အခန်း ၂၀၂
Vol. 21 Ch. 202
အပိုင်း ၂၀၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကျောက်တုံးမျိုးနွယ်စု၏ မူလခေါင်းဆောင် နေထိုင်ခဲ့သည့် ကျောက်အိမ်လေးမှာ ပျောက်ကွယ်သွားလေပြီ။ ထိုနေရာ၌ကား ကျယ်ဝန်း၍ လင်းလက်တောက်ပနေသော အစည်းအဝေးခန်းမဆောင်ကြီးတစ်ခုက အစားထိုးဝင်ရောက်လာ၏။
အထဲသို့ ဝင်ရောက်ပြီးနောက် လင်းချန်သည် အလယ်ဗဟိုရှိ ထိုင်ခုံ၌ ဝင်ထိုင်လိုက်ပြီး အခြားသော မျိုးနွယ်စုခေါင်းဆောင်များကို မျက်နှာချင်းဆိုင်ရှိ ခုံတန်းနှစ်တန်း၌ ဝင်ထိုင်ကြရန် အချက်ပြလိုက်သည်။
ထိုလူသားမျိုးနွယ်စု ခေါင်းဆောင်များသည် ကျောက်တုံးမျိုးနွယ်စုသို့ ရောက်လာကြသည့်အခါမှသာ ရေချိုးသန့်စင်ခြင်း၏ အရသာကို ပထမဆုံးအကြိမ် ခံစားဖူးကြခြင်းပင်။ ကောင်းမွန်သော အစားအစာများကို စားသောက်ရခြင်း၊ သက်တောင့်သက်သာရှိပြီး နွေးထွေးလှသည့် အဝတ်အစားများကို ဝတ်ဆင်ရခြင်းတို့က မည်သို့သော ခံစားမှုမျိုးကို ပေးစွမ်းနိုင်သည်ကို သူတို့ ကောင်းကောင်းကြီး နားလည်သွားလေပြီ။
စောစောက မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးနောက် လူသားမျိုးနွယ်စု ခေါင်းဆောင်များသည် ဤလူသားလူငယ်လေးအပေါ် လုံးဝဥဿုံ ယုံကြည်လက်ခံသွားကြ၏။
သူတို့ နေရာယူပြီးနောက်၌ ပုံရိပ်နှစ်ခုက အပြင်ဘက်မှ အစည်းအဝေးခန်းမဆောင်ထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်။ ထိုသူများကို မြင်တွေ့လိုက်ရသည့်အခါ အခြားမျိုးနွယ်စုခေါင်းဆောင်များမှာ လန့်ဖျပ်သွားကြ၏။ ထိုနှစ်ဦးကား လူပုသရဲမျိုးနွယ်၊ ဘီလူးသရဲမျိုးနွယ်တို့နှင့် တိုက်ခိုက်ခဲ့သည့် ရှီယွင်နှင့် ချင်ရှင်းတို့ပင် ဖြစ်၏။
သူတို့ ဤနေရာသို့ ရောက်လာခြင်းကပင် အဖြေကို ရှင်းပြနေသကဲ့သို့ ရှိနေသည်။ သူတို့သည် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်ဝင်တို့ကို သတ်ဖြတ်နိုင်ပြီဖြစ်ကြောင်း သေချာလှသည်။
အခြားမျိုးနွယ်စု ခေါင်းဆောင်များက ရေရွတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ အံ့ဩမှင်တက်မှုများက အထင်းသား ပေါ်လွင်နေကြ၏။
"အရှိန်မြန်လိုက်တာ။"
သို့သော် အမြင့်ဆုံးနေရာ၌ ထိုင်နေသည့် လင်းချန်၏ မျက်လုံးများထဲ၌မူ မည်သည့်အံ့ဩမှုမျှ မရှိချေ။ သူက မျှော်လင့်ထားပြီးသားပုံစံဖြင့် ပြောလိုက်သည်။
"ကောင်းတယ်။ ငါ တွက်ထားတဲ့ အချိန်အတိုင်းပဲ။"
အစောပိုင်းက လင်းချန် ဤအစည်းအဝေးခန်းမဆောင်သို့ လာစဉ်ကတည်းက ရှီယွင်နှင့် ချင်ရှင်းတို့ ပြိုင်ဘက်များကို သတ်ဖြတ်ရန် အချိန်မည်မျှ ကြာမြင့်မည်ကို ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူက လျှောက်လှမ်းလာသော ခြေလှမ်းများကို တမင်တကာ နှေးကွေးစေခြင်းဖြစ်၏။
သူ တွက်ချက်ထားသည့်အတိုင်းပင် ရှီယွင်နှင့် ချင်ရှင်းတို့သည် အစည်းအဝေးခန်းမဆောင်သို့ အချိန်မီ ရောက်လာကြသည်။
အစည်းအဝေးခန်းမဆောင်သို့ ရောက်လာပြီးနောက် ရှီယွင်နှင့် ချင်ရှင်းတို့က ဝမ်းမြောက်ဝမ်းသာ ပြောလိုက်ကြ၏။
"သခင်လေး... ကျွန်တော်တို့ အောင်မြင်ပြီ။"
အမှန်တကယ်၌မူ လင်းချန်က သူတို့ကို လူပုသရဲမျိုးနွယ်၊ ဘီလူးသရဲမျိုးနွယ်တို့နှင့် တိုက်ခိုက်ခိုင်းစဉ်က သူတို့နှစ်ဦးစလုံးမှာ မယုံကြည်နိုင်ဖြစ်ရသလို ကြောက်ရွံ့မှုများပင် ဖြစ်ပေါ်ခဲ့သေး၏။
လင်းချန်၏ အကူအညီဖြင့် ရက်အနည်းငယ် ကြာပြီးနောက် ရှီယွင်နှင့် ချင်ရှင်းတို့သည် သူတို့၏ စွမ်းအားများ တစ်ရှိန်ထိုး တိုးတက်လာသည်ကို ခံစားမိကြသော်ငြား သူတို့၏ ရင်ထဲ၌ ယုံကြည်မှု အပြည့်အဝ မရှိကြချေ။
လင်းချန်က သူတို့ကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်... ခုနက လူပုသရဲမျိုးနွယ်၊ ဘီလူးသရဲမျိုးနွယ်တွေနဲ့ တိုက်ခိုက်တုန်းက ဘယ်လိုခံစားရလဲဆိုတာကို ဒီကလူတွေကို ပြောပြလိုက်ပါ။"
ချင်ရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ထင်သလောက် မမြန်ဘူး။ ကျွန်တော်က လူပုသရဲမျိုးနွယ်ရဲ့ လှုပ်ရှားမှုတွေကို အမီလိုက်နိုင်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ပြီးတော့ အရင်တုန်းက ထိုးဖောက်လို့မရနိုင်ဘူးလို့ ထင်ရတဲ့ သူတို့ရဲ့ ခံစစ်က အခုတော့ အရမ်းပျော့ညံ့သွားသလို ခံစားရတယ်။"
ရှီယွင်သည် သူ၏ လက်နှစ်ဖက်ကို ပြန်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"ကျုပ်လည်း အဲဒီလိုပဲ ခံစားရတယ်။ အရင်တုန်းက ဘီလူးသရဲမျိုးနွယ်တွေက ကျုပ်မျက်လုံးထဲမှာ အရမ်းသန်မာပြီး မဖျက်ဆီးနိုင်တဲ့ စစ်နတ်ဘုရားတွေလိုပဲ။ အခုတော့ သူတို့က ခွန်အားနည်းနည်း ပိုကြီးတဲ့ ရွေ့လျားပစ်မှတ်တွေလို ဖြစ်သွားပြီ။"
လင်းချန်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး အခြားမျိုးနွယ်စုခေါင်းဆောင်များကို ကြည့်လိုက်သည်။
"သူတို့ရဲ့ စကားတွေက ရင်ထဲကလာတာ၊ အလိမ်အညာ မပါဘူး။ မင်းတို့လည်း ကိုယ်တိုင် မြင်တွေ့ရတာပဲ။ ဒါကြောင့် လူသားမျိုးနွယ်က အားနည်းတာ မဟုတ်ဘူး၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ် ပြတ်တောက်နေလို့သာပဲ။"
ထို့နောက် လင်းချန်က တန်ယွမ်ဂိုဏ်းအကြောင်း ရှင်းပြလိုက်ပြီး သူတို့သည် ထိုဂိုဏ်းသားများ၏ မျိုးဆက်များ ဖြစ်နိုင်ကြောင်း၊ လူသားမျိုးနွယ်၏ ကျင့်ကြံခြင်း အမွေအနှစ်များ ပျောက်ဆုံးသွားသဖြင့် မိမိတို့မျိုးနွယ်စု၏ မူလစွမ်းရည်များကို အသုံးမချနိုင်ဖြစ်ရကြောင်းကို ပြောပြလိုက်၏။
လင်းချန်သည် အချိန်အတန်ကြာယူပြီး ပြင်ပကမ္ဘာအကြောင်း၊ စစ်မှန်သော နယ်ပယ်အဆင့်အတန်းများ၊ လူသားမျိုးနွယ် ပိုင်ဆိုင်ထားသည့် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း၊ စိတ်ဝိညာဉ်ပစ္စည်းများ၊ အစီအရင်များနှင့် ဆေးလုံးများအကြောင်းကို အကျဉ်းချုံး မိတ်ဆက်ပေးလိုက်သည်။
တက်ရောက်လာကြသော လူသားမျိုးနွယ်စု ခေါင်းဆောင်များအားလုံးသည် စိတ်ဝင်တစား နားထောင်နေကြ၏။ နားလည်သဘောပေါက်မှု ပိုများလာလေလေ ပို၍ အံ့အားသင့်လေလေ ဖြစ်ကြရ၏။
လင်းချန်၏ ရှင်းပြချက်များကို ကြားပြီးနောက် လူသားမျိုးနွယ်စု ခေါင်းဆောင်များသည် သက်ပြင်းချရင်း ခါးသီးစွာ ရယ်မောလိုက်ကြသည်။
"ငါတို့ လူသားတွေက အသုံးမကျတာ မဟုတ်ပါလား၊ ငါတို့ရဲ့ အလားအလာတွေကို ထုတ်မသုံးနိုင်ရုံပဲ။"
"ငါတို့က သိုင်းဝိညာဉ်ဆိုတဲ့ အခေါ်အဝေါ်ကိုပဲ သိထားတာ... သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ အသုံးပြုပုံတွေကို ဘယ်တုန်းကမှ နားမလည်ကြဘူး။"
လင်းချန်က စိုက်ကြည့်လိုက်သည်။
"ငါ မင်းတို့ဆီကို ကျင့်စဉ်တွေ လက်ဆင့်ကမ်းပေးမယ်။ မူလလက်နက်တွေ၊ စိတ်ဝိညာဉ်ပစ္စည်းတွေ ပေးမယ်။ ပြီးတော့ ငါ့ရဲ့ အထူးဖော်စပ်ထားတဲ့ ဆေးရည်တွေကို သောက်ခိုင်းပြီး ဒီကမ္ဘာငယ်လေးထဲက လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးမယ်။ လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေ တောင်ဘက်ကို ဆင်းလာရင် မင်းတို့ကိုယ်တိုင် သွားရောက်တိုက်ခိုက်ရမယ်။ အတိတ်က အရှက်ရမှုတွေကို မင်းတို့ကိုယ်တိုင်၊ မင်းတို့ရန်သူတွေရဲ့ သွေးတွေနဲ့ ဆေးကြောရမယ်။ မင်းတို့ရဲ့ ကိုယ်ပိုင်အင်အားကို အသုံးပြုပြီး ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ကြ။"
လင်းချန်၏ စကားအဆုံး၌ စုဝေးနေကြသည့် မျိုးနွယ်စုခေါင်းဆောင်များမှာ တိတ်ဆိတ်သွားကြပြီး သူ၏ စကားများကို လေးနက်စွာ တွေးတောနေကြ၏။
ထိုအထဲမှ ကျောက်ဝေက ဦးဆုံး မတ်တပ်ရပ်လိုက်ပြီး လင်းချန်ကို အရိုအသေပြုလိုက်၏။
"သခင်လေးပြောတာ မှန်တယ်။ သခင်လေး ပေးတဲ့ အကူအညီတွေကို ကျွန်တော်တို့က မြင်းတွေ၊ ကျွဲနွားတွေအဖြစ် အလုပ်အကျွေးပြုရင်တောင် ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တိုင်းတစ်ပါးမျိုးနွယ်တွေကို သခင်လေးကိုယ်တိုင် ဖြေရှင်းခိုင်းမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ မျိုးနွယ်အတွက် အရမ်းရှက်စရာကောင်းလွန်းတယ်။"
တစ်ပြိုင်နက်တည်းမှာပင် ချန်လင်းသည်လည်း ထက်သန်တက်ကြွစွာ မတ်တပ်ရပ်လိုက်၏။
"ဟုတ်တယ်။ ကျွန်တော်တို့ အတိတ်က အရှက်တရားတွေကို သည်းခံရတယ်။ ဘီလူးသရဲမျိုးနွယ်နဲ့ လူပုသရဲမျိုးနွယ်တွေ တောင်ဘက်ကို ဆင်းလာပြီး တိုက်တိုင်း ကျွန်တော်တို့ ပေးဆပ်ရတယ်။ အခု သခင်လေးရဲ့ အကူအညီနဲ့ဆိုရင် သူတို့ကို အရင်ကထက် ပိုကောင်းအောင် မတိုက်ထုတ်နိုင်ဘူးလို့ ကျွန်တော် မယုံဘူး။"
ဆွန်အန်နှင့် လီရီတို့သည်လည်း မတ်တပ်ရပ်လိုက်ကြကာ လင်းချန်ကို အရိုအသေပြုလိုက်ကြသည်။
"ခေါင်းဆောင်ချင်နဲ့ ခေါင်းဆောင်ရှီတို့ ပြသတဲ့ စွမ်းအားတွေက လူသားမျိုးနွယ်ရဲ့ အလားအလာကို သက်သေပြတာပဲ။ စိတ်ချပါ သခင်လေး... အသက်ရှင်ရပ်တည်ရေး စစ်ပွဲအတွက် ကျွန်တော်တို့ ကိုယ်တိုင် အနိုင်ယူမယ်။ သခင်လေး ပေးတဲ့ အကူအညီကို ကျွန်တော်တို့ အဆုံးရှုံးမခံဘူး။"
အဓိက မျိုးနွယ်စုကြီးလေးခု၏ ခေါင်းဆောင်များက စံပြအဖြစ် လုပ်ဆောင်လိုက်ရာ အခြားသော ခေါင်းဆောင်များကလည်း လိုက်ပါဦးညွှတ်ကြ၏။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းချန်သည် သူ့ဘာသာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
လင်းချန်က ခေါင်းဆောင်အားလုံးကို ကြည့်လိုက်သည်။
"ငါတို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေ တောင်ဘက်ကို ဆင်းလာဖို့ ရှစ်ရက်တိတိ လိုတယ်။ အဲဒီမတိုင်ခင်မှာ မင်းတို့ လူသားမျိုးနွယ်ဝင်တွေ အကုန်လုံးကို တစ်နေရာတည်းမှာ စုစည်းပေးရမယ်။"
ကျောက်ဝေက ခေါင်းညိတ်လိုက်သည်။
"သခင်လေး... သခင်လေးရဲ့ အစီအစဉ်က လူသားမျိုးနွယ် အားလုံးကို စုစည်းပြီး ယာယီပုန်းဖို့ နေရာရှာမယ်၊ ပြီးတော့မှ ကျွန်တော်တို့ရဲ့ အင်အားတွေ လုံလောက်အောင် တိုးတက်လာတဲ့အခါကျမှ တိုင်းတစ်ပါးမျိုးနွယ်တွေကို အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲဖို့လား။"
လင်းချန်က ပြုံးလိုက်သည်။
"မင်း ခန့်မှန်းတာ မှန်တယ်။ တော်တယ်။"
အမှန်တကယ်ပင် သူသည် ဤကမ္ဘာငယ်လေးရှိ လူသားမျိုးနွယ်များကို သူတို့၏ အတိတ်က အရှက်ရမှုများကို ကိုယ်တိုင် ဆေးကြောစေလိုခြင်း ဖြစ်သော်ငြား ယခုချက်ချင်း သေလမ်းသို့ ပို့ဆောင်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။
ထို့ကြောင့် လင်းချန်သည် လူသားမျိုးနွယ် အားလုံးကို အတူတကွ စုစည်းပြီး သူတို့၏ စွမ်းအားများ တိုးတက်လာအောင် ယာယီ ကူညီပေးကာ နောက်ထပ် ဆောင်ရွက်မှုများ မပြုလုပ်မီ သူတို့၏ သိုင်းဝိညာဉ်စွမ်းအားများကို ကျွမ်းကျင်ပိုင်နိုင်လာအောင် လုပ်ဆောင်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဤသည်မှာ လူသားမျိုးနွယ်အား သူတို့၏ မျိုးနွယ်စု စွမ်းအားများ အပြည့်အဝ ထုတ်ဖော်နိုင်ရန် အချိန်လုံလောက်စွာ ပေးမည်ဖြစ်သလို မလိုလားအပ်သည့် မတော်တဆမှုများ မဖြစ်စေရန်၊ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သွေးနက်မျိုးနွယ်၏ ဖမ်းဆီးခြင်းကို ခံရပြီး သူတို့၏ အစီအစဉ်များကို နှောင့်ယှက်ခြင်းမျိုး မဖြစ်စေရန် အာမခံချက် ပေးနိုင်မည်ဖြစ်သည်။ ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။
လင်းချန်က မေးလိုက်၏။
"ဒီတောင်ဘက်ပိုင်းမှာ ရှာရခက်ပြီး လျှို့ဝှက်လုံခြုံတဲ့ နေရာမျိုး ရှိလား။ နေထိုင်ဖို့ အခြေအနေကို စိတ်မပူနဲ့။ မရှိရင် ငါ့ဘာသာ ဖန်တီးယူမယ်။"
ကျောက်ဝေက လျင်မြန်စွာ ဖြေလိုက်သည်။
"ရှိတယ်... ကျွန်တော်တို့ နေထိုင်ရာရဲ့ တောင်ဘက်အကျဆုံးမှာ အလွန်ထူထပ်တဲ့ သစ်ပင်သေတောအုပ်ကြီး ရှိတယ်။ လစ်လပ်တဲ့နေရာ လုံးဝ မရှိဘူး။ အဲဒီထဲ ဝင်သွားတဲ့ ဘယ်သူမဆို ဖုတ်ကောင် အများအပြားကို နှိုးဆွမိပါလိမ့်မယ်။ လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေတောင် အဲဒီတောအုပ်နားကို မကပ်ရဲဘူး။"
လင်းချန်သည် ခေါင်းညိတ်လိုက်ပြီး ဝေးကွာလှသည့် တောင်ဘက်အရပ်သို့ လှမ်းကြည့်လိုက်၏။
"ဒါဆိုလည်း ဘာလို့ အဲဒီသွားမပုန်းရမှာလဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊