အခန်း ၁၉၇
Vol. 20 Ch. 197
အပိုင်း ၁၉၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"ကျုပ်အထင် မမှားရင် တစ်ယောက်ယောက်က သူတို့ကို နောက်ကွယ်ကနေ ထိန်းချုပ်ခိုင်းစေနေတာ ဖြစ်ရမယ်။"
လင်းချန်၏ မျက်နှာ အနည်းငယ် မည်းမှောင်သွားပြီး သူ့ရှေ့မှ ရှီယွင်ကို ကြည့်လိုက်သည်။
"ခေါင်းဆောင်ရှီ... ကျုပ် ဒီကမ္ဘာငယ်လေးထဲ ဝင်လာရတဲ့ အကြောင်းရင်းကို အရင်က ပြောဖူးတယ်မဟုတ်လား။"
ရှီယွင် ခေါင်းညိတ်လိုက်သည်။ "သေချာတာပေါ့။ သခင်လေးက သွေးနက်မျိုးနွယ်လို့ခေါ်တဲ့ လူတွေကို တားဆီးဖို့ လိုက်လာတာလေ။"
ထိုသို့ပြောရင်း ရှီယွင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ လင်းချန်ကို အံ့ဩစွာ ကြည့်လိုက်၏။
"သခင်လေး... အခု ဘီလူးသရဲမျိုးနွယ်စုတွေ ရုတ်တရက် တောင်ဘက် ဆင်းလာတာ အဲဒီသွေးနက်မျိုးနွယ် ခိုင်းလို့များလား။"
လင်းချန် ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။ "သွေးနက်မျိုးနွယ်က သူတို့ရဲ့ ဘိုးဘေးတစ်ယောက်ယောက်ကို နိုးထစေဖို့ ဝင်လာတာ ဖြစ်နိုင်တယ်။ ဘီလူးသရဲတွေက လူသားတွေကို သွေးနဲ့ စိတ်ဝိညာဉ်အဆီအနှစ် သန့်စင်ပြီး
သူတို့ဘိုးဘေးကို အသက်ပြန်သွင်းဖို့ ဒါမှမဟုတ် ပြန်သန်မာလာစေဖို့ ကြိုးစားနေတာလို့ ကျုပ် ထင်တယ်။"
"ဒါပေမဲ့ သခင်လေး... သွေးနက်မျိုးနွယ်က တစ်ယောက်တည်း ရှိတယ်လို့ ပြောတယ်လေ။ ဘီလူးသရဲတွေက စိတ်ဆတ်ပြီး ဒေါသကြီးကြတယ်။ ဘယ်လိုလုပ် လူတစ်ယောက်တည်းရဲ့ အမိန့်ကို နာခံမှာလဲ။"
ရှီယွင် နားမလည်နိုင် ဖြစ်သွား၏။
လင်းချန် သက်ပြင်းချရင်း ရှီယွင်ဘက်သို့ လှည့်လိုက်သည်။ "ဒီကမ္ဘာငယ်လေးထဲက ခင်ဗျားတို့အားလုံး ရှေးဟောင်းဂိုဏ်းကြီးတစ်ခုရဲ့ တပည့်မျိုးဆက်တွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျင့်ကြံခြင်း လမ်းစဉ်မှာ နည်းလမ်း ကွာဟချက် ရှိနေလို့ ခင်ဗျားတို့ အခြေအနေက အရမ်း ခက်ခဲနေရတာ။"
"လူတွေထဲမှာ ပျံသန်းနိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလဲ။ သူတို့ စွမ်းအားက ခင်ဗျားနဲ့ ယှဉ်ရင် ဘယ်လောက် ကွာလဲ။ ပြီးတော့ လူပုသရဲနဲ့ ဘီလူးသရဲတွေရဲ့ စွမ်းအား ဘယ်လောက်ရှိလဲ ဆိုတာကို ကျုပ် မေးဖူးတယ်။ ခင်ဗျား အဖြေတွေကြောင့် ဒီကမ္ဘာရဲ့ အလုံးစုံ စွမ်းအားအဆင့်ကို ကျုပ် ယေဘုယျ နားလည်သွားပြီ။"
ရှီယွင်ပေးသည့် သတင်းအချက်အလက်များအရ လင်းချန် ကောက်ချက်ချနိုင်သည်မှာ လူသား၊ လူပုသရဲ သို့မဟုတ် ဘီလူးသရဲ မည်သူမဆို ကောင်းကင်နယ်ပယ်အဆင့်ရှိ သိုင်းဝိညာဉ်ပညာရှင်များ ရှိနေကြခြင်းပင်။
သို့သော် လူသားမျိုးနွယ်စုများအားလုံးပေါင်းမှ သူတော်စင် သို့မဟုတ် ကောင်းကင်နယ်ပယ်အဆင့်သို့ ရောက်ရှိသူ အရေအတွက်သည် ဆယ်ယောက်အောက်သာ ရှိ၏။
လွန်ခဲ့သည့် နှစ်တစ်ရာက စစ်ပွဲပြီးဆုံးပြီးနောက် လက်ရှိအချိန်အထိ ကောင်းကင်နယ်ပယ်အဆင့်သို့ ရောက်ရှိသည့် သိုင်းဝိညာဉ်ပညာရှင် လေးဦးသာ ရှိတော့သည်။
သူတို့တစ်ဦးစီသည် မျိုးနွယ်စုကြီးလေးခု၏ ခေါင်းဆောင်များ ဖြစ်ကြ၏။
နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များမှာမူ လူသားတစ်ရပ်လုံး၌ တစ်ရာနီးပါး ရှိ၏။
ကျောက်တုံးမျိုးနွယ်စု၌ ရှီယွင်၊ ရှီနျူနှင့် ရှီမုန် သုံးဦးသာ ရှိပြီး ချင်မျိုးနွယ်စု၌ လေးဦးသာ ရှိသည်။
လူပုသရဲနှင့် ဘီလူးသရဲတို့ တောင်ဘက်သို့ ဆင်းလာသည့်အခါ သူတို့၌ ကောင်းကင်နယ်ပယ်အဆင့် အနည်းဆုံး အယောက်သုံးဆယ်နှင့် နိဗ္ဗာန်နယ်ပယ်အဆင့် သုံးရာကျော် ပါဝင်လာတတ်၏။
မြောက်ဘက်မှ ဆင်းမလာသည့် အခြားမျိုးနွယ်စုများ မပါဝင်သေးပေ။ ထိုအုပ်စုနှစ်ခု၏ စွမ်းအားသည် လူသားများ၏ အမြင်၌ အလွန် ကြီးမားကာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ထို့ပြင် ဤလူသားများသည် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း ဆိုသည်ကို မသိကြကြောင်း လင်းချန် တွေ့ရှိလိုက်သည်။
သူတို့သည် နိဗ္ဗာန်စက်ဝန်းကိုးသွယ် ကျင့်ကြံခြင်းကို တစ်ခါမျှ မပြုလုပ်ဖူးကြပေ။ ထို့ကြောင့် သဘာဝကျစွာပင် သူတို့၏ စွမ်းအားသည် အပြင်လောကနှင့် ယှဉ်လျှင် အဆင့်အတန်း ကွာခြားနေ၏။
လူသားမျိုးနွယ်၏ အကြီးမားဆုံးသော ပါရမီမှာ သင်ယူနိုင်စွမ်းနှင့် သူတို့၏ သိုင်းဝိညာဉ်များ ဖြစ်သည်။ သို့သော် အခြားမျိုးနွယ်စုများ၏ တိရစ္ဆာန်သဖွယ် ဆက်ဆံခြင်း ခံနေရသဖြင့် ပထမပါရမီကို အသုံးမချနိုင်ပေ။ ဒုတိယပါရမီမှာမူ ရယ်စရာတစ်ခု ဖြစ်နေ၏။
ထို့နောက် လင်းချန်သည် နားမလည်နိုင် ဖြစ်နေသည့် ချင်ရှင်းနှင့် ရှီယွင်ကို ကြည့်ရင်း အဆင့်သတ်မှတ်ချက်များအကြောင်း အသေးစိတ် ထပ်ရှင်းပြလိုက်၏။
"ကျုပ်အထင် မမှားရင် လူပုသရဲနဲ့ ဘီလူးသရဲတွေထဲက အသန်မာဆုံးတွေက ကောင်းကင်နယ်ပယ် အဆင့်လောက်ပဲ ရှိမယ်။ အလွန်ဆုံး ကောင်းကင်ပျံလွှားအဆင့်ပေါ့။"
"ဒီလိုသာဆိုရင် သွေးနက်မျိုးနွယ်က သူတို့ကို ထိန်းချုပ်ပြီး ခိုင်းနိုင်တာ မဆန်းဘူး။ သူ့စွမ်းအားနဲ့ဆိုရင် ဒီကမ္ဘာထဲက အဲဒီအုပ်စု နှစ်ခုလုံးကို တစ်ယောက်တည်း အပြတ်ရှင်းပစ်နိုင်လိမ့်မယ်။"
လင်းချန်၏ စကားကို ကြားသည့်အခါ သူတို့နှစ်ယောက်စလုံး ချွေးစေးများ ပြန်လာကြ၏။ ထိုအချိန်မှသာ တွင်းအောင်းဖားဘဝဆိုသည်ကို သူတို့ နားလည်သဘောပေါက်သွားကြသည်။
မူလက သူတော်စင်အဆင့် ရှိနေခြင်းသည် ကောင်းကင်အောက်၌ အသန်မာဆုံး ဖြစ်သည်ဟု ထင်မှတ်ထားကြသော်လည်း ဤအတွေးသည် မည်မျှ ရယ်စရာကောင်းကြောင်း သဘောပေါက်သွားကြ၏။
"ဒါကြောင့် စွမ်းအားကွာခြားချက် အရမ်းကြီးမားနေတဲ့ အခြေအနေမှာ အုပ်စုဖွဲ့ တိုက်တာက ပြဿနာကို မဖြေရှင်းနိုင်ဘူး။"
လင်းချန်၏ မျက်နှာထားသည် အလွန် လေးနက်နေ၏။
ယခု လင်းချန် အတည်ပြုနိုင်သည်မှာ ဂြိုဟ်သား သွေးနက်မျိုးနွယ်သည် မြောက်ဘက်၌ ရှိနေလောက်ခြင်းပင်။ သူ ရောက်ရှိသည့် နေရာနှင့် ပြိုင်ဘက် ရောက်ရှိသော နေရာ ကွာဝေးနေရခြင်းမှာ ဝင်ပေါက် ပျက်စီးသွားစဉ် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်ကြောင့်ဟု ခန့်မှန်းမိ၏။
ဤသို့ ဖြစ်သွားခြင်းက ကံကောင်းသည်ဟုလည်း ခံစားမိသည်။ သို့မဟုတ်ပါက လူသားများ မျိုးသုဉ်းသွားလောက်လေပြီ။
လူပုသရဲနှင့် ဘီလူးသရဲတို့သည် အနာဂတ်၌ စစ်ရိက္ခာအဖြစ် အသုံးပြုရန် လိုအပ်သည့်အတွက် လူသားများကို လုံးဝ မျိုးသုဉ်းအောင် လုပ်မည် မဟုတ်ချေ။ သို့သော် သွေးနက်မျိုးနွယ်ကမူ လုပ်ပေလိမ့်မည်။
တော်ဝင်သွေးနက်မျိုးနွယ်တစ်ဦး အမှန်တကယ် ရှိနေပြီး ထိုသူ လွတ်မြောက်ရန်အတွက် လူသားအားလုံး သေဆုံးရန် လိုအပ်သည်ဆိုပါက သူသည် တွေဝေခြင်းမရှိဘဲ သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။
လင်းချန် တံခါးဝဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ထိုအချိန်၌ အပြင်ဘက်၌ ထူထပ်သည့် မြူခိုးဖြူများ စတင် မြင့်တက်လာနေပြီ ဖြစ်သော်လည်း ခြောက်သွေ့သော သစ်ပင်များ မရှိသည့် မျိုးနွယ်စုအတွင်းသို့ ဝင်ရောက်လာခြင်း မရှိသေးပေ။
'မိုးလင်းနေပြီပဲ။ ကြည့်ရတာ လက်ရှိအချိန်မှာ သွေးနက်မျိုးနွယ်က အလောင်းတွေကို အသက်ပြန်သွင်းတဲ့ နည်းလမ်းကို သုံးလို့မရနိုင်သေးဘူး ထင်တယ်။ ဒီလို ထူထပ်တဲ့ မြူခိုးတွေက လူပုသရဲနဲ့ ဘီလူးသရဲတွေကိုလည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။'
လင်းချန် စဉ်းစားပြီးနောက် ချင်ရှင်းနှင့် ရှီယွင်ကို မေးလိုက်သည်။
"အခု လူမျိုးနွယ်စု ဘယ်လောက် ကျန်သေးလဲ။ သူတို့ တည်နေရာတွေကို သိလား။"
သူ၏ အလျင်စလို မေးခွန်းကို ကြားသည့်အခါ နှစ်ဦးသား အသီးသီး ဖြေလိုက်ကြ၏။
"မျိုးနွယ်စု ခြောက်ဆယ်လောက် ကျန်ပါသေးတယ်။"
"တောင်ဘက်ပိုင်းက နေလို့ရတဲ့ မြေနေရာတွေက သိပ်မပြောင်းလဲတဲ့အတွက် တည်နေရာ အတိအကျ သိတယ်။"
လင်းချန် ခေါင်းညိတ်လိုက်သည်။ "တည်နေရာတွေကို လက်ညှိုးထိုးပြပြီး ခင်ဗျားတို့ အမြန်နှုန်းနဲ့ဆို အဲဒီကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ ပြောပြ။ အားလုံးကို ပြောပြပါ။ ကျုပ်က အလယ်မှာ နေမယ်။ ခေါင်းဆောင်ရှီက ဘယ်ဘက်၊ ခေါင်းဆောင်ချင်က ညာဘက်။"
ရှီယွင်နှင့် ချင်ရှင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ သူ ဤအရာအားလုံးကို မှတ်မိနိုင်ပါ့မလားဟု တွေးနေမိကြသည်။
သို့သော် မေးခွန်းထုတ်ရန် မဝံ့ရဲကြသဖြင့် ဦးတည်ရာ အရပ်များသို့ လက်ညှိုးထိုးပြလိုက်ကြ၏။
"ဟိုဘက်မှာ... ချီမျိုးနွယ်စု... သုံးနာရီ ကြာမယ်။"
"ဟိုဘက်အခြမ်းမှာ ဝမ်မျိုးနွယ်စု... တစ်ရက် ကြာမယ်။"
သူတို့ ပြောပြနေစဉ် ဤအချက်အလက်များသည် ကောင်းကင်လက်မှုပညာဌာနသို့ တစ်ပြိုင်နက် ပေးပို့နေပြီး တောင်ဘက်ပိုင်းရှိ တည်နေရာပြ နည်းဗျူဟာမြေပုံတစ်ခု တဖြည်းဖြည်း ပုံဖော်လာနေပြီ ဖြစ်၏။
"ဘာ... ဘာကြီးလဲဟ။"
ရုတ်တရက် အနီးနားမှ အာမေဋိတ် အော်သံတစ်ခု ထွက်ပေါ်လာကာ လူအများသည် ရေကန်ရှိရာဘက်သို့ ကြောင်ငေးကြည့်နေကြသည်။ လင်းချန်လည်း ထိုဘက်သို့ လှည့်ကြည့်လိုက်၏။
သူ ဖန်တီးထားသည့် ရေကန်ကို ကျော်လွန်၍ ပေနှစ်ဆယ်ခန့် မြင့်မားသော ကျောက်တံတိုင်း၏ နောက်ကွယ် မြူခိုးဖြူများ ဖုံးလွှမ်းနေသည့် နေရာမှ ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ တံတိုင်းသည် ထိုသတ္တဝါကြီး၏ ခါးလောက်အထိသာ ရှိ၏။
"ဟားဟားဟား... မင်းတို့ လူပုရွက်ဆိတ်ကောင်လေးတွေ... တူတူပုန်းတမ်း မကစားကြတော့ဘူးလား။"
အရိုင်းဆန်သည့် ရယ်သံကြီးတစ်ခု အပေါ်မှ ထွက်ပေါ်လာပြီး ထိုဧရာမသတ္တဝါကြီးသည် ထူထပ်သော မြူခိုးများထဲမှ ထွက်လာကာ ကျောက်တံတိုင်းကို နင်းချေလိုက်ရာ "ဝုန်းးး" ခနဲ ပြိုကျသွား၏။
တစ်ချိန်တည်းမှာပင် ငုံ့ကြည့်နေသည့် ထိုသတ္တဝါကြီး၏ အစစ်အမှန်ပုံစံသည် မျက်စိရှေ့၌ ထင်ရှားစွာ ပေါ်ထွက်လာသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ ပြီး။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊