အခန်း ၁၉၄
Vol. 20 Ch. 194
အပိုင်း ၁၉၄
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
အဘယ်ကြောင့်ဆိုသော် ကျောက်သားမျိုးနွယ်စုအတွင်းသို့ စီးဝင်သည့် ချောင်းငယ်လေး တစ်ခုသာ ရှိပြီး ထိုရေကိုပင် မဖြစ်စလောက် သီးနှံပင်များကို ရေလောင်းရန် အသုံးပြုနေရသောကြောင့် ဖြစ်၏။ သောက်ရေကိုပင် စည်းကမ်းတင်းကျပ်စွာ ချွေတာသုံးစွဲနေကြရသည်။
တောင်ကုန်းပေါ်မှ ကြည့်လိုက်လျှင် မျိုးနွယ်စု၌ လူတစ်ယောက် လဲကျသွားတိုင်း အနီးနားရှိလူများက အပြေးအလွှား သွားရောက်ကူညီကြသည်ကို လင်းချန် အထင်းသား မြင်တွေ့နေရ၏။ ထိုသူများမှာ အစာငတ်မွတ်၍ သတိလစ်မေ့မြောသွားကြခြင်း ဖြစ်ကြောင်း သိသာလှသည်။
လင်းချန်၏ ဘေး၌ ရပ်နေသည့် ရှီနျူက ဝမ်းနည်းပက်လက်ဖြစ်နေသော အသံဖြင့် သက်ပြင်းချလိုက်၏။ “ဒီတစ်လတည်းတင် ကျွန်တော်တို့ မျိုးနွယ်စုက လူတစ်ရာကျော် အစာငတ်ပြီး သေဆုံးသွားပြီ။”
လင်းချန် သက်ပြင်းတစ်ချက် ချလိုက်သည်။ “သွားမယ်။ ခင်ဗျားတို့ မျိုးနွယ်စုဆီ ကျွန်တော့်ကို ခေါ်သွား။”
မျိုးနွယ်စု၏ တံခါးမကြီးကို ခြောက်သွေ့သည့် သစ်ပင်များဖြင့် တည်ဆောက်ထားပြီး ကျောက်မျှော်စင် နှစ်ခုပေါ်၌ သန်မာထွားကျိုင်းသော မျိုးနွယ်စုသားများ ရပ်နေကြကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြ၏။
ထိုအချိန်၌ လူရိပ်လေးခု သူတို့ထံ ချဉ်းကပ်လာသည်ကို ထိုနှစ်ယောက် အံ့ဩစွာ မြင်တွေ့လိုက်ရသည်။ လူလေးယောက် နီးကပ်လာသည့်အခါ ကင်းစောင့်နေသူ နှစ်ဦးက ထိုသူများမှာ လူသားစစ်စစ်များ ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားကြ၏။
ထို့အပြင် ထိုလူလေးယောက်က ကောင်းမွန်နူးညံ့သည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး တစ်ကိုယ်လုံး သန့်ရှင်းသပ်ရပ်နေကြရာ လူသားမျိုးနွယ်အပေါ် သူတို့ ထားရှိသော ထင်မြင်ယူဆချက်များနှင့် များစွာ ကွာခြားလွန်းနေသည်။
မုတ်ဆိတ်ရိတ်ထားပြီး သန့်ရှင်းနေသည့် ရှီနျူကို မြင်လိုက်ရသောအခါ ကင်းစောင့်နှစ်ဦးမှာ ထိတ်လန့်တကြား ဖြစ်သွား၏။ “ရှီ... ရှီနျူ... အစ်ကိုကြီး ရှီနျူလား။”
ရှီနျူတစ်ယောက် မုတ်ဆိတ်ရိတ် ရေချိုးသန့်စင်ပြီး သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားသော်လည်း သူက မျိုးနွယ်စု၏ အသန်မာဆုံး သုံးဦးထဲမှ တစ်ဦးဖြစ်သည့်အတွက် ပုံပန်းသဏ္ဌာန်က မျိုးနွယ်စုဝင်တိုင်း၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေပြီးဖြစ်သည်။
ရှီနျူက တံခါးနှင့် နီးကပ်လာသည်နှင့် မျက်လုံးများ အရောင်လက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တံခါး အမြန်ဖွင့်။ ငါတို့ မျိုးနွယ်စု ကယ်တင်ရှင်နဲ့ တွေ့ပြီကွ။ ငါတို့ လွတ်ပြီ။”
အိမ်ပြန်ရခြင်းက အမြဲတမ်း နှလုံးသားကို ပျော်ရွှင်စေသည် မဟုတ်လော။
သစ်သားတံခါးမကြီး ပွင့်သွားပြီးနောက် ရှီနျူက လင်းချန်ကို မျိုးနွယ်စုအတွင်းသို့ လေးစားစွာ လမ်းပြခေါ်ဆောင်သွားသည်။ အတွင်းသို့ ဝင်ရောက်ပြီးမှသာ ဤကမ္ဘာငယ်လေးထဲရှိ လူသားမျိုးနွယ်များ ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲကို လင်းချန် အမှန်တကယ် နားလည်သဘောပေါက်သွား၏။
ကျောက်အိမ်များက အရွယ်အစား မညီညာသည့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသဖြင့် ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်နေပြီး လစ်ဟာမှုများစွာ ရှိနေသောကြောင့် လေဒဏ်ကို လုံးဝ ကာကွယ်နိုင်ခြင်း မရှိချေ။ ထို့အပြင် နံရံများက ခိုင်ခံ့မှုမရှိဘဲ အလွယ်တကူ ပြိုကျနိုင်သည့် အနေအထား ဖြစ်နေသည်။
အကယ်၍ တစ်စုံတစ်ယောက် အထဲ၌ အိပ်ပျော်နေစဉ် အိမ်ပြိုကျသွားပါက ထိုလူမှာ ပိမိပြီး သေဆုံးသွားရမည်သာ။
လင်းချန် ပတ်ဝန်းကျင်ကို ကြည့်ရှုနေရင်း ပြတ်သားခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်၏။ “ဒီက နေထိုင်မှုအခြေအနေ တော်တော်ဆိုးတယ်။ ခင်ဗျားတို့အားလုံးကို ဒီကနေ ခေါ်ထုတ်သွားဖို့ နည်းလမ်းရှာပေးမယ်။”
ဤကမ္ဘာငယ်လေး၏ အခြေအနေက လင်းချန် မျှော်လင့်ထားသည်ထက် များစွာ ဆိုးရွားနေ၏။ ယခု သူ့ရှေ့မှောက်ရှိ တာဝန်က သွေးနက်မျိုးနွယ် ပြဿနာကို ဖြေရှင်းရုံမျှ မကတော့ချေ။
ရှီနျူ ပြန်ရောက်လာခြင်းက မျိုးနွယ်စုမှ လူများကို များစွာ အံ့ဩသွားစေပြီး အထူးသဖြင့် သူတို့ လုံးဝ နားမလည်နိုင်သည့် ရှီနျူ၏ ဝတ်စားဆင်ယင်မှုကြောင့်ပင်။
ထို့အပြင် ထူးဆန်းသည့် လူငယ်တစ်ဦးက ရှီနျူ၏ အနောက်မှ လိုက်ပါလာပြီး ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာကြည့်ရှုနေသည်ကို သူတို့ သတိထားမိလိုက်ကြ၏။ လူငယ်၏ မျက်နှာထက်၌ စိတ်မချမ်းမြေ့ဟန်များလည်း ထင်ဟပ်နေသည်။
ထိုစဉ် အံ့ဩတကြီး အော်ဟစ်သံတစ်ခု ရှေ့မှ ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးများနှင့် သန်မာသည့် အမျိုးသားတစ်ဦး အပြေးအလွှား ရောက်ရှိလာကာ ရှီနျူ၏ ပခုံးကို ကိုင်လိုက်၏။ “ရှီနျူ။ မင်းလက်က ဘာဖြစ်တာလဲ။ ဒါတွေကကော ဘာတွေလဲ။ ချင်မျိုးနွယ်စုက ငါတို့ထက် သိပ်ပိုသာတာ မဟုတ်ပါဘူး။ သူတို့က မင်းကို ရေချိုးပေးပြီး ဒီလိုအဝတ်အစားတွေ ပေးလိုက်တာလား။”
ရှီနျူက ထိုလူကို ပြုံးပြလိုက်ပြီး စိတ်အေးစေရန် လက်မောင်းကို ပုတ်ပေးလိုက်သည်။ “ဇာတ်လမ်းရှည်တယ်။ ခေါင်းဆောင်ကြီးနဲ့ ဆွေးနွေးစရာ ရှိလို့။ အချိန်တန်ရင် အကြောင်းစုံ သိရမယ်။”
ထို့နောက် ရှီနျူက လင်းချန်ကို အရိုအသေပေးကာ လက်ဟန်ပြလိုက်၏။ “ကျေးဇူးရှင်။”
လင်းချန် ခေါင်းညိတ်လိုက်သည်ကို မြင်မှသာ ရှီနျူက ရှေ့မှ ဆက်လက်လမ်းပြသည်။ ရှီနျူ၏ ရိုသေလေးစားသည့် အမူအရာကို မြင်လိုက်ရသောအခါ ထိုသန်မာသည့် အမျိုးသားနှင့် အခြားသော မျိုးနွယ်စုသားများမှာ အလွန် အံ့အားသင့်သွားကြ၏။
ရှီနျူက မျိုးနွယ်စု၏ အသန်မာဆုံး သုံးဦးထဲမှ တစ်ဦးဖြစ်သော်လည်း ထိုသူစိမ်းလူငယ်အပေါ် ဤမျှ လေးစားမှု ပြသနေသည် မဟုတ်လော။
ကြွက်သားအဖုအထစ်နှင့် အမျိုးသားက လင်းချန်၏ ကျောပြင်ကို ငေးကြည့်ရင်း နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ “သူက မျိုးနွယ်စုကြီးကများလား။ မဖြစ်နိုင်ဘူး။ မျိုးနွယ်စုကြီးက လူတွေတောင် လျှော်ဖျင်အင်္ကျီပဲ ဝတ်ကြတာ။ အစားအစာ ဖူလုံရင်တောင် ရေချိုးဖို့ ပိုလျှံတဲ့ရေ မရှိဘူး။ အရမ်း အရေးကြီးတဲ့ သူတွေလောက်ပဲ ကိုယ်လက်သန့်စင်နိုင်ကြတာ။ ဒီလောက် သန့်ရှင်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ဘေးမှ ကြည့်နေသည့် ကလေးငယ်တစ်ဦးက လင်းချန် ထွက်ခွာသွားသည်ကို မြင်သောအခါ စိတ်အားထက်သန်စွာ အနောက်သို့ တိုးဝှေ့လိုက်ပါသွား၏။ သူ့စိတ်ထဲ၌ လင်းချန်ကဲ့သို့ သန့်ရှင်းသပ်ရပ်ပြီး ဆွဲဆောင်မှုရှိသည့် အဝတ်အစားများ ဝတ်ဆင်ထားသော ခန့်ညားသည့် အစ်ကိုကြီးမျိုးကို တစ်ခါမှ မမြင်ဖူးချေ။
သို့သော် ကလေးငယ်က ရှေ့မှလူနှင့် တိုက်မိပြီး ယိမ်းယိုင်သွားကာ ကျောက်နရံတစ်ခုနှင့် ဝင်ဆောင့်မိသွားသည်။
ဝုန်းးး
တစ်စုံတစ်ယောက်က ဘေးသို့ အမြန်ရှောင်တိမ်းလိုက်၏။ “ကျောက်နရံ ပြိုတော့မယ်ဟေ့။”
သို့သော် ဝင်ဆောင့်မိသည့် ကလေးငယ်မှာမူ တိမ်းရှောင်နိုင်ခြင်း မရှိသေးပေ။ မည်သည်တို့ ဖြစ်နေသည်ကို သိလိုက်ချိန်၌ ပြေးရန် နောက်ကျသွားပြီဖြစ်သဖြင့် ကြောက်လန့်တကြား မျက်လုံးမှိတ်ထားလိုက်မိ၏။
မူလကတည်းက မခိုင်ခံ့သည့် ကျောက်အိမ်နံရံက စတင်ပြိုကျလာပြီး ကလေးငယ်ထက်ပင် ပိုကြီးမားသော ကျောက်တုံးကြီးတစ်ခုက သူ့အပေါ်သို့ ပြုတ်ကျလာသည်။ အနီးနားရှိလူများအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း မည်သူကမှ အချိန်မီ မတုံ့ပြန်နိုင်ကြချေ။
ကျောက်တုံးကြီး ပိမိပြီး ကလေးငယ် သွေးအိုင်ထဲ ရောက်သွားမည့် မြင်ကွင်းကိုသာ လက်မှိုင်ချ ကြည့်နေရမည့် အခြေအနေ ဖြစ်နေသည်။
ထိုအချိန်၌ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုက လူတိုင်း၏ မျက်စိရှေ့၌ လက်ခနဲ ဖြစ်သွားပြီးနောက် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာ၏။
ရွှီးးး
မိုးခြိမ်းသံ တိတ်သွားသည်နှင့် ပြုတ်ကျလာသည့် ကျောက်တုံးကြီးများက ချက်ချင်းပင် ကျောက်မှုန့်များ ဖြစ်သွားကြသည်။
အစောပိုင်းက မျက်လုံးကို တင်းတင်းမှိတ်ထားသည့် ကလေးငယ်က ကျောက်တုံး ကျရောက်မလာသည်ကို သိလိုက်ရ၏။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ခြေရင်းနှင့် ကိုယ်ပေါ်၌ ထူထပ်သည့် ကျောက်မှုန့်များ ပုံနေသည်ကို တွေ့လိုက်ရသဖြင့် မှင်သက်သွားရသည်။
ထို့နောက် မော့ကြည့်လိုက်ရာ ခန့်ညားသည့် အစ်ကိုကြီးက ရှေ့၌ ရောက်နေပြီး ကိုယ်ပေါ်မှ ကျောက်မှုန့်များကို ညင်သာစွာ ခါချပေးနေသည်ကို တွေ့လိုက်ရ၏။ နောက်ဆုံး၌ လင်းချန်က ကလေးငယ်၏ ခေါင်းကို ပုတ်လိုက်သည်။ “နောက်ဆို သတိထား ကြားလား။”
ပြောပြီးသည်နှင့် လင်းချန်က မတ်တပ်ရပ်လိုက်ပြီး ရှီနျူ ရှိရာဘက်သို့ လျှောက်သွားလိုက်၏။ လက်ရှိအချိန်၌ ဘေးနား၌ စုရုံးနေကြသည့် မျိုးနွယ်စုဝင်များက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းတို့ ရောပြွမ်းနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုသန်မာသည့် အမျိုးသားက မြေပြင်ပေါ်မှ ကျောက်မှုန့်များကို ကြည့်လိုက် လင်းချန်၏ ကျောပြင်ကို ကြည့်လိုက်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ “ဒီလူငယ်က ဘယ်သူလဲ။ စွမ်းအားက တော်တော် ကြီးမားပါလား။”
“ဟမ်။”
ရှီနျူ၏ နောက်မှ လိုက်ပါသွားရင်း လင်းချန်က နားမလည်နိုင်စွာ ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ သူတို့နောက်သို့ အပြေးလိုက်ပါလာသည့် တောင့်တင်းသန်မာသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
အနီးသို့ ရောက်လာသည့် ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကို ကြည့်ရင်း လင်းချန်က သက်ပြင်းချလိုက်သည်။ “ခင်ဗျားက ရှီနျူပြောနေတဲ့ ရှီမုန် ဖြစ်မယ်ထင်တယ်။ ခင်ဗျားက လေးစားဖို့ကောင်းတယ်။ ဒီမျိုးနွယ်စု အခုထိ ရပ်တည်နိုင်တာ ခင်ဗျားရဲ့ ပေးဆပ်မှုတွေကြောင့်ပဲ။”
လင်းချန်၏ ချီးကျူးစကားကြောင့် ရှီမုန်မှာ ရှက်သွားပြီး ခေါင်းကုတ်လိုက်၏။ “နောက်မနေပါနဲ့ဗျာ။ အစောက ကလေးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။”
လင်းချန်က ကိစ္စမရှိကြောင်း ပြောလိုက်ပြီး ရှီနျူ၏ နောက်သို့ ဆက်လက် လိုက်ပါသွားရင်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်သည်။ “ကျွန်တော်တို့အားလုံး လူသားမျိုးနွယ်တွေပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး။”
ဤကမ္ဘာငယ်လေးထဲရှိ လူသားမျိုးနွယ်များက ကြမ်းတမ်းသည့် ပတ်ဝန်းကျင်အခြေအနေကြောင့် ဆင်းရဲဒုက္ခရောက်နေကြရ၏။ မျိုးနွယ်စုအတွင်း၌ အပြန်အလှန် ရိုင်းပင်းကူညီမှုများကိုသာ လင်းချန် တွေ့မြင်ရပြီး တစ်ဦးနှင့်တစ်ဦး မကောင်းကြံစည်ခြင်းမျိုးကို လုံးဝ မတွေ့ရပေ။
မျိုးနွယ်စုဝင်များ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိကြသည်။ ထိုသည်မှာ အသက်ရှင်ရပ်တည်နိုင်ရေးပင် ဖြစ်၏။
ရှီမုန်ကို လင်းချန် တစ်ချက် စိုက်ကြည့်လိုက်သည်။ “ကျွန်တော်နဲ့ လိုက်ခဲ့။ ခင်ဗျားအကူအညီ လိုလို့။”
ရှီမုန် နားမလည်နိုင် ဖြစ်သွား၏။ “ကျွန်တော့်အကူအညီ လိုတာလား။”
ဤမျှ စွမ်းအားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်က သူ့ထံမှ မည်သည့်အကူအညီကို လိုချင်နေသနည်း။ မသေချာသော်လည်း ရှီမုန်က လင်းချန်နှင့် နီးကပ်စွာ လိုက်ပါလာမိသည်။ ဤလူစိမ်းအပေါ် အဘယ်ကြောင့် ယုံကြည်မှု ရှိနေမိသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ပေ။
**--**--**--**--**--**--**--**
မျိုးနွယ်စု၏ အလယ်ဗဟိုသို့ ရောက်သောအခါ ရှီနျူက ရှေ့မှ ကျောက်အိမ်တစ်လုံးကို လက်ညှိုးထိုးပြလိုက်၏။ “ကျေးဇူးရှင်။ ဟိုရှေ့က ခေါင်းဆောင်ကြီးရဲ့ အိမ်ပဲ။ သူ အထဲမှာ ရှိလောက်တယ်။”
ရှီနျူ ညွှန်ပြရာသို့ လင်းချန် ကြည့်လိုက်ရာ ခေါင်းဆောင်နေထိုင်သည့် ကျောက်အိမ်ကို တွေ့လိုက်ရသည်။ ထိုအိမ်က အခြားရွာသားများ၏ အိမ်များနှင့် ခွဲခြားမရနိုင်လောက်အောင်ပင် တူညီနေ၏။
ရှီနျူ၏ လမ်းညွှန်မှုကို ရပြီးနောက် လင်းချန်က သူတို့၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ကျောက်အိမ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် ဒီမှာ စောင့်နေ။ ခေါင်းဆောင်နဲ့ တွေ့ပြီးရင် ပြန်ထွက်လာပြီး လုပ်စရာရှိတာ ပြောပြမယ်။”
**--**--**--**--**--**--**--**
ခြောက်သွေ့သည့် သစ်ကိုင်းများဖြင့် ကြမ်းတမ်းစွာ ပြုလုပ်ထားသော ကျောက်အိမ်တံခါးက ပွင့်သွားပြီး လင်းချန် အိမ်အတွင်းပိုင်းကို သေချာ မြင်လိုက်ရသည်။
ကျောက်အိမ်ထဲရှိ ကျောက်စားပွဲပေါ်၌ ရိုးရှင်းသည့် အစားအစာများကို တင်ထား၏။ အပြင်ကမ္ဘာလောကနှင့် နှိုင်းယှဉ်လျှင် ထိုအစားအစာများက ဝက်စာထက်မပိုသည့် ပုံစံနှင့် အနံ့အသက် ရှိနေသည်။
သို့သော် ကလေးငယ်အချို့က ထိုအစားအစာများကို မြိန်ရှက်စွာ စားသောက်နေကြပြီး ဆံပင်ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးက ထိုကလေးများကို ကြင်နာစွာ ကြည့်နေ၏။ တံခါး ရုတ်တရက် ပွင့်သွားသဖြင့် အိမ်ထဲရှိ လူတိုင်း၏ အာရုံက ထိုနေရာသို့ ရောက်သွားကြသည်။
လင်းချန်ကို တစ်ခါမျှ မမြင်ဖူးသည့် ကလေးများက စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုကြပြီးနောက် ခေါင်းဆောင်ကြီးဘက်သို့ လှည့်ကြည့်ကြ၏။ “ဘိုးဘိုးခေါင်းဆောင်။ သူက ဘယ်သူလဲ။ သားတို့လို လူသားပဲလား။”
“ထူးဆန်းလိုက်တာ။ ဘာလို့ သူ့မျက်နှာက မပေနေတာလဲ။ သူ ရေခိုးချိုးထားတာလား။”
ကလေးများ၏ စူးစမ်းစွာ မေးမြန်းမှုကြား၌ ခေါင်းဆောင်ကြီးကလည်း လင်းချန်ကို ကြောင်ငေးကြည့်နေမိပြီး အံ့အားသင့်သွားရသည်။ “မင်းက မျိုးနွယ်စုကြီးကများလား။ မဖြစ်နိုင်ဘူး။ ငါတို့လူသားမျိုးနွယ်မှာ ရေချိုးဖို့ သုံးနိုင်တဲ့ ရေမှ မရှိတာ။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊