← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အပိုင်း ၂၁၀

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

စစ်သင်္ဘောပေါ်ရှိ ကျယ်ဝန်းသည့် ခန်းမဆောင်ကြီးအတွင်း၌ လူသားမျိုးနွယ် ခေါင်းဆောင်များ စုဝေးကာ ရယ်မောပြောဆိုနေကြ၏။

လက်ရှိအချိန်၌ တိုက်ပွဲများ အောင်ပွဲခံနိုင်ခဲ့သောကြောင့် သူတို့၏ စိတ်ဓာတ်များမှာ ယခင်ကထက် ပိုမို တက်ကြွနေသည်။

ထို့ပြင် ဤအောင်ပွဲသည် အလုံးစုံလွှမ်းမိုးသည့် စွမ်းအားဖြင့် ရန်သူကို ချေမှုန်းကာ ရယူခဲ့သော အောင်ပွဲဖြစ်၏။ အတိတ်၏ အရိပ်မည်းများကို ဖယ်ရှားပြီး သူတို့၏ ကိုယ်ပိုင်လက်ဖြင့် လူသားမျိုးနွယ်၏ တောက်ပသည့် အနာဂတ်ကို တည်ဆောက်နိုင်ခြင်းထက် မည်သည့်အရာက ပို၍ ကျေနပ်စရာ ကောင်းဦးမည်နည်း။

အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦး အပြင်ဘက်မှ ဝင်ရောက်လာ၏။ သူ့ကို မြင်လိုက်ရသည့်အခါ ခန်းမဆောင်ထဲရှိ လူတိုင်း အလျင်အမြန် မတ်တတ်ရပ်ကာ လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

“အရှင်...”

လင်းချန်က လက်ဝှေ့ယမ်းကာ လူတိုင်းကို သက်သောင့်သက်သာ နေကြရန် အချက်ပြလိုက်ပြီး ထိပ်ဆုံးထိုင်ခုံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ထိုင်လိုက်၏။

လူတိုင်းသည်လည်း နေရာယူလိုက်ကြပြီး လင်းချန်ကို ကြည့်နေသည့် သူတို့၏ မျက်ဝန်းများထဲ၌ လေးစားမှု၊ အားကျမှုနှင့် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေသည်။

ဤလူငယ်သာ ထွက်ပေါ်မလာခဲ့လျှင် သူတို့မျိုးနွယ်စုမှာ မှောင်မိုက်သော နေ့ရက်များထဲ၌ ဆက်လက် နစ်မွန်းနေမည် သို့မဟုတ် မျိုးသုဉ်းမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို သူတို့ ကောင်းစွာ သိရှိထားကြ၏။

ယခု သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးသည် လင်းချန် ပေးသနားခဲ့သည့် အရာများ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။

လင်းချန်က ပြုံးလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို အကူအညီ ပေးခဲ့တယ်ဆိုပေမဲ့ လူသားမျိုးနွယ် ပိုင်ဆိုင်သင့်တဲ့ စွမ်းအားကို ပြန်ရအောင် ကူညီပေးရုံ သက်သက်ပါပဲ။ ဒီအောင်ပွဲက ခင်ဗျားတို့ ကိုယ်တိုင် သွေးမျက်ရည်နဲ့ ရင်းပြီး ရယူခဲ့တဲ့ အောင်ပွဲပါ”

ကျောက်ဝေက အလျင်အမြန် ဝင်ပြောလိုက်သည်။ “အရှင်က စနောက်နေပြန်ပါပြီ။ အရှင်သာ မရှိရင် ကျွန်တော်တို့ ကိုယ်တိုင် ရယူနိုင်တာက သေခြင်းတရားပဲ ရှိမှာပါ”

လူတစ်ယောက်က ထောက်ခံလိုက်၏။ “ခေါင်းဆောင်ကျောက် ပြောတာ မှန်တယ်။ အရှင်က ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံး ကျေးဇူးရှင်ပါ”

လူတိုင်း ရယ်မော ပြောဆိုကြသဖြင့် ခန်းမဆောင်ကြီးမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားသွားသည်။

လင်းချန်က လက်ကာပြလိုက်သဖြင့် တိတ်ဆိတ်သွားကြ၏။

လူတိုင်း၏ အကြည့်များ သူ့ဆီ ရောက်ရှိလာသည့်အခါ လင်းချန် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ လေးနက်စွာ ကြေညာလိုက်သည်။

“ကျုပ် လူတိုင်းကို ဒီနေရာ ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ကိစ္စတစ်ခု ကြေညာစရာ ရှိလို့ပါ။”

“ဒီကမ္ဘာငယ်လေးရဲ့ ကိစ္စတွေ အားလုံး ပြီးသွားရင် ကျုပ် ဒီနေရာကို ကျုပ်ရဲ့ ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်မယ်။ ကျုပ်က... ဟွာရှာအင်ပါယာရဲ့ ဧကရာဇ် ဖြစ်ပြီး ဒီကမ္ဘာငယ်လေးကို ကျုပ်ရဲ့ အုပ်ချုပ်မှုအောက်ထဲ ထည့်သွင်းလိုက်မှာပါ။”

“အကယ်၍ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ဒီကမ္ဘာငယ်လေးထဲမှာ ဆက် နေချင်တယ်ဆိုရင် ကျုပ်ရဲ့ တိုင်းသူပြည်သားတွေ ဖြစ်လာရမယ်။ တကယ်လို့ မနေချင်ဘူးဆိုရင်လည်း ခင်ဗျားတို့ကို ဒီကမ္ဘာငယ်လေး အပြင်ဘက်ကို ပို့ဆောင်ပေးပြီး စစ်မှန်တဲ့ လူသားမျိုးနွယ် ကမ္ဘာကြီးနဲ့ ပေါင်းစည်းပေးမယ်။”

“ရွေးချယ်မှုက ခင်ဗျားတို့ အပိုင်းပါ။”

လင်းချန် ပြောပြီးနောက် သူ့ရှေ့မှ လူသားမျိုးနွယ် ခေါင်းဆောင်များကို ကြည့်ကာ သူတို့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်၏။

ရှီယွင်က ပြုံးလိုက်သည်။ “အခုချိန်ကစပြီး ဆန်းကြယ်တဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေလိုပဲ ကျွန်တော်တို့ အရှင့်ကို ဧကရာဇ်မင်းမြတ်လို့ ခေါ်ရတော့မယ် ထင်တယ်”

အခြား လူသားမျိုးနွယ် ခေါင်းဆောင်များသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ၏။ သူတို့၏ အတွေးများ တူညီနေကြကြောင်းမှာ သိသာထင်ရှားလှသည်။ ထို့နောက် သူတို့အားလုံး တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လင်းချန်ကို ဦးညွှတ်လိုက်ကြသည်။

“ဧကရာဇ်မင်းမြတ်...”

ဤလူသားမျိုးနွယ် ခေါင်းဆောင်များ၏ ပြတ်သားမှုက လင်းချန်ကို အံ့အားသင့်သွားစေ၏။ ဤခေါင်းဆောင်များသည် အပြီးသတ် ဆုံးဖြတ်ချက် မချမီ သေချာပေါက် ဆွေးနွေးတိုင်ပင်ကြလိမ့်မည်ဟု သူ ထင်မှတ်ထားမိသည်။

အမှန်တော့ သူတို့ထဲ၌ ဆက်လက်နေထိုင်ပြီး သူ၏ တိုင်းသူပြည်သား ဖြစ်လိုသူများ ရှိသကဲ့သို့ မဖြစ်လိုသူများလည်း ရှိနိုင်ပေသည်။ သို့သော် သူတို့သည် ဤမျှ လွယ်ကူစွာ သူ၏ ဟွာရှာအင်ပါယာ လက်အောက်ခံ တိုင်းသူပြည်သားများ ဖြစ်ရန် ဆုံးဖြတ်လိုက်ကြလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

လင်းချန်၏ မျက်နှာပေါ်၌ နားမလည်နိုင်မှု အချို့ ပေါ်နေသည်ကို မြင်သည့်အခါ ကျောက်ဝေက ဦးစွာ ရှင်းပြလိုက်၏။ “ကျွန်တော်တို့ရဲ့ မျိုးနွယ်စု အသီးသီးကို ဖျက်သိမ်းပြီး လင်း မျိုးနွယ်စု တစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့၊ ပြီးတော့ အရှင့်ကို ကျွန်တော်တို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ ကျွန်တော်တို့ ဆွေးနွေးပြီးသားပါ”

လင်းချန် အနည်းငယ် အံ့ဩသွားရသည်။ သူတို့က ဤအစီအစဉ်ကို ကြိုတင် ဆွေးနွေးထားပြီး ဖြစ်နေ၏။ ဤသည်မှာ သူ၏ တိုင်းသူပြည်သား ဖြစ်လာခြင်းနှင့် မထူးမခြားနားပင် ဖြစ်သဖြင့် သူတို့ ဤမျှ လျင်မြန်စွာ သဘောတူလိုက်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

လက်တွေ့၌ လင်းချန်သည် လူတိုင်း၏ ရင်ထဲရှိ သူ၏ နေရာကို လျှော့တွက်မိခြင်းပင်။ ဤလူများ၏ မျက်လုံးထဲ၌ လင်းချန်သည် ကောင်းကင်ထက်ပင် ကြီးမြတ်ကာ သူတို့၏ ရင်ထဲ၌ အမြင့်မြတ်ဆုံးနှင့် အလေးစားရဆုံး နေရာ၌ ရှိနေသည့် သူတစ်ယောက် ဖြစ်၏။

လင်းချန်ကြောင့်သာ သူတို့၏ ကမ္ဘာကြီးမှ အမှောင်ထုကို ဖြိုခွင်းနိုင်ခဲ့ပြီး စစ်မှန်သည့် လူသားများ ဖြစ်လာခဲ့ကြသည်။ အကယ်၍ လက်ရှိအချိန်၌ လင်းချန်က သူတို့ကို သေခိုင်းလျှင်ပင် သူတို့သည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လုပ်ဆောင်ကြပေလိမ့်မည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လင်းချန် ကျယ်လောင်စွာ ရယ်မောလိုက်၏။ ထို့နောက် လူသားမျိုးနွယ် ခေါင်းဆောင်များကို လက်နှစ်ဖက် ဖွင့်ပြလိုက်သည်။

“ဒါဆိုရင် အခုချိန်ကစပြီး ခင်ဗျားတို့က ဟွာရှာအင်ပါယာရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားပြီ။ တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့က အင်ပါယာရဲ့ အစောဆုံး နိုင်ငံသားတွေ၊ ဒီကမ္ဘာကြီးရဲ့ လူသားတွေ ဖြစ်လာကြပြီ။”

“ဒီနေရာက ဟွာရှာအင်ပါယာရဲ့ ဂုဏ်သတင်း မြင့်တက်လာမယ့် နေရာ ဖြစ်လာလိမ့်မယ်။ အခုကစပြီး ဒီနေရာက ခင်ဗျားတို့ရဲ့ မွေးရပ်မြေ ဖြစ်ပြီး နာမည်ကတော့...”

“မူလပြည်နယ်...”

လင်းချန်၏ ဆုံးဖြတ်ချက်သည် လူသားမျိုးနွယ် ခေါင်းဆောင်များမှတစ်ဆင့် မျိုးနွယ်စုဝင်တိုင်းထံ ရောက်ရှိသွား၏။ မျှော်လင့်ထားသည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ မကန့်ကွက်ကြဘဲ ထိုကဲ့သို့ အုပ်ချုပ်မှုကို လိုလားတောင့်တနေကြပြီး လိုလိုလားလား လက်အောက်ခံ ဖြစ်လိုကြသည်။

လင်းချန်၏ အုပ်ချုပ်မှုအောက်၌ တိုင်းသူပြည်သားများ ဖြစ်လာခြင်းမှာ ယခင်ကကဲ့သို့ ကျွန်ပြုခံရခြင်းနှင့် လုံးဝမတူပေ။ ထိုအစား သူတို့သည် ပိုမို ကောင်းမွန်သည့် ဘဝများကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်၏။

ခြောက်လတာ ကာလအတွင်း၌ သူတို့၌ စားစရာ အစားအစာ၊ ဝတ်စရာ အဝတ်အထည်များ ရှိလာပြီး လူတိုင်း အလွန် ပျော်ရွှင်နေကြသည်။ သူတို့ကို ဤကဲ့သို့သော ဘဝမျိုး ပေးစွမ်းနိုင်သော အုပ်ချုပ်မှုအောက်၌ နေထိုင်ရခြင်းသည် သူတို့ အမှန်တကယ် လိုလားတောင့်တသည့် အရာပင်ဖြစ်၏။

မူလပြည်နယ်... ဤကမ္ဘာကြီးသည် ဟွာရှာအင်ပါယာ ချဲ့ထွင်မည့် နယ်မြေတစ်ခု ဖြစ်သဖြင့် သဘာဝကျစွာပင် အလွန် အရေးကြီးပြီး အထူး ဂရုစိုက်ရန် လိုအပ်သည်။

စီမံကိန်း ရေးဆွဲရန် တာဝန်ရှိသည့် အမတ်ချုပ် ကျူးကော့မင်သည် အစီအစဉ်အားလုံးကို သဘာဝကျစွာ ဂရုစိုက် ဆောင်ရွက်နေသဖြင့် လင်းချန် စိတ်ပူစရာ မလိုပေ။ သူ၏ တာဝန်မှာ အကြံဉာဏ်နှင့် မဟာဗျူဟာများ ပေးရန်သာ ဖြစ်၏။

စီမံကိန်း ချမှတ်ပြီးနောက် ကျူးကော့မင်က လင်းချန်ထံ တင်ပြကာ အတည်ပြုချက် ရယူခဲ့သည်။ အတည်ပြုချက် ရရှိပြီးသည်နှင့် သူသည် လူသားမျိုးနွယ်စု အသီးသီးကို သင်ကြားပြသပေးရန် ပညာရှင်များကို စတင် စီစဉ်ခဲ့၏။

မူလပြည်နယ်ကို ယခင် ခေါင်းဆောင်ကြီးလေးဦး ဖြစ်သည့် ကျောက်ဝေ၊ ချန်လင်း၊ ဆွန်အန်နှင့် လီရီတို့က ပြည်နယ်အရာရှိများအဖြစ် အုပ်ချုပ်မည် ဖြစ်သည်။ အနာဂတ် မူလပြည်နယ်၌ မြို့တော်များ တည်ဆောက်မည် ဖြစ်ပြီး အခြား ခေါင်းဆောင်များသည် မြို့စားများအဖြစ် တာဝန်ယူကြမည် ဖြစ်၏။

အခြားသော အသေးအဖွဲ ကိစ္စရပ်များကိုမူ လင်းချန်သည် အကြမ်းဖျင်းသာ ကြည့်ရှုပြီးနောက် ကျူးကော့မင် ခန့်အပ်ထားသည့် ပညာရှင်များထံ လွှဲပြောင်းပေးလိုက်သည်။ တကယ်တမ်းကျတော့ သူသည် ဤကိစ္စများ၌ ကျွမ်းကျင်သူ မဟုတ်ပေ။ အရည်အချင်းရှိသူများ ရှိနေသဖြင့် သူတို့ကိုသာ လွှဲပြောင်းပေးလိုက်ခြင်းက ပိုကောင်းပေ၏။

သို့သော် လက်ရှိအချိန်၌ အရာအားလုံးသည် အစပျိုးရုံသာ ရှိသေးပြီး မူလပြည်နယ်၌ မပြီးပြတ်သေးသည့် ကိစ္စရပ်များစွာ ကျန်ရှိနေသေးသည်။ မြောက်ဘက်၌ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ် လက်ကျန်များ ရှိနေသေးသလို သွေးနက်မျိုးနွယ်၏ ခြိမ်းခြောက်မှုလည်း ရှိနေသေး၏။

ယခုအခါ လင်းချန်က သူ၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်လိုက်သည့် ဤကမ္ဘာငယ်လေးရှိ အခြား မတည်ငြိမ်သော အကြောင်းရင်းများကို လက်ခံနိုင်မည် မဟုတ်ပေ။

မူလပြည်နယ်၏ အဆင့်အတန်းကို သတ်မှတ်ပြီး ကိစ္စရပ်များကို စီစဉ်ပြီးနောက် လင်းချန်သည် ကျင့်ကြံခြင်း၌ ပြန်လည် အလုပ်ရှုပ်သွားပြန်၏။

ပညာရှင်များက အရာအားလုံးကို ဖြေရှင်းပြီးသည်နှင့် သူသည် တပ်ဖွဲ့များကို ဦးဆောင်ကာ မြောက်ဘက်သို့ ပြန်လည် တိုက်ခိုက်မည် ဖြစ်သည်။ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ကို အမြစ်ပြတ် သုတ်သင်ပြီး သွေးနက်မျိုးနွယ်၏ ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်မည် ဖြစ်၏။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံ သုံးချက်ကြောင့် လင်းချန်၏ ကျင့်ကြံခြင်း အခြေအနေ ပြတ်တောက်သွားပြီး မျက်လုံး ဖွင့်ကြည့်လိုက်သည်။

အခန်းအပြင်ဘက်မှ စိုးရိမ်တကြီး အော်ဟစ်သံ ထွက်ပေါ်လာ၏။ “အရှင်... ပြဿနာ အကြီးကြီး ဖြစ်နေပြီ”

လင်းချန်က ထိုအသံမှာ ရှီနျူ၏ အသံဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။ လင်းချန် ထလိုက်ပြီး တံခါးဖွင့်လိုက်ရာ ရှီနျူ၏ ထိတ်လန့်နေသည့် မျက်နှာကို တွေ့လိုက်ရ၏။

လင်းချန်က နှစ်သိမ့်လိုက်သည်။ “မလန့်နဲ့... ဖြည်းဖြည်း ပြောစမ်းပါ”

ရှီနျူက တံတွေးမျိုချလိုက်၏။ “ဖုတ်ကောင်တွေ... မြေကြီးထဲကနေ အများကြီး ထွက်လာပြီး မြောက်ဘက်ကို ဦးတည် သွားနေကြတယ်”

လင်းချန်၏ မျက်နှာ တည်သွားပြီး အခန်းထဲမှ ထွက်ကာ ကုန်းပတ်ပေါ်သို့ တက်သွားလိုက်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၁ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters