← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အပိုင်း ၁၉၆

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

“ရှီယွင်... ခင်ဗျားတို့မျိုးနွယ်စု ဘာဖြစ်သွားတာလဲ...”

ကျောက်တုံးမျိုးနွယ်စု ဝင်ပေါက်၌ ဒဏ်ရာများပြည့်နှက်နေသည့် အဘိုးအိုတစ်ဦးသည် တံခါးအတွင်းမှ မြင်ကွင်းကို ကြည့်ရင်း အံ့ဩလွန်းသဖြင့် စကားပင် ဆက်မပြောနိုင် ဖြစ်နေ၏။

ရှီယွင်က ထိုအဘိုးအိုကို ကြည့်ရင်း တစ်သက်တာလုံး စုဆောင်းထားသော ခံစားချက်များဖြင့် ပြောလိုက်သည်။ “လောကကြီးက အမြဲ ပြောင်းလဲနေတာပဲလေ။ ငါတို့မျိုးနွယ်စုဆီကို ဧည့်သည်တော်တစ်ယောက် ရောက်လာတယ်။ ဒီအရာအားလုံးက သူ ငါတို့ကို ပေးသနားခဲ့တာတွေပါပဲ။ ချင်ရှင်း... အခွင့်အရေးရရင် ခင်ဗျားကို မိတ်ဆက်ပေးပါ့မယ်။”

“ဘာတွေဖြစ်နေတာလဲ။”

ရှီယွင်၏ အသံ တိတ်သွားသည်နှင့် ငယ်ရွယ်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ရှီယွင် လှည့်ကြည့်လိုက်ရာ လင်းချန် လျှောက်လာသည်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန် ခရီးဦးကြိုပြုလိုက်သည်။ “သခင်လေး... ဒါက ချင်မျိုးနွယ်စုက လူတွေပါ။ ယာယီ ခိုလှုံခွင့်တောင်းရင်း ထွက်ပြေးဖို့လိုတယ်ဆိုတာ လာသတင်းပေးကြတာပါ။”

“ထွက်ပြေးရမယ်...”

ရှီယွင် ညွှန်ပြရာ ချင်မျိုးနွယ်စုဝင်များကို ကြည့်ရင်း လင်းချန် မျက်မှောင်ကြုတ်လိုက်၏။

တံခါးဝ၌ ရပ်နေသော ချင်မျိုးနွယ်စုဝင်များသည် ကျောက်တုံးမျိုးနွယ်စုဝင်များကဲ့သို့ပင် ညစ်ပတ်ပေရေနေသော လျှော်တေအင်္ကျီများကို ဝတ်ဆင်ထားကြ၏။ ထို့အပြင် လူငယ်ပိုင်းနှင့် သန်မာသော အမျိုးသားများ၏ ခန္ဓာကိုယ်ပေါ်၌ သွေးများ စွန်းပေနေသည်ကို တွေ့ရသည်။

အမျိုးသမီးများ ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ၏ မျက်နှာပေါ်၌မူ ပင်ပန်းနွမ်းနယ်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များကိုသာ တွေ့မြင်နေရ၏။

ရောက်ရှိလာသော မျိုးနွယ်စုဝင် အရေအတွက်သည် ရှစ်ရာကျော်ရုံမျှသာ ရှိသည်။ မူလက ထိုမျိုးနွယ်စုသည် သူတို့ထက် အခြေအနေ အနည်းငယ်သာလွန်ပြီး လူဦးရေ သုံးထောင်ကျော် ရှိကြောင်း ရှီနျူ ပြောခဲ့သည်ကို လင်းချန် မှတ်မိနေ၏။

ယခုမူ ရှစ်ရာခန့်သာ ကျန်ရှိတော့သည်။ ဖြစ်ပျက်ခဲ့သော အကြောင်းရင်းသည် အစောပိုင်းက အော်ဟစ်ခဲ့သည့် ဘီလူးသရဲမျိုးနွယ်နှင့် ဆက်စပ်နေမည်မှာ သေချာသလောက်ပင်။

“ရှီယွင်... သူက...”

ငယ်ရွယ်သော လင်းချန်ကို မြင်လိုက်ရသည့်အခါ ချင်ရှင်းသည် နားမလည်နိုင်စွာဖြင့် ရှီယွင်ကို လှမ်းကြည့်လိုက်သည်။

သူ၏ အမူအရာကို မြင်သည့်အခါ ရှီယွင်က အလျင်အမြန် ရှင်းပြလိုက်၏။ “ဒါက ငါတို့မျိုးနွယ်စုရဲ့ ကယ်တင်ရှင်... သခင်လေးလင်းချန်ပါပဲ။”

မိတ်ဆက်ပေးပြီးသည်နှင့် လင်းချန်က ရုတ်တရက် လက်ကို မြှောက်လိုက်ရာ သံသစ်သားဖြင့် ပြုလုပ်ထားသော အိမ်များသည် ကောင်းကင်ယံမှ တစ်လုံးပြီးတစ်လုံး ကျဆင်းလာပြီး မြေလွတ်တစ်နေရာ၌ နေရာယူလိုက်ကြ၏။

ထို့နောက် မြေပြင်ဆီသို့ လက်ဝှေ့ယမ်းလိုက်ရာ အစားအသောက်များ ၊ အဝတ်အစားများနှင့် ရေပုံးကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ ပေါ်ထွက်လာပြန်သည်။

လင်းချန် ချင်မျိုးနွယ်စုဝင်များကို ကြည့်ရင်း ပြောလိုက်၏။ “ရှီနျူ... ရှီမုန်... သူတို့ကို နေရာချပေးဖို့ ကူညီလိုက်ကြပါ။ အရာအားလုံး စည်းကမ်းအတိုင်း ဖြစ်ရမယ်။ ဘယ်သူမဆို ပြဿနာရှာတာ ၊ ခိုးယူတာတွေ လုပ်မယ်ဆိုရင် ချက်ချင်း သတ်ပစ်လိုက်။”

ထို့နောက် သူက ဆက်ပြောလိုက်သည်။ “သူတို့အားလုံး ဒဏ်ရာရထားတယ်... ဗိုက်ဆာပြီး ပင်ပန်းနေကြတယ်။”

လင်းချန်၏ လုပ်ရပ်များကို မြင်လိုက်ရသည့်အခါ ချင်ရှင်းမှာ အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ ထို့နောက် သူ အလျင်အမြန် ပြန်ပြောလိုက်၏။ “စိတ်ချပါ သခင်လေး... ကျွန်တော်မျိုးတို့လူတွေ ဘယ်တော့မှ ပြဿနာရှာမှာ မဟုတ်ပါဘူး။”

လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ သူ ဝင်ရောက်ကူညီရခြင်းမှာ သူ့၌ စွမ်းအားရှိနေသောကြောင့်နှင့် ဤကမ္ဘာငယ်လေးရှိ လူသားများသည် အမှန်တကယ် သနားစရာ ကောင်းသောကြောင့် ဖြစ်၏။

သို့သော် လူအုပ်စုတိုင်း၌ အဆိုးအကောင်း ရောထွေးနေတတ်ကြောင်း လင်းချန် ကောင်းစွာ သိသည်။ သူသည် တခြားသူများကို မျက်စိမှိတ် ကူညီမည့် လူအမျိုးအစား မဟုတ်ပေ။ သူ့အကူအညီကို လိုချင်လျှင် သူ့စည်းကမ်းကို လိုက်နာရမည်သာ။

ခေါင်းဆောင်ချင်ရှင်း အာမခံထားသကဲ့သို့ပင် မျိုးနွယ်စုဝင်များသည် မိသားစုအလိုက် စည်းကမ်းရှိစွာ တန်းစီ၍ ပစ္စည်းများကို လက်ခံယူကြပြီး သတ်မှတ်ထားသော နေရာများသို့ သွားရောက်ကြသည်ကို မြင်မှသာ လင်းချန် အကြည့်လွှဲလိုက်သည်။

ထို့နောက် ချင်ရှင်းဘက်သို့ လှည့်၍ မေးခွန်းထုတ်လိုက်၏။ “ခင်ဗျားတို့ ဘာတွေ ကြုံတွေ့ခဲ့ရလို့ ဒီအခြေအနေ ရောက်သွားရတာလဲ။ ဘီလူးသရဲမျိုးနွယ်တွေ တကယ် ရောက်လာကြတာလား။”

ချင်ရှင်း သက်ပြင်းချလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကြိတ်၍ ပြောလိုက်သည်။ “ဘီလူးသရဲမျိုးနွယ်တွေ... တောင်ဘက်ပိုင်းကို ဆင်းလာကြပြီ။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှီယွင်၏ မျက်နှာပျက်သွား၏။

ရှီယွင်က အလောတကြီး မေးလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကမှ စစ်ဖြစ်ထားတာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ ရုတ်တရက် တောင်ဘက်ကို ဆင်းလာကြတာလဲ။ ငါတို့ လူသားမျိုးနွယ် မျှော်လင့်ချက်လေး မြင်ရကာရှိသေး... ဒီလိုနဲ့ပဲ ပျက်စီးသွားရတော့မှာလား။”

လင်းချန်ကမူ ရှီယွင်ကို ကြည့်ပြီး မေးလိုက်၏။ “သူတို့ တောင်ဘက်ကို ဆင်းလာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။”

လင်းချန်၏ မေးခွန်းကို ကြားသောအခါ ရှီယွင်က သက်ပြင်းချ၍ ရှင်းပြလိုက်သည်။ “သခင်လေး... ဘီလူးသရဲမျိုးနွယ်တွေ တောင်ဘက် ဆင်းလာတာပဲဖြစ်ဖြစ် ၊ လူပုသရဲမျိုးနွယ်တွေ ဆင်းလာတာပဲဖြစ်ဖြစ် ၊ သူတို့နှစ်စု စစ်ဖြစ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ စစ်ပွဲ မတိုင်ခင် သူတို့က တောင်ဘက်ကို ဆင်းလာပြီး ကျွန်တော်တို့ကို စစ်ရိက္ခာအဖြစ် လာဖမ်းကြတာပါ။”

“သူတို့က ကျွန်တော်တို့ လူသားတွေကို အရှင် စားသုံးခြင်းအားဖြင့် စွမ်းအားတွေကို မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်တယ်ဆိုတာ သိရှိသွားကြလို့ပါ။ ဒါကြောင့် စစ်ပွဲတိုင်း မတိုင်ခင် သူတို့ ကျွန်တော်တို့ကို လာဖမ်းကြပါတယ်။”

“အရင်တုန်းကဆိုရင် သူတို့က နှစ်ပေါင်း သုံးရာ ၊ လေးရာလောက်နေမှ တစ်ခါ စစ်ဖြစ်တတ်ကြတယ်။ စစ်ပွဲဖြစ်ခါနီး အချိန်ကာလက ကျွန်တော်တို့အတွက် အိပ်မက်ဆိုးပါပဲ။ ဘယ်လောက်ပဲ အသည်းအသန် ခုခံပါစေ... အချည်းနှီးပါပဲ။”

“သူတို့ စစ်ပွဲပြီးသွားရင် ကျွန်တော်တို့က ပြန်လည် နာလန်ထူပြီး မျိုးဆက်ပွားကြတယ်။ လူဦးရေ အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီဆိုရင် သူတို့ နောက်တစ်ကြိမ် စစ်ဖြစ်ကြပြန်ရော။ ပြီးရင် ကျွန်တော်တို့ဆီကို လာပြီး လုယူဖမ်းဆီးကြပြန်ရော။”

“သူတို့ရဲ့ မျက်လုံးထဲမှာ ကျွန်တော်တို့က လှောင်အိမ်ထဲမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေပါပဲ။ စစ်ပွဲ မစခင် အချိန်ရောက်တိုင်း ရိက္ခာစုဆောင်းချိန် ရောက်လာသလိုပါပဲဗျာ။”

ရှီယွင်က အားငယ်စွာ ပြောဆိုရင်း မျက်နှာပေါ်၌ ကြေကွဲဝမ်းနည်းမှုကြောင့် မျက်ရည်များ စီးကျလာ၏။ သူ၏မျက်ပေါ်၌ ဒေါသ ၊ မကျေနပ်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

ထို့နောက် သူက လင်းချန်ကို ကြည့်ကာ ပြောလိုက်၏။ “သခင်လေးရဲ့ စွမ်းအားက ကြီးမားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူရဲကောင်းတစ်ယောက်တည်းနဲ့ အရပ်လေးမျက်နှာက တိုက်ခိုက်မှုတွေကို မကာကွယ်နိုင်ပါဘူး။ သူတို့က အရေအတွက် အရမ်းများပြီး စွမ်းအားတွေကလည်း ထူးကဲလွန်းတယ်။”

လင်းချန်က သူ့ကို ခံစားချက်မပါသော မျက်နှာထားဖြင့် ကြည့်ရင်း မေးလိုက်သည်။ “ခင်ဗျား ဘာပြောချင်တာလဲ။”

“သခင်လေး... ထွက်ပြေးပါ... ဒီနေရာကနေ ထွက်သွားပါတော့။”

“ထွက်ပြေးရမယ်...”

လင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။ “ဒါဆို ခင်ဗျားတို့ကရော...”

ချင်ရှင်းက ပြတ်သားသော အမူအရာဖြင့် ဝင်ပြောလိုက်သည်။ “သူတို့ တောင်ဘက်ကို ဆင်းလာတာနဲ့ ကျွန်တော်တို့ လူသားတွေ အားလုံး စုစည်းပြီး ပူးပေါင်း ခုခံတိုက်ခိုက်ကြမှာပါ။ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမှာပါ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ကျွန်တော်တို့ အမြဲတမ်း ဒီလိုပဲ လုပ်ခဲ့ကြတာ။”

လင်းချန် တိတ်ဆိတ်သွား၏။ ဤကဲ့သို့ အဖြေမျိုး ကြားရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

မူလက ဤနေရာရှိ လူများသည် အသက်ရှင်သန်နိုင်ရန်အတွက် ပုန်းအောင်းနေကြလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ သူတို့က တွန်းလှန်ကာကွယ်ရန် ရွေးချယ်ခဲ့ကြ၏။

သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်၌ပင် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်နေသည်တိုင်အောင် ဤကမ္ဘာငယ်လေးရှိ လူသားများသည် ပြန်လည် တိုက်ခိုက်ရန် ထကြွလာကြဆဲပင်။

အရှက်ရစေကာမူ ၊ ကျွန်ပြုခံရစေကာမူ ၊ ဤခုခံတော်လှန်ရေး စိတ်ဓာတ်သည် အမြဲတမ်း လက်ဆင့်ကမ်းလာခဲ့ပြီး ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။

လင်းချန်၏ မျက်နှာပေါ်၌ ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာပြီး စိတ်ထဲမှ ကြွေးကြော်လိုက်မိ၏။

‘ဘယ်တော့မှ အရှုံးမပေးဘူး။ ဒါ ငါတို့ရဲ့ လူသားမျိုးနွယ်ပဲ။’

ထိုအချိန်၌ ချင်ရှင်း၏ မျက်လုံးများ၌ နားမလည်နိုင်မှုများ ပြည့်နှက်လာပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ပြောရရင်... ဒီတစ်ခေါက် သူတို့ တောင်ဘက် ဆင်းလာတာက နည်းနည်း ထူးဆန်းနေတယ်။”

သူ့စကားကို ကြားသည့်အခါ ရှီယွင်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်... အရမ်း ထူးဆန်းတယ်။ သူတို့က လူသားတွေထဲက အသက်ကြီးတဲ့သူတွေကို စားရတာ ပိုကြိုက်တယ်။ အရင်တုန်းက သူတို့လက်ကနေ ထွက်ပြေး လွတ်မြောက်လာသူတွေထဲမှာ အသက်ကြီးတဲ့သူဆိုတာ ရှားတယ်။ အကုန်လုံးနီးပါး အဖမ်းခံရတာချည်းပဲ။ ဒါပေမဲ့ ခင်ဗျားတို့ဆီမှာတော့ သက်ကြီးရွယ်အိုတွေ တော်တော်များများ ပါလာကြတယ်။”

ချင်ရှင်း ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးကို ပြောလိုက်သည်။ “ဒီတစ်ခေါက် သူတို့က စိတ်ဝိညာဉ်စွမ်းအားရှိတဲ့ လူတွေကို ပစ်မှတ်ထားနေပုံရတယ်။ အထူးသဖြင့် စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်တဲ့ စစ်သည်တော်တွေကိုပေါ့။”

သူ၏ စကားကို ကြားပြီးနောက် ရှီယွင်က နားမလည်နိုင်စွာ ပြောလိုက်၏။ “ထူးဆန်းလိုက်တာ... ပုံမှန် သူတို့ရဲ့ အကြိုက်နဲ့ လုံးဝ ကွဲလွဲနေပါလား။ ရုတ်တရက် အမူအကျင့် ပြောင်းသွားတာများလား။”

သို့သော် လင်းချန်၏ ခေါင်းထဲ၌ အလင်းတစ်ချက် လက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လင်းချန်က ရေရွတ်လိုက်၏။ “ကျုပ်သဘောပေါက်ပြီ... တွေးကြည့်မယ်ဆိုရင် ဒီတစ်ခေါက် သူတို့ ဘာလို့ အဖမ်းခံရမဲ့သူတွေကို ရွေးချယ်ပုံ ပြောင်းလဲသွားလဲဆိုတာ ရှင်းသွားပြီ။”

သူတို့နှစ်ယောက်စလုံး လင်းချန်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး သံသယများကို ရှင်းလင်းပေးမည့် စကားကို စောင့်မျှော်နေကြသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၆ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊

All Chapters