အခန်း ၂၀၆
Vol. 21 Ch. 206
အပိုင်း ၂၀၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
အချိန်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားပြီး လင်းချန် ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်လာသည်မှာ နှစ်ဝက် တိတိပင် ရှိသွားလေပြီ။
ဤကာလအတွင်း မူလပြည်နယ်မှ လူသားမျိုးနွယ်များ၏ စွမ်းအားသည် တစ်နေ့ထက်တစ်နေ့ လျင်မြန်စွာ တိုးတက်လာ၏။
အတိတ်ကာလက ကျင့်ကြံခြင်း အဆင့်အတန်း ခေတ်နောက်ကျသွားခဲ့သဖြင့် သူတို့အတွက် အလွန် ဆိုးရွားသည့် အခြေခံကိုသာ ချန်ထားခဲ့ပြီး ရည်ညွှန်းစရာမရှိ၊ ကိုးကားစရာ ကျမ်းစာမရှိဘဲ အမှောင်ထဲ၌ စမ်းတဝါးဝါး လျှောက်လှမ်းရ၏။
လင်းချန်သည် သူတို့၏ ကျင့်ကြံခြင်း ခရီးလမ်း၌ လမ်းကြောင်းမှားများနှင့် လမ်းလွဲများစွာ လျှောက်လှမ်းခဲ့ကြသည်ကိုပင် တွေ့ရှိရသည်။
ထိုအကြောင်းရင်းများ အားလုံးကြောင့် ကမ္ဘာငယ်လေးမှ လူသားမျိုးနွယ်များ၏ စွမ်းအားသည် သူတို့၏ နယ်ပယ်အဆင့်များ၌ အလွန် အားနည်းခြင်းပင်။
ထို့ကြောင့် ယခင်က အလွန် နိမ့်ပါးခဲ့သည့် အခြေခံနှင့် စွမ်းအားတို့ကြောင့် ယခု သူတို့၏ တိုးတက်မှုသည် သိသာထင်ရှားစွာ မြင်တွေ့နေရခြင်း ဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ သူတို့ ပိုမို သင်ယူနားလည်လာလေ လူသားမျိုးနွယ်ဝင်များသည် သူတို့၏ မျိုးနွယ်သည် အမှန်တကယ် အားမနည်းကြောင်း သဘောပေါက်လာကြပြီး ပိုမို ခံစားချက် ပြင်းထန်လာကြသည်။ အကယ်၍ ကျင့်ကြံခြင်း ယဉ်ကျေးမှုသာ မပြတ်တောက်ခဲ့လျှင် အတိတ်သမိုင်းသည် ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
ကမ္ဘာငယ်လေးမှ လူသားမျိုးနွယ်များ၏ ယုံကြည်မှု မြင့်တက်လာသည်ကို လင်းချန် ရှင်းလင်းစွာ ခံစားမိနေ၏။ အထူးသဖြင့် အပြင်ကမ္ဘာလောက၌ ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့သည် လူသားမျိုးနွယ်၏ ကျွန်ပြုခြင်းခံထားရသည့် အလုပ်သမားများသာ ဖြစ်ကြောင်း ပြောပြလိုက်သောအခါ သူတို့၏ ယုံကြည်မှု ပိုမို ခိုင်မာလာကြလေပြီ။
ခြောက်လအတွင်း စစ်သင်္ဘောပေါ်ရှိ လူသားမျိုးနွယ်ဝင်များသည် လုံးဝ ပြောင်းလဲသွားကြလေပြီ။
ကောင်းကင်နယ်ပယ်အဆင့်ကို ပြောရလျှင် ကျောက်ဝေ၊ ချန်လင်း၊ ဆွန်အန်နှင့် လီရီ ဟူသည့် မျိုးနွယ်စုခေါင်းဆောင်ကြီး လေးဦးတည်း မဟုတ်တော့ပေ။
သူတို့အထဲ၌ နိဗ္ဗာန်နယ်ပယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အဆင့်တက်ရန် အခက်အခဲ ဖြစ်နေသည့် မျိုးနွယ်စုခေါင်းဆောင် အချို့သည် လင်းချန်၏ အကူအညီဖြင့် အတားအဆီးများကို ဖြတ်ကျော်နိုင်ပြီး အောင်မြင်စွာ အဆင့်တက်နိုင်ကြ၏။
ယခုအခါ လူသားမျိုးနွယ်အတွင်း ကောင်းကင်နယ်ပယ်အဆင့် ရှိသည့် သိုင်းဝိညာဉ်ပညာရှင် ၁၅ ဦး အထိ ရှိလာလေပြီ။
တစ်ချိန်တည်းမှာပင် နိဗ္ဗာန်နယ်ပယ်အဆင့် ရှိသည့် သိုင်းဝိညာဉ်ပညာရှင် အရေအတွက်သည်လည်း သိသိသာသာ တိုးတက်လာပြီး လေးရာကျော်အထိ ရောက်ရှိလာ၏။
ကျန်ရှိနေသည့် နေယွမ်နယ်ပယ်အဆင့် သိုင်းဝိညာဉ်ပညာရှင်များမှာမူ ပိုမို များပြားပြီး အနည်းဆုံး ခုနစ်သောင်းမှ ရှစ်သောင်းအထိ ရှိ၏။
လူသားမျိုးနွယ်၏ စွမ်းအားသည် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့နှင့် ယှဉ်လျှင် ကွာဟချက် ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား အတိတ်နှင့် နှိုင်းယှဉ်လျှင်မူ ထိုကွာဟချက် သိသိသာသာ လျော့ကျသွားလေပြီ။
ထို့ပြင်... လင်းချန်၏ လမ်းညွှန်မှုအောက်၌ လူတိုင်း၏ အတွင်းစိတ်၌ ကိန်းအောင်းနေသည့် အစွမ်းအစများသည် အပြည့်အဝ နိုးထလာကြလေပြီ။
စစ်သင်္ဘောကြီးတစ်ခုလုံးပေါ်၌ လူသားမျိုးနွယ်မှ သိုင်းဝိညာဉ်ပညာရှင်တိုင်းသည် မြောက်ဘက်အရပ်ကို မီးတောက်မီးလျှံကဲ့သို့ ပြင်းပြသည့် မျက်ဝန်းများဖြင့် ပြတ်သားစွာ ကြည့်နေကြ၏။ တစ်ချိန်က မစဉ်းစားရဲခဲ့သည့် လူသားမျိုးနွယ်တို့ မြောက်ဘက်သို့ တိုက်ခိုက်သိမ်းပိုက်မည့် အိပ်မက်သည် လက်လှမ်းမမီနိုင်တော့သော အရာမဟုတ်တော့ဘဲ လက်တစ်ကမ်းအလို၌ ရောက်ရှိနေလေပြီ။
သူတို့သည် ထိုအချိန်ကို မစောင့်နိုင်တော့လောက်အောင် ဖြစ်နေကြလေပြီ။
ကောင်းကင်ယံ၌ ပျံဝဲနေသည့် ဧရာမ အရာဝတ္ထုကြီးများအနက် အလယ်ဗဟို စစ်သင်္ဘောကြီးပေါ်၌ လူသားမျိုးနွယ်မှ ထိပ်တန်း သိုင်းဝိညာဉ်ပညာရှင်များဖြင့် ပြည့်နှက်နေ၏။
လက်ရှိအချိန်၌ သူတို့အားလုံး သင်္ဘော၏ ပထမထပ် ခန်းမဆောင်ထဲ၌ စုဝေးနေကြသည်။
ခန်းမဆောင်သည် အလွန်ကျယ်ဝန်းပြီး တောက်ပသည့် သလင်းကျောက်များသည် အရပ်မျက်နှာတိုင်းကို ထွန်းလင်းပေးထား၏။
ဤလူသားမျိုးနွယ်ဝင်များ၏ မျက်ဝန်းများထဲမှ ယုံကြည်ချက်တို့ဖြင့် ပြင်းပြတောက်လောင်နေသည့် အကြည့်များကို မြင်လိုက်ရသောအခါ လင်းချန်သည် စင်မြင့်ပေါ်၌ ရပ်ကာ သူတို့ကို ကြည့်လိုက်သည်။
“နှစ်ဝက်အတွင်းမှာ မောင်မင်းတို့ ဘယ်လောက် တိုးတက်လာတယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ စွမ်းအားမြှင့်တင်ဖို့ သက်သောင့်သက်သာ နေခဲ့ရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ။ အခု အလုပ်စလုပ်ရမယ့် အချိန် ရောက်ပြီ...”
လက်ရှိအချိန်၌ ပြင်းထန်သည့် တိုက်ပွဲဝင်စိတ်ဓာတ်များသည် ခန်းမဆောင်ထဲရှိ လူများ၏ မျက်ဝန်းများထဲ၌ ပေါ်လာ၏။ ထိုအကြည့်များကြား၌ စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်လည်း ရှိနေသည်။
သူတို့၏ စွမ်းအား တိုးတက်လာမှုကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သော်လည်း အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ အခြေအနေ မည်သို့ ရှိမည်ကို အသေအချာ မရေရာသေးပေ။
အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ပြီးမှသာ ရလဒ်ကို သိရှိနိုင်မည် ဖြစ်၏။
လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် လူသားတို့၏ ခြေရာများကို လိုက်လံရှာဖွေနေဆဲ ဖြစ်၏။ ထိရောက်မှု ရှိစေရန်အတွက် သူတို့သည် အဖွဲ့ငယ်များ ခွဲလိုက်ကြသည်။
ဘီလူးသရဲမျိုးနွယ်ကို နိဗ္ဗာန်နယ်ပယ်အဆင့်တစ်ဦးက ဦးဆောင်ပြီး နေယွမ်နယ်ပယ်အဆင့် မျိုးနွယ်စုဝင် တစ်ရာခန့်က နောက်မှ လိုက်ပါကြ၏။
လူပုသရဲမျိုးနွယ်၌မူ နိဗ္ဗာန်နယ်ပယ်အဆင့် ခေါင်းဆောင်နှစ်ဦး ပါဝင်လေ့ရှိပြီး ပုံမှန်အားဖြင့် နေယွမ်နယ်ပယ်အဆင့် မျိုးနွယ်စုဝင် နှစ်ရာခန့်က ကပ်လျက်လိုက်ပါလေ့ရှိသည်။
မျိုးနွယ်ခြားနှစ်ခုသည် မြောက်ဘက်ပိုင်းမှ ရေမြေသဘာဝကောင်းမွန်သည့် နယ်မြေကို အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားခဲ့သဖြင့် အရေအတွက်အရ လူသားမျိုးနွယ်ထက် သာလွန်နေခြင်းပင်။ အကယ်၍ သူတို့၏ မျိုးပွားနှုန်းသည် လူသားမျိုးနွယ်ထက် နိမ့်ကျမနေခဲ့လျှင် သူတို့၏ အရေအတွက်သည် ပိုမို များပြားနေပေလိမ့်မည်။
လင်းချန်က သူ့ရှေ့မှ လူသားမျိုးနွယ်ဝင်များအား ကြည့်လိုက်သည်။
“ဒါပေမဲ့ အခု သူတို့အင်အားတွေက တကယ်ကို တကွဲတပြားဖြစ်နေပြီ။ မောင်မင်းတို့ အခု ဘာလုပ်ရမယ်ဆိုတာ သိတယ် မဟုတ်လား...”
လူသားမျိုးနွယ်ဝင် အများအပြားက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
“သိပါတယ်...”
လင်းချန်က ဆက်ပြောလိုက်သည်။
“တိုက်ခိုက်ကြ... မျိုးနွယ်ခြားတွေရဲ့ သွေးနဲ့ မောင်မင်းတို့ရဲ့ အရှက်ရမှုတွေကို ဆေးကြောပစ်လိုက်ကြ။ ပြီးတော့ သူတို့ရဲ့ အရိုးတွေပေါ်မှာ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ကြ...”
လင်းချန်သည် လက်များကို ဖြန့်ကားလိုက်ရာ တောက်လောင်နေသည့် ဧကရာဇ်ဝတ်ရုံသည် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး နဂါးကိုးကောင်သည် သူ့ဘေးပတ်လည်၌ လှည့်ပတ်ပျံသန်းနေ၏။ ဧကရာဇ်တစ်ပါး၏ ဖိအားများသည် အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး ဤလူသားမျိုးနွယ်ဝင်များ၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးလိုက်သည်။
“တိုက်မယ်... တိုက်မယ်... တိုက်မယ်...”
ခန်းမဆောင်ထဲရှိ လူသားမျိုးနွယ်ဝင် အားလုံးသည် ညာလက်များကို ဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ ထိုစဉ် ဖြူစင်သည့် အလင်းရောင်တစ်ခုက သူတို့ကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။
လင်းချန် ခန်းမဆောင်ထဲ၌ စည်းရုံးဟောပြောနေစဉ် ဗဟိုစစ်သင်္ဘောကြီးသည် မြောက်ဘက်သို့ ပျံသန်းနေပြီဖြစ်ပြီး သစ်ခြောက်ပင်တောအုပ်ကြီး၏ အဝန်းအဝိုင်းကို ကျော်လွန်သွားလေပြီ။
သစ်ခြောက်ပင်တောအုပ်ကြီး၏ အပြင်ဘက် ခြေလှမ်းတစ်ရာအကွာ၌ နေယွမ်နယ်ပယ်အဆင့်ရှိသော အရပ်အလွန်ရှည်သည့် ဘီလူးသရဲမျိုးနွယ် အဖွဲ့တစ်ဖွဲ့က အချင်းချင်း ဆွေးနွေးနေကြ၏။
“ဒီသေနာကျ လူသားမျိုးနွယ်တွေ ဘယ်ငရဲဆီ ထွက်ပြေးသွားကြတာလဲကွ...”
အခြား ဘီလူးသရဲမျိုးနွယ်ဝင်တစ်ဦးက ခေါင်းရမ်းလိုက်ပြီး ခါး၌ ချိတ်ထားသည့် အိတ်ဟောင်းကြီးကို ပုတ်လိုက်သည်။
“ခုအချိန်လောက်ဆိုရင် ငါတို့ ဖမ်းမိတဲ့ လူသားမျိုးနွယ်တွေ အများကြီးမို့လို့ အိတ်ထဲတောင် မဆံ့တော့ဘူး။ လမ်းမှာ ဖမ်းမိသမျှ တစ်ခါတည်း စားသွားရတာ။ အခုတော့ အရိပ်တောင် မမြင်ရဘူး...”
“နှစ်ဝက်ရှိပြီ... တစ်ခါတလေ လူသားမျိုးနွယ် အရိပ်အယောင် ပေါ်လာလိုက်၊ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားလိုက်နဲ့... တကယ်ကို နားမလည်နိုင်စရာပဲ...”
“ဒါနဲ့... မင်းတို့ ကြားပြီးပြီလား။ မြောက်ဘက်မှာ တချို့မျိုးနွယ်စုဝင်တွေကို သခင်ကြီးလုဆီ ပူဇော်လိုက်ရတယ်ဆိုတဲ့ အကြောင်းလေ...”
ထို့နောက် ဆွေးနွေးမည့် ခေါင်းစဉ်သည် လူသားမျိုးနွယ် အကြောင်းမှ ပြောင်းလဲသွားသည်။
ဘီလူးသရဲမျိုးနွယ်ဝင်တစ်ဦးက ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုလုပ် မသိဘဲ နေမလဲ... ငါ့မိန်းမတောင် အဲဒီ ပူဇော်ခံရတဲ့အထဲ ပါသွားတာ။ ဟူး... ပြန်မတိုက်နိုင်တော့ မျိုးနွယ်စုခေါင်းဆောင်က ဒါ ငါတို့ အနာဂတ်အတွက်ပါလို့ ပြောတာပဲ...”
“လော့အာဟန်... မင်းက သတင်းစုံတာပဲ။ ဘာတွေ ဖြစ်နေလဲဆိုတာ သိလား...”
“အင်း... ငါသတင်းတစ်ခုတော့ ကြားမိတယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးက ပူဇော်သက္ကာရကို လက်ခံရရှိပြီး မကြာခင်မှာပဲ ဖုတ်ကောင်တွေကို သူကိုယ်တိုင် ထိန်းချုပ်နိုင်တော့မယ်တဲ့။ အဲဒါကြောင့် လူသားမျိုးနွယ်ရဲ့ တည်နေရာကို ရှာဖွေနိုင်တော့မယ်လို့ ပြောကြတယ်။ အခုဆိုရင် မြူခိုးတွေ ကင်းစင်သွားရင်တောင် ဖုတ်ကောင်တွေက အနှောင့်အယှက် မဖြစ်စေတော့ဘူး။ အဲဒါနဲ့ ဆက်စပ်နေပုံရတယ်...”
ဘေးပတ်ဝန်းကျင်ရှိ ဘီလူးသရဲမျိုးနွယ်ဝင်များသည် ဤစကားကို ကြားလိုက်ရသည့်အခါ ရုတ်တရက် သဘောပေါက်သွားကြ၏။
အဖွဲ့၏ ရှေ့ဆုံး၌ အရပ်ရှည်ပြီး ထိပ်ပြောင်နေသည့် ဘီလူးသရဲမျိုးနွယ်ဝင်တစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
“လူသားပိုးကောင်လေးတွေ... မင်းတို့သတ္တိရှိရင် ငါ့ဆီ ထွက်လာခဲ့စမ်းပါ...”
ကျယ်လောင်သည့် ဟိန်းဟောက်သံသည် ကောင်းကင်ယံ၌ အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များ၏ ခြောက်သွေ့နေသော အကိုင်းအခက်များကို အနည်းငယ် တုန်ခါသွားစေ၏။
ဘီလူးသရဲမျိုးနွယ်ဝင် အော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက် လှောင်ပြောင်သရော်သည့် အသံတစ်ခုက သူတို့အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“စိတ်ဝင်စားစရာပဲ... မြေပြင်ပေါ် ပြန်ရောက်တာနဲ့ ငါတို့ကို ကြိုဆိုပွဲ လုပ်ပေးနေတာပဲ။ အသံကတော့ မဆိုးဘူး...”
ဘီလူးသရဲမျိုးနွယ်ဝင် အားလုံးနီးပါး တစ်ပြိုင်နက်တည်း နောက်သို့ လှည့်ကြည့်လိုက်ကြရာ သူတို့၏ အနောက်၌ လူသားမျိုးနွယ်ဝင် အင်အား ရှစ်သောင်းခန့်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊