အခန်း ၂၁၂
Vol. 22 Ch. 212
အပိုင်း ၂၁၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"ကျုပ်ကို အကြာကြီး စောင့်မနေရစေနဲ့ မျိုးနွယ်ခြား..."
လင်းချန်က အံ့သြနေသည့် သွေးအလောင်းကောင်ကို တစ်ချက်ကြည့်ကာ လက်ဝှေ့ယမ်းပြီး လှည့်ထွက်သွားလိုက်၏။
လင်းချန် လှည့်ထွက်လိုက်ပြီးနောက် စစ်သင်္ဘောကြီး ပတ်လည်၌ ဖွဲ့စည်းထားသည့် အစီအရင် ဒိုင်းကာသည် ရုတ်တရက် အံ့မခန်း အရှိန်ဖြင့် ပြင်းထန်စွာ တိုးထွက်လာပြီး ပိုမိုကျယ်ပြန့်သော ဧရိယာသို့ ဖြန့်ကျက်သွား၏။
အလွန် သန့်စင်သည့် အစီအရင် အလွှာသည် လျင်မြန်စွာ ကျယ်ပြန့်သွား၏။ သွေးအလောင်းကောင်သည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လွင့်စင်သွားပြီး လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် မူလပြည်နယ် မြောက်ဘက်ပိုင်းရှိ မှိန်ဖျော့သည့် ခန်းမဆောင်ကြီးအတွင်း၌ တော်ဝင်မိသားစု ဘိုးဘေး၏ ခန္ဓာကိုယ်ကို ရရှိထားသော လုရှန်တာသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏ မျက်နှာ၌ မည်းမှောင်သည့် အရိပ်အယောင်များ ယှက်သန်းနေသည်။
လင်းချန်၏ တိမ်တိုက်လှေသည် သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေ၏။ ဧရာမ အရွယ်အစား ရှိပြီး လက်ရာမြောက်ရုံ သာမကဘဲ အသုံးပြုထားသည့် အစီအရင်များသည်လည်း အဆင့်မြင့်လွန်းလှသည်။
ပို၍ အံ့သြစရာ ကောင်းသည်မှာ တိမ်တိုက်လှေ၏ အပေါက်မည်းများမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအားများသည် အလွန် အင်အားကြီးမားခြင်းပင် ဖြစ်သည်။
ဖုတ်ကောင် တပ်မတော်ကြီးနှင့် ယှဉ်လျှင် ပျက်စီးသွားသည့် ဖုတ်ကောင် အရေအတွက်သည် ရေတစ်ပုံးထဲမှ ရေတစ်စက်ပမာသာ ရှိသော်လည်း ထိုအရာက သူ့အပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ဖြစ်ပေါ်စေပြီး လျှော့တွက်၍ မရနိုင်ကြောင်း သတိပေးနေ၏။
လုရှန်တာ တွေးလိုက်၏။
'ဒီကမ္ဘာငယ်လေးထဲမှာ ဒီလို တိမ်တိုက်လှေမျိုး ခြောက်စင်းတောင် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီလူသားမျိုးနွယ် ကောင်လေးက ဘယ်လိုကောင်မျိုးလဲ။'
သူ၏ မျက်ဝန်းများ၌ ဖုံးကွယ်မထားနိုင်သည့် လောဘစိတ်များ ပြည့်နှက်နေသော်လည်း သတိထားရမည့် အနေအထားလည်း ရှိနေသည်။
လင်းချန်၏ နောက်ကွယ်၌ အထင်ကြီးလောက်စရာ အင်အားစု တစ်ခုခု ရှိနေမည်လောဟု သူ တိတ်တဆိတ် တွေးတောလိုက်၏။
သို့သော် လုရှန်တာသည် အံကြိတ်လိုက်၏။
"ဒါဆိုလည်း ဘာဖြစ်လဲ။ ငါက တော်ဝင်မိသားစု ဘိုးဘေးရဲ့ ခန္ဓာကိုယ်နဲ့ အမွေအနှစ်ကို ရထားပြီးပြီ။ ဒီကမ္ဘာငယ်လေးထဲမှာ သူ့ကို သတ်လိုက်ရင် ဘယ်သူက သိမှာလဲ။ ဒီလောက် ကောင်းမွန်တဲ့ အရာတွေက ငါ့အပိုင် ဖြစ်သင့်တာပေါ့။"
"စစ်တိုက်မယ်... ဟုတ်လား။ ငါ့ရဲ့ သန်းသုံးဆယ်သော ဖုတ်ကောင် တပ်မတော်ကြီးကို ဒီကောင်လေး ဘာသုံးပြီး ခုခံမလဲ ကြည့်ချင်သေးတယ်။"
တိမ်တိုက်လှေ၏ အပေါက်များမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအားများသည် လုရှန်တာအတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်ပေ။ အစောပိုင်းက အစီအရင်သည် သူ့ကို တွန်းထုတ်ရုံသာ ပြုလုပ်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် သွေးအလောင်းကောင်ကို မတိုက်ခိုက်သဖြင့် ထိုကဲ့သို့သော တိုက်ခိုက်မှုကို မကြာခဏ အသုံးပြု၍ မရနိုင်ကြောင်းနှင့် ထို့ကြောင့် ဂရုစိုက်စရာ မလိုကြောင်း ဆုံးဖြတ်လိုက်သည်။
"ဒါပေမဲ့ လင်းချန်က လူသားမျိုးနွယ်တွေရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ပေးပြီး ကျင့်ကြံခြင်း စနစ်ကို ပြည့်စုံအောင် လုပ်ပေးလိုက်တာက ငါ့အတွက် အကူအညီ ပေးသလို ဖြစ်သွားတယ်။"
"သူတို့ရဲ့ အသွေးအသားနဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို သန့်စင်ပြီး စုပ်ယူလိုက်မယ်ဆိုရင် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ စွမ်းအားနဲ့ ပေါင်းစပ်ပြီး ဒီကျိန်စာသင့်နေတဲ့ နေရာကနေ သေချာပေါက် လွတ်မြောက်နိုင်မယ်။ အဲဒီအချိန်ကျရင် ငါ့ရဲ့ သွေးနက်မျိုးနွယ်က တစ်ဖန် ပြန်လည် ထွန်းကားလာမယ်။ ပြီးတော့ ငါက မျိုးနွယ်စုတစ်ခုလုံးရဲ့ သူရဲကောင်း ဖြစ်လာမှာပဲ။"
ထိုသို့ တွေးမိသည့်အခါ လုရှန်တာ မပြုံးဘဲ မနေနိုင်တော့ချေ။ သူသည် ဂုဏ်ကျက်သရေရှိသော အနာဂတ် အိပ်မက်များထဲ၌ အလွန် ကျေနပ်အားရနေ၏။
တစ်ချိန်တည်းမှာပင် သွေးအလောင်းကောင်ကို တွန်းထုတ်လိုက်ပြီးနောက် ကျောက်ဝေနှင့် အခြားသူများသည် လင်းချန်၏ နောက်သို့ အလျင်အမြန် လိုက်သွားကြသည်။
"ဧကရာဇ်မင်းမြတ်... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။"
ရှီယွင်က တစ်ဖက်မှ စိုးရိမ်တကြီး ပြောလိုက်၏။
"ဟုတ်တယ်... အင်အားသန်းသုံးဆယ် ရှိတဲ့ ဖုတ်ကောင် တပ်မတော်ကြီးနဲ့ တကယ်တိုက်ရင် ကျွန်တော်တို့ နိုင်ဖို့ အခွင့်အလမ်း သိပ်မရှိဘူး။ ကျွန်တော်တို့အတွက် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ကတော့ ဒီနေရာမှာ မသေသင့်ဘူး။"
ခြောက်လတာ ကာလအတွင်း သူတို့သည် အပြင်လောက ဗဟုသုတများနှင့် အလွန် ရင်းနှီးကျွမ်းဝင်လာကြပြီ ဖြစ်သည်။
လင်းချန်၏ ပါရမီ မည်မျှ ထူးကဲကြောင်းကိုလည်း သူတို့ ရှင်းလင်းစွာ သိရှိထားကြ၏။ ထိုကဲ့သို့သော ထူးခြားသည့် ပါရမီရှင်တစ်ဦးသည် ဤကမ္ဘာငယ်လေးထဲ၌ သန်းသုံးဆယ်သော ဖုတ်ကောင် တပ်မတော်ကြီးကို ခုခံတိုက်ခိုက်ရင်း အသက်ပေးလိုက်ရမည် ဆိုပါက... သိပ်ကို နှမြောစရာ ကောင်းလွန်းလှသည်။
ရုတ်တရက် လီရီက အရေးတကြီး ပြောလိုက်၏။
"ဒါနဲ့... ဧကရာဇ်မင်းမြတ် ပြောဖူးတယ်။ တကယ်လို့ ကျွန်တော်တို့ မနေချင်ရင် မူလပြည်နယ် အပြင်ဘက်ကို ခေါ်ထုတ်သွားပေးမယ်ဆို။ ပြီးတော့ ကျွန်တော်တို့ နေမယ်လို့ သဘောတူပြီးတဲ့နောက်မှာလည်း တကယ်လို့ ကျွန်တော်တို့ ဆန္ဒရှိရင် ကမ္ဘာငယ်လေး အပြင်ဘက်ကို ထွက်ပြီး ကမ္ဘာလောကကြီးကို သွားကြည့်လို့ ရတယ်လို့ ပြောတယ် မဟုတ်လား။"
လီရီ၏ စကားသည် အခြားသူများကိုပါ နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့ လျင်မြန်စွာ သဘောပေါက်သွားကြသည်။
လင်းချန်က သူတို့ကို ခေါ်ထုတ်သွားနိုင်သည်ဆိုလျှင် ယခု ဤကမ္ဘာငယ်လေးထဲမှ ထွက်ခွာသွားလိုက်ပါက သူတို့ အသက်ရှင်နိုင်မည် မဟုတ်လော။
ထို့ပြင် အပြင်လောကရှိ လူသားမျိုးနွယ်သည် အလွန် အင်အားကြီးမားသည်ဆိုလျှင် ဤသွေးနက်မျိုးနွယ်နှင့် ဖုတ်ကောင် တပ်မတော်ကြီးကို ဖြေရှင်းရန် နည်းလမ်း ရှိရမည် မဟုတ်လော။
လင်းချန် ခြေလှမ်း ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ သူ့ရှေ့မှ ရိုးသားသည့် မျက်နှာများကို ကြည့်ပြီး ရယ်မောလိုက်၏။
"မောင်မင်းတို့ရဲ့ ခံစားချက်ကို ငါ နားလည်တယ်။ ဒါပေမဲ့ ဖုတ်ကောင် တပ်မတော်ကြီးနဲ့ စစ်ပွဲမှာ မောင်မင်းတို့ ဝင်ပါစရာ မလိုဘူး။"
"ကျွန်တော်တို့ ဝင်ပါစရာ မလိုဘူးလား။"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြပြီး လင်းချန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။
အချို့က သူတို့၏ ရင်ထဲ၌ ကြီးမားသည့် ထင်ကြေးတစ်ခု ရှိနေကြ၏။
လင်းချန်က သန်းသုံးဆယ်သော ဖုတ်ကောင် တပ်မတော်ကြီးကို တစ်ယောက်တည်း ရင်ဆိုင်တော့မည်လော။
ထိုသို့ တွေးမိသည့်အခါ လူတိုင်းက လင်းချန်အား ထိုကဲ့သို့ မိုက်မဲသော လုပ်ရပ်မျိုး မလုပ်ရန် အလျင်အမြန် ဖျောင်းဖျကြသည်။
"မိုက်မဲတဲ့ လုပ်ရပ်..."
သူတို့၏ ဖျောင်းဖျမှုများကို မြင်သည့်အခါ လင်းချန်၏ ရင်ထဲ၌ နွေးထွေးသွားပြီး သူတို့ကို စိတ်အေးအေးထားရန် လက်ဟန်ပြလိုက်၏။
"လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ် ကိစ္စတုန်းက မောင်မင်းတို့ရဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပစ်ဖို့ မောင်မင်းတို့ရဲ့ ကိုယ်ပိုင်လက်နဲ့ လုပ်ဆောင်ရတာပါ။"
"ဒါပေမဲ့ အခု ကိစ္စက မောင်မင်းတို့ရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပြီ။ ပြီးတော့ သူတို့က ငါ့ဆီ အထူးတလည် လာကြတာ။"
"မောင်မင်းတို့က ငါ့ကို ဧကရာဇ်မင်းမြတ် လို့ ခေါ်ကြတယ်။ မူလပြည်နယ်ကို မောင်မင်းတို့ရဲ့ မွေးရပ်မြေအဖြစ် ထာဝရ သတ်မှတ်ဖို့ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် မောင်မင်းတို့က ဟွာရှာအင်ပါယာရဲ့ နိုင်ငံသားတွေ ဖြစ်တယ်။ ဒီလို အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အင်ပါယာရဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ ငါ့နိုင်ငံသားတွေကို ကာကွယ်ပေးရမှာပေါ့။"
ထိုစကားများ ပြောပြီးနောက် လင်းချန် ပြန်လှည့်ထွက်သွားသည်။
"လာမယ့် စစ်ပွဲမှာ ဒီလို အင်ပါယာတစ်ခုရဲ့ နိုင်ငံသား ဖြစ်ရတာ ဘယ်လိုလဲဆိုတာ မောင်မင်းတို့ စောင့်ကြည့်နေလိုက်ကြ။"
မကြာမီမှာပင် လင်းချန်သည် သင်္ဘောပေါ်ရှိ ကွပ်ကဲရေးစင်တာသို့ ဝင်ရောက်သွား၏။ ထိုနေရာ၌ ပုံမှန်ထက် နှစ်ဆ ပိုများသည့် ပညာရှင်များသည် အလုပ်ရှုပ်နေကြပြီး သတင်းအချက်အလက်များ စုဆောင်းကာ ခွဲခြမ်းစိတ်ဖြာနေကြသည်။
"ဧကရာဇ်မင်းမြတ်... လေဟုန်စစ်သည်တွေ ကင်းထောက်လို့ ပြီးသွားပြီ။ ဖုတ်ကောင် အရေအတွက်ကို ခန့်မှန်းပြီးပြီ။ သုံးဆယ့်လေးသန်း နှစ်သိန်းတစ်သောင်း ကိုးထောင့်ရှစ်ရာငါးဆယ့်နှစ်ကောင်ပါ။"
"မူလပြည်နယ်ရဲ့ နည်းဗျူဟာမြေပုံကို အပြည့်အစုံ ရေးဆွဲပြီးပြီ။ ဧကရာဇ်မင်းမြတ် ကြည့်ရှုစစ်ဆေးပါဦး။"
"အဆင့်နိမ့် ထိပ်တန်းတပ်ဖွဲ့တွေရဲ့ အဆင့်မြှင့်တင်မှု ပြီးစီးပြီ။ မူလလက်နက်တွေနဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေကို မွမ်းမံပြင်ဆင်ပြီးပြီ။"
တင်ပြချက်များကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် လင်းချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အသင့်ပြင်ထားကြ။"
"အမိန့်တော်အတိုင်းပါ။"
ပညာရှင်များသည် သူတို့၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နေကြစဉ် လင်းချန်သည် နည်းဗျူဟာမြေပုံကို ပြသနေသည့် ဇယားကွက်ပုံစံ နည်းဗျူဟာမှန်ပြင်ကို ငြိမ်သက်စွာ စိုက်ကြည့်နေ၏။
အနီရောင် အလင်းတန်းများသည် မြောက်ဘက်သို့ ဦးတည် စုဝေးနေပြီး ထူထပ်သည့် အစုအဝေးကြီးအဖြစ် ပေါင်းစည်းသွားသည်။
လင်းချန်၏ မျက်နှာ၌ စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး သူ၏ လက်များ အနည်းငယ် တုန်ရီနေ၏။
"တိုက်ရိုက် စစ်ပွဲ... ဒီလို အတွေ့အကြုံမျိုး မကြုံရတာ တော်တော် ကြာပြီ။ မျိုးနွယ်ခြား ထိန်းချုပ်ထားတဲ့ ဖုတ်ကောင် တပ်မတော်ကြီးက ငါ့ကို သိပ်စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ရတာပဲ။"
စစ်သင်္ဘောပေါ်၌ လင်းချန် ခန့်အပ်ထားသော မူလပြည်နယ် အရာရှိများ ဖြစ်သည့် ကျောက်ဝေနှင့် အခြားသူများသည် စစ်သင်္ဘော၏ အစည်းအဝေးခန်းမဆောင်၌ စိုးရိမ်ပူပန်သော မျက်နှာများဖြင့် လေးနက်စွာ ဆွေးနွေးနေကြသည်။
လင်းချန်၏ ပြောစကားများသည် သူတို့ကို နှစ်သိမ့်ပေးခြင်းသာ ဖြစ်သည်ဟု သူတို့ ခံယူထားကြ၏။ ယခု ဆွေးနွေးနေသည့် အရေးအကြီးဆုံး ကိစ္စမှာ လင်းချန်၏ လုံခြုံရေးကို မည်သို့ အာမခံမလဲနှင့် သူ့ကို အောင်မြင်စွာ ဘေးလွတ်ရာသို့ မည်သို့ ပို့ဆောင်မလဲ ဆိုသည်ပင် ဖြစ်သည်။
မူလပြည်နယ်၏ မြောက်ဘက်၌ စူးရှသည့် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ကျန်ရှိနေသော လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်ဝင်များသည် သူတို့၏ အသားစများကို ဖုတ်ကောင်များက ကိုက်ဖြတ်စားသောက်နေသည်ကို အကူအညီမဲ့စွာ ကြည့်နေရပြီး မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်ကြချေ။
မှိန်ဖျော့သည့် ခန်းမဆောင်ကြီးထဲမှ အနီရောင် အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး အသံတစ်ခု ထွက်ပေါ်လာသည်။
"တကယ့်ကို နိမ့်ကျတဲ့ မျိုးနွယ်ပါလား။ သူတို့ရဲ့ အသားနဲ့ အသက်စွမ်းအင်တွေက ရွံစရာကောင်းရုံတင် မကဘူး၊ အာနိသင်ကလည်း နည်းပါးလွန်းတယ်။"
"မင်းတို့ရဲ့ တစ်ခုတည်းသော အသုံးဝင်မှုက ငါ့ရဲ့ ဖုတ်ကောင် တပ်မတော်ကြီးအတွက် အစာအဖြစ် အသုံးခံပြီး သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ပေးဖို့ပဲ။ လိုအပ်ချက်က အများကြီး ရှိတာကိုး။"
အပြင်ဘက်မှ မျိုးနွယ်စုနှစ်ခု၏ အော်ဟစ်သံများကို လုရှန်တာ ဂရုမစိုက်ပေ။ ဖုတ်ကောင်များ၏ စွမ်းအား ဆက်တိုက် တိုးတက်လာသည်ကို အာရုံခံမိပြီး သူ၏ ပျော်ရွှင်မှုများ လုံးဝ လျော့နည်းသွားခြင်း မရှိချေ။
"လင်းချန်... မင်း ငါ့တပ်မတော်ကြီးကို ဘယ်လို ခုခံမလဲ ကြည့်ချင်သေးတယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊