အခန်း ၂၀၃
Vol. 21 Ch. 203
အပိုင်း ၂၀၃
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ စကားအား ကြားလိုက်ရသည့်အခါ လူသားမျိုးနွယ်စု ခေါင်းဆောင်များ၏ မျက်ဝန်းများထဲ၌ ကြောက်ရွံ့ထိတ်လန့်ရိပ်များ ဖြတ်သန်းသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ အထူထပ်ဆုံးသည့် သစ်ခြောက်ပင်တောအုပ်ကြီး ရှိနေပြီး ထိုသစ်ပင်သေများက တစ်စုံတစ်ရာအား ကိုယ်စားပြုနေသည်ကို သူတို့ ကောင်းစွာ နားလည်ထားကြသောကြောင့်ပင်။
ဖုတ်ကောင်များသည် အလွန် ဒုက္ခပေးနိုင်ရာ မြူခိုးများ ကင်းစင်သွားချိန်၌ပင် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့မှာ လူသားများအား ဖမ်းဆီးလိုစိတ် မရှိကြချေ။
ထို့အပြင် ထိုနေရာသည် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်များပင် ခြေချရန် မဝံ့ရဲသည့် နေရာတစ်ခုဖြစ်၏။
လင်းချန်က ပြောလိုက်သည်။ "စိတ်ပူစရာ မလိုဘူး။ ငါ့မှာ အစီအစဉ် ရှိပြီးသား။"
လင်းချန်၏ အာမခံချက်ကြောင့် လူတိုင်းမှာ သူ၏စကားအား ယုံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
နောက်ဆုံး၌ လင်းချန်သည် လေဟုန်စစ်သည်များအား စေလွှတ်ကာ လူသားမျိုးနွယ်စု ခေါင်းဆောင်များအား ပြန်လည်ပို့ဆောင်စေပြီး လီမျိုးနွယ်စု၌ ပြန်လည်စုစည်းကြရန် ဆွေးနွေးကြ၏။
လီမျိုးနွယ်စုမှာ လူသားမျိုးနွယ်စုအားလုံး၏ အလယ်ဗဟိုအကျဆုံး နေရာ၌ ရှိနေသည့်အတွက် မျိုးနွယ်စုတိုင်း အမြန်ဆုံး စုစည်းနိုင်မည် ဖြစ်သည်။
ထိုအမိန့်များအား ထုတ်ပြန်ပြီးနောက် လင်းချန်သည် ရှီယွင်နှင့် ချင်ရှင်းတို့အား သူတို့၏ မျိုးနွယ်စုဝင်များကို ပြောင်းရွှေ့ရန် အကြောင်းကြားခိုင်းလိုက်၏။
ထိုကိစ္စများ ပြီးစီးသွားသည့်အခါ သူတစ်ယောက်တည်းသာ အစည်းအဝေးခန်းမဆောင်ထဲ၌ ကျန်ရစ်တော့သည်။
စတုဂံပုံသဏ္ဌာန် နည်းဗျူဟာမှန်ပြင်သည် လင်းချန်၏ ရှေ့ လေပေါ်၌ ပျံဝဲနေပြီး မျက်နှာပြင်မှာ မှိန်ဖျော့ဖျော့ အလင်းရောင်ဖြင့် တောက်ပလာ၏။
ကောင်းကင်ယံ၌ ရပ်နားထားသည့် စစ်သင်္ဘောကြီးငါးစင်းအနက် ဗဟိုစစ်သင်္ဘောကြီး၏ ကုန်းပတ်အရှေ့ဆုံး၌ ယီစင်း ရပ်နေသည်။ သူမသည် နတ်ဓားဂိုဏ်း၏ တံခါးပေါက်များအား စိုက်ကြည့်နေပြီး မျက်ဝန်းများထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
'ချန်လေး...'
ယီစင်း၏ သွယ်လျလှသည့် လက်ကလေးများမှာ သူမ၏ ရင်ဘတ်အား ဖိကပ်ထားပြီး စိတ်မအေးနိုင် ဖြစ်နေရသည်။
ပညာရှင်တစ်ဦးက ရောက်လာသည်။ "ဧကရီ... ကျွန်တော်မျိုးနဲ့အတူ ကွပ်ကဲရေးခန်းမကို ကြွပါခင်ဗျာ။ ဧကရာဇ်မင်းမြတ်က အရှင်မကို တွေ့ချင်နေပါတယ်။"
ယီစင်း၏ ယခင်က စိုးရိမ်ပူပန်နေသည့် မျက်နှာထားမှာ ရုတ်တရက် ဝမ်းသာပီတိ ဖြစ်သွား၏။
ယီစင်းက ပြောလိုက်သည်။ "ငါ့ကို အဲဒီကို မြန်မြန် ခေါ်သွားပေးပါ။"
ပညာရှင်က ပြန်ပြောလိုက်သည်။ "အမိန့်တော်အတိုင်းပါ အရှင်မ။"
ပညာရှင်က ခေါင်းညိတ်လိုက်ပြီး ယီစင်းအား သင်္ဘောအတွင်းပိုင်းသို့ ဦးဆောင်ခေါ်သွားသည်။
ယီစင်း ကွပ်ကဲရေးခန်းမထဲသို့ ဝင်ရောက်တော့မည့် အချိန်၌ ဝေဝူရွှမ်၏ ဟိန်းဟောက်သံအား ကြားလိုက်ရ၏။
ဝေဝူရွှမ်က ဟိန်းဟောက်လိုက်သည်။ "မင်းကတော့ တကယ့် စိတ်မြန်လက်မြန် ကောင်လေးပဲ။ မလုပ်ခင် မစဉ်းစားတတ်ဘူးလား။ မင်းက တကယ်ကို တုံးအတဲ့ကောင်ပဲ။"
လင်းချန်သည် နည်းဗျူဟာမှန်ပြင်အား ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။ မှန်ပြင်ပေါ်၌ အပြင်လောက စစ်သင်္ဘော၏ ကွပ်ကဲရေးခန်းမမှ အခြေအနေများအား ပြသနေ၏။
နီးကပ်လာသည့် ပုံရိပ်အား မြင်လိုက်ရသည့်အခါ လင်းချန်က သူမအား လက်ပြရင်း ညင်သာစွာ ပြောလိုက်သည်။ "ဟမ်... ရှင်းရှင်း ရောက်လာပြီပဲ။"
ကွပ်ကဲရေးခန်းမသို့ ရောက်ရှိလာသည့် ယီစင်းမှာ နည်းဗျူဟာမှန်ပြင်ပေါ်မှ ပုံရိပ်အား မြင်လိုက်ရပြီး အမြန် ရှေ့တိုးကာ မေးလိုက်သည်။ "ချန်လေး... အခု အခြေအနေ ဘယ်လိုလဲ။ ရှင် အဆင်ပြေရဲ့လား။ ဒဏ်ရာရထားတာ မရှိဘူး မဟုတ်လား။"
နည်းဗျူဟာမှန်ပြင်ပေါ်မှ လင်းချန်က ခေါင်းအား ညင်သာစွာ ခါယမ်းလိုက်သည်။ "စိတ်မပူပါနဲ့ ရှင်းရှင်း။ ကို ဘာမှ မဖြစ်ပါဘူး။"
တစ်ယောက်နှင့်တစ်ယောက် အခြေအနေများအား မေးမြန်းပြီးနောက် လင်းချန်သည် ကမ္ဘာငယ်လေးထဲ၌ သူ ကြုံတွေ့ရသမျှ အရာအားလုံးအား ယီစင်းနှင့် ဝေဝူရွှမ်တို့ထံ ပြောပြလိုက်၏။
ဝေဝူရွှမ်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက်နေပြီး လင်းချန်အား အတည်ပြုရန် မေးလိုက်သည်။ "တောက်... ဒီကမ္ဘာငယ်လေးထဲက လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေက ငါတို့ လူသားမျိုးနွယ်ကို ဒီလို ဆက်ဆံရဲကြတယ်ပေါ့။"
လင်းချန်က ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ် ဆရာ။ ဘီလူးသရဲမျိုးနွယ်တွေက ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်တွေကို စားသောက်နေတာကို ကျွန်တော် ကိုယ်တိုင် မျက်မြင်တွေ့ရတာပါ။"
ဝေဝူရွှမ်က ဆက်ပြောလိုက်သည်။ "အပြင်ကမ္ဘာလောကမှာတော့ လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေဟာ အယုတ်ညံ့ဆုံး မျိုးနွယ်တွေအဖြစ် သတ်မှတ်ခံထားရတာ။ အတိတ်တုန်းကလည်း သူတို့က လူသားမျိုးနွယ်ကို စားခဲ့ကြဖူးပေမဲ့ နောက်ဆုံးမှာ လူသားတွေရဲ့ တိုက်ခိုက်ချေမှုန်းတာကို ခံရပြီး ကျွန်ပြုခံခဲ့ရတယ်။ အခုဆိုရင် အဲဒီမျိုးနွယ်နှစ်ခုလုံး လူသားမျိုးနွယ် လက်အောက်မှာ အောက်ခြေသိမ်းအလုပ်တွေပဲ လုပ်ရတဲ့ အဆင့်ကို ရောက်နေပြီ။ အဲဒီ ကမ္ဘာငယ်လေးထဲမှာ လူသားမျိုးနွယ် ရှိနေမယ်လို့ မထင်ထားသလို ဒီလောက်ထိ ဒုက္ခရောက်နေလိမ့်မယ်လို့လည်း မထင်ထားဘူး။"
ဝေဝူရွှမ်၏ မျက်လုံးများထဲ၌ မီးတောက်များ တောက်လောင်နေသကဲ့သို့ ဖြစ်နေပြီး ကမ္ဘာငယ်လေးထဲသို့ အပြေးသွားကာ ထိုမျိုးနွယ်စုနှစ်ခုအား သုတ်သင်ပစ်ချင်နေသည့် ပုံစံပေါက်နေ၏။
လင်းချန်သည် အစည်းအဝေးခန်းမဆောင်ထဲ၌ စဉ်းစားဆင်ခြင်လိုက်သည်။ "ကျွန်တော့်ရဲ့ အကူအညီနဲ့ လူသားမျိုးနွယ်တွေ စုစည်းပြီး အဲဒီမျိုးနွယ်စုနှစ်ခုကို သူတို့လက်နဲ့ကိုယ်တိုင် အနိုင်ယူပါလိမ့်မယ်။ ဆရာ့စကားကို ကြားရတော့ ကျွန်တော့်မှာလည်း အကြံတစ်ခု ရလာတယ်။ အဲဒီမျိုးနွယ်စုနှစ်ခုကို မျိုးဖြုတ်သတ်ဖြတ်ဖို့အထိ လုပ်စရာမလိုတော့ဘူး။ အဲဒီအစား သူတို့ကို ကျွန်ပြုလိုက်လို့ ရတာပဲ။"
မူလက လင်းချန်၏ အစီအစဉ်မှာ ကမ္ဘာငယ်လေးမှ လူသားမျိုးနွယ်များက လူပုသရဲနှင့် ဘီလူးသရဲမျိုးနွယ်များအား အနိုင်ယူပြီးနောက် ဟွာရှာအင်ပါယာ တပ်မတော်ဖြင့် ထိုမျိုးနွယ်စုနှစ်ခုအား လုံးဝ အမြစ်ပြတ် သုတ်သင်ပစ်ရန် ဖြစ်သည်။
သို့သော် ယခုအခါ၌မူ လင်းချန် စိတ်ပြောင်းသွားလေပြီ။ ကမ္ဘာငယ်လေးမှ လူသားမျိုးနွယ်အား ထိုမျိုးနွယ်စုနှစ်ခုကို ကျွန်ပြုခိုင်းလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်မိ၏။
နည်းဗျူဟာမှန်ပြင်ပေါ်၌ ပေါ်နေသည့် လူငယ်မျက်နှာအား ကြည့်ရင်း ဝေဝူရွှမ်က ရုတ်တရက် ရယ်မောလိုက်သည်။ "ကောင်လေး... ဒီကိစ္စက သွေးနက်မျိုးနွယ်နဲ့ ပတ်သက်နေပေမဲ့ မင်း သဘောထား တင်းမာလွန်းနေတာ မဟုတ်ဘူးလား။ အခုမှ မင်းရဲ့ စွမ်းရည်တွေကို နည်းနည်း နားလည်တော့တယ်။"
ထိုအချိန်၌ ဝေဝူရွှမ်က အပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။ "ကြည့်ရတာ ချန်လေး... မင်း အရင်က ပြောတဲ့ ရှေးဟောင်းအမွေအနှစ် ရုပ်သေးရုပ်တွေဆိုတာ အမှန် မဟုတ်လောက်ဘူး။ တကယ်တမ်းကျတော့ မင်းအတွက် တိုက်ခိုက်ပေးမယ့် စွမ်းအားကြီး တိုက်ခိုက်ရေးသမားတွေကို ဆင့်ခေါ်နိုင်တာ ဖြစ်မယ်။ ငါ မမှားဘူးဆိုရင် လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေကို မင်းတစ်ယောက်တည်းနဲ့တင် သုတ်သင်ပစ်နိုင်တယ်။ ဒါပေမဲ့ မင်းက ကမ္ဘာငယ်လေးက လူသားမျိုးနွယ်ကို လေ့ကျင့်ပျိုးထောင်ပေးပြီး သူတို့ရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးဖို့ ကြိုးစားနေတာ မဟုတ်လား။"
နည်းဗျူဟာမှန်ပြင်၏ အခြားတစ်ဖက်မှ လင်းချန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။
လင်းချန်က ပြုံးလိုက်သည်။ "ဆရာ... ဆရာ့ကိုတော့ တကယ် လှည့်စားလို့ မရပါလား။ ဒီကမ္ဘာငယ်လေးရဲ့ အရွယ်အစားက ကမ်းရိုးတန်းပြည်နယ်လောက် ကျယ်ဝန်းတာဆိုတော့ ကျွန်တော့်စိတ်ကို တကယ်ပဲ ဆွဲဆောင်နေတာပါ။"
အမှန်တကယ်ပင် လင်းချန်၏ တွက်ချက်မှုများမှာ ဤကမ္ဘာငယ်လေးအား သူ၏ ပိုင်ဆိုင်မှုအဖြစ် ပြုလုပ်ထားရန်ပင် ဖြစ်၏။
အကယ်၍ သူသာ ဤကမ္ဘာငယ်လေးထဲ၌ တယ်လီပို့အစီအရင်တစ်ခု တည်ဆောက်နိုင်ပါက ကမ်းရိုးတန်းပြည်နယ်သို့ အချိန်မရွေး ပြန်သွားနိုင်မည် ဖြစ်သည်။
တန်ယွမ်ဂိုဏ်း၏ မှတ်တမ်းများအရ ဤကမ္ဘာလောကအတွက် တယ်လီပို့အစီအရင်များ ရှိ၏။ တည်ဆောက်ပြီးသည့် တယ်လီပို့အစီအရင်တိုင်း၌ သီးသန့် တည်နေရာပြ ညွှန်းကိန်းများ ရှိကြသည်။
အနာဂတ်၌ မိဘများအား ရှာဖွေရန် ထွက်ခွာသွားသည့်အခါ သူ ပြန်လာချင်ပါက ပြင်ပကမ္ဘာရှိ တယ်လီပို့အစီအရင်အား အသုံးပြု၍ ဤကမ္ဘာငယ်လေးသို့ ပြန်လာနိုင်မည် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ လင်းချန်၏ ရင်ထဲ၌ ပိုင်ဆိုင်လိုသည့် ဆန္ဒတစ်ခု ဖြစ်ပေါ်လာခြင်းပင်။
ဤဆန္ဒမှာ လင်းချန်နှင့် အလွန် ရင်းနှီးကျွမ်းဝင်လှ၏။ ယခင်ဘဝ ဂိမ်းကမ္ဘာထဲ၌ နယ်မြေချဲ့ထွင်ရန်အတွက် ဟွာရှာအင်ပါယာ တပ်မတော်အား ဦးဆောင်ခဲ့စဉ်က သူ့အား မောင်းနှင်သည့် စိတ်ဆန္ဒမျိုးပင် ဖြစ်သည်။
လင်းချန်သည် သူ၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများ တဖြည်းဖြည်း ပိုမို ကျယ်ဝန်းလာသည်အား ကြည့်ကာ ကျေနပ်နှစ်သက်၏။
ထိုနည်းတူစွာပင် လင်းချန်မှာ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရသည်ကို နှစ်သက်ပြီး ထိန်းချုပ်ထားသည့် နယ်မြေ ပိုမို အင်အားကြီးမားလာသည်အား ကြည့်ရင်း ကျေနပ်မှု ရယူတတ်သည်။
သူသည် မြို့သိမ်းတိုက်ပွဲများအား နှစ်သက်သူ သို့မဟုတ် စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအား နှစ်သက်သူ စသည့် အခြားကစားသမားများနှင့် မတူချေ။
လင်းချန်မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ၍ နယ်မြေချဲ့ထွင်ခြင်းရော ၊ စိုက်ပျိုးရေး လုပ်ကိုင်၍ နယ်မြေများရှိ အင်အားနှင့် အာဏာစက်ကို မြှင့်တင်ခြင်း နှစ်မျိုးစလုံးအား နှစ်သက်သူ ဖြစ်၏။
အခြားကစားသမားများနှင့် မတူဘဲ လင်းချန် ဤကဲ့သို့ ပြုမူရသည့် အကြောင်းရင်းမှာ အလွန်ပင် ရိုးရှင်းလှသည်။
သူ၏ ယခင်ဘဝ၌ ချမ်းသာကြွယ်ဝပြီး စိတ်လိုလက်ရ သုံးစွဲတတ်သည့် ဟွာရှာငွေကြေး စစ်သည်တော်တစ်ဦး ဖြစ်ခဲ့သည့်အတွက်ပင်။
လင်းချန်သည် အစည်းအဝေးခန်းမဆောင်၏ ထိပ်ဆုံးထိုင်ခုံ၌ ဂုဏ်ယူဝင့်ကြွားစွာ ထိုင်လိုက်သည်။ "ဒီကမ္ဘာငယ်လေးက ဟွာရှာအင်ပါယာရဲ့ ပထမဆုံး ပိုင်နက်နယ်မြေ ဖြစ်လာလိမ့်မယ်။ အခုချိန်ကစပြီး အဲဒီနေရာကို မူလပြည်နယ်လို့ အမည်ပေးလိုက်တယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၃ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊