← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အပိုင်း ၁၉၁

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန် ကမ္ဘာငယ်လေးထဲသို့ အောင်မြင်စွာ ရောက်ရှိသွားပြီးနောက် သူ၏ ရှေ့မှ ရှုခင်းများကို ကြည့်ကာ စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်မိသည်။

မိုးမှောင်ကျနေသည့်အလား မည်းမှောင်နေသော ကောင်းကင်ကြီးသည် မုန်တိုင်းတိမ်တိုက်များ ဖုံးလွှမ်းနေသကဲ့သို့ မွန်းကြပ်ဖွယ် ကောင်းလှ၏။ အဆုံးအစမဲ့ ကျယ်ပြောလှသော ခြောက်သွေ့အက်ကွဲနေသည့် မြေပြင်နှင့် ရှေ့တည့်တည့်ရှိ သစ်ပင်ခြောက်ကြီးများမှလွဲ၍ ဘာမှ မရှိချေ။ ပုံစံမှာ သေခြင်းနယ်မြေနှင့် အလားသဏ္ဍာန် တူညီနေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ နေ့ခင်းကြောင်တောင် မြူခိုးများ ဖုံးလွှမ်းနေသော သေခြင်းနယ်မြေနှင့် ယှဉ်လျှင် ဤရှေ့မှ သစ်ပင်ခြောက်တောအုပ်ကြီးတွင် ထူထပ်သော မြူခိုးများ မရှိခြင်းပင်။

လင်းချန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး တက်ကြွနေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ "အဲဒီ သွေးနက်မျိုးနွယ် ဂြိုဟ်သား ဘယ်ရောက်သွားပါလိမ့်။"

လင်းချန်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ရှေ့မှ မည်းမှောင်နေသော ကမ္ဘာကြီးကို လှမ်းကြည့်ကာ ပြောလိုက်၏။ "သေခြင်းရှင်ခြင်းနယ်ပယ် ဟုတ်လား... ဒါက တကယ့်ကို စိန်ခေါ်မှုကြီးပဲ။"

ထိုသို့ တွေးလိုက်ပြီးနောက် လင်းချန်.ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားလိုက်သည်။

ရွှေနီရောင် မိုးကြိုးလျှပ်စီးများသည် လင်းချန်၏ ခြေလှမ်းများတဝိုက်တွင် ရစ်ဝဲနေပြီး ၊ တောက်ပသော ရွှေရောင် မိုးကြိုးတန်းများက သူ့နောက်သို့ လိုက်ပါနေသကဲ့သို့ ထင်မှတ်နေရသည်။

**--**--**--**--**--**--**--**

တစ်နာရီခန့် ကြာပြီးနောက်... လင်းချန် ကမ္ဘာငယ်လေးအတွင်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်၏။

ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှ သေခြင်းနယ်မြေ အတိုင်းအတာသည် များစွာ ကျယ်ဝန်းခြင်း မရှိပေ။ နာရီဝက်ခန့် ပြေးလွှားပြီးနောက် ထွက်နိုင်ပေလိမ့်မည်။

သို့သော် လက်ရှိအချိန်၌ လင်းချန် တစ်နာရီကြာအောင် တည့်တည့်မတ်မတ် ရှေ့ဆက်သွားခဲ့သော်လည်း ရှုခင်းများမှာ ခြောက်သွေ့နေပြီး သက်ရှိများ ကင်းမဲ့နေဆဲပင်။ မကောင်းသည့် ခံစားချက်ကလည်း အလွန် ပြင်းထန်လှသည်။

လင်းချန် စိတ်ထဲတွင် တုန်လှုပ်စွာ တွေးလိုက်မိသည်။ 'ဒီကမ္ဘာငယ်လေး တစ်ခုလုံးက သေခြင်းနယ်မြေအဖြစ် ပြောင်းလဲသွားတာများလား။'

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းချန် လက်ကို အနည်းငယ် မြှောက်လိုက်ရာ ဝိုင်းစက်နေသော နည်းဗျူဟာမှန်ပြင် ရှစ်ခု ပေါ်လာပြီး သူ့ပတ်လည် အရပ်မျက်နှာအသီးသီးတွင် ဝဲပျံလိုက်ကြသည်။

နည်းဗျူဟာမှန်ပြင် ရှစ်ခု၏ မျက်နှာပြင်ပေါ်တွင် အရပ်ရှစ်မျက်နှာမှ မြင်ကွင်းများ ပေါ်လာပြီး သံသယဖြစ်ဖွယ် နေရာများကို အဆက်မပြတ် ပုံကြီးချဲ့ကာစစ်ဆေးနေကြသည်။

လင်းချန် သူ့ဘေးရှိ နည်းဗျူဟာမှန်ပြင်များပေါ်မှ မြင်ကွင်းများကို ကြည့်လိုက်ရာ အက်ကွဲနေသော မြေပြင် ၊ မရေမတွက်နိုင်သော သစ်ပင်ခြောက်များနှင့် ကျောက်တုံးကျောက်ဆောင်များကိုသာ တွေ့မြင်နေရဆဲ ဖြစ်သည်။

ကောင်းကင်လက်မှုပညာဌာန မှ ထိန်းချုပ်ထားသော နည်းဗျူဟာမှန်ပြင်များကြောင့် လင်းချန်သည် တင်ပျဉ်ခွေထိုင်ကာ လမ်းခရီးတွင် ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းခွင့် ရရှိလိုက်သည်။ ဤကဲ့သို့သော နေရာမျိုးတွင် သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေ၌ အမြဲရှိနေစေရန် သေချာစေရလေမည်။

လင်းချန် စိတ်ဝိညာဉ်စွမ်းအင် ပြန်ဖြည့်နေစဉ် ကျူးကော့မင်၏ အသံက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ "အရှင်မင်းကြီး... ထူးခြားမှု တစ်ခု ရှိနေပါတယ်။"

လင်းချန် မျက်လုံးဖွင့်လိုက်ရာ စနစ်၏ ဆက်သွယ်ရေး မျက်နှာပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး ကျူးကော့မင်၏ မျက်နှာကို မြင်လိုက်ရသည်။

လင်းချန် အသံထွက်ပြီး မပြောသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင် အသံက ကောင်းကင်လက်မှုပညာဌာန ခန်းမဆောင်အတွင်း၌ ပဲ့တင်ထပ်လာ၏။ "ဘယ်လို ထူးခြားမှုလဲ။"

ကျူးကော့မင်က အစီရင်ခံလိုက်သည်။ "အနောက်ဘက် လီတစ်ရာ အကွာလောက်မှာ လူသားတွေနဲ့ ဖုတ်ကောင်တွေ တိုက်ခိုက်နေကြပါတယ်။"

ထိုစကားကို ကြားသည်နှင့် လင်းချန် သက်ဆိုင်ရာ နည်းဗျူဟာမှန်ပြင်ကို ကြည့်လိုက်သည်။

မှန်ပြင်ပေါ်တွင် ပြသနေသော မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ လင်းချန်သည် အနောက်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလိုက်၏။

နည်းဗျူဟာမှန်ပြင်များကို ဟွာရှာအင်ပါယာ ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် လင်းချန် ရေထဲသို့ ထိုးဆင်းသွားသည့် ငါးတစ်ကောင်အလား လေထဲသို့ ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ကို ဘေးတွင် ကပ်လျက် တောင်အောက်သို့ ထိုးဆင်းလိုက်သည်။

မြေကြီးနှင့် ခေါင်းထိလုနီးပါး ဖြစ်တော့မည့်အချိန်တွင် လင်းချန် တစ်ကိုယ်လုံးကို ရုတ်တရက်ပြန်မတ်လိုက်ပြီး မြေပြင်ပေါ်သို့ ခြေချရပ်လိုက်၏။

"ဘုန်းးးး"

မြေကြီးနှင့် ရိုက်ခတ်မိသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ၊ အက်ကွဲနေသော မြေပြင်သည် စက်ဝိုင်းပုံသဏ္ဍာန် ပြိုကျသွားကာ အက်ကြောင်းများ ပတ်ဝန်းကျင်သို့ ဆက်လက် ပြန့်နှံ့သွားလေသည်။

"ဂျိန်း... ဂျိန်း..."

ရွှေနီရောင် မိုးကြိုးလျှပ်စီး စိတ်ဝိညာဉ်စွမ်းအင်များက လင်းချန်ကို ခေါင်းမှ ခြေအဆုံး ချက်ချင်း လွှမ်းခြုံသွားပြီး ခြေကို အားကုန် ဆောင့်နင်းလိုက်ရာ စက်ဝိုင်းပုံသဏ္ဍာန် ကျင်းကြီးသည် ပိုမို နက်ရှိုင်းစွာ ပြိုကျသွားသည်။

"ဝုန်းးးး"

ပြိုကျနေသော ကျင်းထဲမှ ရွှေနီရောင် လျှပ်စီးတန်းတစ်ခုသည် မြေစာများနှင့် အပျက်အစီးများ လွင့်စဉ်လျက် ရှေ့သို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွား၏။

လမ်းကြောင်းတွင် ပိတ်ဆို့နေသော သစ်ပင်ခြောက်များကိုပင် လင်းချန် ရှောင်တိမ်းခြင်း မရှိဘဲ တိုက်ရိုက် ဝင်တိုက်ကာ ဖြတ်ကျော်သွားသည်။

"ရွှီး... ရွှီး... ရွှီး..."

လင်းချန် နီးကပ်လာသည်နှင့် သစ်ပင်ခြောက်ကလည်း လှုပ်ရှားလာပြီး အကိုင်းအခက်များကို ဓားသွားများကဲ့သို့ အသုံးပြုကာ သူ့အား ထိုးစိုက်ရန် ကြိုးစားလာကြသည်။

သို့သော် ထိုအကိုင်းအခက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မိုးကြိုး စိတ်ဝိညာဉ်စွမ်းအင်ကို မဖောက်ထွင်းနိုင်ဘဲ ကျိုးပဲ့ပျက်စီးသွားကြသည်။

သစ်သားစများ နေရာအနှံ့ လွင့်စဉ်သွားပြီး လင်းချန်၏ လမ်းကြောင်းကို ပိတ်ဆို့နေသော သစ်ပင်ခြောက်များသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

လက်ရှိအချိန်၌ လင်းချန်ကို မည်သည့်အရာကမှ တားဆီးနိုင်ခြင်း မရှိနေချေ။

လင်းချန် အသည်းအသန် ပြေးလွှားနေစဉ် ကျူးကော့မင် တွေ့ရှိခဲ့သော တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲပင်။

**--**--**--**--**--**--**--**

ဖုတ်ကောင် ဒါဇင်ပေါင်းများစွာတို့က လူသားသုံးဦးကို အလွတ်မပေးတမ်း လိုက်လံတိုက်ခိုက်နေကြသည်။

ထိုလူသားသုံးဦးအနက် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးမှာ ကြီးမားသော ကျောက်ဓားကြီးကို ကိုင်ဆောင်ထားသည့် မုတ်ဆိတ်မွေးနှင့် ဗလတောင့်တောင့် လူကြီးတစ်ဦး ဖြစ်သည်။

လိုက်ပါလာသော ဖုတ်ကောင်တစ်ကောင် အနားကပ်လာတိုင်း သူ၏ ဓားကြီးဖြင့် ရိုက်ထုတ်ပစ်လိုက်သည်။

သူ့ရှေ့တွင် အသက် ၁၄ နှစ်အရွယ်ခန့် ရှိမည့် ကောင်လေးနှင့် ကောင်မလေး တစ်ယောက် ရှိပြီး သူတို့၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများနှင့် သွေးစက်များစွန်းထင်းနေသော်လည်း နောက်လှည့်မကြည့်ရဲဘဲ အသက်လုကာ ပြေးနေကြသည်။

ကောင်မလေး ကြောက်လန့်တကြား နောက်လှည့်ကြည့်လိုက်စဉ် မုတ်ဆိတ်မွေးနှင့်လူကြီးက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ပြေး... ရှေ့ကို ဆက်ပြေး ၊ နောက်လှည့်မကြည့်နဲ့ ၊ မြန်မြန်ပြေးကြ။"

ကောင်မလေးသည်လည်း လူကြီး၏ အမိန့်ကို နာခံပြီး ခေါင်းပြန်လှည့်ကာ ဆက်ပြေးသည်။ သူမ၏ ဖိနပ်တစ်ဖက်မှာမူ မည်သည့်အချိန်က ကျွတ်ကျန်ခဲ့မှန်း မသိတော့ချေ။

မုတ်ဆိတ်မွေးနှင့်လူကြီးနှင့် လူငယ်လေး နှစ်ယောက်လုံးတို့သည် အလွန် ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။ လက်ရာမြောက်သော ချုပ်လုပ်မှုမျိုး မရှိဘဲ ကြမ်းတမ်းသော ပိတ်စဖြင့် ပြုလုပ်ထားသည့် အင်္ကျီနှင့် ဘောင်းဘီများကို ဝတ်ဆင်ထားပုံရသည်။

သူတို့၏ အဝတ်အစားများမှာ ညစ်ပေနေသဖြင့် မူရင်းအရောင်ကိုပင် ခွဲခြား၍ မရနိုင်တော့ဘဲ သွေးများဖြင့် စိုရွှဲနေသဖြင့် ပို၍ပင် ကြည့်ရဆိုးနေသည်။

ကောင်မလေး ပြေးနေရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာကာ မျက်နှာပေါ်မှ အမည်းရောင် ရွှံ့များနှင့် ရောနှောသွားသည်။

ကောင်လေးကမူ အံကြိတ်ပြီး ကောင်မလေးကို ဆွဲကာ အသက်လုပြေးနေ၏။

ရုတ်တရက် ကောင်မလေးက ခြောက်သွေ့အက်ကွဲနေသော မြေပြင်မှ အက်ကြောင်းတစ်ခုနှင့် ခလုတ်တိုက်မိကာ လဲကျသွားပြီး အော်ဟစ်လိုက်ရသည်။ "အားးး။"

ကောင်လေးက အလျင်အမြန် ထူပေးပြီး သူမကို ကျောပိုးကာ အမြန် ဆက်ပြေး၏။

သို့သော် ထိုအဖြစ်အပျက်ကြောင့် သူတို့၏ အရှိန်က သိသိသာသာကို နှေးကွေးသွားရသည်။

မုတ်ဆိတ်မွေးနှင့်လူကြီးက စိတ်ဆုံးဖြတ်လိုက်ပြီး ပြေးလွှားခြင်းကို ရပ်တန့်ကာ ကောင်လေးနှင့် ကောင်မလေးကို အော်ဟစ်လိုက်သည်။ "ပြေး... မြန်မြန်ပြေးကြစမ်း။"

သူ ခိုင်မာစွာ ရပ်လိုက်ပြီး ကြီးမားသော ကျောက်ဓားကြီးကို မြှောက်ကာ လိုက်လာသော ဖုတ်ကောင်များကို ပြန်လည် တိုက်ခိုက်လိုက်၏။

ထိုလူကြီး၏ မိုးကြိုးကဲ့သို့ ကြုံးဝါးသံသည် ဖုတ်ကောင်များ၏ အသံကိုပင် လွှမ်းမိုးသွားသည်။

ထိုလူကြီးသည် သာမန်မဟုတ်သော ခွန်အားကို ပိုင်ဆိုင်ထားပြီး ကျောက်ဓားကြီးကို ဝှေ့ယမ်းလိုက်တိုင်း ဖုတ်ကောင်တစ်ကောင် လွင့်ထွက်သွားလေ့ရှိ၏။

သို့သော် ဖုတ်ကောင် ဒါဇင်ပေါင်းများစွာ၏ အရေအတွက်သည် တစ်ယောက်တည်း ကိုင်တွယ်ရန် အလွန် များပြားလွန်းလှသည်။ သတိတစ်ချက်လွတ်သွားခိုက်တွင် အခွင့်ကောင်းကို စောင့်နေကြသော ဖုတ်ကောင်များသည် အုံနှင့်ကျင်း အလုအယက် တိုးဝင်လာပြီး သူ့အသားများကို ကိုက်ဖြတ် စားသောက်ကြတော့၏။

လူကြီးက နာကျင်စွာ အော်ဟစ်လိုက်ရသည်။ "အားးးး။"

ထိုအခိုက်မှာပင် တောက်ပနေသည့် စိတ်ဝိညာဉ်အလင်းတန်း တစ်ခု သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာကာ ဖုတ်ကောင်များကို လွင့်စင်သွားစေလိုက်၏။

သို့သော် သူ့ဘယ်ဘက်လက်မောင်းမှာ ပြတ်ထွက်သွားပြီး တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေလေပြီ။

ရုတ်တရက် သူ့နောက်မှ ဆွေးမြေ့ဖွယ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ "အဖေ..."

လူကြီး လှည့်ကြည့်လိုက်ရာ ကောင်လေးနှင့် ကောင်မလေးသည် သူ့အနားသို့ ပြန်ရောက်နေပြီး သူတို့ ထွက်ပြေးခဲ့ရာ လမ်းကြောင်းမှ ဖုတ်ကောင်အသစ်များ ထပ်မံ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။

မုတ်ဆိတ်မွေးနှင့်လူကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေကာ ငိုကြွေးပြောဆိုလိုက်သည်။ "သားတို့ရယ်... အဖေ တောင်းပန်ပါတယ်ကွာ... တကယ် တောင်းပန်ပါတယ်။"

တောင်ကြီးတစ်လုံးကဲ့သို့ ကြံ့ခိုင်သော လူကြီးသည်ပင်လျှင် ဤမျှ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ မျက်ရည်ကျလာတော့သည်။

ကလေး နှစ်ယောက်သည်လည်း ဖခင်ဘေးတွင် ဒူးထောက်လိုက်ကြပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ကြ၏။ "အဖေ..."

သူတို့ ကံကြမ္မာကို လက်ခံလိုက်ကြလေပြီ။ ဖုတ်ကောင်များကမူ အော်ဟစ်လိုက်ကြ၏။ "ဝေါင်းးးး။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၁ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊

All Chapters