အခန်း ၁၉၅
Vol. 20 Ch. 195
အပိုင်း ၁၉၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
“ခင်ဗျားက ဒီမျိုးနွယ်စုခေါင်းဆောင်လား။” လင်းချန် သူ့ရှေ့မှလူကြီးကို မေးလိုက်၏။
ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်က လင်းချန်၏မေးခွန်းကို ချက်ချင်း မဖြေပေ။ ကလေးများကို အစားအစာများနှင့်အတူ အိမ်ထဲမှ ထွက်သွားစေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ “အင်း... ငါက ရှီယွင် ၊ ဒီမျိုးနွယ်စုခေါင်းဆောင်ပဲ။”
“ခင်ဗျားက ခေါင်းဆောင်ကောင်းတစ်ယောက်ပဲ။”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှီယွင်၏ရှေ့၌ လင်းချန် ဝင်ထိုင်လိုက်သည်။ “ကျွန်တော်ထင်တာ မမှားရင် ဒါတွေက ခင်ဗျားအစားအစာတွေ မဟုတ်လား။ ခင်ဗျားက တစ်လုပ်နှစ်လုပ်လောက်ပဲစားပြီး ကလေးတွေကို ပေးလိုက်တာလေ။ ကိုယ့်လူတွေနဲ့ တန်းတူပဲနေတယ်။ ဘာအခွင့်ထူးမှ မယူဘူး။”
ရှီယွင် မျက်မှောင်ကြုတ်လိုက်ပြီး သတိထားနေသည့် ပုံစံဖြင့် ကြည့်လိုက်၏။ “မင်းနောက်ခံက ဘာလဲ။ လူသားမျိုးနွယ်စုတိုင်းက ခေါင်းဆောင်တိုင်းက ကိုယ့်လူတွေ အသက်ရှင်ဖို့ကိုပဲ ပထမဦးစားပေးကြတာချည်းပါပဲ။ ငါကပဲ ကွက်ပြီး ထူးမခြားနေပါဘူး။”
“သိပ်စိတ်လှုပ်ရှားမနေပါနဲ့။ ကျွန်တော်လည်း လူသားမျိုးနွယ်ကမို့ပါ။”
လင်းချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် အငွေ့တထောင်းထောင်း ထနေသည့် အသားဆန်ပြုတ်တစ်ခွက်နှင့် ဟင်းပွဲနှစ်ပွဲက ကျောက်စားပွဲပေါ်၌ ပေါ်လာသည်။
စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူမြန်နေသည့် ရှီယွင်ကို ကြည့်ရင်း လင်းချန် ပြုံးလိုက်၏။ “ခေါင်းဆောင်ရှီ... စားပြီးမှ ဆက်ပြောကြတာပေါ့။”
**--**--**--**--**--**--**--**
“ဘာ... မင်းတကယ်ပြောနေတာလား။”
ကျောက်အိမ်နှင့် မလှမ်းမကမ်း၌ ရှီမုန်က ရှီနျူ၏စကားကို ကြားပြီးနောက် အံ့ဩတကြီး အော်ဟစ်လိုက်သည်။ အစောက ရှီနျူသည် လင်းချန်နှင့် တွေ့ဆုံရပုံအကြောင်း သူငယ်ချင်းဖြစ်သူကို ပြောပြနေခြင်းဖြစ်၏။
ရှီနျူ ချွတ်ထားသည့် ဝတ်ရုံကို ကိုင်ကြည့်ရင်း ရှီမုန် စိတ်လှုပ်ရှားသွားသည်။
“ဒါ ဘာနဲ့လုပ်ထားတာလဲ မသိဘူး။ အရမ်းနူးညံ့ပြီး သေချာပေါက် နွေးထွေးမှာပဲ။”
ထို့နောက် ရှီမုန်က ဝတ်ရုံကို ရှီနျူထံ ပြန်ပေးလိုက်ပြီး ခေါင်းဆောင်ကြီး၏ ကျောက်အိမ်ဘက်သို့ လှမ်းကြည့်လိုက်၏။ “မင်းပြောတာသာ အမှန်ဆိုရင် သူက ဘယ်ကလာတာလဲ။ ငါတို့လူသားမျိုးနွယ်က တကယ်ပဲ အဲဒီလောက် စွမ်းအားကြီးတာလား။”
“အပြင်ဘက်ကမ္ဘာကြီးနဲ့ ယှဥ်ရင် ငါတို့နယ်မြေက ကမ္ဘာငယ်လေးတစ်ခုပဲ။ သစ်ပင်တစ်ပင်ရဲ့ သစ်ရွက်တစ်ရွက်လောက်ပဲ ရှိတာတဲ့။”
**--**--**--**--**--**--**--**
ကျောက်အိမ်ထဲ၌ ရှီယွင် ခေါင်းများပင် မူးဝေချင်သလို ဖြစ်သွားရ၏။ လင်းချန်၏စကားများက သူ့အသိပညာများကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
သူတို့နေထိုင်ရာ ကမ္ဘာသည် အရာအားလုံး မဟုတ်ပေ။ စစ်မှန်သည့် လူသားမျိုးနွယ်သည် အလွန်သန်မာပြီး သူတို့ကဲ့သို့ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့၏ ရှေ့၌ ကျွန်ခံနေရသော သတ္တဝါများ မဟုတ်ချေ။
လင်းချန်၏စကားများက ရှီယွင်အတွက် ရူးသွပ်ဖွယ်ရာဖြစ်နေပြီး နားလည်ရန် ခက်ခဲသော်လည်း အားလုံးအမှန်ဖြစ်သည်ဟု သူ ယုံကြည်လိုက်၏။
အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။ သူ့ရှေ့မှလူငယ်သည် စိတ်ကူး၍ပင် မရနိုင်သည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန် သန့်ရှင်းသပ်ရပ်နေသည်။ ထို့အပြင် စိတ်ကူး၍မရနိုင်လောက်အောင် ကောင်းမွန်သော အစားအစာတစ်နပ်ကို သူ့အား ကျွေးမွေးသည့်အတွက် ဖြစ်သည်။
ရှီယွင် တည်ငြိမ်မှု ပြန်ရလာချိန်၌ လင်းချန် ပြုံးလိုက်၏။ “ခေါင်းဆောင်ရှီ... ကျွန်တော် ဘယ်လိုလူလဲဆိုတာ အခု နားလည်လောက်ပြီပေါ့။”
ရှီယွင်က လေးစားမှုကြောင့် ဒူးထောက်ရန် ပြင်လိုက်သော်လည်း လင်းချန်က လျင်မြန်စွာပင် သူ့ကို ဆွဲထူလိုက်သည်။
ရှီယွင် အံ့ဩသွားရသည်။ သူသည် အသက်ကြီးပြီ ဖြစ်သော်လည်း ကျောက်တုံးမျိုးနွယ်စု၏ အသန်မာဆုံးလူ ဖြစ်နေဆဲပင်။ သို့သော် လူငယ်၏ ဆုပ်ကိုင်အားကို သူ လုံးဝ မလွန်ဆန်နိုင်ချေ။
“ကျောက်တုံးမျိုးနွယ်စုရဲ့ စားဝတ်နေရေး ပြဿနာက ကျွန်တော့်မျက်လုံးထဲမှာတော့ အသေးအဖွဲပါပဲ။ ကျွန်တော့်တာဝန်သာ ထားလိုက်ပါ။”
ရှီယွင် မည်သည်ကို တောင်းဆိုတော့မည်ကို လင်းချန် သိနှင့်နေပြီးဖြစ်၏။ “ဒါပေမဲ့ ကျွန်တော် အတည်ပြုချင်တာ တစ်ခုရှိတယ်။ အစားအစာ အများကြီး ပေါ်လာရင် ခင်ဗျားမျိုးနွယ်စုက လူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြမလား။”
ရှီယွင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ “စိတ်ချပါ သခင်လေး။ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ အားလုံးက စည်းကမ်းသေချာ လိုက်နာကြပါလိမ့်မယ်။”
အာမခံချက်ရပြီးနောက် လင်းချန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ ကျောက်အိမ်ထဲမှ ထွက်လာပြီး တံခါးကို တွန်းဖွင့်လိုက်၏။ အပြင်၌ ရှိနေသည့် ရှီမုန်နှင့် ရှီနျူကို လှမ်းခေါ်လိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်... မျိုးနွယ်စုက လူတွေအားလုံးကို သွားခေါ်ပြီး စိုက်ခင်းနားမှာ လူစုပါ။”
ရှီနျူက လင်းချန် လုပ်ချင်သည့်အရာကို ချက်ချင်း နားလည်လိုက်သဖြင့် ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့ပါ ကျေးဇူးရှင်။”
ထို့နောက် ကြောင်တောင်တောင် ဖြစ်နေသည့် ရှီမုန်ကို ဆွဲ၍ မျိုးနွယ်စုသားများ နေထိုင်ရာဆီသို့ ပြေးဝင်သွားသည်။
**--**--**--**--**--**--**--**
ကျောက်တုံးမျိုးနွယ်စုသည် သိပ်မကြီးမားလှပေ။ လူဦးရေ နှစ်ထောင်ကျော်ခန့်ရှိသည့် မျိုးနွယ်စုဝင်များအားလုံး စုစည်းရောက်ရှိလာရန် အချိန်အကြာကြီး မယူလိုက်ရချေ။
မျိုးနွယ်စုဝင်များသည် သူတို့၏ ခေါင်းဆောင်ကြီးဘေး၌ ရပ်နေသော လင်းချန်ကို စူးစမ်းလိုစိတ် ၊ ရိုသေလေးစားစိတ်တို့ဖြင့် ငေးမောကြည့်နေကြ၏။
လူအုပ်ကြီးထဲ၌ ရပ်နေကြသည့် ရှီခန်းနှင့် ရှီမေ့တို့သည် သန့်ရှင်းသပ်ရပ်နေမှုကြောင့် သိသာထင်ရှားစွာ ပေါ်လွင်နေကြပြီး လင်းချန်ကို ကျေးဇူးတင်ခြင်း ၊ လေးစားခြင်းတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
လင်းချန်က ရှီနျူဘက်သို့ လှည့်ကြည့်လိုက်၏။ “အားလုံး စုံပြီလား။ ငါ အသေချာဆုံးအဖြေကို လိုချင်တယ်။ အန္တရာယ်များတဲ့ ကျောက်အိမ်တွေထဲမှာ တစ်ယောက်မှ ကျန်မနေစေရဘူး။”
လင်းချန်၏စကားကို ကြားသည့်အခါ ရှီနျူက အလွန်သေချာစွာ ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးရှင်... လူတိုင်း ဒီနေရာကို ရောက်နေပါပြီ။”
လင်းချန် ခေါင်းညိတ်လိုက်ပြီး ရှီနျူနှင့် ရှီမုန်ကို ကြည့်လိုက်၏။ “သူတို့ကို မိသားစုလိုက် စုခိုင်းလိုက်ပါ။ အလိုအပ်ဆုံးလူတွေကို ရှေ့ဆုံးမှာ ထားပေးပါ။”
လင်းချန်၏အမိန့်အတိုင်း မျိုးနွယ်စုဝင်များကို စီစဉ်နေရာချပေးလိုက်ရာ ရှည်လျားသည့် လူတန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လူများ တန်းစီပြီးနောက် လင်းချန် နောက်လှည့်လိုက်ပြီး မိုးကြိုးဝိညာဉ်စွမ်းအားများကို အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်လိုက်၏။ သူ၏ညာလက်ကို မြှောက်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလှည့်ပတ်လိုက်ရာ စက်လုံးပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။
ထို့နောက် လင်းချန် ထိုစိတ်ဝိညာဉ်စွမ်းအားစက်လုံးကို စိုက်ခင်းများဆီသို့ အစွမ်းကုန် ပစ်လွှတ်လိုက်၏။
ဘုန်းးး...
စိတ်ဝိညာဉ်စွမ်းအားစက်လုံးသည် သီးနှံများ စိုက်ပျိုးထားသည့် မြေပြင်နှင့် ထိတွေ့သွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ ဖုန်မှုန့်များ လွင့်ပျံလာပြီး ပြင်းထန်သော လေပွေများ တိုက်ခတ်လာသည်။
ချက်ချင်းပင် လင်းချန် သူ၏ လက်ဝါးဖြင့် ရှေ့သို့ တွန်းထုတ်လိုက်ရာ အားကောင်းသည့် လေလှိုင်းက ဖုန်မှုန့်နှင့် လေပွေများကို ဖယ်ရှားပစ်လိုက်သည်။ မူလမြေပြင် အခြေအနေ အထင်းသား ပေါ်ထွက်လာ၏။
ကောက်ပဲသီးနှံများ စိုက်ပျိုးထားသော မြေနေရာသည် ပျောက်ကွယ်သွားပြီး ထိုနေရာ၌ ကြီးမားကျယ်ပြန့်သည့် ကျင်းကြီးတစ်ခု အစားထိုး ဝင်ရောက်လာသည်။
လင်းချန်၏ လုပ်ရပ်ကြောင့် လူတိုင်း ကြောင်အသွားကြပြီး သူတို့ရှေ့မှ မြင်ကွင်းကို ငေးကြည့်နေမိကြသည်။
ရှီယွင်သည်လည်း သူ့လူများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်တွေ့နေရ၏။ သူတို့ထံမှ ဒေါသအရိပ်အယောင်များ ပေါ်ထွက်နေကြ၏။
ရှီယွင်က စိတ်ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လိုက်ပြီး မငြိမ်မသက် ဖြစ်စပြုလာသည့် မျိုးနွယ်စုဝင်များကို စိုက်ကြည့်လိုက်၏။ “အားလုံး ငြိမ်ငြိမ်နေကြ။ သခင်လေးရဲ့ နောက်ထပ် အမိန့်ကို စောင့်ကြပါ။ မလိုက်နာတဲ့သူ ဘယ်သူမဆို ကျောက်တုံးမျိုးနွယ်စုကနေ နှင်ထုတ်ခံရမယ်။”
ခေါင်းဆောင်ကြီး၏ အော်သံကို ကြားလိုက်ရသည့်အခါ မူလက မငြိမ်မသက်ဖြစ်နေသော မျိုးနွယ်စုဝင်များ တဖြည်းဖြည်း ငြိမ်သက်လာကြသည်။ ခေါင်းဆောင် ရှီယွင်၏ စကားများသည် သူတို့အပေါ် ကြီးမားသည့် သက်ရောက်မှု ရှိ၏။
ရွှီးးး...
ထိုအချိန်၌ပင် မျိုးနွယ်စုဝင်များ၏ ဒေါသထွက်နေသည့် မျက်လုံးများသည် အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့် လူငယ်သည် သူတို့၏ စိုက်ခင်းများကို ဖျက်ဆီးပြီးနောက် လက်ကို မြှောက်လိုက်ရုံမျှဖြင့် ကြည်လင်သော ရေစီးကြောင်းများ ကောင်းကင်မှ ကျဆင်းလာသည်ကို အံ့ဖွယ် မြင်တွေ့လိုက်ရသည့်အတွက် ဖြစ်၏။
တစ်ခဏအတွင်း ထိုရေစီးကြောင်းငယ်များသည် ရေနဂါးကြီးအသွင် ပြောင်းလဲသွားပြီး ကြီးမားသည့် ကျင်းကြီးထဲသို့ အရှိန်ပြင်းစွာ စီးဝင်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြည်လင်သော ရေများဖြင့် ပြည့်နှက်နေသည့် ရေကန်ကြီးတစ်ခု သူတို့ရှေ့၌ ပေါ်လာ၏။
မျိုးနွယ်စုဝင်များအားလုံးမှာ ရေကန်ကြီးကို ကြောင်ငေးကြည့်နေမိကြပြီး စကားတစ်ခွန်းမျှပင် မပြောနိုင်ကြတော့ချေ။ ဤမျှ သန့်ရှင်းပြီး များပြားသည့် ရေမျိုးကို သူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးကြပေ။
လင်းချန် လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်ရာ ကျောက်ဖြူရောင် စင်မြင့်တစ်ခု ကောင်းကင်ယံမှ ဘုန်းးး ဟူသောအသံနှင့်အတူ ကျဆင်းလာပြန်သည်။
ကျောက်ဖြူစင်မြင့် ပေါ်လာပြီးနောက် လင်းချန် ထိုစင်မြင့်ပေါ်သို့ တက်လိုက်ပြီး ရှေ့ဆုံးမှ ငါးယောက်တစ်တန်း မိသားစုကို လက်ဟန်ပြလိုက်၏။ “တက်လာကြ။”
ပိန်လှီနေသည့် လင်မယားနှစ်ယောက်တို့က ကလေးသုံးယောက်နှင့်အတူ ကြောက်ရွံ့စွာဖြင့် စင်မြင့်ပေါ်သို့ တက်လာပြီး လင်းချန်၏အနီးသို့ ချဉ်းကပ်လာကြသည်။
အမျိုးသားဖြစ်သူက တံတွေးမြိုချလိုက်ပြီး သူ့ရှေ့မှလူငယ်ကို ဘာမှမပြောနိုင်ဘဲ ငေးကြည့်နေမိ၏။
လင်းချန် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အဝတ်အိတ်နှစ်အိတ် ၊ ကြီးမားသည့် သစ်သားသေတ္တာတစ်လုံး ၊ ထမ်းပိုးတစ်ချောင်းနှင့် ရေပုံးနှစ်ပုံးတို့သည် ထိုအမျိုးသား၏ ရှေ့၌ ပေါ်လာသည်။
လင်းချန်က ပစ္စည်းများကို ညွှန်ပြလိုက်၏။ “ဒါတွေက ခင်ဗျားတို့ မိသားစုအတွက်ပဲ။”
အမျိုးသားဖြစ်သူက လင်းချန်၏စကားကို ကြားပြီးနောက် သူ့ရှေ့မှ အဝတ်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုအိတ်ကို ပြုလုပ်ထားသော အသားသည် သူဝတ်ဆင်ထားသည့် အဝတ်အစားများထက်ပင် ပိုမို ကောင်းမွန်နေသေး၏။
အိတ်ထဲ၌ ပြည့်တင်းဖြူဖွေးသော ဆန်များ ပါရှိသည်ကို တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် မှင်သက်သွားရသည်။
ဤမျှ ကောင်းမွန်သည့် ဆန်မျိုးကို သူ တစ်ခါမှ မမြင်ဖူးချေ။ အမည်းရောင် သို့မဟုတ် အဝါရောင် အစက်အပြောက်များ လုံးဝ မပါရှိဘဲ ဖြူဖွေးသန့်စင်နေသည်။
နောက်ထပ် အဝတ်အိတ်တစ်အိတ်ကို အမြန်ဖွင့်ကြည့်လိုက်ရာ လတ်ဆတ်သည့် သစ်သီးဝလံများ ၊ ဟင်းသီးဟင်းရွက်များနှင့် သူ ကြားဖူးနားဝသာရှိပြီး တစ်ခါမှ မမြင်ဖူးသော အသားများကို တွေ့လိုက်ရ၏။
သူ၏ ဇနီးသည်က သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ရှီနျူ၏ မိသားစုအား ပေးသည်နှင့် တူညီသော နူးညံ့သန့်ရှင်းသည့် အဝတ်အစားများ ပါရှိသည်ကို တွေ့လိုက်ရသည်။
ဝုန်းးး...
နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသဖြင့် လူတိုင်း နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။ မလှမ်းမကမ်းရှိ ကျောက်အိမ်တစ်လုံးသည် ကောင်းကင်မှ ကျလာသည့် သစ်သားအိမ်တစ်လုံး၏ ဖိချခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်းအစစ ကြေမွသွားသည်ကို တွေ့လိုက်ရ၏။
လင်းချန်က သစ်သားအိမ်ကို လက်ညှိုးထိုးပြလိုက်၏။ “အဲဒါ ခင်ဗျားတို့အိမ်ပဲ။ မိသားစုကို ခေါ်ပြီး တစ်ခါတည်း ဝင်နေလိုက်တော့။ ရေလိုချင်ရင်တော့ ဟိုအနောက်က ကန်ထဲမှာ ကိုယ်တိုင် သွားခပ်ကြ။”
ထိုအမျိုးသားက လင်းချန်၏ စကားကို ကြားသော်လည်း အိပ်မက်မက်နေသကဲ့သို့ မလှုပ်မယှက် ရပ်နေမိသည်။
စင်မြင့်ပေါ်၌ အံ့ဩမှင်သက်နေဆဲဖြစ်သည့် ဝမ်းကွဲညီအစ်ကိုကို ကြည့်ကာ ရှီနျူ အလျင်အမြန် သတိပေးလိုက်သည်။ “ရှီအာနျူ... မင်း ဘာကြောင်နေတာလဲ။ ကျေးဇူးရှင်ကို ကျေးဇူးတင်စကားပြောပြီးရင် အမြန်ဆင်းတော့လေ။ တခြားသူတွေ စောင့်နေကြတယ်။”
ထိုအခါမှ ရှီအာနျူ သတိဝင်လာပြီး ဇနီးနှင့် ကလေးများကို ဦးဆောင်ကာ လင်းချန်၏ ရှေ့၌ ဒူးထောက်၍ ကျေးဇူးတင်စကား ပြောဆိုသည်။
လင်းချန် ငြင်းဆန်ခြင်း မပြုဘဲ သူတို့၏ ကျေးဇူးတင်မှုကို လက်ခံလိုက်ပြီး သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်၏။
တစ်ခဏအတွင်း မျိုးနွယ်စုတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ကျောက်ဖြူစင်မြင့်ပေါ်၌ ရပ်နေသည့် လင်းချန်ကို မျက်ရည်များဖြင့် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများ၌ အံ့ဩမှုနှင့် ဝမ်းသာမှုများ ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
ယခုအခါ မျိုးနွယ်စုအတွင်း၌ ကျောက်အိမ်များ မရှိတော့ဘဲ လင်းချန်က ဟွာရှာအင်ပါယာမှ ယူဆောင်လာသည့် သစ်သားအိမ်များဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
ဤအိမ်များကို လင်းချန်၏ တောင်းဆိုချက်အရ မီးသွန်းဌာနမှ လျင်မြန်စွာ တည်ဆောက်ပေးခြင်း ဖြစ်၏။ အင်ပါယာမှ ထွက်ရှိသည့် သံသစ်သားတစ်မျိုးဖြင့် ပြုလုပ်ထားသဖြင့် ကျောက်တုံးများထက် သုံးဆမျှ ပိုမို ခိုင်ခံ့သည်။
ဟွာရှာအင်ပါယာမှ လက်မှုပညာရှင်တစ်ယောက်အနေဖြင့် ဤအိမ်တစ်လုံးကို တည်ဆောက်ရခြင်းသည် တံတွေးမျိုချလိုက်သလောက်ပင် မခက်ပေ။
သို့သော် မျိုးနွယ်စုဝင်များအတွက်မူ ဤအိမ်များသည် ထူးခြားသည့် အဓိပ္ပာယ်များစွာကို ဆောင်ကြဉ်းပေးနေသည်။
မျိုးနွယ်စု တစ်ခုလုံး ပြောင်းလဲသွားပြီ ဖြစ်၏။
လုံခြုံပြီး နွေးထွေးသည့် သစ်သားအိမ်များ ၊ သန့်ရှင်းသပ်ရပ်ပြီး အဝတ်အစားသစ်များ ဝတ်ဆင်ထားကြသော မျိုးနွယ်စုဝင်များနှင့် ဗိုက်ဝပြီး ပျော်ရွှင်နေကြသူများ၏ မျက်နှာထက်၌ ကျေနပ်ဝမ်းသာမှုများ ပြည့်နှက်နေကြသည်။
လင်းချန် မျိုးနွယ်စုသို့ စရောက်စဉ်က မျိုးနွယ်စုဝင်များ၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုနှင့် တွေဝေမှုများကို တွေ့ရသော်လည်း ယခုအချိန်၌မူ မိုးနှင့်မြေကဲ့သို့ ကွာခြားသွားပြီ ဖြစ်၏။
“အစ်ကိုကြီး... ဟိုမှာ။”
လင်းချန်၏ နောက်ကျောဘက် လမ်းဘေးမှ ကလေးများ၏ စိတ်လှုပ်ရှားနေသည့် အသံများ ထွက်ပေါ်လာသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ကလေးအယောက်နှစ်ဆယ်ကျော် သူ့ဆီသို့ ပြေးလာနေကြသည်ကို တွေ့လိုက်ရ၏။
သန့်ရှင်းသပ်ရပ်ပြီး အဝတ်အစားသစ်များ ဝတ်ဆင်ထားသော ဤကလေးများသည် အပြင်လောကရှိ လူသားမျိုးနွယ်ကလေးများနှင့် မခြားနားတော့ဘဲ ဖြူစင်ပြီး လန်းဆန်းတက်ကြွနေကြသည်။
ကလေးများက လင်းချန်၏ ဘေး၌ ဝိုင်းအုံကာ အပြင်လောက အခြေအနေနှင့် ပတ်သက်၍ စူးစမ်းမေးမြန်းနေကြ၏။
ခေါင်းဆောင် ရှီယွင်သည် လင်းချန်၏ ကနဦးပြောစကားများကို မျိုးနွယ်စုဝင်များအား ရှင်းပြထားပြီးဖြစ်သည်။ ကလေးများသည် အပြည့်အဝ နားမလည်သော်လည်း အပြင်ဘက်၌ ပိုမိုကြီးမားပြီး ကောင်းမွန်သည့် ကမ္ဘာကြီးတစ်ခု ရှိကြောင်းနှင့် သူတို့၏ကျေးဇူးရှင် အစ်ကိုကြီးသည် ထိုနေရာမှ လာကြောင်းကို သိရှိထားကြ၏။
**--**--**--**--**--**--**--**
“ဒုက္ခပါပဲ... ဘီလူးသရဲမျိုးနွယ်တွေ လာနေပြီ။ ဘီလူးသရဲမျိုးနွယ်တွေ လာနေပြီဟေ့။”
လင်းချန်သည် ကလေးများ၏ မေးခွန်းများကို ဖြေကြားနေစဉ် အဝေးမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။ လင်းချန်ဘေးရှိ ကလေးများလည်း ထိတ်လန့်သွားကြသည်။
ကြောက်လန့်နေသည့် ကလေးများကို ကြည့်ရင်း လင်းချန် အလျင်အမြန် နှစ်သိမ့်လိုက်သည်။ သူ၏ မျက်နှာထားသည် လေးနက်တည်ကြည်နေ၏။ “မကြောက်ကြနဲ့။ အစ်ကိုကြီး ရှိတယ်။ ဒီနေ့ကစပြီး မင်းတို့အားလုံး ဘာမှမဖြစ်စေရဘူး။”
လင်းချန်၏ စကားကို ကြားသည့်အခါ ကလေးများက အတန်ငယ် စိတ်သက်သာရာ ရသွားကြပြီး ကြောက်စိတ်များ တဖြည်းဖြည်း လျော့ပါးသွားကာ ခေါင်းလေးများ ညိတ်ပြကြသည်။
“အိမ်ပြန်ကြတော့ ကလေးတို့။ အစ်ကိုကြီး သွားကြည့်လိုက်ဦးမယ်။”
လင်းချန် စကားဆုံးသည်နှင့် ကလေးအုပ်စုက လူစုခွဲပြီး ထွက်ခွာသွားကြ၏။
ကလေးများ ထွက်သွားပြီးနောက် လင်းချန်၏ မျက်နှာထားသည် ရေခဲကဲ့သို့ အေးစက်သွားပြီး မျိုးနွယ်စုဝင်ပေါက်ဆီသို့ လှည့်ထွက်သွားလိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊