← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အပိုင်း ၁၉၉

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

“အရှက်ရတာလား... ဒေါသထွက်တာလား...”

အာထွာသည် ထိုစိတ်ခံစားမှုများကို သူ၏နှလုံးသားထဲ၌ မဝေခွဲနိုင်တော့ပေ။ သူ၏စိတ်ထဲ၌ နက်ရှိုင်းသည့် ကြောက်ရွံ့မှုများသာ ရှိနေသည်။

ဤလူသားလူငယ်လေးသည် မည်ကဲ့သို့သော သတ္တဝါဆန်းကြီး ဖြစ်သနည်း။ အာထွာနှင့် တူညီသည့် နိဗ္ဗာန်နယ်ပယ် ခွန်အားရှိသည်မှာ ထင်ရှားသော်လည်း သူ၏စွမ်းအားကမူ လွန်လွန်ကဲကဲ သန်မာလွန်းလှသည်။

တစ်ဖက်လူ၏ စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများက သူ၏ကိုယ်ပိုင် ခုခံကာကွယ်မှုကို မရှိသကဲ့သို့ ဖြစ်သွားစေ၏။ သူသည် သဘာဝအလျောက် ခုခံကာကွယ်မှု အားကောင်းသည့် မြေကမ္ဘာဓာတ် စိတ်ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဘီလူးသရဲမျိုးနွယ်အတွင်း၌ အာထွာသည် ပါရမီမြင့်မားသူဟု သတ်မှတ်ခံထားရပြီး အထူးသဖြင့် ခုခံကာကွယ်မှု၌ ဂုဏ်ယူဝင့်ကြွားသူ ဖြစ်၏။ သူတော်စင်နယ်ပယ်အဆင့် စွမ်းအားပိုင်ဆိုင်သည့် သူ၏ဆရာသခင် ကိုယ်တိုင်ကပင် သူ၏ခုခံကာကွယ်မှု ခိုင်မာအားကောင်းခြင်းကို အဆုံးမရှိ ချီးကျူးဖူးသည်။

သို့သော် ယခုအခါ ဤလူသားလူငယ်လေး၏ စိတ်ဝိညာဉ်စွမ်းအင်က သူ၏မာနများကို အစိပ်စိပ်အမွှာမွှာ ရိုက်ချိုးပစ်လိုက်လေပြီ။

ထိုမျှသာမက ကျောက်တုံးမျိုးနွယ်စုအတွင်းရှိ အခြားလူသားများမှာလည်း ကြောက်ရွံ့လွန်းသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေကြ၏။

သနားစရာကောင်းလောက်အောင် ဖြစ်နေသည့် ဧရာမပုံရိပ်ကြီးကို ကြည့်ရင်း လူသားများမှာ ယုံနိုင်စရာမရှိသကဲ့သို့ ခံစားနေရသည်။

“အဲဒါ တကယ် ဘီလူးသရဲ ဟုတ်ရဲ့လား... ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။”

ထိုမေးခွန်းက လူတိုင်း၏ စိတ်ထဲ၌ ပေါ်လာသော်လည်း စိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်သည့် စစ်သည်များက ဦးစွာ သတိဝင်လာကြသည်။

ဘီလူးသရဲက အားနည်းခြင်း မဟုတ်ပေ။ သူရောက်လာစဉ်က ခံစားရသည့် ကြီးမားသော ဖိအားမှာ သူတို့၏ မှတ်ဉာဏ်ထဲ၌ ထင်ရှားနေဆဲပင်။ စိုရွှဲသွားသည့် ချွေးအေးများကြောင့် သူတို့ကျောပြင်ရှိ အဝတ်အစားများမှာ စိုစွတ်နေဆဲပင်။

အကြောင်းရင်းမှန်မှာ... ထိုလူငယ်က အလွန်အမင်း သန်မာလွန်းနေခြင်းကြောင့်သာ ဖြစ်သည်။

သူတို့ကို ကယ်တင်ပေးသည့် ဤလူငယ်အပေါ် ကျေးဇူးတင်နေကြရင်း ဤမျှငယ်ရွယ်သူ တစ်ယောက်က ဤမျှ အစွမ်းထက်နိုင်ကာ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဤမျှကြီးမားသော တွင်းနက်ကြီးဖြစ်အောင် လုပ်ဆောင်နိုင်သည်ကို အံ့သြမှင်သက်နေကြသည်။

ထိုလူငယ် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးထားဖူးချေ။

ပုံမှန်အားဖြင့် လူသား ငါးယောက် ၊ ခြောက်ယောက်နှင့် ညီမျှပြီး ဖြိုခွင်း၍ မရနိုင်ဟု ထင်မှတ်ရသည့် ဘီလူးသရဲများသည် ယခုအခါ သူ၏ရှေ့မှောက်၌ မွေးကင်းစ ကလေးငယ်များကဲ့သို့ အားနည်းနေကြလေပြီ။

“သခင်လေးက...”

လင်းချန်၏ ဘေးနား၌ ရပ်နေသည့် ရှီယွင်နှင့် ချင်ရှင်းတို့သည် အသက်ကို ပြင်းပြင်းရှူနေရပြီး စကားလုံးများပင် ပျောက်ရှနေကြ၏။ သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရာ တစ်ဖက်လူ၏ မျက်နှာပေါ်၌ အံ့သြမှုများကိုသာ မြင်တွေ့ရသည်။

လူပုသရဲနှင့် ဘီလူးသရဲတို့နှင့် ယှဉ်လျှင် လူသားများမှာ အတော်လေး အားနည်းသည်ဟု ရှုမြင်ခံရသည်... ဤသည်မှာ ဤကမ္ဘာငယ်လေးအတွင်းရှိ လူသားအားလုံး၏ နှလုံးသားထဲ၌ စွဲမြဲနေသည့် ယုံကြည်ချက် ဖြစ်၏။

အပြင်လောက၌ လူသားများမှာ အလွန်သန်မာကြောင်း လင်းချန် ရှင်းပြသော်လည်း သူတို့၏ စွဲမြဲနေသည့် အယူအဆများမှာ ပြောင်းလဲမသွားချေ။

လင်းချန်သည် ဤအရာကို မြင်တွေ့နားလည်နိုင်ပြီး ဝမ်းနည်းဖွယ် အခြေအနေများနှင့် အရှက်ရဖွယ် သမိုင်းကြောင်းတို့က သူတို့လူမျိုးများကို မိမိကိုယ်မိမိ ယုံကြည်မှု မရှိအောင် ပြုလုပ်မှန်း သိရှိရ၏။

ထို့ကြောင့် လင်းချန်က အာထွာကို မေးသည့် မေးခွန်းမှာ အရေးမကြီးသော်လည်း တစ်ဖက်လူကို ဖြေကြားရန် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။ ဘီလူးသရဲကို တိုက်ကွက်တစ်ခုတည်းဖြင့် ဖျက်ဆီးပစ်နိုင်သော်လည်း သူက ပြိုင်ဘက်ကို ဤနည်းလမ်းဖြင့် အနိုင်ယူရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

သူ၏ရည်ရွယ်ချက်မှာ လူသားများကို ပြသရန်နှင့် သူတို့ အားမနည်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေရန် ဖြစ်၏။

လင်းချန်က အာထွာကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ငါ့မေးခွန်းကို ဖြေ... အမှိုက်ကောင်။”

သူ၏အသံ၌ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး ကျောက်တုံးမျိုးနွယ်စု တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရ၏။

ကြောက်ရွံ့မှုတို့ လွှမ်းမိုးနေသည့် အာထွာသည် လင်းချန်ကို ကြည့်ကာ နှုတ်ဆိတ်နေပြီး ဤကြောက်မက်ဖွယ်ကောင်းသော လူသားလူငယ်လေးလက်မှ မည်သို့ ထွက်ပြေးရမည်ကိုသာ တွေးတောနေသည်။

“ရွှီးးး”

အာထွာ စဉ်းစားနေစဉ်မှာပင် ဓားချီက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်ရာ သူ၏ စိတ်ဝိညာဉ်စွမ်းအင် ခံစစ်များကို ချက်ချင်း ဖြိုခွင်းလိုက်ပြီး သူ၏ ဘယ်ဘက်လက်မောင်း တစ်ခုလုံးကို ဖြတ်တောက်ပစ်လိုက်၏။

နာကျင်စွာ အော်ဟစ်သံများသည် ကျောက်တုံးမျိုးနွယ်စု၏ ကောင်းကင်ထက်၌ နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြန်သည်။ အာထွာသည် မခံမရပ်နိုင်သည့် နာကျင်မှုကို လျစ်လျူရှုပြီး ဤကြောက်မက်ဖွယ်ကောင်းသော လူသားများထံမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ဘယ်လိုလဲ... ထွက်ပြေးဖို့ စဉ်းစားနေတာလား။”

ထိုအတွေး ပေါ်လာသည်နှင့် တပြိုင်နက် လူသားလူငယ်လေး၏ အသံကို အာထွာ ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ လှောင်ပြောင်သရော်သော မျက်နှာထားကို ရှင်းလင်းစွာ မြင်တွေ့ရ၏။

နောက်ဆုံး၌ အာထွာ မလှုပ်ရှားရဲတော့ပေ။ သူ ထွက်ပြေးချင်သော်လည်း မပြေးရဲတော့ချေ။

အာထွာက ခေါင်းရမ်းလိုက်သည်။ “မဟုတ်ပါဘူး... လူသားမျိုးနွယ်စုတစ်စုကို ဖမ်းဆီးတိုက်ခိုက်ပြီး ကျုပ်ရဲ့ တခြားအဖော်တွေက ထွက်ပြေးသွားတဲ့ လူတွေကို လိုက်ရှာဖို့ သွားကြတာပါ။ ဒီနေရာမှာ နောက်ထပ် လူသားမျိုးနွယ်စု တစ်ခု ရှိသေးတာ သတိရမိလို့ ဒီဘက်ကို ခိုးထွက်လာတာပါ။”

အကယ်၍ သူသာ မြန်မြန် မရှင်းပြပါက ဤလူသားလူငယ်လေးက သူ့အား နောက်တစ်ကြိမ် ထပ်တိုက်ခိုက်မည်ကို အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

လင်းချန်က စိုက်ကြည့်လိုက်သည်။ “မင်းတို့ ဘီလူးသရဲတွေမှာ မျိုးနွယ်စု ဘယ်နှခု ရှိလဲ။”

အာထွာက ခေါင်းညိတ်လိုက်သည်။ “အကြီးအသေး ပေါင်းရင် နှစ်ထောင်လောက် ရှိတယ်... အတိအကျတော့ ကျုပ်လည်း မသိဘူး။”

လင်းချန်က ဆက်မေးလိုက်သည်။ “ဘာလို့ တောင်ဘက်ကို ရုတ်တရက် ရွှေ့လာပြီး လူသားတွေကို လာဖမ်းတာလဲ။”

“အစွမ်းထက်တဲ့ လူတစ်ယောက် ရောက်လာပြီး ဘီလူးသရဲခေါင်းဆောင်ကို အနိုင်ယူသွားလို့ပါ။ ပြီးတော့ ကျုပ်တို့ကို သူ့အလိုကျ ခိုင်းစေတာပါ။”

လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အမူအရာ လေးနက်သွား၏။

‘ငါ ထင်ထားတဲ့အတိုင်းပဲ... သွေးနက်မျိုးနွယ်က မြောက်ဘက်မှာ ရှိနေတာပဲ။ ဘီလူးသရဲတွေ ရုတ်တရက် တောင်ဘက်ကို ရွှေ့ပြောင်းလာတာကလည်း သူ့အမိန့်ကြောင့် ဖြစ်ရမယ်။’

သို့သော် သွေးနက်မျိုးနွယ်ကိစ္စကြောင့် ဖြစ်ပေါ်လာသော လင်းချန်၏ လေးနက်သည့် အမူအရာကို မြင်သောအခါ အာထွာက သူ၏အဖြေများကို တစ်ဖက်လူ မကျေနပ်ဟု အထင်လွဲသွားသည်။ ထို့ကြောင့် သူက ကပျာကယာပင် ထပ်မံရှင်းပြလိုက်၏။

“ကျုပ်... ကျုပ် ကြားတာတော့ လူပုသရဲတွေလည်း အဲဒီလူရဲ့ အမိန့်ကို နာခံပြီး သူ့အတွက် အလုပ်လုပ်ပေးနေရတယ်တဲ့။”

လင်းချန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ... ငါ့စကားကို နားထောင်ပြီး မေးခွန်းတွေကို ဖြေနေသရွေ့ မင်းအသက်ကို ချမ်းသာပေးပြီး ထွက်သွားခွင့်ပေးမယ်။”

ထို့နောက် သူက စိုက်ကြည့်လိုက်သည်။ “မင်းတို့ ဘီလူးသရဲတွေရဲ့ စုစုပေါင်း အင်အား ဘယ်လောက်လဲ။”

လင်းချန်၏ ကတိစကားကို ကြားသောအခါ အာထွာ၏ မျက်နှာပေါ်၌ စိတ်သက်သာရာရသွားသည့် အမူအရာ ပေါ်လာပြီး ပို၍ပင် တက်ကြွလာသည်။

“စစ်သည်အင်အား တစ်သိန်းလောက် ရှိပါတယ်... နိဗ္ဗာန်နယ်ပယ်က တစ်ထောင် ၊ သူတော်စင်နယ်ပယ်အဆင့်က နှစ်ဆယ့်လေးယောက်နဲ့ နတ်ဘုရားအဆင့် တစ်ယောက် ရှိပါတယ်... အဲဒါက ကျုပ်တို့ရဲ့ ခေါင်းဆောင်ပါ။”

လင်းချန်က မေးခွန်းများကို တစ်ခုပြီးတစ်ခု မေးမြန်းရာ အာထွာကလည်း အနည်းငယ်မျှ နှောင့်နှေးရဲခြင်း မရှိဘဲ မေးခွန်းတိုင်းကို ကပျာကယာပင် ပြန်လည်ဖြေကြား၏။

ထိုအချိန်၌ အခြားသော လူသားများလည်း တဖြည်းဖြည်း တိုးကပ်လာပြီး ခေါင်းညိတ်ခါးညွှတ်ဖြင့် ထိတ်လန့်တုန်လှုပ်နေသည့် ဘီလူးသရဲကို ကြည့်လိုက်သည်။

အစပိုင်း၌ သူတို့၏ စိတ်ထဲရှိ ကြောက်ရွံ့မှုကြောင့် အကွာအဝေးတစ်ခု၌ နေကြသော်လည်း လင်းချန်က မေးခွန်းများ ဆက်တိုက်မေးမြန်းပြီး ဘီလူးသရဲက အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိဘဲ အမှန်အတိုင်း ဖြေကြားနေသည်ကို မြင်သည့်အခါ လူတိုင်း စတင်တိုးကပ်လာကြခြင်း ဖြစ်၏။

သူတို့ကိုယ်တိုင် သတိမထားမိလိုက်ပါဘဲ ဤဘီလူးသရဲကို ကြည့်နေရင်း သူတို့မျက်လုံးထဲရှိ ကြောက်ရွံ့မှုများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကာ ကျေနပ်အားရမှုနှင့် ယုံကြည်မှုတို့ဖြင့် အစားထိုး ဝင်ရောက်လာသည်။

‘ငါတို့ လူသားတွေက ဒီလောက်ထိ သန်မာနိုင်တာပဲလား...’

လူသားများသည် ဘီလူးသရဲများကို ခေါင်းငုံ့ရိုကျိုးစေပြီး အသက်ရှင်သန်ဖို့အတွက် အမိန့်နာခံအောင် လုပ်ဆောင်နိုင်သည်။

မေးခွန်းများ မေးပြီးနောက် လင်းချန်က စိတ်မရှည်သကဲ့သို့ အာထွာ့ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်၏။

“မြန်မြန်... လိမ့်ထွက်သွားတော့။”

အာထွာက အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။ “အသက်ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူ မတ်တပ်ရပ်ကာ ကျောက်တုံးမျိုးနွယ်စုမှ ထွက်ခွာသွား၏။

အာထွာ နောက်လှည့်သွားပြီးနောက် သူ၏ မျက်လုံးများ၌ အဆိပ်ပြင်းသည့် အကြည့်များ ပေါ်လာသည်။

‘ဒီလူသားကောင်လေးက အစောပိုင်းတုန်းက သူ့အရှိန်အဝါကို ဖုံးကွယ်ထားတာပဲ... သူက သေချာပေါက် လူသားတွေရဲ့ သူတော်စင်နယ်ပယ်အဆင့် ဖြစ်ရမယ်။ တောက်... ငါ့အတွက် ကလဲ့စားချေပေးဖို့ သခင်ကြီးကို သွားရှာရမယ်။ ငါ သူ့ကို သေစေချင်တယ်။ ဒီမျိုးနွယ်စုထဲက လူတွေ အကုန်လုံးကို အသားမုန့် လုပ်ပစ်မယ်။’

“ရွှပ်းးး”

အာထွာသည် ကျောက်တုံးမျိုးနွယ်စု၏ နယ်နိမိတ်ကို ကျော်လွန်ပြီး မြူထူများ ရှိရာသို့ မရောက်မီမှာပင် သူ၏ ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွား၏။ သူ ကြောင်ငေးစွာ ငုံ့ကြည့်လိုက်သည့်အခါ ရွှေရောင် ဓားချီနှစ်ခုက သူ၏ နှလုံးသားနှင့် လည်ချောင်းကို ဖောက်ထွင်းထားသည်ကို တွေ့လိုက်ရသည်။

သူ၏ အသက်စွမ်းအားများ လျင်မြန်စွာ ယိုစီးကုန်ဆုံးသွား၏။ သူသည် အားယူ၍ နောက်သို့ လှည့်ကြည့်လိုက်ရာ လင်းချန်ကို တွေ့လိုက်ရပြီး ဘာကြောင့်လဲ ဟူသည့် မေးခွန်းကို မေးလိုသကဲ့သို့ ရှုပ်ထွေးဝေခွဲမရသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှုပ်ထွေးနေသည့် အာထွာကို ကြည့်ရင်း လင်းချန်က ဝမ်းနည်းဟန်ဖြင့် ခေါင်းရမ်းလိုက်သည်။ “မင်း နာခံရင် အသက်ချမ်းသာပေးမယ်လို့ ပြောတယ်... ငါက ပြောတဲ့အတိုင်း လုပ်တယ်။ ဒါပေမဲ့ ငါပြောတာက မင်းကို လိမ့်ထွက်သွားဖို့... မတ်တပ်ရပ်ပြီး လမ်းလျှောက်ထွက်သွားဖို့ မဟုတ်ဘူး။ ငါ့စကားကို လေလိုသဘောထားတာလား။”

အာထွာ၏ မျက်လုံးများ ပြူးကျယ်သွားကာ လင်းချန်ကို လက်ညှိုးထိုးရင်း သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် ထူထပ်သည့် မြူထူများထဲသို့ ဘုန်းးးမြည်ကာ လဲကျသွားပြီး မျက်လုံးမမှိတ်နိုင်ဘဲ သေဆုံးသွားတော့​၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၉ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊

All Chapters