← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အပိုင်း ၂၀၅

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ခြောက်သွေ့နေသည့် သစ်ပင်တိုင်း၏ အောက်ခြေ၌ ဖုတ်ကောင်တစ်ကောင်စီ လဲလျောင်းနေကြ၏။

ထို့ကြောင့် ခြေလှမ်းနှစ်လှမ်းတိုင်း သစ်ခြောက်ပင်တစ်ပင်ကို တွေ့မြင်နေရသည့် သစ်ခြောက်တောအုပ်ကြီးမှာ ဤကမ္ဘာငယ်လေးအတွင်း၌ ကြောက်မက်ဖွယ်အကောင်းဆုံးသော ဘေးအန္တရာယ်ကြီး ဖြစ်နေလေပြီ။

လူပုသရဲမျိုးနွယ်ရော ဘီလူးသရဲမျိုးနွယ်ပါ ထိုနေရာသို့ ဝင်ရောက်ရန် မဝံ့ရဲကြချေ။ လူသားမျိုးနွယ်သည်ပင်လျှင် ထိုနေရာ၌ ခိုလှုံရန် မကြိုးစားရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် အသေအချာ သေလမ်းဖြစ်ပြီး အသက်ရှင်သန်ရန် အခွင့်အရေး လုံးဝ မရှိသောကြောင့်ပင်။

သို့သော် တောင်ဘက်သို့ ဦးတည်ကာ ချီတက်လာကြသည့် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ ထင်မှတ်မထားသည်မှာ လူသားမျိုးနွယ်သည် လက်ရှိအချိန်၌ သစ်ခြောက်တောအုပ်ကြီးအထဲ၌ ရှိနေခြင်းပင် ဖြစ်၏။

သို့သော် သစ်ခြောက်တောအုပ်ကြီးအထဲ၌ မဟုတ်ဘဲ အထက်ကောင်းကင်ယံထက်၌ ရှိနေခြင်း ဖြစ်သည်။

မြူခိုးလွှာတစ်ခုသည် ကမ္ဘာငယ်လေး၏ တောင်ဘက် ကောင်းကင်ယံအား လွှမ်းခြုံထားသဖြင့် နေရောင်ခြည်မှာ တောင်ဘက်ဒေသဆီသို့ ထိုးဖောက်မဝင်ရောက်နိုင်ဘဲ ဖြစ်နေ၏။

ဤဖြစ်ရပ်၏ အဓိက တရားခံမှာ အတိတ်ကာလက တန်ယွမ်ဂိုဏ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးမှတစ်ပါး အခြားမရှိချေ။ ထိုတိုက်ပွဲကြီးက ဤကမ္ဘာငယ်လေးကိုပါ ထိခိုက်စေခဲ့ခြင်း ဖြစ်၏။

သေခြင်းနယ်မြေနှင့် သစ်ခြောက်ပင်တောအုပ်ကြီး ဖြစ်ပေါ်လာရခြင်းမှာ သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ စိတ်ဝိညာဉ်စွမ်းရည်တစ်ခုအား ဟန့်တားရန် ကြိုးစားရင်း မအောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။

သွေးနက်မျိုးနွယ် ထိန်းချုပ်ထားသည့် မျိုးနွယ်စုစွမ်းအားမှာ အသက်နှင့် သေခြင်းကို ပြောင်းလဲနိုင်စွမ်းပင် ဖြစ်၏။

သွေးနက်မျိုးနွယ်သည် အားနည်းသည့် မျိုးနွယ်စု မဟုတ်သော်ငြား အလွန်အမင်း အားကောင်းလွန်းသည်တော့လည်း မဟုတ်ပေ။ သို့သော် သူတို့၏ အသက်နှင့် သေခြင်း ပြောင်းလဲနိုင်စွမ်းဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ကို ထူးဆန်းလှ၏။

အသက်ရှင်ခြင်းမှ သေခြင်းသို့ ပြောင်းလဲသည်ဆိုရာ၌ သက်ရှိများ အမှန်တကယ် သေဆုံးသွားခြင်း မဟုတ်ဘဲ ဖုတ်ကောင်များ ဖြစ်လာခြင်းကို ဆိုလိုသည်။

သေခြင်းမှ အသက်ရှင်ခြင်းသို့ ပြောင်းလဲသည်ဆိုရာ၌လည်း သေဆုံးသူများ ပြန်လည်အသက်ရှင်လာခြင်း မဟုတ်ဘဲ သွေးအလောင်းကောင်များ ဖြစ်လာခြင်းသာ ဖြစ်၏။

သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ ပုံမှန်မဟုတ်သော အသက်နှင့် သေခြင်း ပြောင်းလဲနိုင်သည့် စိတ်ဝိညာဉ်စွမ်းရည်ကြောင့် မြေကြီးသည် အာဟာရနှင့် စိုစွတ်မှုများ ကင်းမဲ့သွားကာ သေခြင်းနယ်မြေအဖြစ် ပြောင်းလဲသွားရသည်။ စိတ်ဝိညာဉ်စွမ်းအင် ထုတ်ပေးသည့် စိတ်ဝိညာဉ်သစ်ပင်များသည်လည်း လူတို့၏ စိတ်ကို ခြောက်ခြားစေသော မြူခိုးများ ထုတ်လွှတ်သည့် သစ်ခြောက်ပင်များအဖြစ်သို့ ပြောင်းလဲသွားရ၏။

တန်ယွမ်ဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ဖုတ်ကောင်များ ဖြစ်သွားကြပြီး သစ်ခြောက်ပင်များ၏ အမြစ်များအောက်၌ အိပ်စက်အနားယူနေကြရသည်။

ဤသည်မှာ ထိုစိတ်ဝိညာဉ်စွမ်းရည်၏ သက်ရောက်မှုကို ခံလိုက်ရသည့် ကမ္ဘာငယ်လေး တောင်ဘက်ပိုင်း၏ ကံကြမ္မာပင် ဖြစ်၏။ ပျက်စီးခြင်း မရှိသေးသော မြေနေရာများ ကျန်ရှိနေသေးသည့် အကြောင်းရင်းမှာ ထိုအချိန်က တန်ယွမ်ဂိုဏ်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်များ ရှိနေခဲ့ပြီး စိတ်ဝိညာဉ်စွမ်းရည်၏ စွမ်းအားအချို့အား ခုခံကာကွယ်ပေးခဲ့သည့်အတွက် ရှင်သန်နိုင်သော မြေဆီလွှာအချို့ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သစ်ခြောက်ပင်တောအုပ်ကြီးသည် တစ်ချိန်က စိတ်ဝိညာဉ်သစ်ပင်များဖြင့် စည်ကားခဲ့သည့် တောအုပ်ကြီး ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်၌မူ ဤကဲ့သို့ ဖြစ်ပျက်နေလေပြီ။

အထက်ရှိ စစ်သင်္ဘောပေါ်မှ လင်းချန်သည် ဤမြင်ကွင်းအား ကြည့်ရှုရင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

သစ်ခြောက်တောအုပ်ကြီး၏ အထက်၌ ဟွာရှာအင်ပါယာ၏ အနိမ့်ဆုံးအဆင့် စစ်သင်္ဘော ခြောက်စင်း ရှိနေပြီး ကမ္ဘာငယ်လေး၏ အပြင်ဘက်ရှိ နတ်ဓားဂိုဏ်းသားများ အသုံးပြုခဲ့သည့် စစ်သင်္ဘောများနှင့် အတူတူပင် ဖြစ်၏။

စစ်သင်္ဘောတစ်စင်းစီ၌ လူသားမျိုးနွယ် တစ်သိန်းကျော် ပါဝင်ပြီး စုစုပေါင်း လူဦးရေ ခြောက်သိန်းမှာ ဤကမ္ဘာငယ်လေးအတွင်းရှိ လူသားအားလုံးပင် ဖြစ်သည်။

ဤအရေအတွက်အား သိရှိလိုက်ရသောအခါ လင်းချန်တစ်ယောက် သက်ပြင်းချလိုက်မိ၏။ "လူဦးရေက အရမ်းနည်းလွန်းတယ်။"

မျိုးနွယ်စု အမျိုးမျိုးအနက် လူသားမျိုးနွယ်၏ မျိုးပွားနိုင်စွမ်းမှာ ပြိုင်ဘက်ကင်း ဖြစ်၏။

ကမ်းရိုးတန်းပြည်နယ်ကို ဥပမာအနေဖြင့် ကြည့်လျှင် လူသားမျိုးနွယ် ဦးရေသည် သန်းလေးဆယ်အောက် လျော့နည်းမည် မဟုတ်ချေ။ သို့သော် ကမ်းရိုးတန်းပြည်နယ်နှင့် အရွယ်အစားတူညီသည့် ဤကမ္ဘာငယ်လေးအထဲ၌မူ လူသားအရေအတွက်မှာ အလွန်တရာ နည်းပါးနေသည်။

လင်းချန် တွေးလိုက်မိ၏။ "အင်အားရှိမှသာ အဖိနှိပ်မခံရဘဲ နေနိုင်မှာပေါ့။ မျိုးနွယ်စုတွေ ဒီလောက်များပြားနေတဲ့ ဒီကမ္ဘာကြီးမှာ စည်ကားနေပေမဲ့ အန္တရာယ်တွေကလည်း ထူပြောနေတာပဲ။"

လင်းချန်သည် စစ်သင်္ဘော၏ ရှေ့ဦးပိုင်း၌ ရပ်ကာ မြောက်ဘက် အဝေးဆီသို့ လှမ်းကြည့်လိုက်၏။

ဤကမ္ဘာငယ်လေးအတွင်းရှိ လူသားမျိုးနွယ်သည် အားနည်းပြီး အခြားမျိုးနွယ်စုများ၏ ဖိနှိပ်ခြင်းကို ခံနေကြရသည်။ အကယ်၍ အပြင်လောက၌ ပိုမို အင်အားကြီးမားသည့် မျိုးနွယ်စုတစ်ခု ပေါ်ပေါက်လာပြီး လူသားမျိုးနွယ်အား ကျွန်ပြုရန် ကြိုးစားလာပါက မည်သို့ လုပ်မည်နည်း။

လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည့်အတွက် လင်းချန်အနေဖြင့် ထိုအခြေအနေမျိုးအား လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ကြောင်း ခံစားမိနေသည်။ "ငါ ပိုပြီး သန်မာလာဖို့ပဲ လိုတယ်။ ဒါဆိုရင် ဟွာရှာအင်ပါယာက ဒီကမ္ဘာကြီးမှာ ပိုမိုကြီးမားတဲ့ အာဏာစက်ကို သက်ရောက်နိုင်လိမ့်မယ်။"

သူ၏ လက်ကို ငုံ့ကြည့်ရင်း လင်းချန် တိတ်တဆိတ် တွေးလိုက်မိ၏။ 'ကျင့်ကြံရမယ်။'

လင်းချန် လှည့်ထွက်လိုက်ပြီး စစ်သင်္ဘောပေါ်ရှိ သူ၏ အခန်းသို့ ပြန်သွားကာ သူ၏ နယ်ပယ်အား မြှင့်တင်ရန်အတွက် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်း၌ နှစ်မြှုပ်လိုက်တော့သည်။

စစ်သင်္ဘောပေါ်ရှိ လူသားမျိုးနွယ်များအတွက်မူ ကြိုတင် စီစဉ်ထားပြီး ဖြစ်၏။

သူသည် ကျင့်ကြံခြင်း နည်းလမ်းကျမ်းစာများအား မျိုးနွယ်စုခေါင်းဆောင် အသီးသီးထံသို့ ပေးအပ်ခဲ့ပြီး သူတို့ကို ကျင့်ကြံစေကာ အခြားသူများကိုပါ ပြန်လည် သင်ကြားပေးစေခဲ့သည်။

ဤကမ္ဘာငယ်လေးအတွင်းရှိ လူသားမျိုးနွယ်သည် စိတ်ဝိညာဉ်စွမ်းအားကို အခြေခံအဆင့်လောက်သာ ထိန်းချုပ်နိုင်ကြရာ ယင်းသည် သူတို့၏ စွမ်းအားအား ကန့်သတ်ထားသည့် အဓိက အချက်တစ်ချက်ပင် ဖြစ်၏။

ထို့နောက် လင်းချန်သည် သူတို့၏ ခန္ဓာကိုယ်အခြေအနေကို တိုးတက်ကောင်းမွန်စေရန် ဆေးရည်များ ပေးအပ်ထားသည်။ ထို့အပြင် စစ်သင်္ဘော၏ စားသောက်ခန်းမှ အစားအစာများမှာ သူတို့၏ ခန္ဓာကိုယ်အား အာဟာရ ဖြည့်တင်းပေးနိုင်မည် ဖြစ်၏။

လင်းချန်သည် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းနှင့် စိတ်ဝိညာဉ်ပစ္စည်းများ အသုံးပြုပုံကို ရှီယွင်နှင့် ချင်ရှင်းတို့အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ သူတို့အတွက် လိုအပ်သည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပေးရန် သူက တာဝန်ယူမည် ဖြစ်၏။

လင်းချန်သည် အခြေအနေအားလုံးကို ပြည့်မီအောင် ဆောင်ရွက်ပေးခဲ့ပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းကွာဟချက်အား ဖြည့်ဆည်းပေးခဲ့သည်။ နောက်ဆက်တွဲ ကိစ္စများမှာ သူတို့အပေါ်၌သာ မူတည်၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ကမ္ဘာငယ်လေး၏ မြောက်ဘက်ပိုင်း၌...

တောင်ဘက်ပိုင်းနှင့် နှိုင်းယှဉ်လျှင် မြောက်ဘက်ပိုင်းသည် တောက်ပသော နေရောင်ခြည်အောက်၌ ရှိနေပြီး တိမ်ဖြူများ လွင့်မျောနေ၏။ စိမ်းလန်းစိုပြေလှသည့် တောင်တန်းများကြားမှ စမ်းချောင်းလေးများ စီးဆင်းနေကာ စမ်းချောင်းထဲရှိ ကျောက်စရစ်ခဲလေးများကိုပါ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

မြောက်ဘက်ပိုင်း၌ ရှေးဟောင်း အဆောက်အအုံများစွာ ရှိနေပြီး ထိုသည်တို့မှာ ရှေးဟောင်း တန်ယွမ်ဂိုဏ်း၏ အဆောက်အအုံများပင် ဖြစ်၏။

မြောက်နှင့် တောင်သည် မတူညီသည့် ကမ္ဘာနှစ်ခုကဲ့သို့ ကွာခြားနေသည်။

မြောက်ဘက်ပိုင်း၏ နက်ရှိုင်းသော နေရာတစ်ခုရှိ မှောင်မိုက်နေသည့် ခန်းမဆောင်တစ်ခုအထဲ၌ ခရမ်းရင့်ရောင် အသားအရေနှင့် ဦးခေါင်းပေါ်၌ ချိုနှစ်ချောင်း ပါရှိသော ဂြိုဟ်သားတစ်ကောင်သည် ဒေါသတကြီး ဟိန်းဟောက်နေ၏။ "အသုံးမကျတဲ့ကောင်တွေ။ တကယ့်ကို အသုံးမကျတဲ့ကောင်တွေ။"

အကယ်၍ လင်းချန်သာ ထိုနေရာ၌ ရှိနေမည်ဆိုလျှင် ဤဂြိုဟ်သား၏ ခန္ဓာကိုယ်သည် နန်ရှင်း၏ ခန္ဓာကိုယ်နှင့် တစ်ပုံစံတည်း တူညီနေကြောင်း၊ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်ကြောင်း မှတ်ချက်ချမိပေလိမ့်မည်။

ဤသွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ ရှေ့မှောက်၌ ဧရာမ ခန္ဓာကိုယ်ကြီးတစ်ခုနှင့် ပိန်လှီသော ခန္ဓာကိုယ်တစ်ခုတို့မှာ တုန်ရီစွာ ဒူးထောက်နေကြ၏။

တစ်ဦးမှာ ဘီလူးသရဲမျိုးနွယ် ခေါင်းဆောင် လော့လီ ဖြစ်သည်။

အခြားတစ်ဦးမှာ လူပုသရဲမျိုးနွယ် ခေါင်းဆောင် မိုအာ ဖြစ်၏။

သွေးနက်မျိုးနွယ်က ကျစ်စုတ်လိုက်သည်။ "တောက်စ်။"

သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်မှာ အံကြိတ်လိုက်သည်။ သူ၏ အနက်ရောင်လိုင်းများ ပါဝင်နေသည့် သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများ တလိပ်လိပ် ထွက်ပေါ်လာ၏။

သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်၌ မှိန်ဖျော့သည့် အဖြူရောင် သံကြိုးများ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး သူ၏ ပုံသဏ္ဌာန်ကို ချည်နှောင်ထားသည်။

သို့သော် ထိုမြင်ကွင်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လုံးဝ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။

ဘီလူးသရဲမျိုးနွယ် ခေါင်းဆောင် လော့လီက တုန်ရီစွာ လျှောက်တင်လာ၏။ "သခင်ကြီးလု။ ကျွန်တော်မျိုးတို့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ လူသားတစ်ယောက်မှ ရှာမတွေ့ခဲ့လို့ပါ။ ကျွန်တော်မျိုးရဲ့ မျိုးနွယ်စုက ဆက်လက် ရှာဖွေနေဆဲပါ။ မကြာခင် ရလဒ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။"

လူပုသရဲမျိုးနွယ် ခေါင်းဆောင် မိုအာကလည်း ပြာပြာသလဲ လျှောက်တင်သည်။ "ကျွန်တော်မျိုးရဲ့ မျိုးနွယ်စုကလည်း အသည်းအသန် ရှာဖွေနေပါတယ်။ သခင်ကြီးလုကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။"

သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏ လေသံ၌ ဒေါသရော စိုးရိမ်စိတ်ပါ ပါဝင်နေကာ အော်ဟစ်လိုက်၏။ "မြန်မြန် လုပ်ကြစမ်း။ နားလည်လား။ မင်းတို့ မြန်မြန် လုပ်မှ ရမယ်။"

လော့လီနှင့် မိုအာတို့သည် အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။ "နားလည်ပါပြီ။"

သွေးနက်မျိုးနွယ်က လက်ကာပြလိုက်သည်။ "အခု ထွက်သွားပြီး လုပ်စရာရှိတာ အမြန်သွားလုပ်ကြ။"

သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ ဆူပူကြိမ်းမောင်းမှုအောက်၌ အရွယ်အစား ကွာခြားလွန်းသည့် ပုံရိပ်နှစ်ခုမှာ နှိမ့်ချစွာ ခေါင်းငုံ့ပြီး ခန်းမဆောင်ကြီးအထဲမှ ဆုတ်ခွာသွားကြ၏။

ဗလာဖြစ်သွားသည့် ခန်းမဆောင်ကျယ်ကြီးအထဲ၌ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ မျက်ဝန်းအိမ်များထဲ၌ သွေးရောင်အလင်းတန်းများ တလက်လက် တောက်ပနေသည်။

သူ ခပ်ကြိတ်ကြိတ် အံကြိတ်လိုက်၏။ "သေနာကျ လူသားမျိုးနွယ်။ သေနာကျ တန်ယွမ်ဂိုဏ်း။"

လင်းချန်သည် မြောက်ဘက်ပိုင်း၌ ဖြစ်ပျက်နေသည့် ဤအဖြစ်အပျက်များကို မသိရှိချေ။ သူသည် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း၌သာ နှစ်မြှုပ်နေပြီး ရံဖန်ရံခါ အရာအားလုံး အဆင်ပြေချောမွေ့မှု ရှိမရှိ စစ်ဆေးရန် စစ်သင်္ဘောပေါ်၌ လှည့်လည်ကြည့်ရှုတတ်၏။

ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် တောင်ဘက်မြေပြင်ပေါ်၌ လူသားများကို အပတ်တကုတ် ရှာဖွေနေကြဆဲ ဖြစ်သည်။ လူသားများ မည်သည့်နေရာသို့ ရောက်ရှိသွားနိုင်သနည်း ဆိုသည်ကို သူတို့ အမျိုးမျိုး ခန့်မှန်းနေကြ၏။

အချို့က လူသားများသည် မြေအောက်ဥမင်လိုဏ်ခေါင်းများ တူးပြီး ပုန်းခိုနေကြသည်ဟု ယုံကြည်ကြသည်။

အချို့ကမူ လူသားများသည် မျိုးသုဉ်းမည့် ဘေးအန္တရာယ်ကို ကြိုသိပြီး သေလမ်းရှာရန် သစ်ခြောက်ပင်တောအုပ်ကြီးအထဲသို့ ဝင်သွားကြသည်ဟု ခန့်မှန်းကြ၏။

ပိုမို ဖြစ်နိုင်ချေရှိသည့် ကိစ္စတစ်ခုမှာ လူသားများသည် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ကာ မြောက်ဘက်သို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားကြခြင်းပင် ဖြစ်သည်။

သို့သော် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ မြောက်ဘက်ပိုင်းကို ရှာဖွေပြီးနောက်၌ ဤယုံကြည်ရဆုံး အကြောင်းအရာကိုပင် ပယ်ချလိုက်ကြရလေပြီ။

သစ်ခြောက်တောအုပ်ကြီး၏ အထက်ကောင်းကင်ယံရှိ ဧရာမ စစ်သင်္ဘောကြီးများပေါ်၌ နေထိုင်နေကြသည့် လူသားများ၏ စွမ်းအားမှာ လျင်မြန်စွာ တိုးတက်နေကြောင်းကိုမူ သူတို့ လုံးဝ မသိရှိကြချေ။

စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်သည့် လူသားတိုင်းသည် အပြင်းအထန် ကျင့်ကြံနေကြပြီး သူတို့ တစ်ခါမှ မကြုံတွေ့ဖူးသော ဗဟုသုတများကို ရူးသွပ်မတတ် စုပ်ယူနေကြ၏။ အလွန်အမင်း အားစိုက်ထုတ်မှုကြောင့် သတိလစ်မေ့မြောသွားခြင်းသည်ပင် သူတို့အတွက် သာမန်ကိစ္စတစ်ခု ဖြစ်နေလေပြီ။

သူတို့၏ ရင်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။

လက်စားချေခြင်းပင်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၅ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၁ ၊ အတွဲ ၁ ၊

All Chapters