← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အပိုင်း ၂၁၁

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

စစ်သင်္ဘော ကုန်းပတ်ပေါ်၌ လူသားမျိုးနွယ် အများအပြား စုဝေးနေကြပြီး တစ်ယောက်စီက လက်ရန်းကို ကိုင်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေကြ၏။

ရှီနျူက ရှေ့မှ လမ်းရှင်းပေးရင်း ပြည့်ကျပ်နေသည့် လူအုပ်ကြီးကို အော်လိုက်သည်။

"လမ်းဖယ်ကြ... ဧကရာဇ်မင်းမြတ် ကြွလာပြီ။"

ရှီနျူ၏ အော်သံကို ကြားလိုက်ရသည့်အခါ မူလက ပြည့်ကျပ်နေသော လူအုပ်ကြီးသည် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြပြီး လင်းချန်ကို တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြသည်။

လင်းချန်က လူတိုင်းကို မတ်တတ်ရပ်ရန် အချက်ပြလိုက်ပြီး စစ်သင်္ဘော၏ လက်ရန်းနားသို့ သွားကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။

အောက်ဘက်ရှိ သေခြင်းနယ်မြေ၏ သစ်ခြောက်တောအုပ်ကြီးထဲမှ မြေကြီးများ ကွဲအက်သွားပြီး ဖုတ်ကောင်များ တစ်ကောင်ပြီးတစ်ကောင် တွားသွားထွက်လာကြ၏။ ထို့နောက် ထိုဖုတ်ကောင်များသည် ဖုတ်ကောင်တပ်မတော်ကြီးနှင့် ပူးပေါင်းကာ မြောက်ဘက်သို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

စစ်သင်္ဘောအောက်ဘက်၌ မြင်ကွင်းတစ်ဆုံး လမ်းလျှောက်ဖုတ်ကောင်များ ပြည့်နှက်နေပြီး အရေအတွက် များပြားလွန်းသဖြင့် မြင်ရသူအဖို့ ရိုးတွင်းခြင်ဆီအထိ အေးစက်သွားစေကာ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေသည်။

လင်းချန်နှင့်အတူ မြင့်မားသည့် စစ်သင်္ဘောပေါ်၌ ရှိနေခြင်းအတွက် လူတိုင်း ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ အကယ်၍ သူတို့သာ မြေပြင်ပေါ်၌ ရှိနေလျှင် အရိုးပုံအဖြစ် ဝါးမြိုခံလိုက်ရပေလိမ့်မည်။

ထိုမျှမကချေ။

အရိုးစအကြွင်းအကျန်တောင် ကျန်ရစ်မည် မဟုတ်ပေ။

အောက်ဘက်၌ ဒီရေအလား တက်လာသည့် ဖုတ်ကောင်များကို စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

"ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ။"

ရှီနျူက သက်ပြင်းချလိုက်၏။

"လွန်ခဲ့တဲ့ နာရီဝက်လောက်ကပါ အရှင်။ ကျွန်တော်တို့ မျိုးနွယ်စုဝင်တချို့က ရှေးဟောင်းပစ္စည်းတွေ ရှာဖို့ စစ်သင်္ဘောပေါ်ကနေ ဆင်းသွားကြတယ်။ အဲဒီအချိန်မှာ အရင်က ငြိမ်သက်နေတဲ့ ဖုတ်ကောင်တွေ မြေကြီးထဲကနေ ရုတ်တရက် ထွက်ပေါ်လာတာပါ။"

"အစပိုင်းမှာတော့ သူတို့ ခုခံနိုင်ပေမဲ့ တဖြည်းဖြည်းနဲ့ အရေအတွက် များလာတော့ စစ်သင်္ဘောပေါ်ကို ပြန်ဆုတ်ခွာရတယ်။ ဝမ်းနည်းစရာ ကောင်းတာက ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ လူသုံးဆယ်လောက် ဆုံးရှုံးလိုက်ရပါတယ်။"

ဖုတ်ကောင်များ ရုတ်တရက် ထကြွလာခြင်းက သွေးနက်မျိုးနွယ်ဘက်၌ တစ်စုံတစ်ခု ပြောင်းလဲသွားပြီ ဖြစ်ကြောင်း လင်းချန် သဘောပေါက်လိုက်သည်။

တကယ်တော့ ဤပြောင်းလဲမှု၏ လက္ခဏာများသည် လွန်ခဲ့သည့် ကာလကြာကတည်းက ပေါ်ပေါက်ပြီး ဖြစ်သည်။ လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ တောင်ဘက်သို့ ဆင်းလာစဉ်က မြေအောက်ရှိ ဖုတ်ကောင်များသည် ထူးဆန်းစွာ ငြိမ်သက်နေ၏။

သစ်ခြောက်ပင်တောအုပ်ကြီး အနီးသို့ ရောက်ရှိလာချိန်၌ပင် ဖုတ်ကောင်များသည် သက်ရှိသတ္တဝါများကို တိုက်ခိုက်ရန် ထွက်မလာကြချေ။

လင်းချန် စဉ်းစားနေစဉ် ဝေဝါးသည့် ပုံရိပ်အချို့ သူတို့၏ စစ်သင်္ဘောဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

တစ်စုံတစ်ယောက်က အော်လိုက်၏။

"ဟမ်... ဘီလူးသရဲမျိုးနွယ်ပဲ။"

စစ်သင်္ဘောပေါ်ရှိ ကျောက်ဝေနှင့် လင်းချန်ကို စောင့်ရှောက်နေသူများသည် ချက်ချင်း တင်းမာသွားကြပြီး ချဉ်းကပ်လာသည့် ဘီလူးသရဲမျိုးနွယ်ကို သတ်ဖြတ်ရန် အဆင်သင့် ပြင်လိုက်ကြသည်။

လင်းချန်က ဝင်ရောက်လာသည့် ဘီလူးသရဲမျိုးနွယ်ကို မတိုက်ခိုက်ရန် တားမြစ်လိုက်ကာ တစ်ဖက်လူ နီးကပ်လာသည်ကို စောင့်ကြည့်လိုက်၏။

"မလုပ်နဲ့။"

စစ်သင်္ဘောနှင့် ပေ ခုနစ်ဆယ် ရှစ်ဆယ်ခန့် အကွာသို့ ရောက်သည့်အခါ ချဉ်းကပ်လာသော ဘီလူးသရဲမျိုးနွယ် ရပ်တန့်လိုက်သည်။

ထိုအချိန်၌မှ ကျောက်ဝေနှင့် အခြားသူများသည် ဤဘီလူးသရဲမျိုးနွယ်၌ တစ်ခုခု ထူးခြားနေကြောင်း သတိပြုမိလိုက်ကြ၏။

ဘီလူးသရဲမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ပုံမှန်အားဖြင့် အလွန် သန်မာပြီး ရှင်သန်နိုင်စွမ်း အားကောင်းကာ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေတတ်သည်။ သို့သော် သူတို့ ရှေ့မှောက်ရှိ ဘီလူးသရဲမျိုးနွယ်သည် ထူးဆန်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး မျက်လုံးများမှာ လုံးဝ သွေးရောင် လွှမ်းနေ၏။

သူတို့ နားမလည်နိုင်ကြသော်လည်း သူတို့ ရှေ့မှောက်ရှိ အရာသည် မည်သည့်အရာဖြစ်ကြောင်း လင်းချန် ကောင်းစွာ သိရှိထားသည်။

လေထဲ၌ ပျံဝဲနေသည့် ဘီလူးသရဲမျိုးနွယ်ကို ကြည့်ပြီး လင်းချန် အေးစက်စွာ ပြောလိုက်၏။

"သွေးအလောင်းကောင်... မင်းက ဟိုသွေးနက်မျိုးနွယ် မဟုတ်လား။ အောက်မှာ သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို မင်း ထိန်းချုပ်ထားတာ ဖြစ်လောက်တယ်။"

ဘီလူးသရဲမျိုးနွယ်၏ ပါးစပ်မှ အက်ရှရှနှင့် နာကြည်းသည့် အသံ ထွက်ပေါ်လာသည်။

"ဟားဟား... မှန်တယ်။ ငါက သွေးနက်မျိုးနွယ်ပဲ။ ဒါပေမဲ့ တကယ်ပဲ... ငါ့အစီအစဉ်တွေကို ဖျက်ဆီးတာ မင်းပဲ လင်းချန်။"

လင်းချန်က ခပ်အေးအေးပင် ပြောလိုက်၏။

"မင်းရဲ့ အစီအစဉ်တွေက လူသားမျိုးနွယ်အတွက် ကောင်းကျိုးမပေးလို့ ကျုပ်က တားဆီးရတာပါ။"

သွေးအလောင်းကောင်က လက်နှစ်ဖက်ကို ဖြန့်ကားပြီး လင်းချန်ကို လှောင်ပြောင်လိုက်သည်။

"တားဆီးမယ်... ဟုတ်လား။ မင်း ငါ့ကို ဘယ်လို တားဆီးမလဲဆိုတာ ကြည့်ချင်သေးတယ်။ ဒီ ဖုတ်ကောင် တပ်မတော်ကြီးကို ကြည့်လိုက်စမ်း။ မင်း သိအောင် ပြောပြရရင် သူတို့ အရေအတွက်က သန်းသုံးဆယ် ရှိတယ်။"

သွေးအလောင်းကောင်၏ စကားကို ကြားလိုက်ရသည့်အခါ လင်းချန်မှလွဲ၍ ကျန်ရှိနေသော လူတိုင်း ထိတ်လန့်တကြား အသက်ရှူမှားသွားကြ၏။

"ရှီးးးးး"

ဖုတ်ကောင် သန်းသုံးဆယ်။

သူတို့ လူသားမျိုးနွယ် စုစုပေါင်း အရေအတွက်သည် ခြောက်သိန်းသာ ရှိပြီး တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ ရှစ်သောင်းကျော်သာ ရှိသည်။

ထို့ပြင် ဖုတ်ကောင်များ၏ စွမ်းအားကို သူတို့ ရှင်းလင်းစွာ မှတ်မိနေကြ၏။ ထိုဖုတ်ကောင်များသည် နိဗ္ဗာန်နယ်ပယ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

သန်းသုံးဆယ်။ ဤအရေအတွက်ကို တွေးကြည့်ရုံဖြင့် လူတိုင်း၏ ဦးခေါင်းခွံများ ထုံကျင်သွားကြ၏။

သွေးအလောင်းကောင်က မောက်မာစွာ ပြောလိုက်သည်။

"မင်းကို ငါ ပြောပြမယ်... ဒီကမ္ဘာငယ်လေးထဲမှာ ငါတို့ တော်ဝင်မိသားစုရဲ့ ခန္ဓာကိုယ်ရှိတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်နေပြီး နောက်ဆုံး အချိန်မှာ ငါ့အတွက် စတေးခံလိုက်တယ်။ အခု ငါက သွေးနက်မျိုးနွယ် ဧကရာဇ် ဖြစ်လာပြီး ငါ့မျိုးနွယ်ရဲ့ အမြင့်ဆုံး လျှို့ဝှက်နည်းစနစ်ကို ထိန်းချုပ်နိုင်ပြီ။"

"မင်း သတိမထားမိဘူးလား။ ဖုတ်ကောင်တွေရဲ့ စွမ်းအားက အမြန် ပြောင်းလဲနေတယ်။ နာရီဝက်အတွင်း ငါ့ရဲ့ ဖုတ်ကောင် တပ်မတော်ကြီးဟာ ကောင်းကင်နယ်ပယ်အဆင့်ကို ရောက်ရှိသွားလိမ့်မယ်။ ဘာပဲပြောပြော ဒီ ဖုတ်ကောင်တွေက တစ်ချိန်က တန်ယွမ်ဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေ ဖြစ်တာကိုး။"

"လောလောဆယ် မင်း အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ တိမ်တိုက်လှေပေါ်မှာ လူသားမျိုးနွယ်တွေနဲ့အတူ ပုန်းနေလို့ ရသေးတယ်။ ဒါပေမဲ့ မကြာခင်မှာ မျှော်လင့်ချက်မဲ့ခြင်းဆိုတာ ဘာလဲဆိုတာ အမှန်တကယ် နားလည်သွားလိမ့်မယ်။"

"လင်းချန်ရဲ့ အကူအညီနဲ့ မင်းတို့ ဘေးကင်းလုံခြုံပြီး မျိုးသုဉ်းမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။ ဟားဟားဟား"

ရိုင်းစိုင်းသည့် ရယ်မောသံသည် လေထုထဲ၌ ပဲ့တင်ထပ်သွားပြီး ရယ်မောသံတိုင်းသည် လူတိုင်း၏ နှလုံးသားထဲသို့ ထက်ရှသော ဓားတစ်စင်းကဲ့သို့ စိုက်ဝင်သွား၏။

တစ်ဖက်လူ၏ မာန်တက်သည့် ရယ်မောသံကို ကြားလိုက်ရသည့်အခါ လူတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

"အဲဒါဆိုလည်း ဘာဖြစ်လဲ။ လက်ရှိ ငါတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို အရှင်လင်းချန် ပေးသနားတာပဲ။ ငါတို့ လွန်ခဲ့တဲ့ ရက်တွေမှာ ကောင်းကောင်းမွန်မွန် နေရတယ်။ သက်သောင့်သက်သာနဲ့ ဝဝလင်လင် စားရတယ်။ ဒါနဲ့တင် ငါတို့ အများကြီး ရရှိပြီးပြီ။ ငါ့အသက်ကို အရှင်က ဖုတ်ကောင်တွေ လက်ထဲကနေ ကယ်တင်ပေးတာ။ အခု ပြန်ပေးဆပ်ရမယ် ဆိုရင်တောင် ဘာကြောက်စရာ ရှိလို့လဲ။"

ကျောက်ခဲတစ်လုံး ရေထဲကျလျှင် လှိုင်းဂယက်ထသကဲ့သို့ ထိုလူ၏ စကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးများ တောက်ပလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

"ဘာပဲဖြစ်ဖြစ် လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်တွေကို ငါတို့ အကြီးအကျယ် အနိုင်ယူပြီးပြီ။ သေရလည်း နောင်တမရတော့ဘူး။"

အခြားလူတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။

"ငါတို့က တစ်နေ့သေရမယ့် လူတွေပဲလေ။ ဒီနေ့အထိ သက်သောင့်သက်သာ နေရတာ လုံလောက်ပါပြီ။ သေခြင်းတရား ဆိုတာ ဘာအရေးပါလို့လဲ။"

သွေးအလောင်းကောင်၏ စကားများသည် လူအုပ်ကြီးကို ဖိနှိပ်နိုင်ခြင်း မရှိသည့်အပြင် သူတို့၏ စုပေါင်း ဒေါသကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

လက်ရှိအချိန်၌ သူတို့ လုပ်နိုင်သည်မှာ သူတို့၏ မလျော့သည့် ဇွဲလုံ့လနှင့် ဆန္ဒကို စကားလုံးများဖြင့် ဖော်ပြရန်သာ ဖြစ်သည်။

အတိတ်က မှောင်မိုက်သည့် သမိုင်းကြောင်းသည် မူလပြည်နယ်မှ လူသားမျိုးနွယ်ကို မဖျက်ဆီးနိုင်သော ခံနိုင်ရည်စွမ်းအား ပိုင်ဆိုင်စေ၏။

သူတို့ မသေချင်ကြချေ။ မည်သူက သေချင်မည်နည်း။ သို့သော် သူတို့ မကြောက်ကြပေ။ သူတို့ လင်းချန်၏ ဘေး၌ ခိုင်မာစွာ ရပ်တည်နေကြသည်။

သွေးအလောင်းကောင်က သူ၏ မျက်လုံးများ၌ အနီရောင် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး လူသားများကို သနားသလို ကြည့်လိုက်၏။

"ဒါဆို မင်းတို့က အသည်းအသန် ပြန်တိုက်ချင်သေးတယ်ပေါ့။ တိုက်ပွဲ စတာနဲ့ ငါ့ရဲ့ ဖုတ်ကောင် တပ်မတော်ကြီးရဲ့ ရှေ့မှောက်မှာ မင်းတို့ ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ မင်းတို့ ကံဆိုးမိုးမှောင်ကျတော့မှာ သေချာတယ်။"

ထိုအချိန်၌ လင်းချန်သည် ခေါင်းငုံ့ထားပြီး သူ၏ ခန္ဓာကိုယ် တုန်ရီနေသည်။

သွေးအလောင်းကောင် သူ့ကို ကြည့်လိုက်သည့်အခါ သူ ရုတ်တရက် မော့ကြည့်ပြီး ရယ်မောလိုက်၏။

"ဟားဟားဟား"

ထိန်းချုပ်ခံထားရသည့် သွေးအလောင်းကောင် မျက်မှောင်ကြုတ်လိုက်ပြီး လင်းချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ငါ မမှားဘူးဆိုရင် ဒီလူသားမျိုးနွယ် ကောင်လေးက စိတ်လှုပ်ရှားနေတဲ့ပုံပဲ။"

နားမလည်နိုင် ဖြစ်နေသည့် သွေးအလောင်းကောင်ကို အနောက်မှ ထိန်းချုပ်နေသည့် လုရှန်တာသည် လင်းချန် အဘယ်ကြောင့် ဤသို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေ၏။ သေချာပေါက် သေရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်တောင် ဤလူသားမျိုးနွယ် ကောင်လေးက ရူးသွားတာလား။

အခြားသူများလည်း အတူတူပင် နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့၏ ဧကရာဇ် ဖြစ်လာသည်မှာ မကြာသေးသည့် လင်းချန်သည် အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသနည်း ဆိုသည်ကို လုံးဝ နားမလည်နိုင်ကြပေ။

"ဝုန်းးးး"

ထိုအချိန်၌ လင်းချန်သည် ရုတ်တရက် လက်ရန်းကို လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။

ထို့နောက် သွေးအလောင်းကောင်ကို ကြည့်ကာ ပြုံးလိုက်သည်။

"တိုက်ပွဲ စကြစို့... ကျုပ်ကို တိုက်ခိုက်စမ်းပါ။ ဒီစကားကို မကြားရတာ တော်တော် ကြာနေပြီ။"

လင်းချန်သည် သွေးအလောင်းကောင်ကို စိတ်လှုပ်ရှားသည့် မျက်နှာဖြင့် စိုက်ကြည့်လိုက်၏။

"သန်းသုံးဆယ်သော ဖုတ်ကောင် တပ်မတော်ကြီး... စွမ်းအားရော အရေအတွက်ပါ ရှေးဟောင်းအမွေအနှစ် နယ်မြေထက် အများကြီး သာလွန်နေတယ်။ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဟေး... မျိုးနွယ်ခြား... မင်းရဲ့ ဖုတ်ကောင် တပ်မတော်ကြီးကို မြန်မြန် စွမ်းအားမြှင့်လိုက်စမ်းပါ။ ပိုသန်မာလေ ပိုကောင်းလေပဲ။ မဟုတ်ရင်... ပျင်းစရာ ကောင်းနေလိမ့်မယ်။"

လင်းချန်၏ စကားဆုံးသည်နှင့် လူတိုင်း စစ်သင်္ဘောကြီး ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် အောက်ဘက်ရှိ စစ်သင်္ဘောမှ စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

တောက်လောင်နေသည့် အနီရောင် စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းများသည် အရပ်မျက်နှာ အသီးသီးသို့ ပစ်ခတ်ထွက်သွားပြီး ဖုတ်ကောင် တပ်မတော်ကြီးကို ရိုက်ခတ်သွားသည်။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

ကျယ်လောင်သည့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဖုတ်ကောင် တစ်ကောင်ပြီးတစ်ကောင် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွား၏။ ထူထပ်သော မီးခိုးမည်းများ တက်လာပြီး လေထုထဲ၌ မီးလောင်ကျွမ်းနေသည့် အသားနံ့များ ပြည့်နှက်သွားသည်။

သွေးအလောင်းကောင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး အောက်ဘက်မှ မြင်ကွင်းကို ကြည့်ရင်း သူ၏ လက်သီးများကို အလိုအလျောက် ဆုပ်လိုက်မိ၏။

စစ်သင်္ဘောပေါ်ရှိ အပေါက်မည်းများထဲမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းများသည် ဖုတ်ကောင် တစ်သိန်းကျော်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။

သူ ခေါင်းမော့ပြီး လင်းချန်ကို ပြန်ကြည့်လိုက်သည့်အခါ ဆိုးရွားသော နိမိတ်တစ်ခု သူ၏ စိတ်ထဲ၌ ဖြတ်သန်းသွား၏။

လင်းချန် မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး သွေးအလောင်းကောင်ကို မာန်ဝင့်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါက မင်းရဲ့ စစ်ကြေညာမှုကို ကျုပ် ပြန်ပေးတဲ့ လက်ဆောင်ပဲ မျိုးနွယ်ခြား... ဟွာရှာကို စော်ကားတဲ့သူ ဘယ်သူမဆို သေဒဏ် စီရင်ခံရမယ်။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၁ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၂ ၊ အတွဲ ၁ ၊

All Chapters