အခန်း ၂၀၈
Vol. 21 Ch. 208
အပိုင်း ၂၀၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ အမိန့်ပေးချက်အရ လူတိုင်းသည်လည်း အဖွဲ့ငယ်များ ခွဲလိုက်ကြပြီး မတူညီသည့် လမ်းကြောင်းများဆီသို့ ထွက်ခွာသွားကြ၏။
သူတို့၏ စွမ်းအားများ တိုးတက်လာပြီ ဖြစ်သော်လည်း လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ကို တိုက်ရိုက် မရင်ဆိုင်ရသေးသမျှ သူတို့၏ ကိုယ်ပိုင်သရုပ်မှန်ကို ရှင်းလင်းစွာ မသိရှိနိုင်သလို လက်ရှိ အခြေအနေကိုလည်း အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပေ။
လင်းချန်က လက်နှစ်ဖက်ကို နောက်ပစ်လျက် တစ်ယောက်တည်း ရပ်ကာ သူ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည့် အဖွဲ့များကို ကြည့်လိုက်သည်။ "ငါ လုပ်နိုင်တာ အကုန် လုပ်ပေးပြီးပြီ... ကျန်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်"
သူတို့ကို ကျွန်ပြုခဲ့သည့်၊ တိရစ္ဆာန်များကဲ့သို့ ဆက်ဆံခဲ့သော၊ သူတို့၏ အဖြူရောင် ဝတ်ရုံများကို သွေးစွန်းစေခဲ့သည့် မျိုးနွယ်ခြားများကို အနိုင်ယူလိုက်ပြီးသည်နှင့် ဤကမ္ဘာငယ်လေးမှ လူသားမျိုးနွယ်သည် အသစ်ပြန်လည် မွေးဖွားလာမည် ဖြစ်ပြီး သူတို့၏ ရင်ထဲရှိ ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်လာမည် ဖြစ်၏။
လူသားမျိုးနွယ် အဖွဲ့များသည် မြောက်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားကြသည်။ လင်းချန်၏ ပတ်ပတ်လည်၌ အဖြူရောင် အလင်းတန်းများ တလက်လက် တောက်ပလာပြီး အပေါ်မှ စစ်သင်္ဘောကြီးက ဆွဲတင်လိုက်သဖြင့် ကောင်းကင်ယံသို့ ပြန်ရောက်သွား၏။
တစ်ချိန်တည်းမှာပင် အခြား စစ်သင်္ဘောကြီးများလည်း ထွက်ပေါ်လာပြီး လင်းချန် ရှိနေသည့် စစ်သင်္ဘောနှင့် လာရောက် ပူးပေါင်းလိုက်ကြသည်။
စစ်သင်္ဘော ခြောက်စင်းသည် ဘေးချင်းယှဉ် ရပ်လိုက်ကြပြီး အစီအရင်၏ အလင်းရောင်များ ထွက်ပေါ်လာ၏။ ထူထပ်သည့် သင်္ကေတများက အစီအရင်၏ ပုံစံများကို ချိတ်ဆက်ပေးလိုက်ပြီး မှိန်ဖျော့သော အလင်းရောင်တစ်ခု စုစည်းကာ မြောက်ဘက်သို့ ထိုးလင်းနေသည်။ အသေအချာ မကြည့်လျှင် သတိထားမိရန် ခက်ခဲပေလိမ့်မည်။
စစ်သင်္ဘောပေါ်၌ ကျန်ရစ်သူများမှာ လူသားမျိုးနွယ်မှ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြ၏။ သူတို့အားလုံးသည် စစ်သင်္ဘော၏ ကုန်းပတ်ပေါ်၌ စုဝေးကာ မျိုးနွယ်ခြားများကို တိုက်ခိုက်ရန် ထွက်ခွာသွားသည့် သူတို့၏ ချစ်ရသူများအတွက် ဆုတောင်းပေးနေကြသည်။
ဆုတောင်းနေကြသည့် လူသားများသည် စစ်သင်္ဘော၏ အထက်၌ ပေါ်လာသော ဧရာမ စက်ဝိုင်းပုံစံ မှန်ကြီးများကို တဖြည်းဖြည်း တွေ့ရှိလာကြပြီး အံ့ဩတကြီး အော်လိုက်ကြ၏။ "ဟိုမှာ ကြည့်စမ်း... အဲဒါ ဘာကြီးလဲ"
ထိုမှန်ကြီးများကို နက်မှောင်သည့် သတ္တုဘောင်များဖြင့် ကွပ်ထားပြီး ထူးဆန်းသော စာလုံးများနှင့် ပုံစံများ ရေးထွင်းထားသည်။
ထို့နောက် သူတို့ အံ့အားသင့်သွားကြသည်မှာ ထိုမှန်ကြီးများပေါ်၌ ပုံရိပ်များ စတင် ပေါ်ပေါက်လာခြင်းပင် ဖြစ်၏။ ထိုပုံရိပ်များမှာ စစ်တိုက်ထွက်သွားကြသည့် သူတို့၏ မိဘမောင်ဘွား ဆွေမျိုးသားချင်းများပင် ဖြစ်သည်။
လူတိုင်း အသက်ရှူအောင့်ထားပြီး မှန်ကြီးများပေါ်မှ မြင်ကွင်းများကို စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များ ရောပြွမ်းလျက် အာရုံစိုက် ကြည့်ရှုနေကြ၏။
ဂုဏ်သိက္ခာမဲ့သည့် အတိတ်ကို အလွယ်တကူ မေ့ပျောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ကို တိုက်ရိုက် ရင်ဆိုင်ရမည့် ဤတိုက်ပွဲသည် ယခင်ကကဲ့သို့ သွေးထွက်သံယိုဖြစ်ပြီး ခုခံရန် ခက်ခဲဦးမည်လောဟု သူတို့ စိုးရိမ်နေမိကြသည်။
သို့သော် လင်းချန် ပေါ်လာကတည်းက သူတို့၏ မှောင်မိုက်သည့် နေ့ရက်များ၌ အလင်းရောင် ရရှိလာကြောင်း၊ သူတို့၏ ဆွေမျိုးသားချင်းများ စွမ်းအား တိုးတက်လာကြောင်းကိုလည်း သူတို့ နားလည်ထားကြ၏။ ထို့ကြောင့် သူတို့၏ ချစ်ရသူများသည် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ကို ကျော်ဖြတ်နိုင်မလားဆိုသည်ကို ဝိုင်းဝန်း စောင့်ကြည့်နေကြသည်။
စစ်သင်္ဘောပေါ်၌ ကျန်ရစ်သည့် လူသားများသည် မှန်ကြီးတစ်ချပ်ပေါ်မှ မြင်ကွင်းတစ်ခုကို ကြည့်ရင်း ထိတ်လန့်တကြား အော်လိုက်ကြ၏။ "တွေ့ပြီ... တွေ့ပြီဟေ့..."
နည်းဗျူဟာမှန်ပြင်ပေါ်မှ မြင်ကွင်းများသည် လူသားမျိုးနွယ် အဖွဲ့တစ်ဖွဲ့စီ၏ အပေါ်ဘက် ထောင့်စောင်းမှ ပြသနေခြင်း ဖြစ်သည်။ ထိုလူသားမျိုးနွယ် အဖွဲ့၏ ရှေ့၌ လူပုသရဲမျိုးနွယ် စစ်သည်တစ်သိုက်ကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
တစ်ချိန်တည်းမှာပင် လူပုသရဲမျိုးနွယ်ဝင်များသည် ချီတက်လာသည့် လူသားအဖွဲ့ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ကခုန်ရင်း အော်လိုက်ကြသည်။ "လူသားမျိုးနွယ်... နောက်ဆုံးတော့ ပေါ်လာကြပြီပေါ့... ဟားဟားဟား"
အချို့ လူပုသရဲမျိုးနွယ်ဝင်များသည် သူတို့၏ အနီရောင် လျှာများကို ထုတ်ကာ နှုတ်ခမ်းများကို သပ်ရင်း လူသားများကို အရသာရှိသည့် အစားအစာများအဖြစ် ကြည့်ကာ သွားရည်ကျနေကြ၏။
လူပုသရဲမျိုးနွယ်ကို နိဗ္ဗာန်နယ်ပယ်အဆင့် ခေါင်းဆောင်နှစ်ဦးက ဦးဆောင်ထားပြီး မျိုးနွယ်စုဝင် နှစ်ရာ လိုက်ပါလာကြသည်။ ဤအရေအတွက်သည် ဘီလူးသရဲမျိုးနွယ်ထက် နှစ်ဆ များပြား၏။
သူတို့ရှေ့မှ လူသားမျိုးနွယ် အဖွဲ့သည် သူတို့ထက် အရေအတွက် ပိုများနေသော်လည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
အတိတ်က အတွေ့အကြုံအရ လူသား လေးငါးယောက် ပေါင်းမှ သူတို့တစ်ယောက်ကို ယှဉ်နိုင်ပြီး ထိုအခြေအနေ၌ပင် လူသားများက အရေးနိမ့်နေတတ်၏။ လူသားတွေ အများကြီး ဖြစ်နေတော့ရော ဘာဖြစ်သနည်း။
ဦးဆောင်လာသည့် လူပုသရဲက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "ခစ်ခစ်... ပိုးကောင်လေးတွေ... ဒီလောက်ကြာအောင် ပုန်းနေပြီးမှ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် လာဆက်သကြပြီပေါ့။ ညီအစ်ကိုတို့... ငါတို့ စားပွဲတော် တည်လို့ ရပြီဟေ့... ဟားဟားဟား"
အခြား လူပုသရဲတစ်ဦးက မျက်မှောင်ကြုတ်လိုက်၏။ "ဒါပေမဲ့ ဒီလူသားတွေက... သူတို့အားလုံး စိတ်ဝိညာဉ်စွမ်းအားတွေ ရှိနေကြတယ်။ ဒါ သခင်ကြီးလုဆီ ဆက်သရမယ့် ကောင်တွေ မဟုတ်ဘူးလား"
ဦးဆောင်လာသည့် လူပုသရဲက ပြန်ပြောလိုက်သည်။ "ကိစ္စမရှိပါဘူးကွ။ သူတို့က ဒီလောက် အများကြီးပဲဟာ... ငါတို့တွေ အကုန်လုံး ကုန်အောင် စားနိုင်မှာမှ မဟုတ်တာ။ သခင်ကြီးလု နောက်ဆုံးတော့ သိမှာ မဟုတ်ပါဘူး"
လူသားမျိုးနွယ်ဘက်၌ ရှီမုန်သည် ရင်ဘတ်ပေါ်၌ လက်ပိုက်ထားပြီး လူပုသရဲမျိုးနွယ် ခေါင်းဆောင်နှစ်ဦးက သူတို့ကို မည်သို့ စားသောက်ကြမည်ကို အသည်းအသန် ဆွေးနွေးနေကြသည်ကို ကြည့်နေ၏။ ကြောက်ရွံ့မည့်အစား စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု သူ၏ မျက်နှာပေါ်၌ ပေါ်လာသည်။
လူသားများသည် သူတို့၏ ရင်ထဲ၌ စုပုံနေသည့် ဒေါသများကို မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်လိုက်ကြ၏။ "အားလုံးပဲ... တိုက်မယ်ဟေ့... သတ်ကြ..."
ထိုသို့ အော်ရင်း လူပုသရဲမျိုးနွယ်ဆီသို့ ပြေးဝင်သွားကြသည်။ တစ်ယောက်ချင်းစီ၏ စိတ်ဝိညာဉ်အလင်းရောင်များ တလက်လက် တောက်ပလာပြီး သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို ပြီးမြောက်စေလိုက်၏။
လူပုသရဲခေါင်းဆောင်က လှောင်ပြောင်လိုက်သည်။ "ဟွန့်... ဒီပိုးကောင်တွေက ငါတို့ကို အရင် စတိုက်ရဲတဲ့ သတ္တိ ရှိတယ်ပေါ့လေ"
သို့သော် သူ၏ ရယ်မောသံ မဆုံးမီမှာပင် သူ၏ ဘေးမှ မျိုးနွယ်စုဝင်၏ ဦးခေါင်း ပေါက်ကွဲထွက်သွားပြီး သူ့မျက်နှာပေါ်သို့ သွေးများ စင်သွားသည်ကို မြင်လိုက်ရ၏။
အံ့ဩစွာ လှည့်ကြည့်လိုက်သည့်အခါ လက်၌ ရွှေရောင် လက်အိတ် ဝတ်ဆင်ထားသော လူသားတစ်ယောက်က သူ့ကို ပြုံးစစ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူသားက သွေးစွန်းနေသည့် ညာလက်ကို ပြန်ရုပ်လိုက်၏။ "မင်းတို့ လူပုသရဲတွေကို အားနည်းတယ်လို့ ခံစားရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
လူသားမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့၏ တပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံလိုက်သည့်အခါ မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့် လူပုသရဲမျိုးနွယ်သည် လူသားမျိုးနွယ်ကို စိတ်ကြိုက် အနိုင်ကျင့် စားသောက်နိုင်သော တိရစ္ဆာန်များအဖြစ်သာ ဆက်လက် မြင်နေကြဆဲ ဖြစ်၏။ ထို့ကြောင့် လူသားများ ပြေးဝင်လာသည့်အခါ သူတို့သည် စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း မစုစည်းကြပေ။
အတိတ်က အတွေ့အကြုံများအရ လူသားများ ကိုင်ဆောင်သည့် ကျောက်လက်နက်များကို စိတ်ဝိညာဉ်စွမ်းအား မသုံးဘဲ ကာကွယ်နိုင်၏။ သို့သော် လူသားများ နီးကပ်လာသည့်အခါ လူပုသရဲများသည် ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ထိုလူသားများ၏ ဝတ်စားဆင်ယင်မှုသည် သပ်ရပ်လွန်းနေ၏။ သူတို့၏ ပုံပန်းသဏ္ဌာန်သည်လည်း သန့်ရှင်းလွန်းနေသည်။ ထို့အပြင် ထိုလူသားများထံမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်အလင်းရောင်များက အရောင်စုံလင်ပြီး စူးရှလွန်းလှ၏။ ဘာကြောင့်နည်း။
'နေဦး... အရည်လို အရာဝတ္ထုတွေက ဘယ်လိုလုပ် ဓားပုံစံ ဖြစ်သွားတာလဲ။ အဲဒီ အရောင်တောက်တောက်တွေက သတ္တုနဲ့ တူလိုက်တာ'
'သတ္တု...'
တုံ့ပြန်မှု အမြန်ဆုံး လူပုသရဲမျိုးနွယ် ခေါင်းဆောင်နှစ်ဦးသည် အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။ သူတို့ လျင်မြန်သော်လည်း တစ်ဦးမှာ လက်ပြတ်သွားပြီး အခြားတစ်ဦးမှာ ခါးမှ အသားတစ်တုံး လှီးဖြတ်ခံလိုက်ရ၏။
အနောက်ဘက်မှ လူပုသရဲများသည် ကံကောင်းထောက်မစွာဖြင့် ထိခိုက်မှု မရှိကြပေ။ သို့သော် ရှေ့ဆုံးမှ လူပုသရဲ အကောင်သုံးဆယ်ကျော်မှာမူ ကံမကောင်းရှာပေ။ သူတို့သည် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာပင် သွန်းလုပ်ထားသည့် မူလလက်နက်များဖြင့် အသတ်ခံလိုက်ကြရသည်။
ကျန်ရှိနေသည့် လူပုသရဲများသည် ချက်ချင်း ကြောင်အမ်းသွားကြ၏။ ဒါ လူသားမျိုးနွယ် ဟုတ်ရဲ့လား။ သူတို့ ရူးသွားကြပြီလား။
လူသားမျိုးနွယ် ဆိုသည်မှာ အဘယ်နည်း။ အားနည်းခြင်း၊ ညစ်ပတ်ခြင်း၊ ကျောက်လက်နက်များကိုသာ ကိုင်ဆောင်နိုင်ခြင်း၊ တိုက်ခိုက်နိုင်စွမ်း အလွန် နိမ့်ကျခြင်းနှင့် အော်ဟစ်ငိုယိုခြင်းသာ တတ်နိုင်သည့် သေးငယ်သော မျိုးနွယ်စု ဖြစ်သည်။ သို့သော် သူတို့ ရှေ့မှောက်ရှိ လူသားများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်နေ၏။
ရှီမုန်သည် သူ၏ လက်ထဲမှ လှံသွားပေါ်ရှိ သွေးများကို မြေကြီးပေါ်သို့ ခါချလိုက်ပြီး ရယ်မောလိုက်သည်။ "ဟေး... ဘာလို့ ငါ ဒီမျိုးနွယ်ခြားတွေ သိပ်အားနည်းတယ်လို့ ရုတ်တရက် ခံစားနေရတာလဲကွ"
ကျန်ရှိနေသည့် လူသားများသည် လူပုသရဲများကို ကြည့်ရင်း လှောင်ပြောင် ရယ်မောလိုက်ကြ၏။ "ဟီးဟီးဟီး..."
လူပုသရဲများ၏ မျက်ဝန်းများထဲ၌ ကြောင်အမ်းမှု၊ နားမလည်နိုင်မှုနှင့် ကြောက်ရွံ့မှုများ ပေါ်နေသည်။ လူပုသရဲများနှင့် စတင် တွေ့ဆုံစဉ်က ရှိခဲ့သည့် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့မှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထိုနေရာ၌ တစ်ခါမှ မရှိခဲ့ဖူးသော ယုံကြည်မှုများ အစားထိုး ဝင်ရောက်လာ၏။
ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ကမ္ဘာငယ်လေး၏ တောင်ဘက်ပိုင်း နေရာအနှံ့အပြား၌လည်း တိတ်တဆိတ် ဖြစ်ပေါ်နေသည်။
လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ် ရှာဖွေရေးအဖွဲ့များသည် လူသားမျိုးနွယ် တပ်ဖွဲ့များနှင့် တွေ့ဆုံသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် ခုန်အုပ်ကြ၏။ သို့သော် မကြာမီမှာပင် သူတို့သည် ကြောက်လန့်တကြား ထွက်ပြေးကြရသည်။
မည်သူက မုဆိုး၊ မည်သူက သားကောင်ဆိုသည်မှာ ထင်ရှားနေပြီ ဖြစ်၏။ အမှန်ပင် ဗုံလုံတလှည့် ငါးပျံတလှည့် မဟုတ်ပါလား။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊