမဆုံးသက်ရှိအနေနဲ့ရော မင်းရဲ့ မျိုးနွယ်စုဂုဏ်သိက္ခာအပေါ် တိုင်တည်ပြီး ကတိစကားကို လိုချင်တယ်”
“မိသားစု မေတ္တာ။ အတော်လေး ကြီးမြတ်တဲ့ စိတ်ခံစားချက်ပဲ။ ငါလည်း အဲဒါကို လွမ်းဆွတ်မိသားပဲ” ဟွင်သွန်းရှီက သက်ပြင်းချလိုက်သည်။
“မင်းကို ထိန်းချုပ်ထားဖို့ တစ်ခုခု လိုအပ်တယ်ဆိုတော့ ငါ ဒီလို မလုပ်နိုင်ဘူး။ ဒါပေမဲ့လည်း မင်းအနေနဲ့ မင်းရဲ့ ဆရာ၊ ဇနီးသည်နဲ့ ဂိုဏ်းတူမောင်နှမတွေထဲကနေ ရွေးချယ်လို့ ရတယ်။
တစ်ယောက်ကို ရွေးချယ်လိုက်ပါ။ ပြီးတော့ သူတို့ကို တစ်ချက်ကလေးတောင် လက်ဖျားနဲ့ မတို့ဘူးလို့ ငါ ကတိပေးတယ်”
လင်းဖန် လက်သီးကို စက္ကန့်ပိုင်းခန့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီးမှ ပြန်လည်ဖြေလျှော့လိုက်သည်။
“ဇနီးသည်ကို ရွေးချယ်တယ်”
“ဒါက ငါ့ရဲ့ညီမ လိုအင်ဆန္ဒ အမြဲတမ်း ပြောလေ့ရှိတဲ့ အချစ်လို့ ခေါ်တဲ့ ခံစားချက်လား” ဟွင်သွန်းရှီက ခေါင်းကို ခါယမ်းလိုက်သည်။
“မျိုးပွားဖို့အတွက်ပဲ ပုံစံထုတ်ထားတဲ့ ထူးခြားတဲ့ ခံစားချက်က တကယ် အကျိုးမဲ့သလို ကြီးမားတဲ့ အားနည်းချက်တစ်ခုလည်း ဖြစ်နေတာပဲ”
“မင်းရဲ့ ကတိစကားကို ရပြီလား”
“မှန်တယ် လူသား။ မင်း ငါ့ရဲ့ ကတိစကားကို ရပြီ”
“ကောင်းပြီ” လင်းဖန် ပြင်းထန်စွာ သက်ပြင်းချလိုက်သည်။
“မင်း ဘာလို့ ဒီနေရာမှာ ရှိနေသေးတာလဲ”
လင်းဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားခဲ့သည်။
“မင်းရဲ့ မောင်နှမတွေကို ခြေရာခံဖို့ ငါ့မှာ တာဝန်ရှိနေတာကို မင်း မြင်တွေ့ခဲ့ပြီးပြီပဲလေ။ မင်း ဘာမှ ပြောစရာ မရှိဘူးလား”
“ငါက ဘာလို့ ပြောရမှာလဲ”
“ငါ နားလည်ပြီ”
“အခြားကိစ္စ ရှိသေးလား။ မင်းရဲ့ တည်ရှိမှုက ငါ့ကို စပြီး စိတ်အနှောင့်အယှက် ဖြစ်စေနေပြီ”
“စစ်ပွဲက ရောက်ရှိလာတော့မှာဆိုတော့ ငါ့ဆီ စွမ်းအားတွေ လိုအပ်နေတယ်”
“ဟားဟား လောဘ။ ဒါက ငါ အလွန်အမင်း ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုပဲ”
ဟွင်သွန်းရှီက လင်းဖန်၏ စိတ်ထဲသို့ ကျင့်စဉ်တစ်ခု ထည့်သွင်းပေးရန် လက်ဖျောက်တစ်ချက် တီးလိုက်သည်။
“ဒါက … ”
“မင်း အသုံးပြုနေတဲ့ ဟွင်သွမ်းစွမ်းအားကို သန့်စင်ပေးမဲ့ နည်းလမ်းပဲ။ မင်း အသုံးပြုနေတဲ့ အရာကို ဟွင်သွမ်းလို့ ခေါ်ဆိုနေတာက ပြစ်မှုတစ်ခုပဲ” ဟွင်သွန်းရှီက အထင်သေးစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” လင်းဖန်က သူ၏ အသိစိတ်ပင်လယ်ထဲမှ မထွက်ခွာမီ ပြောလိုက်သည်။
သူသည် ဟွင်သွန်းရှီအတွက် ပင်ကိုယ်စရိုက် ပုံစံတစ်ခုကို တည်ဆောက်နေစဉ်မှာပင် ထိုအပြန်အလှန် ဆက်သွယ်မှု၏ အစိတ်အပိုင်းတိုင်းကို ဆန်းစစ်ရန် ခေတ္တမျှ အချိန်ယူလိုက်သည်။ ရန်သူကို သေချာစွာ သိရှိနားလည်မှသာ သူ၏ အနာဂတ်အတွက် စီစဉ်နိုင်လိမ့်မည်။
…………………
တာအိုအခွင့်အလမ်းဂိုဏ်း၊ သာလွန်ကြမ္မာတောင်ထိပ်
“စစ်ပွဲအကြောင်း မပြောဘဲနေကြရအောင်” ဝမ်ဝေ့က အကြောင်းအရာကို ပြောင်းလဲရန် ဆုံးဖြတ်ရင်း ပြောလိုက်သည်။
“အစ်ကိုကြီးရဲ့ ဝိုင်ဟောင်းအချို့ ပေးပါဦး” ယန်းလီလင်းက ဝိုင်ကို သန့်စင်ရန်နှင့် အရသာကို ပိုမိုမြှင့်တင်ရန်အတွက် သူမ၏ မီးပြင်းဖိုကို ဆင့်ခေါ်ရင်း တောင်းလိုက်သည်။
ချိုက်စုန့်က ချက်ချင်းပင် စိုက်ကြည့်လိုက်တော့သည်။ သူမက ယန်းလီလင်းကဲ့သို့ ကျွမ်းကျင်သော ရုပ်သေးရုပ်တစ်ခုကို ပုံစံရေးဆွဲလိုသော်လည်း သူမ၏ ယခင်အားထုတ်မှုအားလုံးမှာ မအောင်မြင်ခဲ့ပေ။
ဝမ်ဝေ့က သုံ့လီဖန်းကို အာရုံမစိုက်မီ သူ၏ အကောင်းဆုံးနှင့် အဟောင်းဆုံး ဝိုင်အချို့ကို ကမ်းပေးလိုက်သည်။
“တကယ်တော့ မင်းဆီမှာ ဘာဖြစ်ခဲ့တာလဲ”
“ကျွန်မ အဆင့်တက်လှမ်းပြီးတာနဲ့ အစစ်အမှန်အိပ်မက်အရှင်လို့ ခေါ်တဲ့လူရဲ့ အမွေအနှစ်ဆီ ပို့ဆောင်ခံခဲ့ရတာ။ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ရပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်မ စိတ်လှုပ်ရှားခဲ့ပြီး ပထမဆုံး စမ်းသပ်မှုကို ဂရုတစိုက် ကျော်ဖြတ်ခဲ့တယ်။
ဒုတိယ စမ်းသပ်မှုကတော့ ကျွန်မကို အခြားဟွင်သွမ်းကမ္ဘာတစ်ခုဆီ ခေါ်ဆောင်သွားခဲ့တာ။ အဲဒါကိုတော့ ကယ်ဆယ်ခံရပြီးမှ သိခဲ့ရတာ။
နောက်ဆုံး ဆုလာဘ်ကို ပေးအပ်ဖို့ တာဝန်ရှိတဲ့ ဝိညာဉ်နဲ့ မတွေ့ဆုံခင်အထိ အရာအားလုံးက ချောချောမွေ့မွေ့ လည်ပတ်နေခဲ့တာလေ။ သူမက ကျွန်မရဲ့ ဝိညာဉ်ထဲက အိပ်မက်ကံကောင်းမှုတိုင်းပြည်ကို သတိထားမိသွားပြီး အဲဒါကို ဖယ်ရှားပစ်ဖို့ ပြောလာတယ်။ ကျွန်မက ငြင်းဆိုခဲ့ပေမဲ့ သူမက ငြင်းဆိုမှုကို လက်မခံခဲ့ဘူး။
အဲဒါနဲ့ ကျွန်မ သူမ ထုတ်လွှင့်လိုက်တဲ့ ရုပ်သေးအစောင့်တွေအားလုံးကို တိုက်ခိုက်ခဲ့ပြီး ဂိုဏ်းက လာကယ်တဲ့အထိ ကြံ့ကြံ့ခံ တောင့်ခံထားခဲ့တာပဲ”
“အစစ်အမှန်အိပ်မက်အရှင် ဟုတ်လား။ ဒါက နယ်ရုပ်အသစ်တွေကို ရှာဖွေဖို့ ကြိုးစားနေတဲ့ အခြား သူတော်စင်တစ်ပါး ဖြစ်ပုံပဲ” ဝမ်ဝေ့က ဆန်းစစ်လိုက်သည်။
“ပုံစံအရ ကြည့်ရရင် သူတို့က မင်းရဲ့ နယ်ရုပ်အဆင့်အတန်းကို ရှုပ်ထွေးစေမဲ့ အခြားအရာမျိုး မရှိဘဲ မင်းရဲ့ ဝိညာဉ်မှာ အိပ်မက်ရဲ့ အစင်ကြယ်ဆုံး စွမ်းအားတွေ ပါဝင်နေစေချင်ပုံရတယ်”
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်” သုံ့လီဖန်းက သက်ပြင်းချလိုက်သည်။
ကျင့်ကြံရေးအဆင့် မြင့်မားလေလေ ကျင့်ကြံသူများသည် သူတို့က အဆင့်မြင့် တည်ရှိမှုတစ်ခု၏ နယ်ရုပ်တစ်ခု ဖြစ်နေရခြင်း သို့မဟုတ် မည်သည့်အချိန်တွင်မဆို နယ်ရုပ်အဖြစ် ပြောင်းလဲသွားနိုင်သည်ဟူသော ဝမ်းနည်းစရာကောင်းလှသည့် အမှန်တရားနှင့် ထိတွေ့ရပြီး လက်ခံရလေလေပင် ဖြစ်၏။
“ဂိုဏ်းက မင်းရဲ့ တည်ရှိမှုကို စစ်ဆေးခဲ့သေးလား”
“ဟုတ်တယ်။ ဒါပေမဲ့ သူတို့ ဘာမှ မတွေ့ခဲ့ရဘူး”
“အဲဒါက ထည့်သွင်းထားတဲ့ နည်းလမ်းတွေက ပိုပြီးတော့ ဆန်းပြားတာ ဖြစ်နိုင်သလို မင်းက နယ်ရုပ်တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရရုံပဲ ရှိသေးပြီး တရားဝင် အမှတ်အသား မပြုလုပ်ရသေးတာလည်း ဖြစ်နိုင်တယ်။ အဲဒါက မင်း အတော်လေး ကံကောင်းသွားတာပဲပေါ့”
“မျှော်လင့်ရတာပဲ”
ဝမ်ဝေ့က လေးလံထိုင်းမှိုင်းနေသော လေထုကို ခံစားလိုက်ရသဖြင့် အကြောင်းအရာကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
“မင်းရဲ့ ခင်ပွန်းကရော ဘယ်လိုလဲ”
“သူ အဆင်ပြေပါတယ်” တောက်ပသော အပြုံးတစ်ခုက သုံ့လီဖန်း၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ထင်ဟပ်လာခဲ့သည်။
သူမ၏ ခင်ပွန်းမှာ ယခုအခါ အထွတ်အထိပ် ထာဝရဧကရာဇ်တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ရာ သူ ကောင်းကင်ဘုံအဆင့်သို့ မဝင်ရောက်သေးသည်မှာ ခိုင်မာသော အုတ်မြစ်တစ်ခု ရှိစေရန်အတွက် အရာရာကို တည်ငြိမ်စွာ လုပ်ဆောင်လိုသောကြောင့် ဖြစ်သည်။
“သူက ဘယ်တာအိုကို ရွေးချယ်ခဲ့တာလဲ”
“မင်ရည်နဲ့ စာပေလမ်းစဉ်ပဲ”
“ဒါက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ” ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။
“အသင်္ချေဂိုဏ်းမဟာမိတ်က ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး စစ်ပွဲအတွင်းမှာ ဆက်ပြီးအားနည်းသွားလိမ့်မယ်။ ဆိုလိုတာက ပညာရှိဝိဇ္ဇာဖန်ကလောင်က စာပေလမ်းစဉ်ရဲ့ အကြီးအကဲအဖြစ် သူ့ရဲ့ အဆင့်အတန်းကို ဆုံးရှုံးရလိမ့်မယ်။
မမျှော်လင့်ထားတဲ့ အရာတစ်ခုခု ဖြစ်မလာခဲ့ရင် ခုံက နောက်ထပ် အကြီးအကဲ ဖြစ်လာမှာဆိုတော့ သူက သူ့ရဲ့ ကြမ္မာကို အမှန်တကယ် ဖော်ဆောင်နိုင်ရင် စာပေလမ်းစဉ်က ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့လိုမျိုး ထိပ်သီးသုံးခုထဲက တစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားလိမ့်မယ်”
သုံ့လီဖန်း၏ မျက်ဝန်းထဲတွင် ပါးနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“ကျွန်မတို့ ခေါင်းဆောင် ရာထူးနေရာကို ယူလို့ ရနိုင်မလား”
“ခုံကို မသတ်မချင်းတော့ မရနိုင်ဘူး”
“ဒါဆိုရင်တော့ … ”
“အဲဒါကို စဉ်းစားတောင် မစဉ်းစားနဲ့” ဝမ်ဝေ့က မျက်လုံးကို ဝေ့ကာ ပြောလိုက်သည်။
“မင်းတို့ မပြစ်မှားသင့်တဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်က သူ့ကို မျက်စိကျနေတာ။ ပြီးတော့ ကြမ္မာရဲ့ ကာကွယ်မှု ရှိနေတာကိုလည်း ထည့်မပြောရသေးဘူး”
“ကောင်းပြီလေ။ ဒါဆို ကျွန်မတို့က စာပေလမ်းစဉ်ကြမ္မာရဲ့ တော်တော့်ကို ကောင်းမွန်တဲ့ အစိတ်အပိုင်းတစ်ခုအတွက် ပြိုင်ဆိုင်ကြရင်ရော ဘယ်လိုလဲ” သုံ့လီဖန်းက ပြန်လည်ချေပလိုက်သည်။
“ဘာသာရေးတွေ ဖြစ်ကြတဲ့ တာအိုဘာသာနဲ့ ဗုဒ္ဓဘာသာတို့နဲ့မတူဘဲ စာပေလမ်းစဉ်က အတွေးအခေါ်ကျောင်းတော်တစ်ခု ဆိုတော့ တစ်ကမ္ဘာလုံးဆိုင်ရာနဲ့ ပိုပတ်သက်နေတယ်။ ဂိုဏ်းမှာ ရေတွက်လို့မရနိုင်တဲ့ ပညာရှင်တွေ ရှိနေတာဆိုတော့ ကြီးမားတဲ့ ပြောရေးဆိုခွင့်တစ်ခု ရှိနေတာက ကျွန်မတို့အတွက် အကောင်းဆုံး အကျိုးစီးပွားပဲပေါ့”
“မင်း ပြောတာ အကျိုးအကြောင်းသင့်ပါတယ်”
ချီကံကောင်းမှုနှင့် ကြမ္မာ ပိုမိုများပြားလေလေ ပိုမိုကောင်းမွန်လေလေပင် ဖြစ်၏။
“ကောင်းပြီ။ ဒါဆို ကျွန်မ ဒီအတွေးအခေါ်ကို အကြီးအကဲကောင်စီမှာ အဆိုတင်သွင်းရင် ရှင့်ရဲ့ ထောက်ခံမှုကို အားကိုးလို့ ရမလား”
“ရပါတယ်။ ဒါပေမဲ့ မင်းရဲ့ ခင်ပွန်းက အဲဒီလို ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ဖို့ အရမ်း ဝေးကွာနေသေးတယ်ဆိုတာကိုတော့ နားလည်ထားရမယ်”
“ကျွန်မ သိပါတယ်။ ကျွန်မက သူ့ရဲ့ အနာဂတ်အတွက် လမ်းခင်းပေးနေရုံသက်သက်ပါ” သုံ့လီဖန်းက ပြန်လည်ဖြေကြားလိုက်သည်။
“ဒါနဲ့ ပြောရဦးမယ်။ ကျွန်မမှာ အကူအညီတောင်းစရာတစ်ခု ရှိတယ်။ ဖန်းအာကို တတ်နိုင်သမျှ ကာလပတ်လုံး တာဝန်မပေးဖို့ အာမခံပေးနိုင်မလား။ ကျွန်မ စစ်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ပြဿနာမရှိပေမဲ့ သူက အရမ်း အားနည်းလွန်းနေသေးတယ်”
“ဒါက မင်းမှာ ရှိနေပြီးသား အာဏာ မဟုတ်ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။
သုံ့လီဖန်းသည် ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ပြီး သူတို့အနေဖြင့် သူတို့၏ ပါရမီရှင် မျိုးဆက်များ သို့မဟုတ် ချစ်ရသူများကို ကာကွယ်ပေးထားခြင်းက သာမန်ပင် ဖြစ်၏။
“ကျွန်မ ကျောက်တုံးမျက်နှာကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိသွားပုံရတယ်” သူမက စိတ်ပျက်လက်ပျက် အပြုံးဖြင့် ပြောလိုက်ရာ ဝမ်ဝေ့ နားလည်သွားခဲ့သည်။
ကျောက်တုံးမျက်နှာသည် မဟာအကြီးအကဲ (အထွတ်အထိပ် စံပြ) တစ်ဦး ဖြစ်ပြီး သူက အချက်နှစ်ခုကြောင့် ကျော်ကြားလှသည်။ ထိုအရာတို့မှာ ဂိုဏ်း၏ လုပ်ငန်းဆောင်တာ အားလုံးကို တင်းကျပ်ပြီး အသေးစိတ် မှတ်တမ်းတင်ထားခြင်း … အခြေခံအားဖြင့် သူ့ကိုယ်သူ အဆင့်မြင့် အတွင်းရေးမှူးတစ်ဦးအဖြစ် ပြောင်းလဲထားခြင်းနှင့် သူ၏ ဆိုးရွားလှသော ပင်ကိုယ်စရိုက်တို့ကြောင့်ပင် ဖြစ်သည်။
“မင်း သူ့ကို ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လိုက်တာလဲ”
ကျောက်တုံးမျက်နှာတွင် အာဏာအမြောက်အမြား ရှိနေခဲ့ရာ ဝမ်ဖန်းကို စစ်မြေပြင်သို့ စေလွှတ်ရန်အတွက် သူက လူများကို မည်သို့ လွှမ်းမိုးနိုင်မည်ကို ဝမ်ဝေ့ မြင်တွေ့နိုင်သည်။
“အဲဒါက အစ်ကိုကြီးကြောင့်လေ” ယန်းလီလင်းက ဝင်ပြောလိုက်သည်။ သူမ၏ ဝိုင်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။