အခန်း ၁၉၈
Vol. 20 Ch. 198
အပိုင်း ၁၉၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကြီးမားသည့် လှုပ်ရှားမှုကြီးကြောင့် ကျောက်တုံးမျိုးနွယ်စုရှိ လူတိုင်း လန့်ဖျပ်သွားကြ၏။ မကြာသေးမီကမှ ရောက်ရှိလာသည့် ချင်မျိုးနွယ်စုဝင်များပါမကျန် အားလုံးသည် ထိုဧရာမပုံရိပ်ကြီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။
ကျောက်တုံးမျိုးနွယ်စု၏ ကျောက်တံတိုင်းများကို ဖြိုခွင်းဝင်ရောက်လာသည့် ထိုဧရာမပုံရိပ်ကြီးမှာ လူသားများနှင့်အတူ ဤကမ္ဘာငယ်လေး၌ နေထိုင်ကြသည့် ဘီလူးသရဲမျိုးနွယ်ပင် ဖြစ်၏။ ပေလေးဆယ်ခန့် မြင့်မားသည့် အရပ်အမောင်းဖြင့် မတ်တပ်ရပ်နေသည်မှာ ပြင်းထန်သော ဖိနှိပ်မှုအရှိန်အဝါကို ထုတ်လွှတ်နေသကဲ့သို့ ရှိသည်။ ထိုသတ္တဝါကြီး၏ ရှေ့မှောက်၌မူ လူသားများမှာ အလွန်သေးငယ်ကာ အားနည်းနေပုံ ပေါ်၏။
ဤဘီလူးသရဲ၏ ရုပ်သွင်နှင့် ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ဧရာမအရွယ်အစားကြီးဖြစ်နေသည်မှလွဲ၍ လူသားများနှင့် အတော်လေး ဆင်တူလှသည်။
ထို့ပြင် ဘီလူးသရဲ၏ အသားအရေမှာ အပြာရောင်ဖျော့ဖျော့ဖြစ်ပြီး ကြွက်သားများ ကျစ်လစ်ကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြီးပြည့်စုံနေ၏။ ထိုခန္ဓာကိုယ်ကြီးထဲ၌ ပါဝင်နေမည့် ခွန်အားကို တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေ။
နှုတ်ခမ်းမှ အစွယ်များ ပြူးထွက်နေသည့် ထိုအပြာရောင် ဘီလူးသရဲသည် ပါးစပ်ဖြဲကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟားဟား... ဒီနေ့တော့ အရသာရှိတဲ့ အစားအစာတွေ ပိုရမယ့်ပုံပဲ။”
ထိုသို့ပြောရင်း ဘီလူးသရဲသည် သူ၏ ခါးပတ်ကြီးထဲသို့ လက်နှိုက်လိုက်ကာ အားနည်းနေသည့် အဘိုးအိုတစ်ဦးကို ဖမ်းဆုပ်လိုက်ပြီး ဝါးစားရန် ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျောက်တုံးမျိုးနွယ်စုအတွင်းရှိ လူတိုင်း၏ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကြပြီး ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားကြသည်။ ဤမြင်ကွင်းသည် သူတို့၏ နိဂုံးချုပ်အဆုံးသတ် ဖြစ်လာတော့မည့်ပုံ ပေါ်နေ၏။
ထိုဧရာမပုံရိပ်ကြီးကို ကြည့်ရင်း ချင်ရှင်းသည် ဒေါသတို့ဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ “ဒါ ကျုပ်တို့ ချင်မျိုးနွယ်စုကို တိုက်ခိုက်တဲ့ ဘီလူးသရဲတွေထဲက နိဗ္ဗာန်နယ်ပယ်အဆင့်ရှိတဲ့သူ တစ်ယောက်ပဲ။ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး။”
ရှီယွင်က ဧရာမပုံရိပ်ကြီးကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။ “ဘီလူးသရဲမျိုးနွယ်ရဲ့ ခွန်အားက အရမ်းကြီးမားလွန်းတယ်။ ပုံမှန်ဆိုရင် သူတို့ရဲ့ နိဗ္ဗာန်နယ်ပယ်တစ်ယောက်ကို ယှဉ်နိုင်ဖို့ ငါတို့လူသားတွေဘက်က နိဗ္ဗာန်နယ်ပယ်စစ်သည် ငါးယောက်လောက် လိုအပ်တယ်။”
နိဗ္ဗာန်နယ်ပယ်ဟု ခေါ်ဆိုသည့် အဆင့်အတန်းပင် ဖြစ်သည်။ လင်းချန်၏ ခန့်မှန်းချက်အရ ဤဘီလူးသရဲ၏ အရှိန်အဝါမှာ နိဗ္ဗာန်လေးဆင့်မြောက်ခန့် ရှိ၏။
အခြားမျိုးနွယ်စုများသည် လူသားများနှင့် မတူကြပေ။ သူတို့၌ သိုင်းဝိညာဉ် မရှိသလို နိဗ္ဗာန်စက်ဝန်းကိုးသွယ်လည်း မရှိကြချေ။ သို့သော် ဤဘီလူးသရဲ၏ အားသာချက်မှာ ရှင်းလင်းလှ၏၊ သူ၏ ရုပ်ခန္ဓာပင် ဖြစ်သည်။
ကြီးမားသည့် ခန္ဓာကိုယ်နှင့် ခွန်အားဗလတို့သည် တိုက်ပွဲ၌ ကြီးမားသော အားသာချက်ကို ပေးစွမ်းနိုင်သည်။
ဤကမ္ဘာငယ်လေးရှိ လူသားများ၌မူ သင့်လျော်မှန်ကန်သည့် ကျင့်စဉ်နည်းလမ်းများ မရှိသလို မူလလက်နက်နှင့် စိတ်ဝိညာဉ်ပစ္စည်းများလည်း မရှိကြပေ။ ထို့ပြင် မျိုးနွယ်စုပါရမီများမှာလည်း မဖွံ့ဖြိုးသေးသဖြင့် အခြားမျိုးနွယ်စုများကို ရင်ဆိုင်ရာ၌ အလွန် အားနည်းနေရသည်။
ရှီယွင်က ပြတ်သားသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “သခင်လေး... ချင်ရှင်းရယ် ၊ ကျွန်တော်ရယ် ၊ ရှီနျူနဲ့ ရှီမုန်တို့ ပေါင်းရင် ကျွန်တော်တို့ လေးယောက်ရှိတယ်။ သခင်လေးပါ ပေါင်းလိုက်ရင် ငါးယောက်ဆိုတော့... တခြား ဘီလူးသရဲတွေ မရောက်လာခင် သူ့ကို သတ်နိုင်လောက်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ကို အသေခံခွင့်ပြုပါ။”
ရှီယွင်၏ စကားကို ကြားသည့်အခါ ချင်ရှင်းက သက်ပြင်းရှည်ကြီး ချလိုက်မိပြီး ခေါ်လိုက်၏။ “ရှီအိုကြီး...”
ဘီလူးသရဲတစ်ယောက်ကို သတ်ဖြတ်ရန် လူသားများဘက်မှ အဆင့်တူစစ်သည် ငါးဦး လိုအပ်ရုံသာမက အခွင့်အရေးရရန်အတွက် တစ်ဦးက စတေးခံရလေ့ရှိသည်။ အရေအတွက် ငါးဦးထက် မပိုပါက အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်ရ၏။
ချင်ရှင်းနှင့် ရှီယွင်တို့၏ မျှော်လင့်ချက်မဲ့နေသည့် အမူအရာများကို ကြည့်ရင်း လင်းချန်က ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ “ခင်ဗျားတို့အားလုံး သွားပြီး မျိုးနွယ်စုဝင်တွေကို နှစ်သိမ့်ပေးလိုက်ကြပါ။ ဒီဘီလူးသရဲကောင်ကို ရှင်းဖို့ ကျုပ်တစ်ယောက်တည်းကိုပဲ ထားခဲ့လိုက်ပါ။”
ထိုစကားကြောင့် သူတို့နှစ်ယောက်လုံး လန့်ဖျပ်သွားကြပြီး အထူးသဖြင့် ရှီယွင်မှာ စိုးရိမ်တကြီး ဖြစ်သွား၏။
ရှီယွင်က အလောတကြီး ပြောလိုက်သည်။ “သခင်လေး... ဘီလူးသရဲကို တစ်ယောက်တည်း ရင်ဆိုင်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပါပဲ။ သခင်လေး ကိုယ်တိုင် ဝန်ခံထားသလိုပဲ သခင်လေးက နိဗ္ဗာန်နယ်ပယ်ပဲ ရှိသေးတာလေ။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကို အသက်အန္တရာယ်ဖြစ်အောင် စွန့်စားခိုင်းလို့ မဖြစ်ပါဘူး။”
လင်းချန်က ကမ္ဘာပေါ်၌ ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်ပြီးနောက် ရေကန်ရှိရာဘက်သို့ လှည့်ထွက်သွားလိုက်သည်။ “ဟားဟား... အသက်အန္တရာယ်စွန့်စားရမယ်... ဒီလို ပုစွန်ဆိတ်လောက် အကောင်လေးက ကျုပ် စာဖွဲ့ရတဲ့အဆင့်တောင် မဟုတ်ပါဘူးဗျာ။”
ချင်ရှင်းနှင့် ရှီယွင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အံကိုကြိတ်ကာ လင်းချန်နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။
အထူးသဖြင့် ရှီယွင်သည် မည်သို့ပင် ရင်းရပါစေ လင်းချန်၏ ဘေးကင်းရေးကို ကာကွယ်ပေးရန် ဆုံးဖြတ်ချက်ချထားလိုက်၏။
ကျောက်တုံးမျိုးနွယ်စုထဲသို့ ဝင်ရောက်လာသည့် ဘီလူးသရဲသည် ခြေရင်းရှိ ရေကန်ကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် ရေရွတ်လိုက်မိသည်။ “ဟေ... ဒီလောက်သေးငယ်တဲ့ လူသားစခန်းက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ရေသန့်တွေကို ရထားတာလဲ။”
ထိုအချိန်၌ လူငယ်တစ်ဦး သူ့ထံသို့ လျှောက်လှမ်းလာသည်ကို သတိထားမိလိုက်၏။
ဤလူငယ်သည် တစ်စုံတစ်ခု ကွဲပြားခြားနားနေကြောင်း ဘီလူးသရဲက သတိပြုမိလိုက်သည်။ သူသည် သန့်ရှင်းသပ်ရပ်နေရုံသာမက သူ၏ အသားအရေမှာလည်း ဤနေရာရှိ အခြားသူများကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်မနေချေ။
ဘီလူးသရဲက လင်းချန်ကို စူးစမ်းလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။ “ဟေ့... အကောင်ပေါက်လေး... မင်းက သတ္တိတော့ ရှိသားပဲ။ ငါ အာထွာရောက်လာတာကို မြင်တာတောင် မင်းက ထွက်မပြေးဘူးပေါ့လေ။”
လင်းချန်က လူဘီလူးကြီးကို မော့ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။ “ချင်မျိုးနွယ်စုကို တိုက်ခိုက်တဲ့ ဘီလူးသရဲတွေထဲက မင်းတစ်ယောက်တည်း ဘာလို့ ကျောက်တုံးမျိုးနွယ်စုဆီ ရောက်လာတာလဲ။”
လက်ရှိအချိန်၌ ချင်ရှင်းနှင့် ရှီယွင်တို့သည်လည်း လင်းချန်၏ ဘေးနားသို့ ရောက်ရှိလာကြပြီး အာထွာဟု ခေါ်သည့် ဤဘီလူးသရဲကို ရင်ဆိုင်လိုက်ကြသည်။ ကြီးမားသည့် တောင်ကြီးတစ်လုံးက သူတို့၏ နှလုံးသားပေါ်သို့ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး နှလုံးခုန်ရပ်တန့်လုမတတ် ဖြစ်သွားကြရ၏။
ဤကမ္ဘာငယ်လေးရှိ လူသားများ၏ အတိတ်သမိုင်းကြောင်းက သူတို့၏ စိတ်အာရုံပေါ်၌ ဖိအားများစွာ သက်ရောက်စေခြင်း ဖြစ်သည်။
အာထွာက မေးစေ့ကို ပင့်ကာ လင်းချန်အား စိတ်ဝင်တစား ကြည့်လိုက်၏။ “ပိုးမွှားကောင်လေး... မင်းက သတင်းနှိုက်ချင်နေတာလား။ ငါက ဘာလို့ ပြောပြရမှာလဲ။ မင်းပုံစံက နူးညံ့အိစက်မယ့်ပုံပဲ။ မင်းရဲ့ ညာဘက်လက်မောင်းကို ဖြတ်ပြီး ငါ့ကို မြည်းစမ်းခွင့်ပေးမယ်ဆိုရင်တော့ ပြောပြချင် ပြောပြမယ်... ဘယ်လိုလဲ။”
ချင်ရှင်းနှင့် ရှီယွင်တို့၏ မျက်နှာများ မည်းမှောင်သွားကြ၏။ ဘီလူးသရဲ၏ ရှေ့မှောက်၌ လူသားများမှာ အလွန်နိမ့်ကျလှပြီး အစာတစ်လုပ်မျှသာ ဖြစ်နေရလေပြီ။
လင်းချန်က အာထွာကို မခိုးမခန့် ပြုံးကြည့်လိုက်ပြီး သူ၏ လည်ချောင်း၌ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ဟိန်းဟောက်လိုက်သည်။ “သတင်းနှိုက်တယ် ဟုတ်လား။ အထင်မလွဲနဲ့ အမှိုက်ကောင်... ငါ့မေးခွန်းကို ဖြေဖို့ အမိန့်ပေးနေတာ။ အပိုစကားပြောဖို့ ခွင့်ပြုထားတာ မဟုတ်ဘူး။”
စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ထိုဟိန်းဟောက်သံသည် ကျောက်တုံးမျိုးနွယ်စု တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး ယခင်က ထိတ်လန့်နေသည့် လူသားများမှာ အံ့အားသင့်ကာ ရေကန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
လင်းချန်၏ ဘေးနား၌ ရပ်နေသည့် ချင်ရှင်းနှင့် ရှီယွင်တို့သည်လည်း ထိုလူငယ်ကို ကြည့်ကာ ကြောင်အမ်းသွားကြသည်။
သူတို့၏ နားလည်မှု၌ လူသားများသည် ဘီလူးသရဲများကို ရင်ဆိုင်ရချိန်၌ ကြောက်ရွံ့ခြင်း ၊ ထွက်ပြေးခြင်းနှင့် မလိုလားအပ်သည့် ရုန်းကန်ခြင်းများကိုသာ သိထားကြခြင်း ဖြစ်၏။
ဘီလူးသရဲများနှင့် ရင်ဆိုင်ရတိုင်း သူတို့သည် နှိမ့်ချဆက်ဆံခံရပြီး အရှက်ရစေသည်။ သူတို့သည် လင်းချန်ကဲ့သို့ တစ်ခါမျှ မဖြစ်ဖူးကြချေ။
အရပ်မြင့်မားသည့် အာထွာ၏ မျက်နှာပေါ်၌ အံ့အားသင့်မှုများ ပေါ်လာပြီးနောက် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော အမူအရာသို့ ပြောင်းလဲသွား၏။
အာထွာက ဒေါသတကြီး ပြောလိုက်သည်။ “လူသားလေး... မင်း သတ္တိရှိလှချည်လား။ မင်းတို့က ငါတို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေအဆင့်ပဲ ရှိတာကို... ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ။”
“ဘုန်းးး”
နားကွဲမတတ် ပြင်းထန်သည့် မိုးကြိုးသံကြီးသည် လေထုထဲ၌ ပြည့်နှက်သွားပြီး ကျောက်တုံးမျိုးနွယ်စုရှိ လူတိုင်း၏ နားထဲ၌ တဝုန်းဝုန်း မြည်ဟည်းသွားသည်။ ထို့နောက် ကြီးမားသော မိုးကြိုးများသည် လခြမ်းပုံစံ ဓားချီအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်ကို သူတို့ မြင်လိုက်ကြရ၏။
“ရွှီးးး”
ရွှေနီရောင် မိုးကြိုးဓားချီသည် အာထွာ၏ ပခုံးကို ချက်ချင်းပင် ဖောက်ထွင်းသွားသည်။ သူ၏ ဗလာကျင်းနေသည့် ပခုံးထက်၌ သွေးစက်လမ်းကြောင်း ပါးပါးလေးတစ်ခု ပေါ်လာ၏။
“ရွှပ်...”
သွေးများ ပန်းထွက်လာကာ အာထွာ၏ ကြီးမားသည့် ညာဘက်လက်မောင်းကြီးမှာ ပခုံးရင်းမှနေ၍ သပ်ရပ်စွာ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ “ဘုန်း” ခနဲ ပြုတ်ကျသွားသည်။
“အားးး”
အာထွာသည် ပခုံးကို လက်ဖြင့် အုပ်ကိုင်ကာ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ယိုင်နဲ့နဲ့ ဆုတ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။
မြေဝါရောင် စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး ညာဘက်လက်မောင်းရှိ ဒဏ်ရာကို ပိတ်ဆို့ကာ သွေးများ ဆက်လက်မထွက်စေရန် တားဆီးလိုက်သည်။ ထိုအချိန်၌ သူ၏ ဘယ်ဘက်လက်က ခါး၌ ချိတ်ဆွဲထားသည့် အိတ်ဆီသို့ လှမ်းယူလိုက်၏။
“ရွှီးးး”
မိုးကြိုးများ ရောယှက်နေသည့် နောက်ထပ် ဓားချီတစ်ခု ဖြတ်သန်းသွားပြန်ရာ သွေးစက်များ ပေါ်လာပြီး အာထွာ၏ အိတ်ကလေး မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူ၏ ဘယ်ဘက်လက်မှ လက်ချောင်းငါးချောင်းလုံး ပြတ်တောက်သွားပြီး သွေးပွက်ငါးခု ပန်းထွက်လာ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် လက်ကြီးတစ်ခု ပေါ်လာပြီး ထိုအိတ်ကို လှမ်းယူလိုက်ကာ လင်းချန်၏ နောက်ဘက်၌ ညင်သာစွာ ချထားလိုက်သည်။
လက်ရှိအချိန်၌ မိုးထိအောင် မြင့်မားသည့် ဘီလူးသရဲ အာထွာတစ်ယောက် နာကျင်မှုနှင့် ရင်ထဲရှိ ကြောက်ရွံ့မှုတို့ကြောင့် ထိန်းချုပ်မရနိုင်အောင် တုန်လှုပ်နေရလေပြီ။
ဤအရာအားလုံးသည် ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားသည့် လူငယ်လေးဆီမှ လာခြင်း ဖြစ်၏။
သူ၏ မျက်လုံးထဲ၌ ထိုလူငယ်၏ အကြည့်၌ ပါဝင်သည့် အထင်သေးမှု ၊ ရွံရှာမှုနှင့် စိတ်ပျက်မှုတို့ကိုသာ မြင်တွေ့နေရသည်။
လင်းချန်က ရေရွတ်လိုက်၏။ “ဘီလူးသရဲဆိုတာ... တကယ့်ကို အားနည်းတဲ့ မျိုးနွယ်စုပါလား။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၀ ၊ အတွဲ ၁ ၊