← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အပိုင်း ၂၀၇

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်သည် လူသားမျိုးနွယ်များ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် အရေအတွက်ကလည်း အလွန် များပြားလွန်းနေ၏။

သေချာတွေးကြည့်လျှင် ဝမ်းမြောက်ပျော်ရွှင်ဖွယ်ဖြစ်၏။ ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့သည် နှစ်ဝက်ကြာအောင် လူသားမျိုးနွယ်အား လိုက်လံရှာဖွေနေခဲ့ရပြီး ယခုအခါ သူတို့၏ ရှေ့မှောက်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကြပြီ ဖြစ်သည်။

သို့သော် လူသားများ၏ အရေအတွက်က များပြားလွန်းလှ၏။

သူ၏ အဖွဲ့၌ အင်အား တစ်ရာခန့်သာ ပါဝင်လေရာ ဤမျှ ကြီးမားလှသည့် လူသားမျိုးနွယ် အုပ်စုကြီးကို ရင်ဆိုင်ရလျှင် သေချာပေါက် လုံးဝ ဝါးမြိုခံလိုက်ရပေလိမ့်မည်။

သို့သော် ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပြောလိုက်သည်။

"ညီအစ်ကိုတို့... ဒီတစ်ခါတော့ ငါတို့ ကံကြမ္မာကို ရှောင်လွှဲလို့ မရတော့ဘူး ထင်တယ်။ လူသားမျိုးနွယ်က အားနည်းတယ်။ ငါတို့ မသေခင် သူတို့ထဲက တချို့ကို အဖော်ခေါ်သွားကြမယ်။ လော့အာဟန်... မင်း အမြန်ဆုံး ထွက်ပြေးပြီး လူသားမျိုးနွယ် ထွက်ပေါ်လာပြီဆိုတဲ့ အကြောင်း ငါတို့လူတွေကို သွားပြောလိုက်။ တိုက်ကြဟေ့..."

ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်က သူကိုယ်တိုင် ဦးဆောင်ကာ ရှေ့ဆုံးမှ လူသားမျိုးနွယ် လူငယ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်၏။

သစ်သီးခူးလျှင်ပင် အမှည့်ဆုံး အလုံးကို ရွေးခူးတတ်ကြ၏။ ဤမျှ ငယ်ရွယ်သော လူသားမျိုးနွယ်ဝင် တစ်ဦးကို သူ၏ ဧရာမ သံဓားကြီးဖြင့် တစ်ချက်ခုတ်လိုက်ရုံနှင့် နှစ်ပိုင်းပြတ်သွားပေလိမ့်မည်။

"သေစမ်းကွာ..."

ထိုသို့ တွေးလိုက်ပြီး တပ်ဖွဲ့ခေါင်းဆောင်သည် သူ၏ ဧရာမ သံဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လင်းချန်၏ ဦးခေါင်းကို အားကုန်လွှဲ၍ ခုတ်ချလိုက်သည်။

သို့သော် သူ၏ ဓားကို လွှဲလိုက်ချိန်၌ ပုံမှန်မဟုတ်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ဓားချက် ကျဆင်းလာချိန်တွင် လူသားမျိုးနွယ် လူငယ်၏ မျက်နှာပေါ်၌ ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မတွေ့ရဘဲ လက်နှစ်ဖက်ကို ဖြန့်ကာ ပြုံးလျက် မလှုပ်မယှက် ရပ်နေသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုလူငယ်၏ ခန္ဓာကိုယ်ပေါ်မှ တောက်လောင်နေသော ထူးဆန်းသည့် စိတ်ဝိညာဉ်စွမ်းအားများသည် ခုခံကာကွယ်မှု အားလုံးကို စွန့်လွှတ်လိုက်သကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

"ဒိုင်း..."

ကြီးမားသော ထိခိုက်မိသံကြီး ထွက်ပေါ်လာပြီး ဓားသွားက လင်းချန်၏ ဦးခေါင်းကို ထိမှန်လိုက်ချိန်၌ မီးပွားများ လွင့်စင်ထွက်လာ၏။

တပ်ဖွဲ့ခေါင်းဆောင်သည် လူသားတစ်ယောက်ကို ခုတ်မိခြင်း မဟုတ်ဘဲ သူတို့မျိုးနွယ်စု၏ အမာကျောဆုံး ဒိုင်းကာကြီးကို ခုတ်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ဓားမှတစ်ဆင့် ပြန်ကန်ထွက်လာသော အရှိန်ကြောင့် သူသည် နောက်သို့ ခြေလှမ်းများစွာ ယိုင်နဲ့သွားပြီး ခက်ခက်ခဲခဲ ထိန်းလိုက်ရ၏။ သူ၏ လက်မောင်းများ တုန်ရီနေပြီး လက်ဖဝါးများ ထုံကျင်သွားကာ လက်ချောင်းကြားများ ကွဲအက်ပြီး သွေးများ စီးကျလာသည်။

သူ၏ ဧရာမ ဓားကြီးပေါ်၌ အချိုင့်တစ်ခု ဖြစ်ပေါ်နေပြီး ထိုအချိုင့်မှတစ်ဆင့် အက်ရာများ ဖြာထွက်နေသည်ကိုပင် သူ မြင်တွေ့လိုက်ရ၏။

"ကျွတ်..."

ကျိုးပဲ့သွားသော ဓားတစ်ပိုင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ထိုတပ်ဖွဲ့ခေါင်းဆောင်မှာ ဆွံ့အကာ တံတွေးကို အတင်း မျိုချလိုက်ရသည်။

"ကျိုး... ကျိုးသွားပြီလား။"

ဘီလူးသရဲမျိုးနွယ် အားလုံးနီးပါး အသက်ရှူမှားသွားကြပြီး ပြုံးနေသော လူငယ်ကို ဘီလူးသရဲတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြ၏။

"ကျွတ်... ကျွတ်..."

လင်းချန်သည် မြေကြီးပေါ်ရှိ ကျိုးပဲ့နေသော ဓားကို ကြည့်ပြီး လက်ညှိုးကို ခါယမ်းကာ ပြောလိုက်သည်။

"စိတ်ပျက်စရာ ကောင်းလိုက်တာ။ ကြိုဆိုတဲ့ လက်ဆောင်အနေနဲ့ တစ်ချက်လောက် အခုတ်ခံပေးလိုက်ပါတယ်... ရလဒ်ကတော့ ဒါပါပဲ။"

ထိုသို့ ပြောပြီးနောက် လင်းချန်သည် သူ၏ နောက်စေ့ကို စမ်းလိုက်ပြီး လက်ဖဝါးကို ကြည့်ကာ ချီးကျူးဟန်ဖြင့် ပြောလိုက်သည်။

"မဆိုးဘူး... ဆံပင်တစ်မျှင် ပြတ်သွားအောင်တော့ လုပ်နိုင်သားပဲ။ ချီးကျူးဖို့ ကောင်းပါတယ်။"

လင်းချန်၏ လှောင်ပြောင်သရော်သော လေသံကို ဘီလူးသရဲမျိုးနွယ်ဝင် တစ်ဦးတစ်ယောက်မျှ ပြန်လည် မချေပရဲကြချေ။ သူတို့ ရှေ့မှောက်ရှိ မြင်ကွင်းသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်၏။

ဤလူသားမျိုးနွယ် လူငယ်သည် နိဗ္ဗာန်နယ်ပယ်ရှိသော သူတို့၏ တပ်ဖွဲ့ခေါင်းဆောင်ကို ခေါင်းတည့်တည့် ခုတ်ခွင့်ပြုလိုက်၏။ ရလဒ်က ဘာဖြစ်သွားသနည်း။

သူတို့ခေါင်းဆောင်၏ လက်နက်သည် နှစ်ပိုင်းကျိုးသွားပြီး လက်နှစ်ဖက်စလုံး ဒဏ်ရာရသွားခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်ဝင်သည် ဆံပင်တစ်မျှင် ပြတ်သွားသည်မှလွဲ၍ လုံးဝ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

လက်ရှိအချိန်၌ ဘီလူးသရဲမျိုးနွယ်ဝင်များ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။

'ဒါ လူသား ဟုတ်ရဲ့လား...'

"အားးးးး..."

ရုတ်တရက် အနောက်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် ဘီလူးသရဲမျိုးနွယ် စစ်သည်များသည် ကြောင်အမ်းနေရာမှ သတိဝင်လာကြပြီး မယုံနိုင်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

အော်ဟစ်သံသည် အလစ်ခိုးထွက်သွားသော လော့အာဟန်ဆီမှ ဖြစ်ပြီး မလှမ်းမကမ်းရှိ သွေးအိုင်ထဲတွင် လဲလျောင်းနေသည်။ သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး သူတို့ကို အကူအညီမဲ့စွာ လက်လှမ်းပြနေ၏။

လော့အာဟန်၏ အလောင်းဘေး၌ မုတ်ဆိတ်မွေးထူထူဖြင့် တောင့်တင်းခိုင်မာသော လူသားတစ်ယောက် ရပ်နေပြီး သူ၏ အနီရောင် ဧရာမ သံဓားကြီးသည် လော့အာဟန်၏ ဦးခေါင်းခွံထိပ်မှ ဖောက်ဝင်နေ၏။ ထိုလူသည် ဓားလက်ကိုင်ရိုးပေါ်တွင် လက်တင်ထားပြီး သူတို့ကို အေးစက်စွာ လှောင်ပြောင်ကြည့်ရှုနေသည်။

ရှီနျူ... ဤကမ္ဘာငယ်လေးထဲ၌ လင်းချန်နှင့် ပထမဆုံး တွေ့ဆုံခဲ့သော လူသားမျိုးနွယ်ဝင်၊ ဖုတ်ကောင်ကြောင့် လက်တစ်ဖက် ပြတ်သွားခဲ့သူ ဖြစ်၏။ ယခုအခါ လင်းချန်၏ အကူအညီဖြင့် သူ၏ လက်မှာ အလုံးစုံပြန်လည် ကောင်းမွန်နေပြီဖြစ်သည်။

ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်သည် မြင်ကွင်းကို နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုဖြစ်ပြီး... ဒီလူသားပိုးကောင်တစ်ကောင်က ငါတို့ရဲ့ မြင့်မြတ်တဲ့ စစ်သည်တော်တစ်ယောက်ကို ချက်ချင်း သတ်နိုင်ရတာလဲ။"

လင်းချန်သည် ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ရှီနျူ... ဒီဘီလူးသရဲမျိုးနွယ် အုပ်စုကို မင်းတစ်ယောက်တည်း တာဝန်ယူလိုက်။"

"ဝုန်းးးး..."

အနီရောင် မီးလျှံ စိတ်ဝိညာဉ်စွမ်းအားများသည် ရှီနျူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး သူက လင်းချန်ကို လေးနက်စွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကျွန်တော့်တာဝန် ထားလိုက်ပါ အရှင်။"

အထင်သေးခြင်း... ဘီလူးသရဲမျိုးနွယ် အုပ်စု ခံစားလိုက်ရသည်မှာ ပြောင်ပြောင်တင်းတင်း အထင်သေးခံရခြင်းပင် ဖြစ်၏။

'ဒီလူသားတွေ ရူးသွားကြပြီလား... တစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို ရင်ဆိုင်မယ်တဲ့လား။ ဟာသပဲ... သနားစရာကောင်းပြီး အရေးမပါတဲ့ သတ္တဝါတွေက ဒီလိုစကားမျိုး ပြောရဲတဲ့ သတ္တိ ဘယ်က ရလာတာလဲ။'

အမိန့်ပေးပြီးနောက် လင်းချန်သည် ချက်ချင်း လှည့်ထွက်လိုက်ပြီး ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်ကို ကျောပေးကာ သူ့ရှေ့မှ လူသားများကို ပြောလိုက်သည်။

"အခု လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေက ငါတို့ကို လိုက်ရှာဖို့ အဖွဲ့ငယ်လေးတွေ ခွဲထားကြတယ်။ သူတို့လိုပဲ လုပ်ကြမယ်။"

ထိုသို့ပြောရင်း သူသည် လက်မကိုမြှောက်ကာ သူ့အနောက်ဘက်ကို ညွှန်ပြလိုက်၏။ လူတိုင်း သူ့ကို အာရုံစိုက် ကြည့်ရှုနေကြသည်။ လင်းချန်က ဆက်ပြောလိုက်သည်။

"အခု မင်းတို့က အရင်ကနဲ့ မတူတော့ဘူး။ နယ်ပယ်အဆင့်ချင်း တူရင် တစ်ယောက်ချင်း တိုက်ခိုက်မှုမှာ ဒီမျိုးနွယ်ခြားတွေက မင်းတို့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်တော့ဘူး။ နိဗ္ဗာန်နယ်ပယ် လေးယောက်က နေယွမ်နယ်ပယ် ရှစ်ရာကို ဦးဆောင်ပြီး အဖွဲ့တွေ ဖွဲ့ကြ။ ပြီးရင် ဒီလူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ် အဖွဲ့တွေကို လိုက်ရှာပြီး ချေမှုန်းကြ။ သာလွန်တဲ့ စွမ်းအားနဲ့ အရေအတွက်ကို အသုံးပြုပြီး ငါတို့ဘက်က အထိအခိုက် အကျအဆုံး မရှိစေဘဲ သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်မယ်။"

လင်းချန် ပြောပြီးနောက် ရှီနျူဘက်သို့ လှည့်ကြည့်လိုက်၏။

မီးလောင်ကျွမ်းနေသော ဘီလူးသရဲမျိုးနွယ် အလောင်းများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သောင်းကျန်းနေသော ရှီနျူကို တားဆီးနိုင်စွမ်း မရှိကြချေ။

ရှီနျူက သူ၏ လက်ထဲမှ မူလလက်နက် ဧရာမ သံဓားကြီးကို ဝှေ့ယမ်းလိုက်တိုင်း ဘီလူးသရဲမျိုးနွယ်ဝင် တစ်ကောင် လဲကျသွားပြီး မည်သို့မျှ ခုခံနိုင်စွမ်း မရှိကြချေ။

တပ်ဖွဲ့ခေါင်းဆောင် ရှေ့တက်လာသောအခါ ရှီနျူသည် ဓားချက်တစ်ချက်တည်းဖြင့် သူ၏ လက်မောင်းကို ဖြတ်တောက်ပစ်လိုက်ပြီး နောက်ဆုတ်သွားစေခဲ့သည်။

ထို့နောက်တွင် ရှီနျူသည် သူ့ကို လိုက်လံတိုက်ခိုက်ခြင်း မပြုဘဲ အခြား ဘီလူးသရဲမျိုးနွယ်ဝင်များဘက်သို့ ဓားဦးလှည့်ကာ အမြန်ဆုံးနှုန်းဖြင့် သတ်ဖြတ်လိုက်၏။

အစပိုင်းတွင် ဘီလူးသရဲမျိုးနွယ်ဝင်များသည် ခုခံရန် ကြိုးစားကြသော်လည်း မကြာမီမှာပင် အနီရောင် စိတ်ဝိညာဉ်စွမ်းအားများ တောက်လောင်နေသော ဤလူသားကို မတားဆီးနိုင်ကြောင်း သဘောပေါက်သွားကြပြီး ထွက်ပြေးရန် ကြိုးစားကြ၏။

သို့သော် ထွက်ပြေးရန် ကြိုးစားတိုင်း ထက်ရှသော မီးလျှံဓားတစ်ချက်က သူတို့၏ နှလုံးသားများကို ဖောက်ထွင်းသွားလေသည်။

ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်သည် ကြောင်အမ်းအမ်းဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကျနေပြီး သူ၏ မျိုးနွယ်စုဝင်များ အသတ်ခံနေရသည်ကို အကူအညီမဲ့စွာ ကြည့်နေမိသည်။

သူသည် ဖြည်းညှင်းစွာ ခေါင်းလှည့်လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးမားသော လူသားမျိုးနွယ် လူငယ်ကို ကြည့်လိုက်၏။

အစပိုင်းတွင် သူတို့အဖွဲ့ကို ဖြေရှင်းရန် ရှီနျူတစ်ယောက်တည်းကို အမိန့်ပေးလိုက်ခြင်းသည် ရယ်စရာ ကောင်းသည်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော် လက်ရှိအချိန်၌ ရယ်စရာကောင်းသူမှာ သူကိုယ်တိုင် ဖြစ်ကြောင်း နားလည်လိုက်ပြီ ဖြစ်၏။

တပ်ဖွဲ့ခေါင်းဆောင်၏ မျှော်လင့်ချက်မဲ့နေသော အကြည့်ကို မြင်လိုက်ရသောအခါ လင်းချန်သည် လှောင်ပြုံး ပြုံးလိုက်၏။ တစ်ဖက်လူသည် နိဗ္ဗာန်နယ်ပယ်ပထမအဆင့် အရှိန်အဝါသာ ရှိသည်။ ရှီနျူကိုယ်တိုင်က ပါရမီမဆိုးလှသဖြင့် နှစ်ဝက်အတွင်း နိဗ္ဗာန်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ဤအဖွဲ့ကို သူတစ်ယောက်တည်း သတ်ဖြတ်နိုင်ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

စိတ်ဓာတ်ကျနေသော ဘီလူးသရဲမျိုးနွယ် တပ်ဖွဲ့ခေါင်းဆောင်ကို လင်းချန်က အေးစက်စွာ ပြောလိုက်သည်။

"ငါ ဒီကမ္ဘာငယ်လေးထဲ ရောက်လာတဲ့ အချိန်ကစပြီး လူသားမျိုးနွယ်က သားကောင် ဖြစ်တာ ရပ်တန့်သွားခဲ့ပြီ။ မင်းတို့လည်း မုဆိုး ဖြစ်တာ ရပ်တန့်သွားခဲ့ပြီ။ အခု အခန်းကဏ္ဍတွေ ပြောင်းလဲသွားပြီ။ သမိုင်းအသစ် ရေးထိုးလိုက်ပြီ။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၇ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၁ ၊ အတွဲ ၁ ၊

All Chapters