အခန်း (၁၆၂၃-၁၆၂၄)
Vol. 116 Ch. 1623-1624
အခန်း (၁၆၂၃) : ပြန်လည်ဆုံဆည်းခြင်း
“အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ”
“ကြားရသလောက်တော့ ကျောက်တုံးမျက်နှာက မကြာသေးခင်ကမှ သားတစ်ယောက် မွေးပေးခဲ့တဲ့ ကိုယ်လုပ်တော်အသစ်တစ်ယောက် ရခဲ့တယ်လေ” ယန်းလီလင်းက ရှင်းပြလာသည်။
“အဲဒီလူကို မိန်းမတွေ ဒီလောက်အများကြီး ဘာလို့သဘောကျကြလဲဆိုတာ အခုထိ စဉ်းစားလို့မရသေးဘူး။ ဒါနဲ့ … သူ့ရဲ့ သားငယ်လေးက ကောင်းကင်ဘုံအဆင့်ဆိုတော့ အစ်ကိုကြီးရဲ့ စစ်ဆေးမှုအမှတ်အသားပြားတွေထဲက တစ်ခုကို လိုချင်နေတာ။
သူက အဲဒီအမှတ်အသားပြားတွေကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်မထားဘဲ အများပိုင်ပစ္စည်း ဖြစ်သင့်တယ်လို့တောင် အကြံပြုခဲ့သေးတယ်။
ဘိုးဘေးတွေက သူ့ရဲ့ အဆိုပြုချက်ကို ပယ်ချခဲ့ပေမဲ့ သူကတော့ မကျေနပ်ဘူးလေ။ ညီမက ယန်းမျိုးနွယ်စုရဲ့ အကြီးအကဲဆိုတော့ ညီမအပေါ်တော့ သူ မကျေနပ်တာကို မပြရဲဘူး။
လီမျိုးနွယ်စုကလည်း လီဝမ်လင်းကို ကာကွယ်ပေးထားတယ်လေ။ ဒါပေမဲ့ သုံ့လီဖန်းကတော့ နက်နဲတဲ့နောက်ခံမရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတာ။ ပြီးတော့ သူမက အစ်ကိုကြီးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို ထုတ်မပြောခဲ့တာကလည်း အခြေအနေကို ပိုဆိုးစေခဲ့တာပဲ။
ဒါကြောင့် သူ ဘာမှမလုပ်ရသေးပေမဲ့ အစည်းအဝေးတွေနဲ့ တခြားနေရာတွေမှာ သူမကို စိုက်ကြည့်တာ၊ မျက်စောင်းထိုးတာမျိုးတွေ လုပ်နေတာလေ”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“အဲဒါကို စိတ်ပူနေဖို့မလိုပါဘူး။ အထူးသဖြင့် အခု မင်းက ငါ့ရဲ့တောင်ထိပ်ဆီ ဖိတ်ကြားခံရပြီးပြီဆိုတော့ ငါ့လူတွေထဲကတစ်ယောက်ဆိုတာ သူ နားလည်သွားလိမ့်မယ်”
ကျောက်တုံးမျက်နှာဆိုသည်မှာ ထိုလူ၏ ဘွဲ့အမည်မဟုတ်ဘဲ လူတွေက သူ့ကွယ်ရာတွင် ခေါ်ကြသည့်အမည်သာ ဖြစ်သော်လည်း သူက နိုင်ငံရေးအရ အတော်လေး ပါးနပ်သူ ဖြစ်၏။ သူသည် ကြီးမားသောအာဏာကို ပိုင်ဆိုင်ထားသော်လည်း မည်သူ့ကို ပြစ်မှားသင့်ပြီး မည်သူ့ကို မပြစ်မှားသင့်ကြောင်း ကောင်းစွာနားလည်ထားသည်။
ထို့ကြောင့်ပင် သူ့တွင် ဆိုးရွားလှသော အကျင့်စရိုက်ရှိနေသော်လည်း ယခုတိုင် အချိန်အကြာကြီး ရှင်သန်နေနိုင်ခြင်း ဖြစ်သည်။
“ကျွန်မ အဲဒါကို နားလည်ပါတယ်။ ဒါပေမဲ့ ရှင်က ဒီထက်ပိုပြီး တိုက်ရိုက်ကျကျ လုပ်ပေးနိုင်ရင် ပိုပြီး စိတ်အေးရလိမ့်မယ်” သုံ့လီဖန်းက ဆိုသည်။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ထို့နောက် အနီရောင်မျက်နှာဖုံးသည် သူ့အရိပ်ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေ၏။
“သူ့ကို သွားပြီး စကားပြောလိုက်ဦး”
အနီရောင်မျက်နှာဖုံးက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ဝမ်ဝေ့တစ်ယောက် ရှေးဦးမူလတစ်ဦးဖြစ်လာပြီး ဘိုးဘေးအဆင့်အတန်းသို့ တက်လှမ်းတော့မည်ဖြစ်ရာ ဤကိစ္စက အရေးကြီးကိစ္စတစ်ခု မဟုတ်ပေ။
“ကျေးဇူးပါပဲ”
“ရပါတယ်”
“ရော့။ ဒါလေးသောက်ကြည့်”
ဝမ်ဝေ့က ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး အနံ့ကို ဖြည်းဖြည်းချင်း ရှူရှိုက်လိုက်သည်။ ထိုရနံ့တစ်ခုတည်းကပင် ယခင်တိုက်ပွဲမှ ပင်ပန်းနွမ်းနယ်မှုအားလုံးကို ချက်ချင်းပင် ဆေးကြောသန့်စင်ပေးသွားသဖြင့် မြည်းစမ်းရန် တွန့်ဆုတ်မနေတော့ပေ။ နတ်ဘုရားများပင်လျှင် သူတို့၏ ဖန်တီးမှုကို ဤဝိုင်နှင့် နှိုင်းယှဉ်ရန် ရှက်ရွံ့နေပေလိမ့်မည်။
“မင်းရဲ့ လက်ရာက အများကြီး တိုးတက်လာတာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
“ဝိုင်ချက်တာနဲ့ ဆေးလုံးဖော်စပ်တာက တကယ်တော့ သိပ်မကွာခြားပါဘူး။ အစောင့်အရှောက်တစ်ယောက်အနေနဲ့ ညီမမှာ အားလပ်ချိန်တွေ အများကြီးရှိခဲ့သလို အိပ်မက်လောကကြောင့်လည်း ကုန်ကြမ်းပစ္စည်းတွေက အဆုံးမရှိ ရရှိခဲ့တာကိုး”
“ကောင်းပြီလေ။ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့တာပဲ”
“မှန်တာပေါ့” ယန်းလီလင်းက ခေါင်းညိတ်လိုက်ပြီးနောက် သေးငယ်သော ဆေးလုံးပုလင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါက ဘာလဲ” ဝမ်ဝေ့က အထဲတွင် ဘာပါလဲဆိုတာကို စစ်ဆေးရန် ပုလင်းကိုဖွင့်ရင်း မေးလိုက်သည်။
“မင်း အောင်မြင်သွားပြီလား”
“ဟုတ်တယ်။ ကံမကောင်းစွာပဲ တက်လှမ်းခြင်းဂိတ်တံခါးဆေးလုံးက ဂိုဏ်းရဲ့ ဆေးဝါးပညာရှင်တွေ ဖော်စပ်နည်းကို ပြီးပြည့်စုံအောင် ကူညီပေးခဲ့ပြီးတဲ့နောက်မှာတောင် လက်ရှိမှာ အောင်မြင်မှုနှုန်း ၂၅ ရာခိုင်နှုန်းပဲ ရှိသေးတယ်”
“၂၅ ရာခိုင်နှုန်း ဟုတ်လား။ အဲဒါကို တစ်ကြိမ်ထက်မက သောက်လို့ရလား”
“ဆေးလုံးက အသုံးမဝင် မဖြစ်ခင်အထိ သုံးကြိမ် သောက်လို့ရတယ်”
“ကောင်းပြီ။ အဲဒါက လုံလောက်တာထက်ကို ပိုပါတယ်” ဝမ်ဝေ့က ဆိုသည်။
တက်လှမ်းခြင်းဂိတ်တံခါးကို ပြန်လည်စုစည်းရန် အခွင့်အရေး သုံးကြိမ်ဆိုသည်မှာ လုံလောက်သည်ထက် ပိုနေပြီဖြစ်၏။
ထို့အပြင် ဤဖော်စပ်နည်းက ထိုအမျိုးအစားတွင် ပထမဆုံးသော ဖော်စပ်နည်း ဖြစ်၏။ မကြာမီ ထိုလုပ်ငန်းစဉ်ကို ကူညီပေးမည့် စစ်မှန်သောနည်းစနစ်များအပါအဝင် အခြားသောအရာများစွာ ပေါ်ထွက်လာလိမ့်မည်။
“အဲဒီလူအိုကြီးက မင်းအပေါ် ဘယ်လိုဆက်ဆံလဲ”
“စီနီယာဝမ်ပေါ်က …” ယန်းလီလင်းက ဝမ်ဝေ့ကို စိုက်ကြည့်ရင်း ထိုအမည်ကို သေချာပေါက် အသံထွက်ကာ ပြောလိုက်သည်။
“အလွန် ကြင်နာတတ်ပါတယ်။ သူက ညီမကို သူ့ရဲ့သမီးထက်တောင် ပိုပြီး ကောင်းကောင်း ဆက်ဆံသေးတယ်”
“အခြားတစ်ယောက်လည်း လှည့်စားခံလိုက်ရပြန်ပြီ” ဝမ်ဝေ့က ခေါင်းခါလိုက်သည်။
အချို့သော ဆုံတွေ့မှုများအပြီးတွင် သူသည် ထိုလူအိုကြီးကို အတည်အပေါက် မမှတ်ယူနိုင်တော့ပေ။
“ငါ သူ့ကို ဆုံးမစရာမလိုတော့တာ ဝမ်းသာစရာပဲ။ ဒါနဲ့ လီကျွင်းရော။ ဘာသတင်း ထူးသေးလဲ”
“သူ့အကြောင်း နောက်ဆုံးကြားရတာက လွန်ခဲ့တဲ့ ယွမ်ခေတ်ကာလ ၂၅၀ လောက်ကပဲ။ သူက ထိပ်သီးစံပြအဆင့် ရောက်ရှိသွားပြီတဲ့။ အဲဒါကြောင့် သူ့ရဲ့ ရှေးဦးမူလ လေ့ကျင့်မှုကို စတင်တော့မယ်လို့ ပြောခဲ့တယ်။ သူ အဲဒါပြီးရင် ပြန်လာမယ်တဲ့”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ပိုပြီးသန်မာလာချင်တဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ သူ ငါ့ကိုလည်း ဆက်သွယ်ခဲ့လို့ ရတာပဲကို”
“ဒါက အစ်ကိုကြီးအတွက်” ယန်းလီလင်းက စည်းပိတ်ထားသော သတင်းအချက်အလက် ကျောက်စိမ်းအဆောင်ကို ကမ်းပေးရင်း ပြောလိုက်သည်။
ဟိုးကတည်းက သူနှင့် လီကျွင်းတို့ သတ်မှတ်ခဲ့ကြသည့် စကားဝှက်ဖြစ်သော စည်းတံဆိပ်ကို ဖယ်ရှားလိုက်စဉ် သူ့အကြည့်များ တောက်ပလာသည်။
သူ အထဲကအကြောင်းအရာကို ဖတ်ရှုလိုက်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာခဲ့ပြီးနောက် တိုးတိုးလေး ရယ်မောလိုက်မိတော့သည်။
“တော်တော်လေး ဆိုးတဲ့ကောင်ပဲ”
သူ့သူငယ်ချင်းဟောင်းက သိပ်ပြီးမပြောင်းလဲသေးတာကို ဝမ်းသာမိသည်။
သူသည် စွမ်းအားတစ်ခုက တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုရန် ကြိုးစားနေသည်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် အဆောင်ကို စည်းပိတ်ကာ သိမ်းဆည်းလိုက်သည်။ အပြန်အလှန်အနေဖြင့် သူ့ထံသို့ အကြည့်စူးစူးတစ်ခု ရောက်ရှိလာခဲ့သည်။
ဝမ်ဝေ့တစ်ယောက် အောင့်သက်သက်ဖြင့် ချောင်းဆိုးလိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“ငါ့တူတော်မောင်ရဲ့ ကံကြမ္မာကြိုးမျှင်ကို ခံစားမိတယ်။ သူ နောက်ဆုံးတော့ တက်လှမ်းလာနိုင်ခဲ့ပြီလား”
“ဟုတ်တယ်။ သူက အစ်ကိုကြီးနဲ့ ဂိုဏ်းချုပ်ဝမ်ထျန်းတို့ရဲ့ ခြေရာအတိုင်းလိုက်ပြီး အတိုင်းအတာမဲ့ဧကရာဇ် တစ်ဦး ဖြစ်လာချင်တာလေ။ ဒါကြောင့် သူက သူ့ရဲ့စိတ်ဆန္ဒကို အထွတ်အထိပ် မဟာဧကရာဇ်အဆင့်အထိ မြှင့်တင်ဖို့ သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးခဲ့တယ်။ အဲဒါပြီးသွားတာနဲ့ နောက်ဆုံးတိုက်ပွဲက သူ့အတွက် လွယ်ကူသွားခဲ့တာပဲ”
“အို … ဒါဆို သူက တတိယမြောက် အတိုင်းအတာမဲ့ဧကရာဇ်ပေါ့။ သူ့ရဲ့ဆုလာဘ်က ငါ့အဖေရဲ့ ဆုလာဘ်လို သာမန်ပဲလား သိချင်မိတယ်” ဝမ်ဝေ့က မေးလိုက်သည်။
သူနှင့်မတူဘဲ သူ့ဖခင်က ကောင်းကင်ဘုံအဆင့် ကံကောင်းမှုကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။
“သူက စတုတ္ထမြောက်ပါ။ ပြီးတော့ ဟုတ်ပါတယ်။ သူလည်း ကောင်းကင်ဘုံအဆင့် ကံကောင်းမှုကို ရခဲ့တယ်”
“ဟွင်သွမ်းစကြဝဠာထဲက တခြားတစ်ယောက်ယောက်လည်း အဲဒီလို လုပ်ခဲ့သေးတာလား။ ကောင်းပြီလေ။ အဲဒါက အဓိပ္ပာယ်ရှိပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
သူက ပထမဆုံးဖြစ်ပြီး သူ့အောင်မြင်မှုက ထိုအရာကို လုပ်ဆောင်နိုင်ကြောင်း ကမ္ဘာကြီးကို သက်သေပြခဲ့ခြင်း ဖြစ်၏။ ယခုအခါ အခြားသူများကလည်း သူ့လုပ်ဆောင်ချက်များကို အတုယူရန် ကြိုးပမ်းကြပေလိမ့်မည်။
“သူ့ရဲ့ ဘွဲ့အမည်က ဘာလဲ”
“ဟွင်သွမ်းကြိုးကိုင်သူဧကရာဇ်”
“ဟွင်သွမ်း ဟုတ်လား။ မဟာဟွင်သွမ်းကို ပြောတာလား”
“ဟုတ်တယ်။ ပြီးတော့ တားမြစ်ခံစစ်ဆေးမှုကိုလည်း ကျော်ဖြတ်နိုင်ခဲ့တယ်”
“အခုတော့ ငါ စိတ်ဝင်စားသွားပြီ” ဝမ်ဝေ့က ဆိုသည်။
“ကြားရသလောက်တော့ နောက်ဆုံးအဆင့်မှာ သူက ကောင်းကင်ဘုံအဆင့် ပုံရိပ်ယောင်တစ်ခုရဲ့ အမဲလိုက်မှုကို ခံခဲ့ရတာ” ယန်းလီလင်းက ရှင်းပြသည်။
“အမဲလိုက်ခံရတာ ဟုတ်လား။ ပေါ်လာရုံတင် မဟုတ်ဘူးပေါ့”
“ဟုတ်တယ်။ အမဲလိုက်ခံရတာ။ သူက ပထမဆုံး တိုက်ခိုက်မှုအချို့ကို ကြံ့ကြံ့ခံဖို့ အစ်ကိုကြီးရဲ့ ကောင်းကင်ဘုံအဆင့် ရတနာကို အသုံးပြုခဲ့တာ”
“သူ့ရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်က ပြိုလဲမသွားဘူးလား။ ကောင်းပြီလေ။ သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးခဲ့တဲ့ ဧကရာဇ်အားလုံးနဲ့ဆိုရင် သူက အထွတ်အထိပ်အဆင့်မှာ ရှိနေသရွေ့ အဲဒီရတနာကို သုံးပြီး ရှင်သန်နိုင်သင့်ပါတယ်”
“အတိအကျပဲ။ ဒါပေမဲ့ သူ ရှင်သန်ခဲ့တဲ့ပုံစံက အဲဒီလိုမျိုး မဟုတ်ဘူး။ အစ်ကိုကြီးရဲ့ အစီအရင်အဖျက်ကောင်ကို မှတ်မိလား။ သူက အဲဒါကို ပြုပြင်မွမ်းမံပြီး ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ ယန္တရားငယ်တွေဆီ ပျံ့နှံ့စေခဲ့ပြီး သူတို့ရဲ့စွမ်းအားတွေကို တိတ်တဆိတ် ခိုးယူခဲ့တာ။
ပြီးတော့ သူက ရန်သူကို သင့်တော်တဲ့နေရာဆီ ဆွဲဆောင်ပြီး ပုံရိပ်ယောင်ကို စည်းပိတ်ဖို့ သူတို့ရဲ့ စွမ်းအားအားလုံးကို အသုံးပြုခဲ့တယ်”
“ဒါက တော်တော့်ကို ထက်မြက်တာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
စစ်ဆေးမှုကို ကျော်ဖြတ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကနဦးအန္တရာယ်ကို ကျော်လွှားရန် ရရှိနိုင်သော အရင်းအမြစ်အားလုံးကို အသုံးပြုခြင်းဖြစ်ပြီး နောက်ဆုံးနှင့် အန္တရာယ်အရှိဆုံးအဆင့်တွင် ရှင်သန်ရန်အတွက် လျင်မြန်သောတွေးခေါ်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အသုံးပြုခြင်း ဖြစ်၏။
“သူ အခု ဘယ်မှာလဲ”
“သူက အခု လီမျိုးနွယ်စုရဲ့ အမြင့်ဆုံးရတနာ ဖြစ်နေပြီလေ” ယန်းလီလင်းက မျက်လုံးဝေ့ရင်း ပြောလိုက်သည်။
“သူ ကြီးပြင်းလာတဲ့အထိ အန္တရာယ်အားလုံးနဲ့ ဝေးဝေးမှာ ထားချင်နေကြတာ။ ကံကောင်းထောက်မစွာနဲ့ ဘိုးဘေးက ဝင်ရောက်စွက်ဖက်ခဲ့လို့။ အခုဆို သူက ဧကရာဇ်တားမြစ်တိုက်ခိုက်ရေးအဆင့်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ စမ်းသပ်ချက်တစ်ခုထဲမှာ ရှိနေလောက်ပြီ”
“ငါက သူ့ကို အလိုလိုက်မယ်လို့ အမြဲပြောခဲ့ပေမဲ့ သူက အခု ကြီးပြင်းလာခဲ့ပြီ … ငါလည်း သူ့ကို တစ်ခါမှ မတွေ့ဖူးသေးဘူး” ဝမ်ဝေ့က မိမိကိုယ်မိမိ သက်ပြင်းချလိုက်သည်။
“သူက အစ်ကိုကြီးရဲ့ ဒဏ္ဍာရီအကြောင်း ကြားပြီး ကြီးပြင်းလာခဲ့တာမလို့ အစ်ကိုကြီးကို အမြဲတမ်း အားကျနေခဲ့တာ။ ဒါကြောင့် သူ စိတ်ထဲ သိပ်ထားမှာမဟုတ်ပါဘူး”
“အဲဒီလိုဆိုရင်တောင်မှပေါ့” ဝမ်ဝေ့အနေနှင့် သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြသည့်အခါ သူ၏တူတော်မောင်နှင့်အတူ အချိန်ပိုပေးရန် ဆုံးဖြတ်လိုက်သည်။
သူ သိချင်နေသည့် အရာတစ်ခုမှာ သူ့တူ၏ မိခင်ဖြစ်သူ စုအိုက်အကြောင်း ဖြစ်၏။ သို့သော် ဝမ်ဝေ့က မမေးဘဲ မိမိဘာသာသာ စစ်ဆေးကြည့်လိုက်သည်။
သူမသည် သူနှင့်အတူ တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး လီမျိုးနွယ်စုက သူမအပေါ် အလွန်ဂရုစိုက်နေကြသည်။ သူက သူမထံတွင် ဧကရာဇ်ကြမ္မာတစ်ခုကိုပင် ထောက်လှမ်းမိခဲ့ရာ မျိုးနွယ်စုက သူမကို ဧကရာဇ်လမ်းစဉ်သို့ ပြောင်းလဲရန်အတွက် လဲလှယ်ရေးစာရင်းကို အသုံးပြုရန် စီစဉ်နေပုံရသည်။
သူမက ကြီးမားတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်တယ်
ဝမ်ဝေ့က တွေးမိလိုက်သည်။ ဧကရာဇ်အားလုံးက သူ့တူဖြစ်သူ လီရှင်းဝေကို ပံ့ပိုးပေးခဲ့ကြစဉ် သူက မိခင်ဝမ်းထဲတွင် ရှိနေသေးသဖြင့် သူတို့၏စွမ်းအားအချို့က စိမ့်ထွက်သွားခဲ့ခြင်း သို့မဟုတ် စုအိုက်ကို ကူညီပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူမက ဧကရာဇ်တစ်ဦးဖြစ်လာပြီး ထိုစိမ့်ထွက်သွားသော စွမ်းအားတွေကို အသုံးပြုနိုင်သရွေ့ သူမသည် လျှော့တွက်လို့မရသည့် အင်အားတစ်ခု ဖြစ်လာလိမ့်မည်။
“ချိုက်စုန့် … မင်းရော ဘယ်လိုလဲ”
“အဆင်ပြေပါတယ်။ ကျွန်မ ရုပ်သေးရုပ်တွေ အများကြီး တည်ဆောက်ထားတယ်”
“ဒါပဲလား။ အသစ်အဆန်း ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ ဘာမှမရှိဘူးလား”
“ဘယ်လိုအရာမျိုးလဲ”
“ငါလည်း မသိဘူးလေ။ ရှုခင်းအသစ်တွေ၊ သူငယ်ချင်းအသစ်တွေ ဒါမှမဟုတ် ချစ်ရတဲ့သူမျိုးပေါ့”
“ခေါင်းဆောင်ပြောတဲ့အရာတွေထဲက ဘယ်တစ်ခုမှ ရုပ်သေးရုပ်တွေ တည်ဆောက်ရတာလောက် စိတ်ဝင်စားဖို့မကောင်းဘူး” ချိုက်စုန့်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားခဲ့သည်။
“ဒါပေမဲ့ ရုပ်သေးရုပ်တွေ တည်ဆောက်ဖို့ နည်းလမ်းအသစ်တွေကို သင်ပေးခဲ့တဲ့ ရင်းနှီးရတဲ့ လူတွေအများကြီးနဲ့တော့ တွေ့ခဲ့ပါတယ်”
“မင်းလိုမျိုး အတတ်ပညာတစ်ခုအပေါ် စိတ်တူကိုယ်တူ နှစ်မြှုပ်ထားနိုင်စွမ်း ငါ့မှာ ရှိစေချင်မိသား” ဝမ်ဝေ့က ခေါင်းခါလိုက်သည်။
“ကောင်းပြီလေ။ မကြာသေးခင်က မင်း ဖန်တီးခဲ့တဲ့ အကောင်းဆုံး ရုပ်သေးရုပ်က ဘာလဲ”
“ကျွန်မကို လုပ်ခိုင်းထားတဲ့ ကိုယ်ပိုင်ပုံတူပွား ရုပ်သေးရုပ်တွေအတွက် ကျွန်မမှာ အကြံတချို့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ စံပြအဆင့်ကို မရောက်မချင်း အဲဒါတွေနဲ့ပတ်သက်ပြီး ထုတ်မပြောဖို့ ပြောထားတယ်မဟုတ်လား”
“ဟုတ်တာပေါ့။ ဒါကြောင့် မင်း ဘာမှ ပြောစရာမလိုပါဘူး” ဝမ်ဝေ့က လျင်မြန်စွာ ပြောလိုက်သည်။
သူမက ကျင့်ကြံရေးလောကဆီသို့ စကိုင်းနက်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုကို သယ်ဆောင်လာပေးမည့် သူ့လက်မှတ် ဖြစ်သည်။
“မင်းရဲ့အတွေးအမြင်တွေ ဒါမှမဟုတ် ဘယ်ပုံကြမ်းကိုမဆို စိတ်ထဲမှာပဲ နက်နက်ရှိုင်းရှိုင်း သိမ်းဆည်းထားပြီး ဘာကိုမှ ချမရေးနဲ့”
“ကျွန်မ သိပါတယ်” ချိုက်စုန့်က ခေါင်းညိတ်လိုက်သည်။
ဝမ်ဝေ့ စိတ်သက်သာရာရသွားခဲ့သည်။
ဤမိန်းကလေးက အနည်းငယ် ရိုးအပုံရသော်လည်း အားကိုးထိုက်သူဖြစ်ကြောင်း သိသည်။
“မင်းရဲ့ တာအိုသက်သေပြရတနာက တော်တော့်ကို ထူးခြားတဲ့ ရုပ်သေးရုပ်တစ်ခုလို့ ကြားမိတယ်”
ချိုက်စုန့်၏ မျက်လုံးများ တောက်ပသွားလေသည်။ သူမသည် မိမိကိုယ်မိမိ ပုံတူပွားထားသည့် ပုံစံရှိသော လူသားသဏ္ဌာန် ရုပ်သေးရုပ်တစ်ခုကို ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။
“ဒါက ကျွန်မရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုပဲ”
“နင်က နင့်ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သုံးထားတာလား” သုံ့လီဖန်းက မေးလိုက်သည်။
“ကျွန်မရဲ့ အသွေးအသားက ကျွန်မနဲ့ အနီးစပ်ဆုံးအရာဆိုတော့ ကျွန်မရဲ့ ဝိညာဉ်နဲ့ တာအိုအပေါ် ဆက်နွှယ်မှုအရှိဆုံး ကုန်ကြမ်းပစ္စည်းပဲလေ” ချိုက်စုန့်က ဆိုသည်။
“ဒါကြောင့် ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ပုံသွင်းခဲ့ပြီး ရုပ်သေးရုပ်အတွက် ကုန်ကြမ်းအဖြစ် အသုံးပြုဖို့ ဖယ်ထုတ်ခဲ့တာ”
“အမြုတေကရော ဘယ်လိုလဲ။ အဲဒါကလည်း တော်တော့်ကို ထူးခြားပုံရတယ်” ယန်းလီလင်းက မေးလိုက်သည်။
အခန်း (၁၆၂၄) : အိပ်မက်လောက၏ ပြန်လည်ဆန်းသစ်လာမှုလား
“ကျွန်မက အဲဒါကို အသေးစားအမြုတေ သန်းပေါင်းများစွာ ပေါင်းစပ်ပြီး ဖန်တီးထားတာ… အဲဒီအမြုတေ တစ်ခုချင်းစီကလည်း အလုပ်လုပ်နိုင်တဲ့ ရုပ်သေးရုပ်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်တယ်” ချိုက်စုန့်က ရှင်းပြလာသည်။
“ဒါဆို နင်က ငါ့လိုပဲ။ တစ်ကိုယ်တော် တပ်မတော်ကြီးပေါ့” သုံ့လီဖန်းက မှတ်ချက်ပေးလိုက်သည်။
“ဒါက အနည်းဆုံးကိုပဲ သုံးထားတာပါ” ချိုက်စုန့်က ပြန်လည်ဖြေကြားသည်။
“အမြုတေက အဓိကအားနည်းချက်ဆိုတာကို လူတိုင်း သိကြတယ်လေ။ ဒါပေမဲ့ ဒီလိုပုံစံမျိုးကျတော့ မတူညီတဲ့ အမြုတေသန်းပေါင်းများစွာကို ရင်ဆိုင်ရသလို ဖြစ်နေမှာ။
ပြီးတော့ တစ်ခုတည်းက ဆက်ပြီး အလုပ်လုပ်နေသရွေ့ ရုပ်သေးရုပ်ကလည်း ဆက်ပြီး အသက်ဝင်နေဦးမှာပဲ”
“ဒါပေမဲ့ ဒါက အကုန်အစင် မဟုတ်သေးဘူးမလား။ မင်း ငါ့ရဲ့ ဝိညာဉ်အမှုန်အမွှားကျင့်စဉ်ကို သုံးထားတာ မြင်လိုက်တယ်”
“ဟုတ်တယ်။ အမြုတေရဲ့ နောက်ထပ် အဓိက ပုံစံတစ်ခုကတော့ ကျွန်မ ရှင်သန်ဖို့အတွက်ပဲ” ချိုက်စုန့်က ဆိုသည်။
“အရေးပေါ်အခြေအနေမျိုးမှာ သူတို့အားလုံးက မတူညီတဲ့ လမ်းကြောင်းတွေဆီ ပျံသန်းသွားကြပြီး ကျွန်မရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုကို ဘေးကင်းရာဆီ သယ်ဆောင်သွားဖို့ ကြိုးစားကြလိမ့်မယ်”
“အဲဒီလိုဆိုရင် နင့်မှာ ရွေးချယ်စရာတွေ ရှိတာပဲ။ သူတို့ကို မဟာယန္တရားတွေထဲ ထွက်ပြေးသွားဖို့ လုပ်ဆောင်ချက် ထည့်ထားလို့ရတယ်။ အဲဒါက သူတို့ ရှင်သန်နိုင်ခြေကို ပိုပြီး မြင့်တက်စေလိမ့်မယ်” ယန်းလီလင်းက မှတ်ချက်ပေးလာသည်။
“အောင်မြင်နိုင်ခြေ ပိုများဖို့အတွက် ကံဆန့်ကျင်ရေး ဒါမှမဟုတ် ဂမ္ဘီရဆန့်ကျင်ရေး နည်းလမ်းကောင်းတွေလည်း လိုအပ်လိမ့်မယ်” သုံ့လီဖန်းက ဖြည့်စွက်ပြောလိုက်သည်။
“ကျွန်မ အဲဒီအတွေးအမြင်တွေ အားလုံးကို ထည့်သွင်းစဉ်းစားထားပါတယ်” ချိုက်စုန့်က ရှင်းပြသည်။
“မင်းက လွတ်မြောက်ခြင်း အကြွင်းမဲ့စွမ်းရည်ကို အဲဒီအသေးစားရုပ်သေးရုပ်တွေထဲ ထုဆစ်ဖို့ ကြိုးစားကြည့်လို့ရတယ်” ဝမ်ဝေ့က အကြံပြုလိုက်သည်။
“မင်း ဆယ်ခုမြောက် ကောင်းကင်ဘုံ (၁၀၀ ရာခိုင်နှုန်း) ကို မရောက်မချင်း အောင်မြင်ဖို့ မမျှော်လင့်ထားပေမဲ့ အဲဒါက မင်းရဲ့ အနာဂတ် ရှေးဦးမူလလမ်းစဉ်အတွက် အံ့ဩစရာကောင်းလောက်အောင် အထောက်အကူပြုလိမ့်မယ်”
“ဒါက အတွေးအမြင်ကောင်းပဲ” ချိုက်စုန့်က ခေါင်းညိတ်လိုက်သည်။ သူမသည် ဝမ်ဝေ့နှင့် စကားပြောရသည်ကို သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် သူက သူမ၏ ရုပ်သေးအတတ်ပညာတွင် ဆန်းသစ်တီထွင်မှုများ ပြုလုပ်နိုင်ရန် အမြဲတမ်း စိတ်ကူးဉာဏ် ပေးနိုင်သောကြောင့် ဖြစ်၏။
အဖွဲ့သည် ချိုက်စုန့်ကို အတွေးအမြင်များ မျှဝေပေးရင်း ရုပ်သေးရုပ်များအကြောင်း မိနစ်အနည်းငယ်ခန့် ဆွေးနွေးခဲ့ကြသည်။
အချိန်အတန်ကြာသော် ဝမ်ဝေ့သည် တိတ်ဆိတ်နေသော ကျွင်းမုန့်ယောင်ကို သတိပြုမိကာ စိတ်ပူသွားခဲ့သည်။
“မင်း ဘာဖြစ်နေတာလဲ။ ပြီးတော့ အဆင်ပြေပါတယ်လို့ မပြောနဲ့ဦး”
ကျွင်းမုန့်ယောင်က ခန္ဓာကိုယ်ကို နေမထိထိုင်မသာဖြင့် လှုပ်ရှားလိုက်သည်။ သူ့နှုတ်ခမ်းကို ဟလိုက် ပိတ်လိုက် လုပ်နေပြီးနောက် ဝိုင်ထံမှ သတ္တိများ ရရှိလိုသည့်အလား ခွက်ကို ကျိုက်ခနဲ မော့သောက်လိုက်သည်။
“ကျုပ် အမွေအနှစ်နေရာတစ်ခုကနေ အခုလေးတင်ပဲ ပြန်လာခဲ့တာ။ အဲဒါကို ဖန်တီးခဲ့တဲ့ ဝိညာဉ်အကြွင်းအကျန်က ကျုပ်ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ စကားတစ်ခွန်းကို ပြောခဲ့တယ်”
“ပြောပါဦး”
“သူက အခြားလက်နက်တွေရဲ့ ကြမ္မာက အခိုးခံခဲ့ရတယ် … ဒါပေမဲ့ သူတို့ရဲ့ အဆင့်အတန်းကို ပြန်လည်ရယူမဲ့ အချိန်က ရောက်ရှိလာပြီလို့ ပြောတယ်။ ဒါပေမဲ့ အဲဒီနေ့ကျရင် ကျုပ်အနေနဲ့ တစ်ဖက်ဖက်ကနေ ရွေးချယ်ရလိမ့်မယ်တဲ့”
“အခိုးခံရတဲ့ ကြမ္မာဟုတ်လား။ အဲဒါသာ အမှန်ဆိုရင် ဓားတွေနဲ့ ဓားမော့တွေက ဘာကြောင့် ဒီလောက်တောင် ကျော်ကြားမှုနဲ့ စွမ်းအားတွေ ရှိနေရလဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်” ယန်းလီလင်းက ဆန်းစစ်လိုက်သည်။
“ဒီဝိညာဉ်အကြွင်းအကျန်က မင်းနဲ့ ဂိုဏ်းထဲက အခြားဓားသမားတွေ … အထူးသဖြင့် ဘိုးဘေးတို့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတဲ့ပုံပဲ” သုံ့လီဖန်းက မှတ်ချက်ပေးလာသည်။
“ကျုပ်လည်း အဲဒီလိုပဲ တွေးခဲ့တာ။ ဒါပေမဲ့ အကျိုးအကြောင်းသင့် စဉ်းစားကြည့်ရင် အဓိပ္ပာယ်ရှိပါတယ်” ကျွင်းမုန့်ယောင်က ဖြည့်စွက်ပြောကြားသည်။
“ဘိုးဘေးရဲ့ ပင်ကိုယ်စရိုက်နဲ့ဆိုရင် သူမက ဓားသမားတွေကို သူတို့ရဲ့ ရာထူးနေရာ ဆုံးရှုံးခွင့်ပေးမှာ မဟုတ်ဘူး။ သူမတင် မကပါဘူး။ ဂုဏ်သိက္ခာနဲ့ ရည်မှန်းချက် အနည်းငယ်ရှိတဲ့ ဓားသမားအများစုကလည်း ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။
ဂိုဏ်းကလည်း နောက်ဆုံးမှာ သူမကို ပံ့ပိုးပေးလိမ့်မယ်။ ပြီးတော့ ကျုပ်မှာ ဘာမှ ကျန်ရှိတော့မှာ မဟုတ်ဘူး”
သုံ့လီဖန်းနှင့် ယန်းလီလင်းတို့က သူ့ကို စာနာသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပိုမိုသန်မာသော ယန်းအိုက်ကို ပံ့ပိုးပေးခြင်းက ဂိုဏ်းအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်သဖြင့် ကျွင်းမုန့်ယောင်၏ စိုးရိမ်ပူပန်မှုများက အခြေအမြစ် ရှိပေသည်။
သို့သော် သူ ရောက်ရှိနေသည့် အခြေအနေကို သတိပြုမိပြီး စောစောစီးစီး လက်လျှော့လိုက်ခြင်းက ကောင်းမွန်သောအရာ ဖြစ်နိုင်ပေလိမ့်မည်။
“မင်း စဉ်းစားတဲ့ပုံစံက ရိုးရှင်းလွန်းနေတယ်” ဝမ်ဝေ့က ဆိုလိုက်သည်။
“ဖျက်ဆီးခြင်းက တိုက်ခိုက်မှုစွမ်းရည် ဒါမှမဟုတ် ဖျက်ဆီးခြင်းအင်အား အမြင့်မားဆုံး တာအို ဖြစ်ရမှာဆိုပေမဲ့ အဲဒါက ပယ်ချခံခဲ့ရတယ်။ ကြမ္မာတစ်ခုတည်းနဲ့တင် ဟွင်သွမ်းစကြဝဠာရဲ့ အခြေခံစည်းမျဉ်းတစ်ခုကို ပြောင်းလဲပစ်ဖို့ လုံလောက်တယ်လို့ မင်း ထင်နေတာလား။
ဒီနေရာမှာ ပါဝင်ပတ်သက်နေတဲ့ အရာတွေက ငါတို့အားလုံးရဲ့ အဆင့်အတန်းထက် ကျော်လွန်နေလောက်ပြီ။ ဒါကလည်း အဲဒီအချက်အလက်တွေ အမှန်တရား ဖြစ်နေမယ်လို့ ယူဆထားတာနော်။
ဒါပေမဲ့ အဲဒါက အမှန်တရား ဖြစ်နေရင်တောင် အခြေအနေတွေက မင်းပြောသလို ရိုးရှင်းနေမှာ မဟုတ်ဘူး။ ဒီလို ကြီးမားတဲ့ အတိုင်းအတာရှိတဲ့ အရာတွေက ဂိုဏ်းအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်တယ်။ ဒါကြောင့် မရဘူး။ ဘိုးဘေးက မင်းထင်သလိုမျိုး အတိုင်းအဆမရှိတဲ့ ပံ့ပိုးမှုကို ရမှာ မဟုတ်ဘူး။
ဒါက နိုင်ငံရေး ရှုထောင့်ကနေ ကြည့်တာသက်သက်ပဲ ရှိသေးတယ်။ ပုဂ္ဂိုလ်ရေး ရှုထောင့်ကနေ ကြည့်ရင်တော့ အချို့လူတွေက သူတို့ရဲ့ တာအိုကို အဲဒီလိုအဆင့်အတန်းမျိုး ရှိစေချင်ကြလိမ့်မယ်။ အဲဒါက သူမရဲ့ ပံ့ပိုးမှုကို လျော့နည်းစေပြီး အခြားပြဿနာများစွာကို ဖြစ်ပေါ်စေလိမ့်မယ်။
ဒါပေမဲ့ အခြေအနေက အချင်းချင်း အပြန်အလှန် တိုက်ခိုက်ရမဲ့ အဆင့်အထိ ယိုယွင်းပျက်စီးသွားမယ်ဆိုရင် ကောင်စီက အဲဒါကို ရှေးရိုးနည်းလမ်းအတိုင်း ဖြေရှင်းဖို့ ဆုံးဖြတ်လိမ့်မယ်။ အသန်မာဆုံးလူက ဂိုဏ်းရဲ့ ပံ့ပိုးမှုကို ရရှိမယ်ဆိုတာပဲ”
“ခေါင်းဆောင်ရဲ့ စကားတွေက ကျုပ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေလုနီးပါး ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးအပိုင်းမတိုင်ခင်အထိပဲ … ” ကျွင်းမုန့်ယောင်က စိတ်ပျက်လက်ပျက် အပြုံးဖြင့် ပြောလိုက်သည်။
“မင်းမှာ ဘိုးဘေးကို ရင်ဆိုင်ဖို့ ယုံကြည်ချက်တောင် မရှိဘူးဆိုရင် လက်နက်တာအိုရဲ့ ကြမ္မာနဲ့ပတ်သက်တဲ့ စစ်ပွဲတွေမှာ မင်း ဘာလို့ ပါဝင်ပတ်သက်နေချင်ရတာလဲ” သုံ့လီဖန်းက မေးလိုက်သည်။
“သူမ ပြောတာ မှန်တယ်။ အဲဒီလို ရန်သူမျိုးကို ရင်ဆိုင်ရမဲ့ အတွေးတစ်ခုတည်းနဲ့တင် မင်းရဲ့ စိတ်နှလုံးက တုန်လှုပ်နေမယ်ဆိုရင် လှံလမ်းစဉ်ရဲ့ အနာဂတ်ကို စဉ်းစားနေဖို့ မင်းမှာ အကြောင်းပြချက် မရှိဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကျုပ်ရဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု လိုအပ်နေသေးပုံရတယ်” ကျွင်းမုန့်ယောင်က ပြောလိုက်စဉ် သူ၏ မျက်လုံးများထဲတွင် ထက်မြက်လှသော လှံအရှိန်အဝါတစ်ခု ဖျတ်ခနဲ လက်သွားခဲ့ပြီးမှ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
သူသည် မကြာသေးခင်က ကျင့်ကြံရေးအဆင့် လျင်မြန်စွာ မြင့်တက်လာခြင်းအပေါ် အပြစ်တင်လိုက်မိသည်။
“ဒီလိုမှပေါ့” ဝမ်ဝေ့က ပြုံးလိုက်သည်။ သူက အသိအမှတ်ပြုမှုကို ပြသရန် ခွက်ကို မြှောက်လိုက်သည်။
ကျွင်းမုန့်ယောင်က သူ၏ ချီးကျူးမှုကို လက်ခံလိုက်သည်။
“ဒီလို ကြီးကျယ်ခမ်းနားလွန်းတဲ့ အကြောင်းအရာတွေကို မပြောဘဲနေကြစို့” ယန်းလီလင်းက ဆိုသည်။
“ညီမ အစ်ကိုကြီးရဲ့ လက်ချောင်းက လက်စွပ်ကို သတိထားမိတယ်။ နောက်ဆုံးတော့ အောင်မြင်သွားပြီလား”
“ဟုတ်တာပေါ့” ဝမ်ဝေ့က သူ၏ လက်စွပ်ကို ကြည့်ရင်း ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလိုက်မိသည်။
“သူမကို နှစ်ပေါင်းများစွာ ဆွဲဆောင်ပြီးတဲ့နောက် နောက်ဆုံးတော့ ငါ့ရဲ့ အဆင့်အတန်းကို ခင်ပွန်းလောင်းအဖြစ် မြှင့်တင်နိုင်ခဲ့ပြီ”
“ဂုဏ်ယူပါတယ်” ယန်းလီလင်းသည် ဝမ်ဝေ့ အချစ်ရေး၏ ထူးဆန်းသော သဘာဝကို အမှန်တကယ် သိရှိနားလည်သည့် လူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူတို့၏ ဇာတ်လမ်းက နောက်ဆုံးမှာ ပျော်ရွှင်စရာ အဆုံးသတ်တစ်ခု ရရှိတော့မည်ဖြစ်၍ သူမအနေနှင့် ဝမ်းသာနေမိသည်။
သူမအနေဖြင့် ထိုအရာကို မျက်မြင်မတွေ့ခဲ့ရခြင်း သို့မဟုတ် သူ၏ အောင်မြင်မှုအတွက် ပံ့ပိုးပေးနိုင်သည့် အချက်တစ်ချက် မဖြစ်ခဲ့ရခြင်းက နှမြောစရာပင် ဖြစ်သည်။
“ဟုတ်တယ်။ ဒါက ဝမ်းသာစရာ သတင်းကောင်းပဲ” သုံ့လီဖန်းက ခေါင်းညိတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့သည် အံ့ဖွယ်ပလ္လင်အဆင့်ရှိ အားနည်းသော ကျင့်ကြံသူများ ဖြစ်ခဲ့ကြစဉ် ဝမ်ဝေ့က သူမကို ငြင်းပယ်ခဲ့ပြီး သူ မည်ကဲ့သို့သော အမျိုးသမီးမျိုးကို လက်တွဲဖော်အဖြစ် ရှာဖွေနေကြောင်း ရှင်းပြခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
ဤကိစ္စသည် အချိန်အတော်ကြာခဲ့ပြီဖြစ်သလို အရာအားလုံးကလည်း ဖြစ်ပျက်ခဲ့ပြီးပြီ ဖြစ်၏။ သူတို့၏ ကံကြမ္မာက ကွဲကွာသွားခဲ့ကာ အသွင်ပြောင်းလဲသွားခဲ့ပြီး ပြန်လည်ရစ်ပတ်နှောင်ဖွဲ့ခဲ့သည်။
ထိုနေ့ကို ပြန်ပြောင်းကြည့်ရင်း ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် သူမ ဝမ်းသာမိသည်။ မည်သည့် ဝေဝါးမှုကိုမျှ ချန်လှပ်မထားခဲ့သော သူ၏ ပြတ်သားလှသည့် ငြင်းပယ်မှုက သူမအား ကိုယ်ပိုင်ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်စေခဲ့သည်။
ထို့အပြင် သူမအနေနှင့် ဘဝ၏ အချစ်စစ်နှင့် တွေ့ဆုံခဲ့သည့်အခါ တစ်ဖန်ပြန်လည် ချစ်မြတ်နိုးနိုင်ရန် အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့သည်။
“မင်္ဂလာဆောင်က ဘယ်တော့လဲ”
“ငါတို့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ကြီးကျယ်ခမ်းနားလိမ့်မယ်”
“ဒါက လူတိုင်း သွေးစွန်းရတော့မယ်လို့ ဆိုလိုတာပဲ” သုံ့လီဖန်းက တိုးတိုးလေး ညည်းတွားလိုက်သည်။
လူအများစုက ကြီးကျယ်ခမ်းနားသော အောင်ပွဲခံပွဲများကို ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနှင့် အဆက်အသွယ်များကို ပြသသည့် ပြိုင်ပွဲတစ်ခုအဖြစ် မည်သို့ ပြောင်းလဲပစ်တတ်ကြောင်း သူမ ဖတ်ဖူးသည်။
“ရှင် ကျွန်မတို့ကို စောစောစီးစီး ပြောပြတာ တော်သေးတာပေါ့။ အခုဆို ကျွန်မ ထူးခြားတဲ့ အရာတစ်ခုခုကို စတင်ပြင်ဆင်လို့ ရပြီ”
သူမအနေဖြင့် စစ်မှန်သော အဖိုးတန်ရတနာတစ်ခုကို ယူဆောင်လာနိုင်မည်ဟု မထင်သဖြင့် အထူးလက်ဆောင်တစ်ခုခုဖြင့်သာ ကျေနပ်ရပေလိမ့်မည်။
“ညီမ စဉ်းစားလေလေ ထာဝရအချစ်ရဲ့ အထိမ်းအမှတ်အနေနဲ့ လက်စွပ်တွေကို အသုံးပြုတဲ့ အတွေးအမြင်ကို ပိုပြီး သဘောကျမိလေလေပဲ” ယန်းလီလင်းက မှတ်ချက်ပေးလိုက်သည်။
“ဒါက တကယ်ကို လှပတဲ့ အရာတစ်ခုပဲ”
ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်ကွေးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ အတိတ်ဘဝတွင် စိန်နှင့် မင်္ဂလာဆောင် လုပ်ငန်းစုကြီးက ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် မင်္ဂလာလက်စွပ်များ၏ အယူအဆကို မည်သို့ ပျံ့နှံ့စေခဲ့ကြောင်း သူ သတိရသွားသည်။
ငါ ကျင့်ကြံရေးလောကမှာလည်း အဲဒီလိုမျိုး လုပ်ဆောင်နိုင်မလား …
ထိုအရာကို ခေတ္တမျှ စဉ်းစားပြီးနောက် သူက တိတ်တဆိတ် ခေါင်းခါလိုက်သည်။
ကမ္ဘာမြေပေါ်တွင် လူသားများသည် ထုတ်လုပ်မှု နည်းလမ်းများကို မထိန်းချုပ်နိုင်ကြသဖြင့် လက်စွပ်များကို ဝယ်ယူခဲ့ကြရသည်။ သို့သော် ကျင့်ကြံရေးလောကတွင် အနိမ့်ဆုံးကျင့်ကြံသူများပင်လျှင် သူတို့၏ ကိုယ်ပိုင်လက်စွပ်ကို စနစ်တကျ ပြုလုပ်နိုင်ကြသည်။
ငါတို့ရဲ့ မင်္ဂလာအခမ်းအနားမှာ လက်စွပ်လဲလှယ်ခြင်းကို ထည့်သွင်းနိုင်လောက်တယ်။ အဲဒါက ခေတ်ရေစီးကြောင်းအသစ်တစ်ခုကို စတင်နိုင်သလို ငါတို့အတွက် ချီကံကောင်းမှုနဲ့ ကြမ္မာအချို့ကိုလည်း ပေးစွမ်းနိုင်လိမ့်မယ်
ဝမ်ဝေ့က ဆန်းစစ်လိုက်သည်။
သူ၏ မူလအစီအစဉ်မှာ မိုးမြေမင်္ဂလာပွဲတစ်ခု ပြုလုပ်ရန် ဖြစ်သဖြင့် သူတို့သာ အောင်မြင်အောင် လုပ်ဆောင်နိုင်လျှင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ယဉ်ကျေးမှု သို့မဟုတ် ခေတ်ပြိုင်စိတ်ဓာတ်ကို လွှမ်းမိုးနိုင်မည့် အခွင့်အရေးက ပိုမိုများပြားလိမ့်မည်။
ထို့ကြောင့် ဝမ်ဝေ့က ထိုအရာကို သူ့ဇနီးလောင်းလေးအား အကြံပြုရန် ဆုံးဖြတ်လိုက်သည်။
အဖွဲ့သည် ချိုက်စုန့်၊ သုံ့လီဖန်းနှင့် ကျွင်းမုန့်ယောင်တို့ ပြန်ရမည့်အချိန် ရောက်သည်အထိ နာရီပေါင်းများစွာ စကားပြောရင်း ဝိုင်သောက်ခဲ့ကြသည်။
သူတို့မထွက်ခွာမီ ဝမ်ဝေ့က သုံ့လီဖန်းကို တားလိုက်သည်။
“ငါ မင်းကို အိပ်မက်လောကကို တစ်ဖန်ပြန်ပြီး တည်ဆောက်စေချင်တယ်။ ပြီးတော့ အဲဒါကို တစ်ကမ္ဘာလုံးနဲ့ ကိုက်ညီအောင် ပုံစံဆွဲပေးပါ”
သုံ့လီဖန်းအနေနှင့် ဤတောင်းဆိုမှုကြောင့် အံ့ဩသွားခဲ့သည်။
“လေဟာနယ်ပုံရိပ်ယောင်နယ်မြေကရော ဘယ်လိုလုပ်မလဲ”
“အဲဒါကြောင့်ပဲ ငါ မင်းကို အဲဒါကို တည်ဆောက်စေချင်တာ”
ဝမ်ဝေ့က ပြန်လည်ဖြေကြားသည်။
“မာလီချိုးက ပျားတစ်ကောင်လို တဝီဝီနဲ့ လှည့်ပတ်နေတာကို ငါ သဘောမကျဘူး။ ဒါကြောင့် သူမက ငါ့ဆီကနေ ထိန်းချုပ်မှုကို အောင်မြင်စွာ လုယူသွားတဲ့ အခြေအနေမျိုး ဒါမှမတ် ငါက အဲဒါကို သူမဆီ ရောင်းချလိုက်ရတဲ့ အခြေအနေမျိုးမှာ အိပ်မက်လောကကို အစားထိုးပစ္စည်းအနေနဲ့ အသုံးပြုနိုင်လိမ့်မယ်”
စနစ်တကျ ဈေးကွက်မြှင့်တင်ခြင်းဖြင့် ဝမ်ဝေ့သည် လေဟာနယ်ပုံရိပ်ယောင်နယ်မြေ၏ အသုံးပြုသူ အများအပြားကို ဖမ်းစားနိုင်မည်ဖြစ်ပြီး ထိုအရာကို အဓိကကွန်ရက်ယန္တရားအဖြစ် အစားထိုးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သူ့ယုံကြည်ချက်က အကြောင်းပြချက်များစွာကြောင့် ဖြစ်ပြီး အဓိကအားဖြင့် ထိုယန္တရားနှစ်ခု၏ အခြေခံပုံစံများကြောင့် ဖြစ်သည်။
စစ်မှန်သော လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို မူလက သေမျိုးများထံမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ပုံစံရေးဆွဲထားခြင်း ဖြစ်၏။
ဝမ်ဝေ့အနေဖြင့် အိပ်မက်လောကအတွက် ထိုကဲ့သို့မျိုး လုပ်ဆောင်မည် မဟုတ်ဟု မပြောနိုင်သော်လည်း ယန္တရားနှစ်ခုလုံးနှင့် ဆက်ဆံသည့် ပုံစံချင်းကတော့ ကွဲပြားသည်။
အိပ်မက်လောကကို သေမျိုးများနှင့် ကျင့်ကြံသူများကြား နားလည်မှု ပိုမိုလွယ်ကူစေရန် ဖန်တီးထားခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် မာလီချိုး၏ ဖန်တီးမှုက ထိုနှစ်ခုကို ခွဲခြားထားပြီး သေမျိုးများကို တန်းတူဂရုစိုက်မှုနှင့် အာရုံစိုက်မှုမျိုး မပေးခဲ့ပေ။
ထို့အပြင် အိပ်မက်လောကတွင် လေဟာနယ်ပုံရိပ်ယောင်နယ်မြေ၌ မရှိသော လုပ်ဆောင်ချက်များ ရှိသည်။
ဥပမာအားဖြင့် ကျင့်ကြံရေးလောက၏ ပထမဆုံးသော စိတ်ပညာကုထုံးပညာရှင်ဖြစ်သည့် ရှင်းအာကဲ့သို့ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ကမ္ဘာမြေသို့ သွားရောက်လည်ပတ်ပြီးနောက် ဝမ်ဝေ့တွင် သေမျိုးများအတွက် အတွေ့အကြုံကို ပိုမိုမြှင့်တင်ပေးနိုင်မည့် အကြံတချို့ ရှိနေခဲ့ပြီး သူ့အိပ်မက်လောကကို ရွေးချယ်ရန် တိုက်တွန်းနိုင်သည်။