အခန်း ၂၀၁
Vol. 21 Ch. 201
အပိုင်း ၂၀၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
အခြားတစ်ဦးမှာလည်း အသားအရေ ပြာဖျော့ဖျော့ရှိသည့် မျိုးနွယ်ခြားတစ်ဦး ဖြစ်သော်လည်း သိသိသာသာ ပိန်ပါးပြီး အာဟာရချို့တဲ့နေသော လူသားမျိုးနွယ်ထက်ပင် သုံးပုံတစ်ပုံခန့် အရပ်ပုသေး၏။
ထိုသူသည် လူပုသရဲမျိုးနွယ် ဖြစ်ပြီး ခွန်အားမှာ ဘီလူးသရဲမျိုးနွယ်လောက် မကြီးမားသော်လည်း အလွန်လျင်မြန်ကာ ကိုင်တွယ်ဖြေရှင်းရ အလွန်ခက်ခဲသည့် မျိုးနွယ်ဖြစ်သည်။
ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့ကို ကွင်းပြင်ထဲသို့ ခေါ်ဆောင်လာပြီးနောက် လေဟုန်စစ်သည်နှစ်ဦးသည် လင်းချန်ကို အရိုအသေပြုကာ ထွက်ခွာသွားကြ၏။
ကျောက်ဝေသည် လင်းချန်ကို ကြည့်နေရင်း သူ၏ရင်ထဲ၌ အံ့သြမှုများ အချိန်အကြာကြီး မပြေပျောက်နိုင် ဖြစ်နေရသည်။ "ဒီလူငယ်လေးက..."
သူသည်လည်း အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရသူ ဖြစ်၏။ ထိုလျှို့ဝှက်ဆန်းကြယ်သည့် လူသားမျိုးနွယ် ကျွမ်းကျင်ပညာရှင်များကို အမိန့်ပေးနေသူမှာ ဤမျှငယ်ရွယ်သော လူငယ်လေး ဖြစ်နေသည်ကို မြင်သည့်အခါ ကျောက်ဝေမှာ မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေရသည်။
နောက်ပိုင်း၌ ဤလူငယ်က သူ၏ မျိုးနွယ်စုကို ကူညီမည်ဖြစ်ကြောင်း၊ ကျောက်တုံးမျိုးနွယ်စုကဲ့သို့ပင် အစားအစာ၊ အဝတ်အထည်နှင့် နေထိုင်စရာများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့၏။
ထို့အပြင် သူတို့၏ လူမျိုးများ ကောင်းမွန်စွာ နေထိုင်နိုင်စေချင်ပါက သူ၏အမိန့်များကို နာခံရမည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ကျောက်ဝေ၏ ရွေးချယ်မှုမှာ အခြားမျိုးနွယ်စုဝင်များကဲ့သို့ပင် လင်းချန်ကို စိန်ခေါ်ရန် ဖြစ်၏။ အကယ်၍ သူ ရှုံးနိမ့်ပါက တစ်ဖက်လူ၏ သဘောဆန္ဒအတိုင်း စီရင်ခြင်းကို ခံယူမည် ဖြစ်သည်။
ရလဒ်မှာမူ သူ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရ၏။
ကျောက်ဝေ စဉ်းစားတွေးတောနေစဉ် သူ၏ ဘေးနားရှိ ချန်လင်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။ "အစ်ကိုကျောက်၊ ဟိုမှာ ကြည့်လိုက်ပါဦး။"
ချန်လင်း၏ စကားကို ကြားသည့်အခါ ကျောက်ဝေလည်း ရှေ့သို့ မော့ကြည့်လိုက်၏။
ကွင်းပြင်ထဲသို့ လမ်းလျှောက်ဝင်လာသည့် အကြီးအကဲနှစ်ဦးကို မြင်သောအခါ ချန်လင်း အံ့အားသင့်သွားရသည်။ "ဟေ... အဲဒါ ကျောက်တုံးမျိုးနွယ်စုနဲ့ ချင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူးလား။"
ဤကမ္ဘာငယ်လေးရှိ လူသားမျိုးနွယ်စု ခေါင်းဆောင်လေးဦးထဲမှ တစ်ဦးဖြစ်သည့်အတွက် အခြားမျိုးနွယ်စုခေါင်းဆောင်များ မည်သူမည်ဝါဖြစ်ကြောင်း ကျောက်ဝေ သိရှိ၏။ ထိုအထဲ၌ ရှီယွင်နှင့် ချင်ရှင်းတို့လည်း ပါဝင်သည်။ ထို့အပြင် သူတို့ ဖမ်းဆီးခံရပြီးနောက် ထိုနှစ်ဦးက သူတို့ကို ကြိုဆိုဧည့်ခံခဲ့ခြင်း ဖြစ်၏။
ကျောက်ဝေနှင့် ချန်လင်းတို့သာ သူတို့ကို မြင်တွေ့ခြင်း မဟုတ်ပေ။ ဆွန်အန်၊ လီရီနှင့် အခြားမျိုးနွယ်စုခေါင်းဆောင်များလည်း ယခုမှ ရောက်လာသည့် ရှီယွင်နှင့် ချင်ရှင်းတို့ကို စိုက်ကြည့်နေကြသည်။
ဤလူနှစ်ဦး၏ အရှိန်အဝါ၌ တစ်စုံတစ်ရာ ထူးခြားကွဲပြားနေသည်ကို သူတို့ ရှင်းလင်းစွာ ခံစားနေကြရ၏။
အဘယ်ကြောင့်ဆိုသော် ရှီယွင်နှင့် ချင်ရှင်းတို့သည် သူတို့ရှေ့မှောက်သို့ ဖမ်းဆီးခံထားရသည့် ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်ဝင်တို့ကို ထိပ်တိုက်ရင်ဆိုင်နေကြသောကြောင့် ဖြစ်သည်။
လင်းချန်က ရှီယွင်နှင့် ချင်ရှင်းတို့ကို ညွှန်ပြလိုက်၏။ "မင်းတို့နှစ်ကောင် အသက်ရှင်ချင်ရင် သူတို့ကို တိုက်။ နိုင်ရင် အသက်ရှင်လျက် ပြန်သွားလို့ရမယ်၊ ရှုံးရင်တော့ ဒီနေရာမှာပဲ အသတ်ခံရမယ်။"
လင်းချန် စကားပြောပြီးသွားသည့်အခါ မျိုးနွယ်စုခေါင်းဆောင်များအားလုံး အံ့အားသင့်သွားကြပြီး လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်ဝင်တို့လည်း လင်းချန်ကို ကြည့်ကာ မှင်သက်သွားကြသည်။
ထိုအထဲမှ လူပုသရဲမျိုးနွယ်ဝင်က ယုတ်မာသည့် အသံဖြင့် ပြောလိုက်၏။ "မင်းတို့ လူသားမျိုးနွယ်တွေ သန်မာတာကို ငါ ဝန်ခံတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်ကို ငါတို့နဲ့ တိုက်ခိုင်းတာက သေလမ်းပို့လိုက်တာနဲ့ အတူတူပဲ။"
"..."
အေးစက်သည့် နှာမှုတ်သံနှင့်အတူ လက်ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များသည် သာမန်အရွယ်အစားရှိ လက်ဝါးရာတစ်ခုအဖြစ် စုစည်းသွားပြီး လူပုသရဲမျိုးနွယ်ဝင်၏ မျက်နှာကို ရိုက်ချလိုက်သည်။
"ဖြောင်းးး"
လူပုသရဲမျိုးနွယ်ဝင်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏မျက်နှာပေါ်၌ ထင်ရှားသည့် လက်ဝါးရာတစ်ခု ပေါ်လာ၏။
လင်းချန်က ထိုလူပုသရဲမျိုးနွယ်ဝင်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ "ငါ မင်းကို စကားပြောခွင့် မပေးထားဘူး၊ ဒါကြောင့် ပါးစပ်ပိတ်ထား။"
လင်းချန်၏ စိတ်ထဲ၌ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ် နှစ်မျိုးလုံးသည် တန်းတူဆက်ဆံခံရရန် မထိုက်တန်သည့် သတ္တဝါများဟု သတ်မှတ်ထား၏။
ဤကမ္ဘာငယ်လေးထဲ၌ လူသားမျိုးနွယ်ကို တိရစ္ဆာန်များကဲ့သို့ မွေးမြူထားပုံကို သိရှိပြီးနောက်၊ ဘီလူးသရဲမျိုးနွယ်များက သူ၏လူမျိုးများကို ဝါးစားနေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးနောက် လင်းချန်သည် ဤမျိုးစိတ်နှစ်ခုလုံးကို လုံးဝ အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ပါးရိုက်ခံလိုက်ရသည့် လူပုသရဲမျိုးနွယ်ဝင်သည် သူ၏မျက်နှာကို အုပ်ကိုင်ရင်း မြေပြင်မှ ထလာသော်လည်း လင်းချန်ကို ပြန်မကြည့်ရဲတော့ပေ။ သူသည် ဒေါသကို မြိုသိပ်ကာ သူ၏ရှေ့ရှိ ရှီယွင်ကိုသာ မုန်းတီးစွာ စိုက်ကြည့်နေရ၏။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းချန်၏ မျက်လုံးများ၌ အထင်သေးရွံရှာမှုများ ပြည့်နှက်နေသည်။ "အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တဲ့ မျိုးစိတ်။ သေရမှာကြောက်တဲ့ သူရဲဘောကြောင်တွေ။ တကယ့်ကို ရွံစရာကောင်းလိုက်တာ။"
ထိုကဲ့သို့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက လူသားမျိုးနွယ်သည် အဆုံးထိ ခုခံတိုက်ခိုက်မည်ဖြစ်ပြီး အရှက်ရစွာ အသက်ရှင်နေထိုင်ခြင်းထက် ဂုဏ်သိက္ခာရှိစွာ သေဆုံးခြင်းကို ရွေးချယ်ပေလိမ့်မည်။
ဤသည်မှာ သူတို့၏ စိတ်ဓာတ်ဖြစ်ပြီး ဤဇွဲလုံ့လကပင် ကမ္ဘာငယ်လေးရှိ လူသားမျိုးနွယ်ကို ယနေ့တိုင် အသက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေခဲ့ခြင်း ဖြစ်၏။
လင်းချန်က အမိန့်ပေးလိုက်သည်။ "တိုက်ကြ။"
လင်းချန်၏ အသံဆုံးသည်နှင့် ရှီယွင်နှင့် ချင်ရှင်းတို့က လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ ရှိရာသို့ ဦးစွာ ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။
ရှီယွင်က လူပုသရဲမျိုးနွယ်ဝင်ကို ရင်ဆိုင်ပြီး ချင်ရှင်းက ဘီလူးသရဲမျိုးနွယ်ဝင်ကို ရင်ဆိုင်လိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်များသည် မျက်လုံးများ ပြူးကျယ်ကာ သူတို့ရှေ့၌ ဖြစ်ပျက်နေသည့် အခြေအနေကို အာရုံစိုက် ကြည့်ရှုနေကြ၏။
လင်းချန်... ဤသူစိမ်းဆန်သည့် လူသားမျိုးနွယ် လူငယ်လေးသည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်ဝင်တို့ကိုပင် အကျဉ်းသားအဖြစ် ဖမ်းဆီးကာ လိုရာခိုင်းစေနိုင်သည်မှာ အံ့ဩဖွယ် ကောင်းလှသည်။
ထို့အပြင် သူသည် သူတို့ မပိုင်ဆိုင်နိုင်သည့် အရည်အသွေးတစ်ခု... မျိုးနွယ်စု ဂုဏ်ယူဝင့်ကြွားမှု အရှိန်အဝါကို ပိုင်ဆိုင်ထား၏။
ရုတ်တရက် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက ရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။ "ကြည့်လိုက်... အဲဒါ ဘာကြီးလဲ။"
သူတို့ရှေ့၌ ထူးဆန်းသည့် သတ္တုများ ရှီယွင်နှင့် ချင်ရှင်းတို့ရှေ့၌ ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုသတ္တုများမှာ တောင်ဘက်ပိုင်း၌ အလွန်ရှားပါးသော ပစ္စည်းများ ဖြစ်သည်။
ထိုသတ္တုများသည် ရုတ်တရက် အရည်ပျော်သွားပြီး လက်နက်များအဖြစ် ပုံဖော်ကာ သူတို့နှစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွား၏။
တစ်ချိန်တည်း၌ ချင်ရှင်း၏ အမြန်နှုန်းမှာလည်း ရုတ်တရက် တိုးမြင့်လာပြီး လူပုသရဲမျိုးနွယ်ဝင်၏ အရှိန်ကို မီအောင် လိုက်နိုင်ကာ တိုက်ပွဲဝင်လေပြီ။
ဤမြင်ကွင်းသည် မျိုးနွယ်စုခေါင်းဆောင်များ၏ နားလည်မှုကို လုံးဝ ဖြိုခွင်းပစ်လိုက်သည်။ ယခင်က လူပုသရဲမျိုးနွယ်၏ သာလွန်လျင်မြန်သည့် အမြန်နှုန်းကို ရင်ဆိုင်ရပါက သူတို့၌ ဖြေရှင်းရန် နည်းလမ်း မရှိခဲ့ချေ။
သို့သော် ယခုအခါ၌ ချင်မျိုးနွယ်စုခေါင်းဆောင်က လူပုသရဲမျိုးနွယ်၏ လှုပ်ရှားမှုများကို အမီလိုက်နိုင်ရုံသာမက ဓားတိုကို လျင်မြန်စွာ ကိုင်ဆောင်ပြီး ပြိုင်ဘက်ကို လုံးဝ ဖိနှိပ်ထားနိုင်ပြီ ဖြစ်၏။
အခြားတစ်ဖက်၌ ရှီယွင်သည် ကျယ်ပြန့်သည့် ဓားကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ ဘီလူးသရဲမျိုးနွယ်ဝင်နှင့် စတင်တိုက်ခိုက်နေသည်။
ဘီလူးသရဲမျိုးနွယ်၌ ကြီးမားသည့် ခွန်အားနှင့် သန်မာသော ခန္ဓာကိုယ်များ ရှိသော်လည်း ရှီယွင်၏ လှုပ်ရှားမှုများမှာ ပိုမိုပေါ့ပါးသွက်လက်နေပြီး သူ၏ ဓားကြီးက ပြိုင်ဘက်အပေါ် ဒဏ်ရာများရအောင် အကြိမ်ကြိမ် ခုတ်ပိုင်းနေ၏။
ယခင်က လူသားမျိုးနွယ်ဝင်များသည် ဘီလူးသရဲမျိုးနွယ်၏ လွှမ်းမိုးသည့် ခွန်အားနှင့် ရင်ဆိုင်ရပါက ရိုက်နှက်ခံရခြင်း၊ ပြင်းထန်စွာ ဒဏ်ရာရခြင်းနှင့် သွေးအလွန်အကျွံ ထွက်ခြင်းတို့သာ ဖြစ်ခဲ့ရသည်။
သို့သော် ရှီယွင်သည် ဘီလူးသရဲမျိုးနွယ်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံရသော်လည်း အားနည်းချက် ရှိနေသည့်တိုင် စွမ်းအင်ပိုသုံးရုံသာ ရှိပြီး ဒဏ်ရာ မရရှိချေ။
ရှီယွင်နှင့် ချင်ရှင်းတို့သည် ယခင်ကနှင့် ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှုကို ကြုံတွေ့ရလေပြီ။
ကြည့်ရှုနေကြသည့် မျိုးနွယ်စုခေါင်းဆောင်များက ရှီယွင်နှင့် ချင်ရှင်းတို့သည် အမှန်တကယ် လူသားမျိုးနွယ်များ ဟုတ်ပါသလောဟုပင် သံသယဝင်လာကြ၏။
လင်းချန်က ပြောလိုက်သည်။ "လူပုသရဲမျိုးနွယ်မှာ အမြန်နှုန်းနဲ့ ထက်ရှတဲ့ လက်သည်းတွေ ရှိတယ်။ ဘီလူးသရဲမျိုးနွယ်မှာ အရွယ်အစားနဲ့ ခွန်အားတွေ ရှိတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်မှာတော့ သိုင်းဝိညာဉ် ရှိတယ်။"
"လူသားမျိုးနွယ်ရဲ့ ထူးခြားချက်က စိတ်ဝိညာဉ်စွမ်းအင်နဲ့ သိုင်းဝိညာဉ် ပေါင်းစပ်မှုပဲ။ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကနေ သိုင်းဝိညာဉ်ရဲ့ စွမ်းရည်တွေကို ထုတ်လွှတ်ပြီး သိုင်းဝိညာဉ်ရဲ့ စွမ်းအားကို အမြင့်ဆုံး ရောက်အောင် လုပ်ဆောင်နိုင်တယ်။"
"ဒါ့အပြင် လူသားမျိုးနွယ်မှာ ထူးခြားပြောင်မြောက်တဲ့ သင်ယူနိုင်စွမ်း ရှိတယ်။ အဲဒါတွေ အားလုံးက ငါတို့ မျိုးနွယ်စုရဲ့ ပါရမီ အစိတ်အပိုင်းတွေပဲ။"
လင်းချန်က မျိုးနွယ်စုခေါင်းဆောင်များဘက်သို့ လှည့်လိုက်၏။ "လူသားမျိုးနွယ်က အားမနည်းဘူး။ ဒါကို မြင်ပြီးရင် မင်းတို့ နားလည်လောက်ပြီ။ ပိုပြီး သိချင်ရင် ငါ့နောက်ကို လိုက်ခဲ့ကြ။"
ထို့နောက် လင်းချန်သည် နောက်လှည့်ပြီး ကျောက်တုံးမျိုးနွယ်စု၏ အတွင်းပိုင်းသို့ လမ်းလျှောက်သွားကာ မျိုးနွယ်စုခေါင်းဆောင်များကို ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်စေသည်။
ကျောက်ဝေသည် လူပုသရဲမျိုးနွယ်၊ ဘီလူးသရဲမျိုးနွယ်တို့နှင့် တိုက်ခိုက်နေကြသည့် ရှီယွင်နှင့် ချင်ရှင်းတို့ကို ကြည့်လိုက်၏။
ရှီယွင်နှင့် ချင်ရှင်းတို့ ပြိုင်ဘက်များကို သတ်ဖြတ်နိုင်ရန် အချိန်တစ်ခုသာ လိုတော့ကြောင်း သူ သဘောပေါက်လိုက်သည်။
ဤအရာကို မြင်သည့်အခါ ကျောက်ဝေသည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် လင်းချန်၏ နောက်သို့ လိုက်ပါသွား၏။
သူ၏နောက်ကပ်လျက်၌ အခြားမျိုးနွယ်စုခေါင်းဆောင်များလည်း ကပျာကယာပင် ကျောက်ဝေနောက်သို့ လိုက်ပါလာကြပြီး လင်းချန် ထွက်သွားရာ လမ်းအတိုင်း ပြေးလိုက်သွားကြသည်။
လက်ရှိအချိန်မှစ၍ သူတို့၏ ကံကြမ္မာများ လုံးဝ ပြောင်းလဲသွားတော့မည်ကို သူတို့ သတိမထားမိလိုက်ကြချေ။
တစ်ချိန်တည်း၌ ကမ္ဘာငယ်လေး၏ မြောက်ဘက်ပိုင်း၌ ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့၏ တပ်ဖွဲ့များလည်း လျင်မြန်စွာ စုစည်းနေကြ၏။
ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်ဝင် တစ်ဦးစီတိုင်း၏ မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုများ ရှိနေပြီး လူသားအသား၏ အရသာကို လွမ်းဆွတ်တသသ ဖြစ်နေသကဲ့သို့ သူတို့၏ နီရဲသည့် လျှာများဖြင့် နှုတ်ခမ်းများကို သပ်နေကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊