← Chapters

အခန်း ၃၉၄

Vol. 29 Ch. 394

အခန်း ၃၉၄

Vol. 29 Ch. 394

အပိုင်း(၃၉၄)

လင်းတုန်း...

လင်းတုန်းသည် နေထိုင်ရာ နေရာသစ် ၏ အပြင်ဘက် နံရံကို ဖြတ်သန်းသွားရင်း စိန်ကြေးခွံ ပင်လယ် နဂါး၏ အလောင်းကောင်ကို အနောက်မှ ဆွဲယူသွားလေသည်။ သူသည် သူ၏ ဝိညာဉ်အကြွင်းအကျန် လက်ဖြင့် အစွယ်တစ်ချောင်းကို ကိုင်ထားပြီး မြွေကြီး၏ ရှည်လျားသော ငွေရောင် ခန္ဓာကိုယ်ကြီးကို အနောက်မှ ဆွဲယူလာခဲ့ခြင်း ဖြစ်၏။ ဝိညာဉ် ခြုံလွှာ၏ အပြာနှင့် အဖြူရောင် အလင်းတန်းများသည် သူ၏ ပတ်လည်တွင် လွင့်ဝဲနေဆဲ ဖြစ်လေသည်။

အော်သိုသည် ရယ်မောဟိန်းဟောက်လျက် အနောက်မှ လိုက်ပါလာ၏။

"မင်း အဲဒီအကောင်ဆီက နဂါး တစ်ကောင်စာလောက် စားဖို့ လိုလိမ့်မယ်... အဲဒါက မင်းရဲ့ ကိုယ်ပေါ်မှာ အကြေးခွံတချို့ ထွက်လာစေမှာ သေချာတယ်..."

လင်းတုန်းသည် မြွေကြီးကို နောက်ဆုံး ခြေလှမ်းအနည်းငယ်ခန့် ဆွဲယူလာပြီးနောက် လွှတ်ချလိုက်စဉ် ထိုအတွေးကြောင့် သူ၏ အစာအိမ် လိမ်ကောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ပင်လယ် နဂါး ၏ အသားတစ်ကိုက်စီတိုင်းက နာကျင်မှု လေ့ကျင့်ခန်းအသစ် တစ်ခု ဖြစ်ခဲ့သည်။ ထိုအထွတ်အမြတ် သားရဲ၏ အသားများကို စားသုံးခဲ့သမျှ ပြန်အန်မထွက်စေရန် သူ၏ စိတ်ဆန္ဒ အပြည့်အဝနှင့် မာဒြာ အနည်းငယ်ကိုပါ အသုံးပြုခဲ့ရလေသည်။ သို့သော် အနည်းဆုံးတော့ ရလဒ်များကို ပြသနေပြီ ဖြစ်၏။

"ဒီမှာ ငါတို့ တွေ့နေရတာက သန့်စင်သူ တွေရဲ့ ဥယျာဉ်ပဲ..."

လင်းတုန်း၏ အိတ်ကပ်ထဲရှိ ကျောက်မျက်လေးထဲမှနေ၍ ဒရော့စ် က ပြောလိုက်သည်။

"သူတို့က လူတွေ ဝိညာဉ် အဆင့်တက်သလိုမျိုး စိတ်ပိုင်းဆိုင်ရာ အဆင့်တက်စေမယ့် ဆေးရည် တစ်မျိုးကို ရှားပါးတဲ့ အပင်တွေနဲ့ သတ်မှတ်ထားတဲ့ အထွတ်အမြတ် သားရဲ တွေရဲ့ သွေးတွေကနေ ဖန်တီးဖို့ ကြိုးစားခဲ့ကြတာ... သူတို့က ရှားပါး အပင်တွေ အားလုံးကို ဒီမှာ စုဆောင်းထားခဲ့တာ၊ ဒါပေမဲ့... ငါတို့ရဲ့ မှတ်တမ်းတွေအရတော့ ဒီလောက်ကြီး ဖရိုဖရဲ ဖြစ်နေရမှာ မဟုတ်ဘူး..."

အကယ်၍ ၎င်းမှာ ဥယျာဉ်တစ်ခု ဖြစ်ခဲ့လျှင်၊ ၎င်းသည် နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပြီးနောက် မိစ္ဆာကောင်များ ဝင်ရောက် ကျက်စားနေသော ဥယျာဉ်တစ်ခု ဖြစ်ပေလိမ့်မည်။ လပြည့်ဝန်းအလား တောက်ပနေသော ပန်းပွင့်များသည် နွားအရွယ်အစားခန့်ရှိသော ရောဂါရနေသည့် ဖားကဲ့သို့ သတ္တဝါများ၏ နင်းခြေမှုကို ခံနေရလေသည်။ ခွေးများထက်ပင် ကြီးမားသော အရုပ်ဆိုးလှသည့် အင်းဆက် နှစ်ကောင်သည် မြက်ခင်းပြင်တစ်ခုတွင် နပန်းလုံးနေကြပြီး၊ ၎င်းတို့၏ ပတ်လည်တွင် အသိုက်တစ်ခုအဖြစ် စီရီထားသော အရိုးပုံကြီးတစ်ခု ရှိနေလေသည်။ အဝေးမှနေ၍ တီးတိုးသံများ၊ ငိုကြွေးသံများနှင့် မူမမှန်သော ရယ်မောသံများ ထွက်ပေါ်နေသကဲ့သို့ မီးခိုးတိုင်ကြီး တစ်ခုလည်း တက်လာနေလေသည်။

သူ၏ ဝိညာဉ် အာရုံခံနိုင်စွမ်းထဲတွင် အသက် နှင့် သွေး စွမ်းအားများသည် တူညီစွာ လွှမ်းမိုးနေကြပြီး၊ ထိုအရာ အားလုံးက လူသူကင်းမဲ့သော တောရိုင်းမြေ ကို ပြန်လည် သတိရစေသော အဆိပ်တစ်မျိုး ကူးစက်ခံထားရလေသည်။ သူ ပိုမို နီးကပ်စွာ ကြည့်ရှုလိုက်သောအခါ အနီးရှိ သစ်ပင်များပေါ်တွင် အမည်းရောင် အစက်အပြောက်များကို မြင်တွေ့လိုက်ရ၏။

သူ သတိပြုမိသည်နှင့် တစ်ပြိုင်နက် အရေပြားပေါ်တွင် စိုစွတ်သော ပုပ်သိုးမှုများ ရှိနေသည့် ဧရာမ ဖားကြီးများထံသို့ သူ၏ အာရုံကို ပြန်လည် ရွှေ့လိုက်လေသည်။ ၎င်းတို့သည် ကိုက်ပေါင်းများစွာ ကွာဝေးသော်လည်း အနံ့အသက်ဆိုးများ လွင့်ပျံလာလေသည်။

"မိစ္ဆာ သားရဲ တွေ..."

နောက်ဆုံးတွင် လင်းတုန်း က ပြောလိုက်သည်။

"သူတို့က နမူနာ တချို့ကို ဒီ နေထိုင်ရာ နေရာမှာ လုံခြုံစွာ အကျဉ်းချထားခဲ့တာ..."

ဒရော့စ်က ပြောလိုက်သည်။

"ဒါပေမဲ့ အခုကြည့်ရတာ သိပ်ပြီး လုံခြုံခဲ့ပုံတော့ မပေါ်ဘူး..."

အော်သို ဟိန်းဟောက်လိုက်ရာ၊ လင်းတုန်းသည် ဝိညာဉ်ခြုံလွှာ ကို လွှတ်ချလိုက်ပြီး မဟူရာ မီးတောက် အမြုတေ သို့ ပြောင်းလဲလိုက်လေသည်။

"တံခါးပေါက်ကို ဘယ်လမ်းက သွားရမလဲ..."

"သက်စောင့် ရေတွင်း အရင်သွားရမယ်..."

လင်းတုန်းက သတိပေးလိုက်သည်။

ဒရော့စ်သည် သူ၏ ကျောက်မျက်လေးထဲမှ ထွက်လာပြီး လင်းတုန်း ၏ အရှေ့တွင် လွင့်မျောနေလေသည်။

"ငါတို့ ကံကောင်းချင်တော့ အဲဒါက လမ်းကြုံနေတယ်..."

လင်းတုန်းနှင့် အော်သို သည် ရှေ့သို့ ချီတက်သွားကြလေသည်။ စကားပြောဆိုနေခြင်း မရှိဘဲ၊ သူတို့သည် မိစ္ဆာ သားရဲများကို ဆက်လက် မီးရှို့ဖျက်ဆီးသွားကြ၏။

"သက်စောင့် ရေတွင်း ဆိုတာက ဒီမှာ သူတို့ လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ ဘေးထွက်ရလဒ် တစ်ခုပါပဲ... အဲဒါက လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သက်စောင့် အော်ရာ လိုင်းကို အားဖြည့်ပေးပြီး၊ သက်ကြီးရွယ်အို တွေကိုတောင် နုပျိုမှု ပြန်လည် ရရှိစေနိုင်တယ်... ဒါက ရေတွေအားလုံးထဲမှာ အရှားပါးဆုံးနဲ့ အဖိုးတန်ဆုံးပဲ၊ စီမံကိန်းတစ်ခု အောင်မြင်သွားရင်တောင် တစ်ဇွန်းစာလောက် ရဖို့က ကံကောင်းမှပါ..."

သူသည် လင်းတုန်း ၏ မျက်နှာရှေ့တွင် တောက်ပသော အလင်းရောင် တစ်ချက် လက်ပြလိုက်၏။

"ငါ အဲဒီမှာ 'ဇွန်း' ဆိုတဲ့ စကားလုံးကို မှန်မှန်ကန်ကန် သုံးသွားတယ်နော်... မင်း သတိထားမိအောင်လို့ ပြောပြတာ..."

ဝိညာဉ်ရေတွင်း ပြီးနောက် ဤရေတွင်းကို လင်းတုန်း မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ သက်စောင့် ရေတွင်း က ဘာတွေ လုပ်ပေးနိုင်မည်နည်း။ နုပျိုမှုကို ပြန်လည် ယူဆောင်လာပေးနိုင်မည်လော။ ဒဏ်ရာများကို ကုသပေးနိုင်မည်လော။ ၎င်း ဘာပဲလုပ်ပေးနိုင်သည်ဖြစ်စေ၊ သူ အသုံးချစရာ တစ်ခုခုတော့ တွေ့နိုင်မည် ဖြစ်လေသည်။

လင်းတုန်း နှင့် အော်သိုသည် သက်စောင့် ရေတွင်း သို့ သွားရာလမ်းတွင် ကျန်ရှိနေသော မိစ္ဆာ သားရဲ များကို ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့သော် ထိုသို့လုပ်ဆောင်ရာတွင် စတင် လောင်ကျွမ်းခဲ့သော မီးအချို့ကို ငြိမ်းသတ်ရန် အော်သိုသည် အုပ်ချုပ်သူ နည်းစနစ် တစ်ခုကို အသုံးပြုခဲ့ရလေသည်။

ဤတစ်ကြိမ်တွင်မူ သက်စောင့် ရေတွင်း အဆောက်အအုံသည် အမှန်တကယ်ပင် အဆောက်အအုံ တစ်ခု ဖြစ်နေလေသည်။ ၎င်းသည် စပါးကျီကြီး တစ်ခု အရွယ်အစားခန့် ရှိပြီး နံရံများမှာ သံမဏိမီးခိုးရောင် ဖြစ်လေသည်။ အရှေ့ဘက်ရှိ ဧရာမ တံခါးကြီးတွင် လက်နှစ်ဖက်ကို စုခွက်ထားသော အရိုးစုတစ်ခုဖြင့် အလှဆင်ထား၏။ ထိုအရိုးစု၏ လက်ဝါးများပေါ်ရှိ ပုံစံသည် ယခင် တံခါးသော့ပေါက်များမှ ပုံစံနှင့် တူညီနေကြောင်း သူ မှတ်မိလိုက်လေသည်။

ဒရော့စ်သည် ညွှန်ကြားချက်ကို မစောင့်ဘဲ သော့ပေါက်ထဲသို့ တိုးဝင်သွားရာ၊ တံခါးကြီးသည် ပွတ်တိုက်သံများနှင့်အတူ ဖြည်းညှင်းစွာ ပွင့်လာပြီး အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာလေသည်။

"တံခါးပေါက် က ဘယ်မှာလဲ..."

လင်းတုန်း က မေးလိုက်သည်။ တံခါးကြီးသည် နံရံတစ်ဖက်မှ အခြားတစ်ဖက်သို့ လျှောတိုက် ပွင့်သွားလေသည်။

"ငါတို့ရဲ့ အောက်တည့်တည့်မှာ..."

ဒရော့စ် က ကျောက်မျက်လေးထဲသို့ ပြန်လည် ဝင်ရောက်သွားရင်း ဖြေလိုက်သည်။

"ဒီနေရာမှာ မြေကြီးက ပြိုမကျနေလို့ ကံကောင်းတယ်၊ မဟုတ်ရင် အခု ငါတို့ အောက်ကို ပြုတ်ကျနေလောက်ပြီ... အတွင်းမှာ သူ့ရဲ့ နေအိမ်ဆီကို ဆင်းသွားတဲ့ လမ်းကြောင်း တစ်ခု ရှိတယ်၊ ဒါပေမဲ့ အဲဒါက အသွားလမ်းပဲ ရှိတာ..."

"သူက အပေါ်ကို ဘယ်လို ပြန်တက်လာတာလဲ..."

"သူက အင်ပါယာလေ... ခုန်တက်တာပေါ့..."

ထိုအချိန်တွင် တံခါးကြီးမှာ လင်းတုန်း သက်စောင့် ရေတွင်းကို မြင်နိုင်လောက်အောင် ပွင့်သွားပြီ ဖြစ်သည်။ ၎င်းသည် ရေတွင်း အစစ်တစ်ခုထက် အဝတ်လျှော်ကန်ကြီး တစ်ခုနှင့် ပို၍ တူနေလေသည်။ တောက်ပသော မြစိမ်းရောင် အလင်းတန်းများကို ထုတ်လွှတ်နေသော်လည်း အခြား ရေတွင်း နှစ်ခုလောက်တော့ မကြီးမားချေ။

ပုပ်ဟောင်နေသော အနံ့အသက်များသည် တံခါးဝမှ လွင့်ပျံလာရာ၊ လင်းတုန်းသည် အတွင်းဘက်တွင် သူ မြင်တွေ့နေရသည့် အရာကို သဘောပေါက်သွားသည်အထိ နှာခေါင်းကို လက်ဖြင့် အုပ်၍ စောင့်ဆိုင်းနေလိုက်လေသည်။

အစိမ်းရောင် အလင်းတန်းက အခန်း၏ တစ်ဖက်တစ်ချက်စီတွင် တန်းစီနေသော ခပ်ရှည်ရှည် ဆလင်ဒါပုံစံ ကန်များကို ဖော်ပြနေ၏။ ထိုကန်များထဲတွင် မျိုးစိတ်နှင့် အမျိုးအစားစုံလင်လှသော ဖောင်းပွနေသည့် အလောင်းကောင်များ ပါဝင်နေလေသည်။ နံရံတစ်ဖက်စီတွင် ကန်ပေါင်း နှစ်ဒါဇင်ခန့် ရှိမည်ဖြစ်ပြီး၊ လက်အရွယ်အစားခန့်ရှိသော ငါးများမှစ၍ ကန်ထဲတွင် မဆန့်မပြဲဖြစ်နေသော ခွေလိပ်နေသည့် မြွေကြီးများအထိ ပါဝင်လေသည်။ ၎င်းတို့ထဲမှ မည်သည့်အရာကမျှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိချေ။

ထိုကန်များသည် လေလုံသည်မှာ သေချာလှ၏။ အနံ့ဆိုးများသည် ကွဲအက်နေသော ကန်များထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ မှန်ကန် သုံးလေးခုခန့်မှာ အတွင်းဘက်မှနေ၍ အက်ကွဲနေပြီး၊ အပိုင်းအစများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေကာ ယခင်က ထိုအထဲတွင် ရှိနေခဲ့သော သတ္တဝါများ၏ ပုပ်သိုးနေသည့် အကြွင်းအကျန်များဖြင့် ဖုံးလွှမ်းနေလေသည်။

လင်းတုန်း သည် သေဆုံးနေသော အရာတစ်ခု၏ အနံ့သစ် တစ်ခုကို ရလိုက်ပြီး၊ အစပိုင်းတွင် မကြာသေးမီက တစ်စုံတစ်ရာ သေဆုံးသွားခဲ့သလားဟု တွေးတောမိလိုက်သည်။ ထိုခံစားချက်သည် သူ၏ နှာခေါင်းမှမဟုတ်ဘဲ သူ၏ ဝိညာဉ် မှ လာနေကြောင်းကို သူ သဘောပေါက်ချိန်တွင်မူ အော်သိုသည် လှည့်၍ ဟိန်းဟောက်လိုက်ပြီး၊ မီးတောက် ခြုံလွှာ သည် သူ၏ အခွံပတ်လည်တွင် ပွင့်အာလာလေပြီ။

ယန်ရှောင်မေသည် ထိုနေရာတွင် ရပ်နေပြီး၊ ဆံပင်များသည် သူမ၏ မျက်နှာရှေ့တွင် ကုလားကာတစ်ခုအလား ကျဆင်းနေကာ သွေးအရိပ် သည် သူမ၏ ပတ်လည်တွင် ဝတ်ရုံတစ်ခုအလား ဖုံးလွှမ်းနေလေသည်။ အမည်းရောင် ဆံပင်များကြားမှ ခပ်ရေးရေး မြင်နေရသော သူမ၏ မျက်လုံးများသည် မုန်းတီးမှုများဖြင့် တောက်ပနေ၏။

"နင်တို့က တခြားကမ္ဘာအထိတောင် ငါ့နောက်ကို လိုက်လာတာလား..."

သူမက တရှဲရှဲ အသံဖြင့် ပြောလိုက်သည်။

"အာနာဂီ ကို သူ နောက်ကျသွားပြီလို့ သွားပြောလိုက်... ငါ လိုအပ်တာ အားလုံး ငါ့ဆီမှာ ရှိနေပြီ..."

လင်းတုန်းသည် အော်သို နားလည်သွားသလားဟု သိရှိရန် အောက်သို့ လှမ်းကြည့်လိုက်သော်လည်း၊ လိပ်ကြီးသည် သူ၏ နဂါး အသက်ရှူခြင်းကို ပစ်လွှတ်လိုက်ပြီး ဖြစ်လေသည်။

ရှဲ... ရှဲ....

အနက်နှင့် အနီရောင် မီးတောက်များ စီးကြောင်းသည် သူ၏ ပါးစပ်မှနေ၍ တဟုန်ထိုး ထွက်ပေါ်လာသော်လည်း၊ ရှောင်မေသည် အနီရင့်ရောင် စွမ်းအားဘောလုံးတစ်ခု ဖုံးလွှမ်းနေသော လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်လေသည်။ အော်သို ၏ တိုက်ခိုက်သူ နည်းစနစ်သည် သူမ၏ လက်ပတ်လည်ရှိ ဘောလုံးကို ဝင်တိုက်မိပြီး ကွဲထွက်သွားကာ၊ မဟူရာ မီးတောက် အစအနများသည် ခြုံပုတ်များထဲသို့ စင်ထွက်သွားလေသည်။ မီးတောက်များသည် ချက်ချင်းပင် လောင်ကျွမ်းလာတော့သည်။

သူမသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး၊ အဖုံးပိတ်ထားသော ပုလင်းတစ်လုံးကို ထုတ်ယူကာ သူတို့ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

"နင်တို့က ရက်ပေါင်းများစွာ နောက်ကျနေခဲ့ပြီ... ငါ လိုအပ်တဲ့ သွေးတွေ အားလုံး ငါ့ဆီမှာ ရှိနေပြီ... နင်တို့ရဲ့ အလောင်းတွေကို ဟာ့ဝေး ရဲ့ အောက်မှာ မြှုပ်နှံထားတာကို မြင်ရဖို့ ငါ မျှော်လင့်နေမယ်..."

ရယ်မောနေဆဲမှာပင် သူမသည် လက်ထဲရှိ တံခါးကျောက်တုံး ကို ချေမွလိုက်ပြီး အပြာရောင် အလင်းတန်းတစ်ခုအတွင်း ပျောက်ကွယ်သွားလေတော့သည်။

***

(ဘာသာပြန်သူ မှတ်ချက် ။ ယန်ရှောင်မေ ဆိုတာက တစ္ဆေရေ အိတ်ဆောင်ကမ္ဘာထဲကို ဝင်လာတဲ့ သွေးနီလဂိုဏ်းသူ အစစ်အမှန် ရွှေအဆင့်တစ်ယောက်ပါ၊ လင်းတုန်း တစ္ဆေရေကို ရောက်ရောက်ချင်း သူတို့နဲ့ အရင်ဆုံး တွေ့ခဲ့ရပါတယ်)

***

All Chapters