အခန်း ၂၀၉
Vol. 21 Ch. 209
အပိုင်း ၂၀၉
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
စစ်သင်္ဘောပေါ်ရှိ လူသားမျိုးနွယ်ဝင်များသည် မှန်ကြီးများမှတစ်ဆင့် မြင်ကွင်းကို ကြည့်ရင်း အံ့ဩမှင်တက်သွားကြပြီး စကားပင် မပြောနိုင် ဖြစ်သွားကြသည်။
လက်တွေ့အခြေအနေသည် သူတို့ ထင်ထားသည်နှင့် အလွန်ကို ကွာခြားနေသည်။ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် သူတို့လူများ၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြချေ။ ဤသည်မှာ တစ်ဖက်သတ် အနိုင်ယူနေသည့် သတ်ဖြတ်ပွဲကြီးပင် ဖြစ်နေ၏။
တဖြည်းဖြည်းနှင့် စစ်သင်္ဘောပေါ်၌ အားပေးသံများ၊ အော်ဟစ်သံများနှင့် ပျော်ရွှင်စိတ်လှုပ်ရှားစွာ ကျဆင်းလာသည့် ဝမ်းသာမျက်ရည်များဖြင့် ပြည့်နှက်လာသည်။
အခြား စစ်သင်္ဘောများဆီမှ အားပေးသံများကို ကြားရသည့်အခါ လင်းချန်၏ မျက်ဝန်းများထဲ၌ ကျေနပ်အားရမှုများ ပြည့်နှက်သွား၏။ ဤသည်မှာ သူ မြင်ချင်ခဲ့သည့် အရာပင် ဖြစ်သည်။
လက်ရှိအချိန်မှစ၍ ဤကမ္ဘာငယ်လေးရှိ လူသားမျိုးနွယ်များ၏ ရင်ထဲ၌ စွဲကပ်နေသည့် အရိပ်မည်းကြီးမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားမည်ဖြစ်ပြီး နိမ့်ကျသည်ဟူသော ခံစားချက်များလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုနေရာ၌ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ အစားထိုး ဝင်ရောက်လာမည် ဖြစ်ပြီး ဤကမ္ဘာလောကကြီးထဲ၌ မားမားမတ်မတ် ရပ်တည်နိုင်သော စစ်မှန်သည့် လူသားများ ဖြစ်လာကြပေလိမ့်မည်။
သို့သော် အရာရာတိုင်း ချောမွေ့နေမည်တော့ မဟုတ်ပေ။ လူသားမျိုးနွယ်ဘက်၌လည်း အထိအခိုက် အကျအဆုံးများ စတင် ဖြစ်ပေါ်လာသည်။ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ် အချို့သည် သေဆုံးရမည်မှာ သေချာနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ အခြားသူများကိုပါ အတူခေါ်ဆောင်သွားရန် အသည်းအသန် ကြိုးစားကြ၏။
ထို့ကြောင့်ပင်... ဆယ်ရက်မြောက်သည့်နေ့၌ လူသားမျိုးနွယ်ဘက်မှ နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင် ၈ ဦးနှင့် နေယွမ်နယ်ပယ် ၁၇၀၀ ခန့် ကျဆုံးသွားသည်။
လူအများအပြားသည် အတိတ်ကို ပြန်ပြောင်းစဉ်းစားမိကြ၏။ ထိုစဉ်က သူတို့သည် အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ဘဲ သရဲမျိုးနွယ်များကိုပါ အတူခေါ်ဆောင်သွားရန်သာ ရည်ရွယ်ပြီး အသည်းအသန် တိုက်ခိုက်ခဲ့ကြဖူးသည်။
ယခုအခါ ထိုကဲ့သို့ လုပ်ဆောင်နေရသူများမှာ တစ်ချိန်က သူတို့အပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့သည့် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ပင် ဖြစ်နေ၏။
ဆယ်ရက်အတွင်း လူသားမျိုးနွယ်ဘက်မှ အထိအခိုက် အကျအဆုံး ရှိသော်လည်း လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ ပေးဆပ်လိုက်ရသည့် တန်ကြေးမှာမူ ကြောက်ခမန်းလိလိပင်။ တောင်ဘက်သို့ ဆင်းလာသည့် သူတို့မျိုးနွယ်စုဝင်များ၏ ငါးပုံတစ်ပုံသည် လူသားမျိုးနွယ်၏ လက်ချက်ဖြင့် သေဆုံးသွား၏။
ထိုအချိန်၌ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ် အချို့မှာ နောက်ဆုံး၌ လွတ်မြောက်သွားပြီး ပင်မတပ်ဖွဲ့ကြီးဆီသို့ သတင်းပေးပို့လိုက်ကြသည်။
ထို့ပြင် လူသားမျိုးနွယ်သည် မြောက်ဘက်နှင့် တောင်ဘက် ဆုံမှတ်သို့ ကြိုတင်ရောက်ရှိနေပြီး သူတို့၏ အပြန်လမ်းကို ပိတ်ဆို့ထားသည်ကိုပါ တွေ့ရှိလိုက်ရ၏။
"တိုက်ကြမယ်..."
ထိုသည်မှာ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့၏ ပထမဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။ အထူးသဖြင့် မျိုးနွယ်စုနှစ်ခုလုံးမှ ကောင်းကင်နယ်ပယ်အဆင့် ပုဂ္ဂိုလ်များသည် လူသားမျိုးနွယ် အမှန်တကယ် ထိုမျှ စွမ်းအားကြီးသည်ကို မယုံကြသောကြောင့်ပင်။
သူတို့၏ စိတ်ထဲ၌ လူသားမျိုးနွယ်၏ အင်အားသည် သူတို့ထက် ဆယ်ဆ ပိုများနေ၍ အရေအတွက် အသာစီးရယူကာ အနိုင်ရနေခြင်း ဖြစ်မည်ဟုသာ ထင်မှတ်နေကြသည်။
ထိုမျိုးနွယ်ခြား ကောင်းကင်နယ်ပယ်အဆင့် ပုဂ္ဂိုလ်များသည် သူတို့ မျိုးနွယ်စုဝင် တစ်ယောက်ကို သတ်ရန်အတွက် လူသားမျိုးနွယ်ဘက်မှ အနည်းဆုံး လူနှစ်ယောက်လောက် အသက်ပေးရလိမ့်မည်ဟု ယုံနေကြဆဲပင်။
လူပုသရဲမျိုးနွယ်၊ ဘီလူးသရဲမျိုးနွယ်နှင့် လူသားမျိုးနွယ်... နှစ်ဖက်စလုံးသည် နောက်ဆုံး၌ တိုက်ပွဲကြီးတစ်ပွဲအား စတင် ဆင်နွှဲလိုက်ကြသည်။
တိုက်ပွဲသည် ခေတ္တမျှသာ ကြာမြင့်ပြီး လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် အမြန်ဆုံး အရှိန်ဖြင့် အသည်းအသန် ထွက်ပြေးကြရသည်။ အဘယ်ကြောင့် ထွက်ပြေးကြသနည်း။
အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ သူတို့ဘက်မှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် တစ်ချိန်က အားနည်းပြီး သနားစရာကောင်းလှသည့် လူသားမျိုးနွယ်သည် ခြောက်လတာ ပျောက်ကွယ်သွားပြီးနောက် ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို အင်အားကြီးမားလာ၏။
လူသားမျိုးနွယ် အဆင့်မြင့် ပုဂ္ဂိုလ်များ ပြေးဝင်လာသည့်အခါ ရှေ့ဆုံးမှ သူတို့မျိုးနွယ်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ ချက်ချင်းပင် ခေါင်းပြတ်သွားကြသည်။
နောက်ဘက်မှ မျိုးနွယ်စုဝင်များက စိတ်ထဲ၌ ကျိန်ဆဲလိုက်ကြသည်။ "ဒါက မျိုးနွယ်စုချင်း စစ်ပွဲ ဟုတ်ရဲ့လား။ သက်သက်မဲ့ လူသတ်ပွဲကြီးပဲ။"
လူသားမျိုးနွယ်ဘက်၌ အထိအခိုက် အကျအဆုံး ရှိသော်ငြား မျိုးနွယ်ခြား အကောင်သုံးဆယ်ကျော် သေဆုံးပြီးမှသာ လူသားမျိုးနွယ်ဝင် တစ်ယောက်ကို ခက်ခက်ခဲခဲ သတ်နိုင်ခြင်း ဖြစ်၏။
ဤမျှ ကွာဟလွန်းသည့် အချိုးအစားသည် ကောင်းကင်ပေါ်၌ ပျံဝဲနေသော မျိုးနွယ်ခြား အဆင့်မြင့် ပုဂ္ဂိုလ်များအား ထိတ်လန့်သွားစေပြီး ပြုတ်ကျလုမတတ် ဖြစ်သွားစေသည်။
မျိုးနွယ်ခြား ခေါင်းဆောင်တစ်ဦးက အရေးပေါ် အမိန့်ပေးလိုက်သည်။ "ဆုတ်မယ်..."
ထိုခဏချင်းမှာပင် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် တစ်သားတည်း ပေါင်းစည်းသွားပြီး တောင်ဘက်သို့ အလျင်စလို ထွက်ပြေးကြ၏။
ထွက်ပြေးနေစဉ် မျိုးနွယ်ခြား အများအပြားသည် လူသားမျိုးနွယ်များ ဘာလုပ်မည်ကို သိချင်သဖြင့် နောက်လှည့်ကြည့်လိုက်ကြ၏။ လိုက်လာကြမည်လော။
မလိုက်လာချေ။ လူသားမျိုးနွယ်များမှာ အချင်းချင်း ငြင်းခုန်နေကြသည်။
လူသားမျိုးနွယ်ဝင် တစ်ယောက်က အော်လိုက်သည်။ "မင်းတို့ကွာ... ဘာဖြစ်နေကြတာလဲ။ ဘာလို့ အဲဒီလောက် အတင်းအဓမ္မ လိုက်သတ်နေကြတာလဲ။ သူတို့ အကုန် ထွက်ပြေးကုန်ပြီ... ငါတောင် စမတိုက်ရသေးဘူး။"
အခြားတစ်ယောက်က ပြန်ပက်သည်။ "မင်း နှေးတာ ငါ့အပြစ်လားကွ။"
နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။ "မင်းတို့က လွန်လွန်းတယ်ကွာ... မင်းတို့ကျတော့ လက်စားချေပြီး ပျော်နေပြီ။ ငါတို့ကျတော့ ဘာလုပ်ရမှာလဲ... ဒီတိုင်း ထိုင်ကြည့်နေရမှာလား။"
အနောက်ဘက်မှ လူသားမျိုးနွယ်ဝင်များ၏ ငြင်းခုန်သံများသည် အလွန် ကျယ်လောင်သဖြင့် ထွက်ပြေးနေသည့် မျိုးနွယ်ခြားများအား ဒေါသထွက်သွားစေသည်။
သိက္ခာကျလိုက်တာ...
သို့သော် သူတို့ ဘာတတ်နိုင်မည်နည်း။ လူသားမျိုးနွယ်၏ လက်ရှိ အခြေအနေသည် သူတို့မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေပြီ ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက် တောင်ဘက်ဒေသ၌ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် ပုန်းအောင်းနေကြပြီး လူသားမျိုးနွယ် ရုတ်တရက် ပေါ်လာမည်ကို ကြောက်ရွံ့ကာ ပတ်ဝန်းကျင်အား သတိထား စောင့်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်သည်လည်း အဖွဲ့ငယ်များ ခွဲပြီး တောင်ဘက်ဒေသ တစ်ခွင်လုံး လိုက်လံ ရှာဖွေနေကြ၏။
ဤမြင်ကွင်းသည် လွန်ခဲ့သည့် ခြောက်လကနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ထိုစဉ်က လူသားမျိုးနွယ်က ပုန်းအောင်းနေရပြီး လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့က လိုက်လံ ရှာဖွေခဲ့ကြခြင်းပင်။ ယခုအခါ၌မူ အခန်းကဏ္ဍများ လုံးဝ ပြောင်းလဲသွားလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ ထွက်ပြေးနေသည့် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရှာဖွေတွေ့ရှိခံရပြီး ရလဒ်မှာ ထင်ရှား၏။ ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။
အစပိုင်း၌ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ကို ကျွန်ပြုရန် စီစဉ်ခဲ့သည့် လင်းချန်သည် ယခုအခါ ထိုအကြံအစည်အား စွန့်လွှတ်လိုက်လေပြီ။
လူသားမျိုးနွယ်သည် တစ်ချိန်က ဤမျိုးနွယ်စုနှစ်ခု၏ ကျွန်ပြုခြင်းကို ခံခဲ့ရဖူးသည်။ စစ်ပွဲဖြစ်တိုင်း ဖမ်းဆီးခံရပြီး ရိက္ခာအဖြစ် အသုံးပြုခံခဲ့ရ၏။ ထိုစဉ်က လူသားမျိုးနွယ်ကို မွေးမြူရေး တိရစ္ဆာန်များကဲ့သို့ ဆက်ဆံခဲ့ကြသည်။
ထိုကဲ့သို့သော မျိုးနွယ်စုများအတွက် မျိုးသုဉ်းသွားခြင်းကသာ အကောင်းဆုံး ရလဒ်ပင် ဖြစ်၏။
နောက်ဆုံး၌ ကမ္ဘာငယ်လေး၏ တောင်ဘက်ပိုင်း၌ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ် ဟူ၍ မရှိတော့ချေ။ အားလုံး အသတ်ခံလိုက်ရသည် သို့မဟုတ် မြောက်ဘက်သို့ ထွက်ပြေးသွားကြပြီ ဖြစ်၏။
စစ်သင်္ဘောကြီးသည် တောင်ဘက် ကောင်းကင်ယံ၏ အလယ်ဗဟိုသို့ ပျံသန်းသွားပြီး လူသားမျိုးနွယ် စစ်သည်များသည်လည်း ထိုအရပ်သို့ စုဝေးလာကာ စစ်သင်္ဘောပေါ်သို့ ပြန်တက်လာကြသည်။
စစ်သင်္ဘောပေါ်၌ လူသားမျိုးနွယ်ဝင်များသည် သူရဲကောင်းများကို ကြိုဆိုသကဲ့သို့ အားပေးကြွေးကြော်ကြ၏။ သို့သော် သူတို့၏ ပျော်ရွှင်မှုများကြား၌ ဝမ်းနည်းမှုများလည်း ရှိနေသည်။
တိုက်ပွဲ၌ ကျဆုံးသွားသည့် လူသားမျိုးနွယ်ဝင်များ၏ ရုပ်အလောင်းများကို ပြန်သယ်ဆောင်လာကြပြီး ဆွေမျိုးသားချင်းများသည် အေးစက်နေသော ခန္ဓာကိုယ်များအား ဖက်တွယ်ကာ ငိုကြွေးနေကြသည်။ သို့သော် မျက်ရည်များ ပြည့်နေသည့် မျက်ဝန်းများထဲ၌ ဂုဏ်ယူမှုနှင့် ဂုဏ်သိက္ခာများ တောက်ပနေ၏။
ပျော်ရွှင်သည့် ခံစားမှုများမှာ တဖြည်းဖြည်း လျော့နည်းသွားပြီး လေးနက်မှုနှင့် ရိုသေမှုများ အစားထိုး ဝင်ရောက်လာသည်။ လူတိုင်း ခေါင်းငုံ့ပြီး ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ကြသည်။
လင်းချန်သည် ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်ရှုနေပြီး သွေးနှင့် မျက်ရည်များဖြင့် ဆေးကြောပြီးနောက် ဤလူသားမျိုးနွယ်ဝင်များမှာ အမှန်တကယ် မားမားမတ်မတ် ရပ်တည်နိုင်ပြီ ဖြစ်ကြောင်း နားလည်လိုက်၏။
မြောက်ဘက်ပိုင်းရှိ မှိန်ဖျော့သည့် ခန်းမဆောင်ကြီး အတွင်း၌...
မျက်နှာပျက်နေပြီး စိုးရိမ်ကြောက်ရွံ့နေသည့် လော့လီနှင့် မိုအာတို့၏ တင်ပြချက်ကို နားထောင်နေရင်း သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ မျက်လုံးများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်လာသည်။
သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်က ခေါင်းမော့ရယ်မောလိုက်သည်။ "ဧရာမ ပျံသန်းနေတဲ့ သင်္ဘောကြီး... လူသားမျိုးနွယ်က ရုတ်တရက် အရမ်း သန်မာလာတယ်... လက်နက်တွေကို လေထဲက ဖန်တီးယူတယ်... ဟားဟားဟား..."
သို့သော် လူပုသရဲမျိုးနွယ် ခေါင်းဆောင်နှင့် ဘီလူးသရဲမျိုးနွယ် ခေါင်းဆောင် နှစ်ဦးစလုံးသည် ထိုရယ်မောသံထဲမှ ဒေါသများကို ခံစားနေရ၏။
သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်သည် မှောင်ရိပ်ထဲမှ ထွက်လာပြီး ခံစားချက်ပြင်းထန်စွာ ပြောလိုက်၏။ "လင်းချန်... မင်းပဲ... ငါ့အစီအစဉ်တွေကို ဖျက်ဆီးတာ မင်းပဲ။"
သူက ဆက်၍ ကျိန်းဝါးလိုက်၏။ "ငါ လုရှန်တာ ကျိန်တယ်။ မင်းကို အရှင်လတ်လတ် အရေခွံခွာပြီး ကောင်းကောင်း နှိပ်စက်ပြမယ်။"
ခန်းမဆောင်ကြီးထဲ၌ ဟိန်းဟောက်သံသည် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေပြီး အသံရှင်ဖြစ်သူ၏ ဒေါသကို ထင်ဟပ်နေသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၀၉ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၁ ၊ အတွဲ ၁ ၊