အခန်း ၂၀၄
Vol. 21 Ch. 204
အပိုင်း ၂၀၄
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ယခုတစ်ကြိမ် နည်းဗျူဟာမှန်ပြင်ကို အသုံးပြု၍ ဆက်သွယ်လိုက်ခြင်းဖြင့် သူ၏ဆရာနှင့် ယီစင်းတို့အား အခြေအနေမှန်ကို အသိပေးလိုက်ရာ သူတို့အနေဖြင့် လင်းချန်အပေါ် စိတ်ပူပန်နေတော့မည် မဟုတ်ချေ။
ယီစင်းသည် သိချင်စိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။ "ဆရာကြီး... ကျွန်မ သိပ်နားမလည်ဘူး။ ချန်လေးက ဘာလို့ သူ့စစ်သည်တွေကို လွှတ်ပြီး အဲဒီ အောက်တန်းကျတဲ့ မျိုးနွယ်နှစ်ခုကို သုတ်သင်မပစ်တာလဲ။ ဒါဆို ပြဿနာပြေလည်သွားမှာပဲ မဟုတ်လား။ ဘာလို့ ကမ္ဘာငယ်လေးက လူသားမျိုးနွယ်တွေကို သူတို့ကိုယ်တိုင် တိုက်ခိုက်ခိုင်းနေရတာလဲ။"
ဝေဝူရွှမ်က လင်းချန်၏ လုပ်ရပ်များနှင့် ရည်ရွယ်ချက်များကို ဘာကြောင့် ဤမျှ အာရုံစိုက်နေရသနည်း ဆိုသည်ကိုလည်း သူမ သိချင်နေမိ၏။
ဝေဝူရွှမ်သည် ယခုအခါ၌ မှိန်ဖျော့သွားပြီဖြစ်သည့် နည်းဗျူဟာမှန်ပြင်ကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကမ္ဘာငယ်လေးက လူသားတွေဟာ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဆိုးတွေကြောင့် သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကင်းမဲ့နေကြလို့ပဲ။ အကယ်၍ လင်းချန်ကသာ အဲဒီ ကမ္ဘာငယ်လေးအပေါ် ရည်ရွယ်ချက် မရှိဘူးဆိုရင် မင်းပြောသလိုပဲ လုပ်လိမ့်မယ်။ လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်ကို တိုက်ရိုက် သုတ်သင်ပစ်ပြီး လူသားတွေကို ကမ္ဘာငယ်လေးထဲကနေ တစ်ခါတည်း ခေါ်ထုတ်သွားမှာ သေချာတယ်။"
သူက ဆက်ပြောလိုက်၏။ "ဒီကောင်လေးက ကမ္ဘာငယ်လေးအတွက် အစီအစဉ်တွေ ရှိနေလို့သာ အဲဒီက လူသားတွေကို ပြုစုပျိုးထောင်ပေးပြီး သူတို့ကိုယ်တိုင် ပြန်လည် တိုက်ခိုက်ခိုင်းနေတာ ဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိလာစေဖို့၊ သူတို့မျိုးနွယ်စုအပေါ် ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ပေးဖို့နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ပေးဖို့ပဲ။ ဒီစစ်သင်္ဘောပေါ်က လူတွေက သူ့ကို ဧကရာဇ်လို့ ခေါ်ပြီး မင်းကို ဧကရီလို့ ခေါ်ကြသလိုမျိုး... ငါ့တပည့်က အဲဒီ ကမ္ဘာငယ်လေးရဲ့ ဧကရာဇ် ဖြစ်ချင်နေတာ။ ပြီးတော့ အဲဒီလူသားတွေက သူ့ရဲ့ တိုင်းသူပြည်သားတွေ ဖြစ်လာလိမ့်မယ်။"
ယီစင်းကို ထိုသို့ပြောဆိုပြီးနောက် ဝေဝူရွှမ်သည် သင်္ဘောခန်းထဲမှ လှေကားထစ်များဆီသို့ လှည့်ထွက်သွားသည်။
ကွပ်ကဲရေးခန်းမထဲမှ ထွက်ခွာသွားရင်း ဝေဝူရွှမ်က နောက်ဆုံးအနေဖြင့် ပြောသွား၏။ "ငါ့တပည့်က သူ့ရဲ့ တိုင်းသူပြည်သားတွေကို ကိုယ့်ကိုယ်ကိုယ် သံသယတွေနဲ့ ပြည့်နှက်နေပြီး ကိုယ့်သွေးသားရင်းတွေကိုတောင် မယုံကြည်ရဲတဲ့ အသုံးမကျတဲ့လူတွေအဖြစ် အဖြစ်ခံနိုင်မှာ မဟုတ်ဘူး။"
ထို့နောက်၌တော့ ယီစင်း တစ်ယောက်တည်း ကြောင်ငေးကာ ကျန်ရစ်သည်။
'ကမ္ဘာငယ်လေးကို ထိန်းချုပ်ဖို့လား... ချန်လေးရဲ့ တိုင်းသူပြည်သားတွေလား...'
ထိုအတွေးနှင့်အတူ ယီစင်း၏ စိတ်အာရုံထဲ၌ လင်းချန်၏ ဝင့်ကြွားသည့် မျက်နှာထား ပေါ်လာပြီး သူမ၏ ပါးပြင်များကို နီရဲသွားစေ၏။
သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "တည်ငြိမ်နေတဲ့ ချန်လေးက အရမ်း ခန့်ညားတာပဲ။"
**--**--**--**--**--**--**--**
ကမ္ဘာငယ်လေးအတွင်း၌ လင်းချန်သည် စုစည်းနေကြသည့် ကျောက်တုံးမျိုးနွယ်စုဝင်များကို စစ်ဆေးနေစဉ် ရုတ်တရက် နှာချေလိုက်ပြီး နှာခေါင်းကို ပွတ်သပ်လိုက်၏။ "ဟတ်ချိုးးး"
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဘာဖြစ်တာလဲဟ။"
ထိုခဏချင်းမှာပင် ရှီယွင်နှင့် ချင်ရှင်းတို့သည် မလှမ်းမကမ်းမှ လင်းချန်၏ ရှေ့မှောက်သို့ အပြေးအလွှား ရောက်ရှိလာကြ၏။
ရှီယွင်က တင်ပြလိုက်သည်။ "သခင်ကြီး... မျိုးနွယ်စုဝင်တွေ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။"
သူတို့၏ တင်ပြချက်ကို ကြားလိုက်ရသည့်အခါ လင်းချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တဖြည်းဖြည်း စုရုံးရောက်ရှိလာကြသည့် လူများကို ကြည့်လိုက်၏။
လူများသည် သူတို့ ထွက်ခွာရတော့မည်ကို သိကြသဖြင့် သစ်လုံးအိမ်လေးများကို နှမြောတသသည့် အကြည့်များဖြင့် ကြည့်နေကြ၏။
သူတို့၏ မျက်နှာထားများကို မြင်သည့်အခါ လင်းချန်က တစ်ချိန်တည်းမှာပင် ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။ "ဝမ်းနည်းနေစရာ မလိုပါဘူး။ ရှေ့ဆက်ရမယ့် နေ့ရက်တွေက ဒီထက် ပိုကောင်းလာပါလိမ့်မယ်။"
ထို့နောက်၌ ကျောက်တုံးမျိုးနွယ်စုမှ လူများအားလုံး အံ့အားသင့်သွားကြ၏။ ဘာကြောင့်လဲဆိုသော် သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားပြီး အလင်းရောင်ကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားသည့်အတွက်ပင်။
သူတို့ ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လိုက်ကြသည့်အခါ သူတို့အထက်၌ ပေါ်လာသည့် ဧရာမအရာဝတ္ထုကြီးကို ချက်ချင်း မြင်လိုက်ကြရသည်။
စစ်သင်္ဘောကြီးတစ်စင်းပင် ဖြစ်၏။
**--**--**--**--**--**--**--**
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစ်ရက် ကြာမြင့်သွားလေပြီ။ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ကြွေးကြော်ရင်း တောင်ဘက်အရပ်ဆီသို့ ဦးတည် ချီတက်လာကြသည်။
လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် တပ်မတော်ကြီး တစ်ခုတည်းအဖြစ် ပူးပေါင်းခြင်း မရှိကြချေ။ သူတို့နှစ်ဖွဲ့စလုံးသည် သွေးနက်မျိုးနွယ် ဂြိုဟ်သား၏ အမိန့်ကို နာခံကြသော်လည်း မျိုးနွယ်စုနှစ်ခုသည် တောင်ဘက်ဒေသကို အရှေ့နှင့် အနောက်မှ ညှပ်၍ ကျူးကျော်တိုက်ခိုက်ကြခြင်း ဖြစ်၏။
နိဗ္ဗာန်နယ်ပယ်အဆင့် ဂြိုဟ်သားတစ်ကောင်စီသည် နေယွမ်နယ်ပယ်အဆင့်ရှိသည့် မျိုးနွယ်စုဝင် နှစ်ရာ သို့မဟုတ် သုံးရာခန့် ပါဝင်သော အဖွဲ့ငယ်များကို ဦးဆောင်ကာ ထူထပ်သည့် မြူခိုးများကြားမှ ချီတက်လာကြ၏။
သူတို့၏ မြင်ကွင်းအကွာအဝေး ကန့်သတ်ခံထားရသော်လည်း လူပုသရဲမျိုးနွယ်ရော ဘီလူးသရဲမျိုးနွယ်ပါ ထူထပ်သည့် မြူခိုးများ၏ သက်ရောက်မှုကို မခံရသလို ပုံရိပ်ယောင်များ၏ လှည့်စားမှုကိုလည်း မခံကြရချေ။
ထို့အပြင် လူသားမျိုးနွယ်စု အသီးသီး၏ တည်နေရာများကို ကြိုတင်သိရှိထားပြီးဖြစ်၍ သူတို့အနေဖြင့် လမ်းကြောင်း မှားယွင်းစရာ အကြောင်းမရှိချေ။
တောင်ဘက်သို့ ရွေ့လျားလာသည့် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်ဝင်တိုင်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ သူတို့မျိုးနွယ်ဝင်တပ်များ၌ သူတော်စင်အဆင့်ဟု သတ်မှတ်နိုင်သော ကောင်းကင်နယ်ပယ်အဆင့်ရှိသည့် သူတို့၏ တပ်မှူးများလည်း အပါအဝင် ဖြစ်၏။
ကင်းထောက်ရန် စေလွှတ်လိုက်သည့် မျိုးနွယ်စုဝင်များ ဘာကြောင့် ပြန်မလာသနည်း ဆိုသည်ကို လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်များအနက် မည်သူကမျှ သံသယ မဖြစ်ကြချေ။
သူတို့၏ စိတ်ထဲ၌ သူတို့မျိုးနွယ်စုဝင်များ ဒုက္ခရောက်နိုင်စရာ အကြောင်းမရှိဟု တွေးထင်ထားကြ၏။ အရသာရှိသည့် လူသားများကို စားသောက်ပြီး ဗိုက်ပြည့်နေကြပြီဟုပင် ထင်မှတ်နေကြသည်။
ဝတ်ရုံနက်ဝတ်လူက သူတို့ကို ပေးထားသည့် အမိန့်မှာ စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်သော လူသားအားလုံးကို ဖမ်းဆီးရန်သာ ဖြစ်၏။
စိတ်ဝိညာဉ်စွမ်းအား မရှိသည့် လူသားများကိုမူ သူတို့ စိတ်ကြိုက် စားသောက်နိုင်ကြောင်း ခွင့်ပြုထားသည်။
ထို့အပြင် သူတို့ကို ဤကမ္ဘာမှ ခေါ်ထုတ်သွားမည်ဖြစ်ပြီး အပြင်လောက၌ ပိုမို အရသာရှိသည့် လူသားများ ရှိကြောင်း ရှင်းလင်းစွာ ပြောပြထား၏။
အဓိက လိုအပ်ချက်မှာ ထိုပုဂ္ဂိုလ်၏ အမိန့်များကို ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ရန်သာ ဖြစ်သည်။
ရယ်မောသံတစ်ခုသည် ထူထပ်သည့် မြူခိုးများကို ဖြတ်သန်းလျက် ထွက်ပေါ်လာပြီး ဘီလူးသရဲမျိုးနွယ်ဝင်တစ်ဦးသည် မြူဖြူများကြားမှ ကျောက်တုံးမျိုးနွယ်စု၏ နယ်မြေထဲသို့ တိုးဝင်လာကာ အော်ဟစ်လိုက်သည်။ "ဟားဟားဟားးး လူသားပိုးကောင်လေးတွေ... မင်းတို့ရဲ့ သခင်ကြီး ဘီလူးသရဲတွေ ဗိုက်ဆာနေပြီကွ။" သူ၏ နောက်၌ မျိုးနွယ်စုဝင် အများအပြား ပါလာကြ၏။
သို့သော် သူတို့၏ ရှေ့မှောက်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ အံ့အားသင့်ကာ ကြောင်အမ်းသွားကြသည်။
ကျောက်တုံးမျိုးနွယ်စုများ နေထိုင်သည့် နေရာ၌ ခြောက်ကပ်ရှင်းလင်းနေပြီး လူတစ်ယောက်မျှ ကျန်မနေတော့ချေ။
ထိုမျှမကသေးဘဲ ကျောက်တုံးမျိုးနွယ်စု၏ အနီးအနား၌ ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့၏ အလောင်းများကိုပါ တွေ့ရှိလိုက်ရ၏။
ဘီလူးသရဲမျိုးနွယ် အဖွဲ့ခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ဒီပိုးကောင်တွေက ငါတို့ကို ပြန်တိုက်ရဲတဲ့ သတ္တိ ရှိတယ်ပေါ့လေ။"
ထို့နောက် သူက ဆက်၍ အော်ဟစ်လိုက်သည်။ "ရှာကြစမ်း... ဒီပိုးကောင်လေးတွေ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့။"
ဤအဖွဲ့တစ်ဖွဲ့တည်း မဟုတ်ချေ။ တဖြည်းဖြည်းနှင့် ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့သည် လူသားမျိုးနွယ်စု နယ်မြေများ၌ လူသားအရိပ်အယောင်မရှိဘဲ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်ကို သဘောပေါက်လာကြ၏။
တစ်ချိန်တည်းမှာပင် သူတို့ စောစောက ကင်းထောက်ရန် စေလွှတ်လိုက်သည့် မျိုးနွယ်စုဝင်များ အားလုံး သေဆုံးနေသည်ကိုလည်း တွေ့ရှိလိုက်ကြ၏။
ဒေါသအမျက်မီးတောက်များသည် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်များ၏ ရင်ထဲ၌ တဟုန်းဟုန်း တောက်လောင်လာပြီး လူသားမျိုးနွယ်စုများကို ရှာဖွေရန် အရှိန်မြှင့်လိုက်ကြ၏။
သူတို့သည် မြူခိုးများ ထူထပ်လာချိန်၌ ရှာဖွေကြပြီး မြူခိုးများ ကင်းစင်သွားချိန်၌ အနားယူကြသည်။
အစပိုင်း၌ ကောင်းကင်နယ်ပယ်အဆင့် တပ်မှူးများသည် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိကြချေ။
အတိတ်ကာလက လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်များ တောင်ဘက်သို့ ရွေ့လျားလာသည့်အခါ လူသားများသည် ထွက်ပြေးတိမ်းရှောင်လေ့ရှိပြီး အမြဲတမ်း ဆုတ်ခွာသွားလေ့ ရှိ၏။
သူတို့အမြင်၌ ယခုတစ်ကြိမ်လည်း အတူတူပင် ဖြစ်သည်။ တောင်ဘက်ဒေသရှိ လူသားများသည် အဝေးဆုံးနေရာသို့ ထပ်မံ ထွက်ပြေးသွားကြပြန်ပြီဟု ယူဆကြ၏။
သို့သော် ထိုလုပ်ရပ်သည် အချည်းနှီးသာ ဖြစ်၏။ ထိုလူသားတွေ ဘယ်နေရာအထိ ထွက်ပြေးနိုင်မည်နည်း။
မြူခိုးများ ကင်းစင်သွားချိန် အနားယူနေစဉ်အတွင်း ကောင်းကင်နယ်ပယ်အဆင့်ရှိသည့် သတ္တဝါများသည် စုရုံးကာ စကားစမြည်ပြောရင်း တစ်ခါတစ်ရံ ရယ်မောနေကြသည်။
သူတို့ထဲမှ တစ်ကောင်က ပြောလိုက်သည်။ "ဒီသနားစရာကောင်းတဲ့ လူသားတွေက ငါတို့ နေထိုင်နေတာ ကမ္ဘာငယ်လေးတစ်ခု ဆိုတာကိုတောင် သိမှာ မဟုတ်ဘူး။ အပြင်ဘက်မှာ ပိုကျယ်ဝန်းတဲ့ စကြဝဠာကြီး ရှိသေးတယ်။"
အခြားတစ်ကောင်ကလည်း ထောက်ခံလိုက်၏။ "ဟုတ်တယ်... ဒါပေမဲ့ နှမြောစရာတော့ ကောင်းသား။ လူသားမျိုးနွယ်ကတော့ မျိုးသုဉ်းတော့မယ်နဲ့ တူတယ်။"
နောက်တစ်ကောင်က ဆက်ပြောသည်။ "သခင်ကြီးသာ ရောက်မလာရင် လူသားမျိုးနွယ်တွေက ငါတို့ရဲ့ မွေးမြူရေးခြံထဲမှာပဲ ဆက်ရှိနေဦးမှာ... သူတို့ကို မျိုးဖြုတ်သတ်ဖြတ်လိုက်တာက တကယ်တော့ သက်ညှာပေးလိုက်တာပါပဲ။"
သို့သော် ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏ ရယ်မောသံများ တဖြည်းဖြည်း တိမ်ဝင်သွား၏။
သူတို့သည် လူသားမျိုးနွယ်စု အားလုံးကို ရှာဖွေပြီးပြီ ဖြစ်သော်လည်း မည်သူ့ကိုမျှ ရှာမတွေ့ချေ။
တောင်ဘက်ရှိ ကျဲပါးသည့် သစ်ခြောက်ပင်များ ရှိရာ မြေကွက်လပ်၌လည်း... လူတစ်ယောက်မျှ မရှိချေ။
လူသားများသည် ကမ္ဘာငယ်၏မြေပြင်မှ အငွေ့ပျံသွားသကဲ့သို့ ၊ တောင်ဘက်အရပ်၌ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။
လူပုသရဲမျိုးနွယ်ဘက်ရှိ ကြွက်သားအဖုအထစ်များဖြင့် ကျစ်လျစ်သော ခန္ဓာကိုယ်ရှိသည့် အဘိုးအိုတစ်ဦးသည် တောင်ဘက် အစွန်ဆုံးရှိ ပိုမို ထူထပ်သော သစ်ခြောက်တောအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ လုံးဝမဖြစ်နိုင်ဘူး။ ဘာလို့ လူသားပိုးကောင်တွေ ပျောက်သွားရတာလဲ... ဘာလို့လဲ။"
ခဏအကြာ၌ သူက ဆက်ပြောလိုက်၏။ "လူသားတွေက အဲဒီနေရာကို သွားကြတာလား... မဖြစ်နိုင်ဘူး။ အဲဒီနေရာကို ဝင်တာက ငါတို့အတွက်တောင် သေလမ်း ရှာတာပဲ... မွေးမြူရေးတိရစ္ဆာန်ကောင်တွေအတွက် ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။"
လက်ရှိအချိန်၌ လူသားများ ဘယ်ရောက်သွားသနည်း ဆိုသည့် မေးခွန်းသည် သူတို့၏ စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေပြီး မည်သို့မျှ ဖယ်ရှားပစ်၍ မရနိုင်တော့ချေ။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊