← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အပိုင်း ၂၀၀

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန်က ဘေးပတ်ဝန်းကျင်ရှိ အံ့အားသင့်နေသည့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ "သူ လုံးဝ သေသွားပြီ... မင်းတို့ စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်။ ရင်ထဲက အမုန်းတရားတွေ၊ ဒေါသတွေကို ထုတ်ဖော်ချင်ရင်လည်း ရတယ်... ဒါပေမဲ့ တစ်ခုတော့ မှတ်ထား။"

"လူသားတွေကို သူတို့ စားခဲ့လို့ ငါတို့လည်း ပြန်စားမယ်လို့ မတွေးနဲ့... ကလဲ့စားပဲ ချေကြ။"

လင်းချန်သည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် လူအုပ်ကြီးကို လေးနက်စွာ ကြည့်လိုက်၏။

"ဒီလို ရိုင်းစိုင်းပြီး အဆင့်နိမ့်တဲ့ မျိုးနွယ်စုတွေက အရမ်းညစ်ညမ်းလွန်းတယ်... သူတို့ကို စားတာက မင်းတို့ဝမ်းဗိုက်ကို ညစ်ညမ်းစေလိမ့်မယ်။"

လင်းချန်၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှိနေကြသည့် လူသားအားလုံးသည် အစပိုင်း၌ ကြောင်အမ်းသွားကြသော်လည်း မကြာမီမှာပင် သူတို့၏ စိတ်ခံစားချက်များကို ထုတ်ဖော်ကာ ဟိန်းဟောက်လိုက်ကြပြီး ဘီလူးသရဲ၏ အလောင်းကောင်ရှိရာဆီသို့ ပြေးဝင်သွားကြသည်။

လက်သီးဖြင့် ထိုးကြ၊ ခြေထောက်ဖြင့် ကန်ကြ သို့မဟုတ် ကျောက်တုံးများကို ကောက်ယူပြီး ထုနှက်ကြ၊ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် လက်နက်များကို ကိုင်ဆောင်ပြီး ခုတ်ထစ်ကြစသဖြင့်... ထိုနေရာရှိ လူများသည် နည်းလမ်းပေါင်းစုံကို အသုံးပြု၍ သူတို့၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်လိုက်ကြ၏။

လင်းချန်သည် ဤအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှုနေပြီး သူ၏လူမျိုးများသည် ဘီလူးသရဲများနှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရပါက ယခင်ကကဲ့သို့ ကြောက်ရွံ့နေကြတော့မည် မဟုတ်ကြောင်း နားလည်လိုက်သည်။

ထိုအချိန်၌ လင်းချန်သည်လည်း နောက်သို့ လှည့်လိုက်ပြီး သူ၏ရှေ့ရှိ ရှီယွင်နှင့် ချင်ရှင်းတို့ကို ကြည့်လိုက်၏။ "အခု မင်းတို့ နားလည်လောက်ပြီပေါ့... လူသားတွေက အားနည်းတာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ အတော်လေး သန်မာကြပါတယ်။"

လင်းချန်က ရှီယွင်နှင့် ချင်ရှင်းတို့ကို အမိန့်ပေးလိုက်၏။ "ဆက်ပြောကြ... တခြားမျိုးနွယ်စုတွေရဲ့ တည်နေရာကို ငါ့ကို ဆက်ပြောပြ။"

ရှီယွင်နှင့် ချင်ရှင်းတို့၏ ဆက်တိုက် ပြောပြချက်များအရ ကောင်းကင်လက်မှုပညာဌာနသည် နည်းဗျူဟာမြေပုံကို အောင်မြင်စွာ ရေးဆွဲပြီးစီးသွား၏။

ရှီယွင်နှင့် ချင်ရှင်းတို့က မျိုးနွယ်စုများ ဖြန့်ကြက်နေထိုင်ပုံကို ပြောပြပြီးသွားသည့်အခါ လင်းချန်၏ အမိန့်အောက်၌ သူတို့သည် ဘီလူးသရဲ အာထွာ၏ အလောင်းကောင်ကို ရှင်းလင်းဖယ်ရှားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လင်းချန်ကိုယ်တိုင် ကျောက်တုံးမျိုးနွယ်စု၏ ဝင်ပေါက်သို့ ရောက်ရှိလာရာ ရုတ်တရက်ဆိုသလို လေဟုန်စစ်သည် နှစ်ရာ ပေါ်ထွက်လာ၏။ သူတို့တစ်ဦးစီတိုင်းသည် ကောင်းကင်နယ်ပယ် ကိုးဆင့်မြောက် အရှိန်အဝါများကို ထုတ်လွှတ်ထားကြပြီး လင်းချန်၏ ရှေ့မှောက်၌ ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလိုက်ကြသည်။

"အရှင်မင်းကြီး..."

သူ၏ရှေ့မှောက်ရှိ လေဟုန်စစ်သည်များကို ကြည့်ရင်း လင်းချန်က အမိန့်များ စတင်ပေးလိုက်သည်။

နည်းဗျူဟာမြေပုံပေါ်ရှိ တည်နေရာများအရ သူက မျိုးနွယ်စု တစ်ခုချင်းစီ၏ ခေါင်းဆောင်များကို အခြေအနေ ရှင်းပြရန်နှင့် ကျောက်တုံးမျိုးနွယ်စုဆီသို့ လာရောက်စုဝေးကြရန် ညွှန်ကြားလိုက်၏။ အကယ်၍ သူတို့က သဘောမတူပါက အတင်းအဓမ္မ ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်စုပေါင်း တစ်ရာနီးပါးသာ ကျန်ရှိတော့ပြီး လက်ရှိအတိုင်းဆိုလျှင် ဒါဇင်အနည်းငယ်သာ ကျန်ရှိတော့မည့် အနေအထား ဖြစ်၏။ ကျန်ရှိနေသည့် လေဟုန်စစ်သည်များသည် တောင်ဘက်သို့ ဦးတည်လာနေသော ဘီလူးသရဲများနှင့် လူပုသရဲများကို သွားရောက်ချေမှုန်းကြရမည် ဖြစ်သည်။

အာထွာ၏ ပြောကြားချက်အရ ဘီလူးသရဲများနှင့် လူပုသရဲများသည် လုံးဝဥဿုံ တောင်ဘက်သို့ ရွှေ့ပြောင်းလာခြင်း မဟုတ်သေးဘဲ အခြေအနေကို ရှင်းလင်းစွာ သိရှိရန်အတွက် ရှေပြေး အဖွဲ့ငယ်လေးများ စေလွှတ်လိုက်ခြင်းသာ ဖြစ်၏။

ကျောက်တုံးမျိုးနွယ်စုနှင့် ချင်မျိုးနွယ်စုတို့သည် ဤကမ္ဘာငယ်လေး၏ တောင်ဘက်အစပ်၌ တည်ရှိပြီး လူပုသရဲများနှင့် ဘီလူးသရဲများ နေထိုင်ရာ နေရာနှင့် အနီးဆုံး ဖြစ်ကြသည့် မျိုးနွယ်စု အနည်းငယ်ထဲ၌ ပါဝင်သည်။

ထို့ကြောင့် သူတို့သည် တောင်ဘက်သို့ ဆင်းလာသည့် အဖွဲ့များနှင့် ဦးဆုံး ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်၏။

ဤတစ်ကြိမ်၌ သွေးနက်မျိုးနွယ်၏ အမိန့်အရ ဘီလူးသရဲများနှင့် လူပုသရဲများ နှစ်စုစလုံးသည် လူသားအားလုံးကို ဖမ်းဆီးရန်အတွက် သူတို့၏ စစ်သည်အားလုံးကို စုစည်းကြလိမ့်မည် ဖြစ်၏။

လူသားများအတွင်း၌လည်း အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ရှိနေသဖြင့် သူတို့ကို အရှင်ဖမ်းဆီးရန်မှာ သေချာပေါက် အားထုတ်မှုများစွာ လိုအပ်ပေလိမ့်မည်။ လူအင်အား ပိုများပါက ပိုမိုလွယ်ကူ လျင်မြန်စွာ ဖိနှိပ်နိုင်ပြီး သုံ့ပန်းများကို အရှင်ဖမ်းမိရန် သေချာစေနိုင်မည် မဟုတ်လော။

သေချာသည်မှာ ဘီလူးသရဲများ ဖြစ်စေ၊ လူပုသရဲများ ဖြစ်စေ... ဤမျှများပြားသည့် စစ်သည်များကို စုစည်းရန်အတွက် သဘာဝကျစွာပင် အချိန်အလုံအလောက် လိုအပ်၏။

အာထွာ၏ ပြောကြားချက်အရ ဘီလူးသရဲများနှင့် လူပုသရဲတို့၏ စစ်တပ်များ တောင်ဘက်သို့ ရွှေ့ပြောင်းလာရန်မှာ လဝက်ခန့် ကြာမြင့်မည် ဖြစ်သည်။

ထို့ကြောင့် လင်းချန်သည် ဤကမ္ဘာငယ်လေးအတွင်းရှိ လူသားအားလုံးကို ဆယ်ရက်အတွင်း အတူတကွ စုစည်းပြီး ကာကွယ်မှုပေးရန် စီစဉ်လိုက်ခြင်း ဖြစ်၏။

သွေးနက်မျိုးနွယ်ကိစ္စသည် အရေးကြီးသော်လည်း အလျင်စလို လုပ်ဆောင်၍ မရပေ။

မရေရာမှုများစွာ ရှိနေသေး၏။ အကယ်၍ သွေးနက်မျိုးနွယ် ဂြိုဟ်သားသည် စိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်သည့် လူသားများကို ဤမျှ လိုအပ်နေပါက ဘာကြောင့် ကိုယ်တိုင်လာရောက် မဖမ်းဆီးသနည်း။

ဤသွေးနက်မျိုးနွယ် ဂြိုဟ်သားသည် ကိုယ်တိုင် လွယ်ကူစွာ လုပ်ဆောင်နိုင်သည့် ကိစ္စကို လူပုသရဲများနှင့် ဘီလူးသရဲများကို ထိန်းချုပ်ခိုင်းစေ၏။

ဤနေရာ၌ သေချာပေါက် ပြဿနာတစ်ခု ရှိနေသည်။

လင်းချန်သည် နောက်သို့ လှည့်ကာ ကျောက်တုံးမျိုးနွယ်စုအတွင်းရှိ အခြေအနေကို ကြည့်ရှုရင်း တွေးတောလိုက်၏။ 'တစ်ဆင့်ပြီးမှ တစ်ဆင့်ပေါ့... အလောတကြီး လုပ်စရာ မလို သေးပါဘူး။'

အကယ်၍ ဤကမ္ဘာငယ်လေးထဲ၌ သွေးနက်မျိုးနွယ်၏ တော်ဝင်တံဆိပ်ခတ်နှိပ်ခြင်း ရှိနေသည်ဆိုလျှင်ပင် လင်းချန်အနေဖြင့် မစိုးရိမ်ပေ။

ယခင်က ရှေးဟောင်းအမွေအနှစ်နယ်မြေ၌ တံဆိပ်ခတ်နှိပ်ခြင်းနှင့် ကြုံတွေ့ရစဉ်က အစီအရင်သည် သေခြင်းရှင်ခြင်းနယ်ပယ်မှ မည်သူမဆို ဖြေရှင်းနိုင်သည့် အဆင့်မျိုး မဟုတ်ချေ။

သွေးနက်မျိုးနွယ်သည် ဤအရာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိထားကောင်း တွေ့ရှိထားနိုင်၏။ သို့သော် သူတို့က လင်းချန်အား နည်းလမ်းကို အသိပေးပြီးသား ဖြစ်နေလေပြီ။

ထိုအရာမှာ စိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်သည့် လူသားများကို အသုံးပြုခြင်းပင်။

သွေးနက်မျိုးနွယ်သည် စိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်သည့် လူသားများကို ဖမ်းဆီးရန် အမိန့်ပေးထားသဖြင့် အဖြေမှာ ဤအရာနှင့် သက်ဆိုင်နေပေလိမ့်မည်။

လင်းချန် လုပ်ဆောင်ရမည့်အရာမှာ ဤလူသားမျိုးနွယ်များကို ဖမ်းဆီးမခံရအောင် ကာကွယ်ပေးရန်သာ ဖြစ်၏။ သို့ဆိုလျှင် သွေးနက်မျိုးနွယ်သည် သေချာပေါက် အကြံအိုက်သွားမည်ဖြစ်ပြီး သူ၏အနေဖြင့် တစ်ဖက်လူကို ဖြည်းဖြည်းချင်း ဖြေရှင်းရန် အချိန်များစွာ ရရှိပေလိမ့်မည်။

လင်းချန် ရောက်ရှိလာသည်မှာ မသိလိုက်ဘာသာဖြင့် နှစ်ရက်တိတိ ကုန်ဆုံးသွားပြီဖြစ်ပြီး ကျောက်တုံးမျိုးနွယ်စုသည်လည်း လှုပ်ရှားမှုများဖြင့် စည်ကားလျက်ရှိ၏။

လင်းချန်၏ အကူအညီကြောင့် ကျောက်တုံးမျိုးနွယ်စု၌ နေထိုင်သည့် လူသားများ၏ အခြေအနေမှာ နှစ်ရက်အတွင်း သိသိသာသာ တိုးတက်လာသည်။

လုံလောက်သည့် အစားအစာ၊ နွေးထွေးသော အဝတ်အစားနှင့် စိတ်ချရသည့် ရေအရင်းအမြစ်တို့က သူတို့အား နေ့စဉ်ရုန်းကန်ရသည့်ဘဝမှ လွတ်မြောက်စေပြီး နောက်တစ်နေ့၌ အေးခဲသေဆုံးမည်လော၊ ငတ်သေမည်လောဟု ပူပန်နေရခြင်း မရှိဘဲ စစ်မှန်သော ဘဝကို နေထိုင်ခွင့် ရရှိစေ၏။

သွေးနက်မျိုးနွယ်နှင့် ပတ်သက်၍ လင်းချန် ကောက်ချက်ချနိုင်သည်မှာ သွေးနက်မျိုးနွယ်သည် ဖုတ်ကောင်များကို လုံးဝ မထိန်းချုပ်ခြင်း သို့မဟုတ် ဖုတ်ကောင်များကို မထိန်းချုပ်နိုင်အောင် တားဆီးထားသည့် တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ အဖြေပေါ်မည့်နေ့ရက် ရောက်လာပေလိမ့်မည်။ ကျောက်တုံးမျိုးနွယ်စု၏ တံခါးဝရှေ့ရှိ သစ်ပင်သေတောအုပ်ကြီးကို လင်းချန်က လုံးဝ မြေလှန်ရှင်းလင်းလိုက်ပြီဖြစ်ပြီး သစ်ပင်များအောက်ရှိ ဖုတ်ကောင်များကိုလည်း သတ်ဖြတ်လိုက်ပြီ ဖြစ်၏။

ဤကျယ်ပြန့်သည့် ကွင်းပြင်ကြီး၌ နိဗ္ဗာန်နယ်ပယ်အဆင့် အရှိန်အဝါများ ထုတ်လွှတ်နေသော လူသား ဒါဇင်ပေါင်းများစွာ စုဝေးနေကြသည်။ ထိုလူအုပ်၏ ရှေ့ဆုံး၌မူ ကောင်းကင်နယ်ပယ်မှ အစွမ်းထက် အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် လူပုဂ္ဂိုလ်လေးဦး ရှိနေ၏။

ဤပုဂ္ဂိုလ်လေးဦးမှာ ဤကမ္ဘာငယ်လေး၏ အဓိကမျိုးနွယ်စုကြီး လေးခုမှ ခေါင်းဆောင်များဖြစ်ကြသည့် ကျောက်ဝေ၊ ချန်လင်း၊ ဆွန်အန်နှင့် လီရီတို့ ဖြစ်ကြသည်။

သူတို့၏ နောက်၌ အခြားမျိုးနွယ်စုများမှ ခေါင်းဆောင်များ ရပ်နေကြပြီး ထိုလေးဦးကို လေးစားသည့် အကြည့်များဖြင့် ကြည့်နေကြ၏။

"ဒီကျောက်တုံးမျိုးနွယ်စုမှာ ဘာတွေများ ဖြစ်သွားတာလဲ... ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်သွားရတာ။"

"ငါလည်း မသိဘူး... မင်းရော အဖမ်းခံရပြီး ရောက်လာတာလား။"

"သိပ်တော့ မဟုတ်ဘူး... ငါက ကိုယ့်သဘောနဲ့ကိုယ် လာတာ။"

ဤမျိုးနွယ်စု ခေါင်းဆောင်များသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြပြီး လင်းချန်ဟုခေါ်သည့် လူသားလူငယ်လေးကို မကြာခဏ လှမ်းကြည့်နေကြသည်။

သူတို့သည် မိမိသဘောဆန္ဒအလျောက် လာသည်ဖြစ်စေ၊ အတင်းအဓမ္မ ခေါ်ဆောင်ခံရသည်ဖြစ်စေ အားလုံးသည် ဤလူငယ်နှင့် တွေ့ဆုံရန် ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်၏။

မည်သည့် မျိုးနွယ်စုခေါင်းဆောင်ကမဆို ဤသူစိမ်းကို တိုက်ခိုက်ရန် ကြိုးစားသမျှ အလွယ်တကူပင် ရှုံးနိမ့်ကြရ၏။

ထိုအထဲ၌ အဓိကမျိုးနွယ်စုကြီး လေးခု၏ ခေါင်းဆောင်များလည်း ပါဝင်သည်။

လက်ရှိအခါ မျိုးနွယ်စုခေါင်းဆောင် အများအပြားသည် လင်းချန်၏ စီစဉ်မှုဖြင့် တစ်နေရာတည်း၌ စုဝေးနေကြပြီး တစ်စုံတစ်ရာကို ပြသရန် ရည်ရွယ်ပုံရ၏။

ထိုအချိန်၌ သူတို့ကို ဖိအားပေးခေါ်ဆောင်လာသည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က နောက်ထပ် လူများကို ထပ်မံဖမ်းဆီးလာသည်ကို မျိုးနွယ်စုခေါင်းဆောင်များ သတိပြုမိလိုက်ကြ၏။

ဖမ်းဆီးခံလာရသည့် ပုံရိပ်များကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါမှသာ သူတို့သည် စကားမပြောနိုင်လောက်အောင် အံ့သြမှင်သက်သွားကြသည်။

--------------

ကျယ်ပြန့်သည့် ကွင်းပြင်၌ လေဟုန်စစ်သည် နှစ်ဦးသည် ပုံရိပ်နှစ်ခုကို ကွင်းပြင်ရှိရာသို့ မောင်းနှင်လာကြ၏။

တစ်ဦးမှာ ဘီလူးသရဲ ဖြစ်ပြီး ထွားကျိုင်းသည့် ခန္ဓာကိုယ်ရှိကာ အာထွာလောက် အရပ်မမြင့်သော်လည်း ပေနှစ်ဆယ်မှ သုံးဆယ်ကြားခန့် မြင့်မားသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၀ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters