← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အပိုင်း ၁၉၃

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန်က ရှေ့မှလူ၏ စကားကို နားထောင်ရင်း တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ရင်ထဲ၌မူ ဒေါသမီးများ တောက်လောင်နေ၏။

“စားစရာ ရိက္ခာတဲ့လား။”

သူ မထင်မှတ်ထားပေ။ ဤကမ္ဘာငယ်လေးထဲ၌ အခြားမျိုးနွယ်စုများ ရှိနေရုံသာမက လူသားများလည်း နေထိုင်နေကြသည်တဲ့လား။

ပို၍ မထင်မှတ်ထားရသည်မှာ ဤကမ္ဘာငယ်လေးထဲရှိ လူသားများက ကျွန်ပြုခံနေရခြင်းပင်။ ကျွန်ပြုခံရရုံသာမက အခြားမျိုးနွယ်စု နှစ်ခု၏ စစ်ရိက္ခာ အစားအသောက်အဖြစ် အသုံးပြုခံနေရသည်တဲ့လား။

ထိုသို့ဆိုလျှင် ဤကမ္ဘာငယ်လေးထဲရှိ လူသားများက တိရစ္ဆာန်များနှင့် မည်သို့ ကွာခြားတော့မည်နည်း။

ထို့နောက် လင်းချန်က သူတို့သုံးဦးအား အချက်အလက်များ မေးမြန်းစုံစမ်းရာမှ ဤကမ္ဘာငယ်လေး၏ အခြေအနေကို ပိုမို နားလည်လာရ၏။

သူ့ရှေ့မှ လူကြီး၏ အမည်မှာ ရှီနျူဖြစ်ပြီး ကျောက်သားမျိုးနွယ်စု၌ မွေးဖွားသူ ဖြစ်သည်။ ကောင်လေးနှင့် ကောင်မလေးမှာ သူ၏ သားသမီးများ ဖြစ်ကြပြီး သားဖြစ်သူက ရှီခန်း ၊ သမီးဖြစ်သူက ရှီမေ့ဖြစ်၏။ ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့သည့် အမည်နာမများပင်။

ကျောက်သားမျိုးနွယ်စုက ကမ္ဘာငယ်လေး တစ်ခုလုံး၌ အလယ်အလတ်စား အခြေချနေထိုင်သူများ ဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်သာ ရှိသည်။ ထိုမျိုးနွယ်စု၌ မွေးဖွားသူတိုင်းက ရှီမျိုးရိုးကို အသုံးပြုကြ၏။

ကမ္ဘာငယ်လေး အတွင်းရှိ မြေနေရာတိုင်းက လင်းချန် ယခုမြင်တွေ့နေရသည့် သေခြင်းနယ်မြေကဲ့သို့ ခြောက်သွေ့နေသည်တော့ မဟုတ်ချေ။ ပုံမှန် မြေနေရာအချို့ ရှိသေးသည်။

သို့သော် ပုံမှန် မြေနေရာများက အလွန် ရှားပါးပြီး စိုက်ပျိုးရန် မြေနေရာ နည်းပါးသဖြင့် မျိုးနွယ်စု တစ်ခုလုံး ငတ်မွတ်ခေါင်းပါးလုနီးပါး ဖြစ်နေရ၏။

လူသားများက ကမ္ဘာငယ်လေး၏ တောင်ဘက်ခြမ်းရှိ မြေနေရာများပေါ်၌ နေထိုင်ကြရသည်။

လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ ထိန်းချုပ်ထားသော နယ်မြေများနှင့် ယှဉ်လျှင် အခြေအနေများက အလွန် ဆိုးရွားလှ၏။

ရှီနျူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် နာကြည်းစွာ ပြောသည်။ “မြောက်ဘက်က လူပုသရဲတွေနဲ့ ဘီလူးသရဲတွေ နေတဲ့နေရာမှာ ဆယ်ပုံတစ်ပုံလောက်ပဲ သေခြင်းနယ်မြေ ဖြစ်ပြီး ကျန်တာတွေက နေလို့ ကောင်းတယ်။ ကျွန်တော်တို့ တောင်ဘက်ခြမ်းမှာတော့ ဆယ်ရာခိုင်နှုန်းလောက်ပဲ နေလို့ ရတာ။ ကျွန်တော်တို့ ပြန်တိုက်ခိုက်ခဲ့ပေမဲ့ သူတို့ကို မနိုင်ဘူး။”

လင်းချန် မျက်မှောင်ကြုတ်လိုက်၏။ “ခုနက ဘာဖြစ်တာလဲ။ ဘာလို့ အဲဒီ အကောင်တွေက ခင်ဗျားတို့ကို လိုက်တိုက်တာလဲ။ သူတို့အကြောင်း သိသမျှ အကုန်ပြောပြ။”

လင်းချန်က ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သွေးနက်မျိုးနွယ်ကို တားဆီးရန် ဖြစ်ကြောင်း မမေ့လျော့ပေ။

လင်းချန် မေးမြန်းလာသဖြင့် ရှီနျူက အလျင်အမြန်ပင် သူသိသမျှကို အသေးစိတ် ပြန်လည် ရှင်းပြလိုက်သည်။

ရှီနျူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

အတိုချုပ်ရလျှင် ဤကမ္ဘာငယ်လေး၏ ပျက်စီးယိုယွင်းမှုက ရှေးဟောင်းအမွေအနှစ်နယ်မြေထဲက ကမ္ဘာငယ်လေးထက် ပိုမို ဆိုးရွားနေသည်။ အခြေအနေများကလည်း ပိုမို ရှုပ်ထွေးလှ၏။

ဤကမ္ဘာက အမြဲတမ်း မှိုင်းညို့နေပြီး နေ့နှင့်ညဟူ၍ ခွဲခြားမရပေ။ နေ့ဘက် အချိန်ကာလ တစ်ခု၌သာ သစ်ပင်ခြောက်များမှ လူတို့၏ စိတ်အာရုံကို မှုန်ဝါးစေသည့် မြူခိုးဖြူများ ထုတ်လွှတ်လေ့ရှိသည်။

ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ၌ နေ့ဘက်၌ မြူထုတ်လွှတ်ပြီး ညဘက်၌ ပြန်လည် ရုပ်သိမ်းတတ်သော သစ်ပင်ခြောက်များ၏ သဘောသဘာဝအရ ၊ လက်ရှိအချိန်က ဤကမ္ဘာငယ်လေး၏ ညအချိန် ဖြစ်မည်ဟု လင်းချန် ကောက်ချက်ချလိုက်၏။

ထို့အပြင် ဤကမ္ဘာငယ်လေးထဲရှိ ဖုတ်ကောင် အရေအတွက်က သေခြင်းနယ်မြေထက်ပင် ပိုများနေသည်။

သို့သော် သေခြင်းနယ်မြေမှ အကောင်များကဲ့သို့ အလုံးအရင်းနှင့် ထွက်လာခြင်းမဟုတ်ဘဲ ဤနေရာရှိ အကောင်များက သက်ရှိများ အနီးကပ်လာမှသာ မြေအောက်မှ ထွက်ပေါ်လာကြခြင်း ဖြစ်၏။

သစ်ပင်ခြောက်များနှင့် ဝေးဝေးနေလျှင် မြေအောက်မှ အကောင်များကို အနှောင့်အယှက် ပေးမိမည် မဟုတ်ပေ။ ထို့အတွက်ကြောင့် တောင်ဘက်ပိုင်းရှိ လူသားများ သွားလာရာ လမ်းကြောင်းများ၌ သစ်ပင်ခြောက်များ အလွန် ရှားပါးသည်။

ယခုတစ်ခေါက်၌ ရှီနျူတို့အဖွဲ့က အခြားမျိုးနွယ်စုထံမှ အစားအစာနှင့် မျိုးစေ့အချို့ သွားရောက် ချေးငှားရန် ထွက်လာခြင်း ဖြစ်၏။

သူတို့မျိုးနွယ်စု၏ စိုက်ပျိုးရေး၌ အခက်အခဲ ဖြစ်ပွားနေသောကြောင့်ပင်။ ဗိုက်ဝရုံ စားသောက်ဖို့ မပြောနှင့် ၊ ရိက္ခာပြတ်လပ်နေသည့် အခြေအနေကို ရောက်နေလေပြီ။

သို့သော် အခြားမျိုးနွယ်စု၏ အခြေအနေကလည်း သူတို့ ကျောက်သားမျိုးနွယ်စုကဲ့သို့ပင် ဖြစ်သဖြင့် မကူညီနိုင်ကြကြပေ။

အချိန်ကြာမြင့်စွာ အစာမစားရသဖြင့် ရှီမေ့မှာ ခေါင်းမူးသွားပြီး လမ်းကြောင်းမှားကာ လမ်းချော်သွား၏။

ထိုမှတစ်ဆင့် မြေအောက်မှ ဖုတ်ကောင်အချို့ကို နှိုးဆွမိသကဲ့သို့ ဖြစ်သွားပြီး လိုက်လံတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ကြောက်လန့်တကြား ထွက်ပြေးရင်း သစ်ပင်ခြောက်တောအုပ်ထဲ ရောက်သွားကာ ဖုတ်ကောင်များကို ပိုမို ဆွဲဆောင်မိသလို ဖြစ်သွား၏။ လင်းချန် ပေါ်လာမှသာ သူတို့ ကယ်တင်ခံရခြင်း ဖြစ်သည်။

လင်းချန်က ထိုင်ရာမှ ထရပ်ကာ ရှီနျူကို ကြည့်လိုက်၏။ “ကျွန်တော့်ကို ခင်ဗျားတို့ မျိုးနွယ်စုဆီ ခေါ်သွားပေးပါ။ အစာရေစာ ပြဿနာကို ကျွန်တော် ဖြေရှင်းပေးမယ်။ မပူနဲ့။ လူသားချင်း အတူတူမို့ ခင်ဗျားတို့ ငတ်မွတ်နေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး။”

လင်းချန်၏ စကားကြောင့် ရှီနျူမှာ မျက်ရည်များ ဝဲလာရသည်။ “ကောင်းပါပြီဗျာ။”

**--**--**--**--**--**--**--**

ခြံဝင်းထဲမှ ထွက်လာပြီးနောက် လင်းချန်က လက်ဝှေ့ယမ်းကာ နေအိမ်ကို ဟွာရှာအင်ပါယာထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ “ခင်ဗျားတို့ မျိုးနွယ်စုကို ပြန်ရောက်မယ့် အမြန်ဆုံး လမ်းကြောင်းက သွားမယ်။ ဖုတ်ကောင်တွေကို စိတ်မပူနဲ့။”

လင်းချန်၏ စကားကြောင့် ရှီနျူက ခေါင်းညိတ်လိုက်ပြီး ရှေ့မှ ပြေးထွက်သွားရာ ရှီခန်းနှင့် ရှီမေ့တို့လည်း အနောက်မှ ကပ်လိုက်သွားကြ၏။

လင်းချန်၏ အမြင်၌ ရှီနျူ၏ ကျင့်ကြံမှုက နိဗ္ဗာန်နယ်ပယ် ပထမအဆင့်လောက်သာ ရှိမည်ဟု ခန့်မှန်းရသည်။ စိတ်ဝိညာဉ်အလင်းတန်း တစ်ခုသာ မြင်တွေ့ရသည်။

ထို့အပြင် သူ ကျောပိုးထားသည့် ကျောက်ဓားကြီးမှာလည်း သေခြင်းနယ်မြေမှ သာမန် ကျောက်တုံးများကို အကြမ်းထည် ထွင်းထုထားခြင်း ဖြစ်၏။

အစောက သူတို့ကို ကယ်တင်စဉ် လင်းချန် အဝေးမှ ကြည့်လိုက်ရာ သူအသုံးပြုနေသော သိုင်းကွက်ကလည်း အခြေခံအကျဆုံး နည်းလမ်းသာ ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းရည်ကိုပင် အသုံးမပြုနိုင်ချေ။

‘အစာရေစာ ရှားပါးတယ်။ မူလလက်နက်နဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေ မရှိဘူး။ တိုက်ခိုက်နိုင်စွမ်းကလည်း အားနည်းတယ်။ ဒါကြောင့် မြောက်ဘက်က မြေယာကောင်းတွေကို တခြားမျိုးနွယ်စုတွေ သိမ်းပိုက်သွားတာ မဆန်းဘူး။’

ရှီနျူက သစ်ပင်ခြောက်များကို ရှောင်ကွင်းသွားနေသည်ကို မြင်သောအခါ လင်းချန်က သူ့ကို တားလိုက်ပြီး လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။ “ခင်ဗျားတို့ မျိုးနွယ်စုက ဟိုဘက်အခြမ်းမှာလား။”

ရှီနျူက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် ၊ အဲဒီဘက်ပဲ။”

“ဝုန်းးးး”

ရွှေနီရောင် စိတ်ဝိညာဉ်စွမ်းအင်များက လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရှေ့သို့ တိုးဝင်သွားသည်။ လမ်းပိတ်နေသည့် သစ်ပင်ခြောက်နှင့် နီးကပ်လာသောအခါ စွမ်းအင်များက သစ်ပင်ခြောက်ကြီးများကို ချက်ချင်းပင် အမှုန့်ကြိတ်ပစ်လိုက်၏။

အစအနများက အရပ်လေးမျက်နှာသို့ လွင့်စဉ်သွားသည်။

ရှီနျူနှင့် ကလေးနှစ်ယောက်တို့မှာ လုံးဝ မှင်သက်သွားကြရ၏။

သစ်ပင်ခြောက်များ မည်မျှ မာကျောကြောင်း ဤကမ္ဘာ၌ နေထိုင်သော ရှီနျူ ကောင်းကောင်း သိသည်။ သူ့ကျောက်ဓားဖြင့် အားကုန်ခုတ်လျှင်ပင် အဖြူရောင် အစင်းရာလောက်သာ ထင်ပေမည်။ သို့သော် ယခု သူတို့၏ ကျေးဇူးရှင်က သစ်ပင်ခြောက်ကို အစအန မကျန်အောင် ဖျက်ဆီးလိုက်သည် မဟုတ်လော။

လင်းချန်က ရှေ့မှ လှည့်ကြည့်လိုက်၏။ “ဘာကြည့်နေကြတာလဲ။ မြန်မြန် လိုက်ခဲ့ကြ။”

လင်းချန်၏ အော်သံကြောင့် ရှီနျူတို့ အသိပြန်ဝင်လာကြသည်။ “အာ.. ဟုတ်ကဲ့... လာ... လာပါပြီ ကျေးဇူးရှင်ကြီးခင်ဗျ။”

ထို့နောက် လင်းချန်နောက်သို့ အပြေးလိုက်ပါသွားကြ၏။

လင်းချန်က ရှေ့မှ ဦးဆောင်သွားပြီး မည်သည့်အရာကမှ သူ့ကို တားဆီး၍ မရနိုင်ဆိုသည်ကို ရှီနျူ ၊ ရှီခန်းနှင့် ရှီမေ့တို့ကို ပြသလိုက်သည်။

သူတို့လမ်းကြောင်း၌ သစ်ပင်ခြောက်များ ပိတ်ဆို့နေသည် ဖြစ်စေ ဖုတ်ကောင်များ ပေါ်လာသည် ဖြစ်စေ လင်းချန်က ရှောင်ကွင်းခြင်း မရှိဘဲ တည့်တည့်သာ တိုးဝင်သွား၏။

သစ်ပင်ခြောက်များကို အမှုန့်ကြိတ်ပစ်ပြီး လက်မှ မိုးကြိုးဓားချီများ ပစ်လွှတ်ကာ ဖုတ်ကောင်များ၏ ဒန်တျန်ကို ဖောက်ထွင်း ဖျက်ဆီးပစ်လိုက်သည်။ နှောင့်နှေးခြင်း အလျဉ်းမရှိပေ။

**--**--**--**--**--**--**--**

တစ်နာရီကျော် ကြာပြီးနောက်... လင်းချန်က တောင်ကုန်းတစ်ခုပေါ်၌ ရပ်ကာ အောက်ဘက်သို့ ညွှန်ပြလိုက်၏။ “အောက်ကဟာ ခင်ဗျားတို့ရဲ့ မျိုးနွယ်စုလား။”

လင်းချန်၏ အနောက်၌ ရပ်နေသည့် ရှီနျူက အောက်ဘက်ရှိ ကျောက်သားမျိုးနွယ်စုကို လှမ်းကြည့်ပြီး ဘာပြောရမှန်းမသိ ဆွံ့အနေမိသည်။

မျိုးနွယ်စုသို့ ပြန်သည့် ခရီးလမ်းက အမြဲတမ်း သတိကြီးစွာ ထားရပြီး သေရေးရှင်ရေး တိုက်ပွဲဝင်ရသော ခရီးဖြစ်၏။

သို့သော် ယခုတစ်ခေါက်၌မူ သာမန်လမ်းလျှောက် ပြေးလွှားလာရသကဲ့သို့ပင် ဖြစ်ပြီး တစ်နာရီခန့် ပြေးလိုက်ရုံဖြင့် မျိုးနွယ်စုသို့ ပြန်ရောက်လာလေပြီ။

ရှီနျူ အံ့ဩမှင်သက်သွားရသည်။ “ကျေးဇူးရှင်က... တကယ်တော့ ဘယ်သူများပါလိမ့်။”

အောက်ဘက်၌ လင်းချန် မြင်လိုက်ရသည်မှာ ကျောက်တုံးများကို စီစီရီရီ ထပ်ပုံတည်ဆောက်ထားသော မျိုးနွယ်စု ရွာကလေး ဖြစ်၏။

အရွယ်အစားမျိုးစုံရှိသည့် ကျောက်တုံးကြီးများက လူနှစ်ရပ်စာခန့် မြင့်မားသော တံတိုင်းများအဖြစ် တည်ရှိနေကြသည်။

ထိုလက်စွပ်ကွင်းပုံစံ ကျောက်တုံးတံတိုင်းများ အတွင်း၌ ရိုးရှင်းသော ကျောက်အိမ်များစွာ တည်ရှိနေကြ၏။ ရှီနျူတို့အဖွဲ့ကဲ့သို့ ဝတ်ဆင်ထားသည့် လူသားများက အိမ်များထဲ၌ အလုပ်ရှုပ်နေကြပြီး ကလေးငယ်များမှာမူ ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားနေကြသည်။ ရှီနျူ ပြောခဲ့သကဲ့သို့ပင် ဤကမ္ဘာငယ်လေးထဲ၌လည်း သက်ရှိများ ရှင်သန်နိုင်သည့် မြေနေရာ ရှိနေ၏။

ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားသည့် ကျောက်တံတိုင်းအတွင်း၌ ကျောက်အိမ်များအောက်မှ မြေပြင်က အက်ကွဲခြောက်သွေ့နေပြီး သက်မဲ့ဆန်နေဆဲ ဖြစ်သည်။

သို့သော် မျိုးနွယ်စုဝင်ပေါက်နှင့် ဝေးရာ ထောင့်တစ်နေရာ၌ သိသာထင်ရှားစွာ ပိုကောင်းမွန်သော မြေဆီလွှာ ရှိနေပြီး ထိုနေရာ၌ သီးနှံများ စိုက်ပျိုးထားကြ၏။

သို့သော် အရည်အသွေးများမှာ မညီမညာဖြစ်နေပြီး ကောင်းမွန်စွာ ရှင်သန်ဖြစ်ထွန်းခြင်း မရှိကြောင်း သိသာထင်ရှားလှသည်။

အကြမ်းဖျင်း ကြည့်လိုက်မည်ဆိုပါက ဤစိုက်ခင်းများမှ ထွက်ရှိမည့် အစားအစာက လူနှစ်ရာခန့်ကိုသာ ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ သေချာစွာ လေ့လာကြည့်လိုက်သောအခါ ကျောက်သားမျိုးနွယ်စု၏ လူဦးရေက ရှီနျူ ပြောခဲ့သကဲ့သို့ပင် နှစ်ထောင်ခန့် ရှိနေသည်။

တောင်ကုန်းပေါ်၌ ရပ်နေရင်း လင်းချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ ‘ဒီကမ္ဘာငယ်လေးထဲက လူသားတွေအားလုံး ရှင်သန်နေထိုင်ရတဲ့ ဘဝက ဒီလိုမျိုးပါလား...’

သူတို့၏ အဝတ်အစားများက ခန္ဓာကိုယ်ကို ဖုံးအုပ်ရန်သာ အသုံးဝင်ပြီး သက်သောင့်သက်သာရှိခြင်းနှင့် နွေးထွေးခြင်း တစ်စုံတစ်ရာမျှ မပေးစွမ်းနိုင်ချေ။

လူတိုင်းက ရေချိုးခွင့် မရကြသဖြင့် ဖုန်အညစ်အကြေးများဖြင့် ပေကျံနေကြသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၃ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊

All Chapters