အခန်း ၂၁၃
Vol. 22 Ch. 213
အပိုင်း ၂၁၃
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
သင်္ဘောပေါ်ရှိ လူတစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"မြောက်ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ... သွေးရောင်တွေ အရမ်းများနေပါလား။"
ညအချိန် ရောက်လာသည်နှင့် စစ်သင်္ဘောပေါ်ရှိ လူသားမျိုးနွယ်များစွာ၏ အာရုံသည် မြောက်ဘက်အရပ်ဆီသို့ ရောက်သွားကြ၏။ သူတို့သည် သင်္ဘောကုန်းပတ်ပေါ်ကနေ ထိုအရပ်မျက်နှာသို့ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
လက်ရှိအချိန်၌ မူလပြည်နယ်၏ မြောက်ဘက် ကောင်းကင်ယံသည် ညအမှောင်ထုကို ဖောက်ထွင်း၍ တောက်ပသည့် သွေးနီရောင် အလင်းတန်းများ လွှမ်းခြုံထားသဖြင့် လူတိုင်း အံ့အားသင့်ထိတ်လန့်နေကြရ၏။
လင်းချန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဤမြင်ကွင်းမျိုးကို ယခင်က မြင်ဖူးခဲ့၏။ နတ်ဓားဂိုဏ်း၏ တောင်တံခါးဝ၌ ဖြစ်ပျက်ခဲ့သည့် အတိုင်းပင်။
'သွေးနက်မျိုးနွယ်က မြောက်ဘက်မှာ သွေးနဲ့ အသားစွမ်းအင်တွေကို သန့်စင်ဖို့ အဲဒီအစီအရင်ကို ထပ်သုံးလိုက်တာလား... လူတွေအကုန်လုံးက ဒီရောက်နေတာဆိုတော့ သူတို့ ဘယ်သူ့ကို သန့်စင်လိုက်တာလဲ...'
လင်းချန် ချက်ချင်းပင် အဖြေကို ရလိုက်သည်။
'လူပုသရဲမျိုးနွယ်နဲ့ ဘီလူးသရဲမျိုးနွယ်ပဲ။'
သုံးသပ်ပြီးနောက် လင်းချန်၏ မျက်နှာပေါ်၌ လှောင်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာ၏။
'ဟွာရှာမျိုးနွယ်တွေ ပျက်စီးသွားမဲ့အစား သူတို့က ဒီကမ္ဘာငယ်လေးကနေ အရင်ဆုံး ပျောက်ကွယ်သွားရမယ်လို့ ဒီမျိုးနွယ်စုနှစ်ခုလုံး ထင်မှတ်ထားမှာ မဟုတ်ဘူး။'
သွေးနက်မျိုးနွယ် အရိုင်းအစိုင်းများသည် လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့ကို သန့်စင်ပြီးနောက် မူလအစီအစဉ်ကို ပြီးမြောက်အောင်မြင်ရန် ကြိုးပမ်းလိမ့်မည်ဟူသည့် အချက်ကို လင်းချန် မစိုးရိမ်ချေ။
တကယ်လို့သာ ထိုမျှ လွယ်ကူနေလျှင် သူတို့ ဟိုးအရင်ကတည်းက လုပ်ခဲ့ပြီးလောက်လေပြီ။ သွေးနက်မျိုးနွယ် အမှန်တကယ် လိုအပ်သည်မှာ လူသားမျိုးနွယ်ထံမှ သွေးနှင့် အသားစွမ်းအင်များ ဖြစ်၏။ လူသားမျိုးနွယ်၏ သွေးမျိုးဆက်သည် အခြားမျိုးနွယ်စုနှစ်ခုထက် များစွာ မြင့်မြတ်လှသည်။
အဘယ်ကြောင့် သူတို့ ဤသို့ လုပ်ရသနည်း ဆိုသည်ကို လင်းချန် လျင်မြန်စွာ နားလည်လိုက်သည်။
'သွေးအလောင်းကောင်တွေကို မွေးမြူဖို့ပဲ။'
မြောက်ဘက် ကောင်းကင်ယံသို့ ထိုးတက်နေသည့် သွေးရောင်အလင်းတန်းကို ကြည့်ရင်း လင်းချန် တိတ်ဆိတ်စွာ တွေးလိုက်၏။
'အချိန်တန်ရင် မင်းတို့မွေးမြူထားတဲ့ သွေးအလောင်းကောင် သန်း ၃၀ စစ်တပ်က ဘယ်လောက်တောင် စွမ်းအားကြီးမားလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်။'
ဟွာရှာအင်ပါယာရှိ ကျယ်ပြောလှသည့် မြေပြန့်လွင်ပြင်ထက်၌ စခန်းများနှင့် စစ်ရေးလေ့ကျင့်ကွင်းများစွာ တည်ဆောက်ထား၏။ ထိုအထဲမှ သီးသန့်ဆန်သည့် နေရာတစ်ခု၌ ကျောက်လုံသည် နဂါးနက်ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်၌ လက်ပိုက်လျက် အထက်စီးမှ ငုံ့ကြည့်နေသည်။
တော်ဝင်တပ်မတော်၏ တပ်ဖွဲ့များသည် စီတန်းနေပြီး စိတ်ဝိညာဉ်ပစ္စည်းအဖြစ် မွမ်းမံထားသည့် သံချပ်ကာများသည် အေးစက်သော သတ္တုရောင်များ တောက်ပနေကာ ဓားသွားများကဲ့သို့ ထက်ရှနေသည်။ သူတို့သည် လက်နက်များကို ကိုင်ဆောင်ထားကြရာ ထိုလက်နက်များမှာ အပြည့်အဝ ဖွဲ့စည်းထားသည့် မူလလက်နက်များ ဖြစ်ကြ၏။
ပြင်ပကမ္ဘာမှ လက်နက်သွန်းလုပ်သူသာ ဤနေရာ၌ ရှိနေလျှင် သေချာပေါက် အံ့ဩတကြီး ဖြစ်သွားပေလိမ့်မည်။ စိတ်ဝိညာဉ်စွမ်းအား ဖြည့်သွင်းစရာ မလိုဘဲ စိတ်ဝိညာဉ်အစိတ်အပိုင်းများနှင့် စိတ်ဝိညာဉ်လက်နက် နှလုံးသားတို့ ပေါင်းစပ်ကာ မူလလက်နက်အဖြစ် မည်သို့ ဖြစ်လာနိုင်မည်နည်း။
လေထုထဲ၌ လေးနက်သည့် အငွေ့အသက်များ ပျံ့လွင့်နေပြီး စည်းစနစ်ကျနကာ တည်ငြိမ်နေ၏။ ကျောက်လုံ၏ တည်ရှိနေမှုက အရာအားလုံးကို တည်ငြိမ်စေသည့် ကျောက်ဆူးတစ်ခုကဲ့သို့ပင်။
ကျောက်လုံ တွေးလိုက်မိသည်။
'ဧကရာဇ်မင်းမြတ်နဲ့အတူ ဒီကမ္ဘာကို ရောက်လာကတည်းက အင်ပါယာက အခုထိ စစ်ပွဲမတိုက်ရသေးဘူး။'
ကောင်းမွန်စွာ ဖွဲ့စည်းထားသည့် တပ်ဖွဲ့များကို ကြည့်ရင်း သူ၏ သွေးများ ဆူပွက်လာ၏။
'ငါ မစောင့်နိုင်တော့ဘူး... သွေးနက်မျိုးနွယ်တွေက ဧကရာဇ်မင်းမြတ်ကို ရန်စရဲတယ်... ပြစ်မှုကျူးလွန်ရဲတယ်... သူတို့ သေကိုသေရမယ်။'
'ဒီလိုမျိုးနွယ်စုက ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားသင့်တယ်။ သူတို့က ဒီနေရာမှာ နေထိုင်ဖို့ မထိုက်တန်ဘူး။'
ထိုသို့ တွေးမိသည်နှင့် ကျောက်လုံ၏ နဖူးပေါ်၌ သွေးကြောများ ထောင်ထလာပြီး သွားများကို အံကြိတ်လိုက်၏။ ယခုချက်ချင်းပင် ထွက်သွားပြီး အရပ်လေးမျက်နှာ သတ်ဖြတ်ခြင်းကို ပြုလုပ်ချင်နေမိသည်။
ယခင်ဘဝက ဂိမ်းထဲ၌ လင်းချန်၏ အစွမ်းထက်ဆုံး စစ်သူကြီးဖြစ်ခဲ့ပြီး လင်းချန်ကိုယ်တိုင် ဖန်တီးခဲ့သည့် ကျောက်လုံ...။ သူသည် တပ်မမှူးတစ်ဦး ဖြစ်သလို လင်းချန်အပေါ် လုံးဝသစ္စာရှိသည့် အစောင့်စစ်သူကြီးတစ်ဦးလည်း ဖြစ်၏။ သူ၏ သစ္စာတရားသည် မျက်ကန်းဆန်သည်၊ ပြင်းထန်သည်၊ အမှားအမှန် ခွဲခြားခြင်း မရှိချေ။
မူလပြည်နယ် ကမ္ဘာငယ်လေး၌ နေ့သစ်တစ်ခုသို့ လျင်မြန်စွာ ရောက်လာပြီဖြစ်သည်။
တောင်ဘက် ကောင်းကင်ယံသည် အုံ့မှိုင်းနေသော်လည်း လေထဲ၌ ရပ်တန့်နေသည့် တိုက်စစ်သင်္ဘောကြီး ခြောက်စင်းကိုမူ သက်ရောက်မှု မရှိချေ။ အစီအရင်များမှ အလင်းရောင်သည် နေထိုင်ရာ နေရာများကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေစေသည်။
လင်းချန် အခန်းထဲမှ ထွက်လာသည့်အခါ လူတိုင်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားရ၏။
မှန်ပေသည်။ လူတိုင်းပင် ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်သည့် သိုင်းဝိညာဉ်ပညာရှင်များသာမက သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများပါ လက်နက်များကို ကိုင်ဆောင်ထားကြသည်။ ကလေးငယ်များဆိုလျှင် သစ်သားတုတ်ချောင်းလေးများကို ကိုင်ဆောင်ထားပြီး မျက်နှာလေးများမှာ တည်ကြည်လေးနက်နေကြ၏။
လင်းချန် မတတ်သာဘဲ ပြုံးလိုက်မိပြီး ကလေးတစ်စုနားသို့ သွားလိုက်သည်။
"ဟေ့ ကောင်လေးတွေ... မင်းတို့က ဘာလုပ်ဖို့ ကြံနေကြတာလဲ။"
ကလေးငယ်တစ်ဦးက ခေါင်းညိတ်ပြသည်။
"ဖေဖေနဲ့ မေမေက ပြောတယ်... ဧကရာဇ်အစ်ကိုကြီးကို အနိုင်ကျင့်ချင်တဲ့ လူဆိုးတွေ ရှိတယ်တဲ့... သားတို့က အစ်ကိုကြီးကို ကူညီပြီး လူဆိုးတွေကို တိုက်ထုတ်ပေးမှာ။"
အခြားကလေးငယ်တစ်ဦးကလည်း လက်သီးလေးဆုပ်လိုက်သည်။
"ဟုတ်တယ်... သူတို့က လူပုသရဲတွေ၊ ဘီလူးသရဲတွေထက်တောင် ပိုယုတ်မာတယ်တဲ့... သားတို့လည်း ကူညီရမယ်။"
ကလေးငယ်များ၏ မျက်နှာလေးများမှာ လေးနက်နေပြီး မျက်လုံးများက ကြည်လင်နေ၏။
'တရားမျှတမှုကို ထောက်ခံသူ များပြားပြီး၊ မတရားမှုကို ထောက်ခံသူ နည်းပါးသည်... ဒါက မေတ္တာတရားကြောင့် ပြိုင်ဘက်ကင်း ဖြစ်လာခြင်း ဆိုတာများလား...'
လင်းချန်၏ ခေါင်းထဲ၌ ယခင်ဘဝမှ ဘိုးဘေးများ၏ စကားများ ဖြတ်ခနဲ ပေါ်လာပြီး ဉာဏ်အလင်းတစ်ချက် ပွင့်သွားရသည်။ လင်းချန် ခေါင်းမော့လိုက်ပြီး လူတိုင်း၏ မျက်နှာကို ကြည့်လိုက်သည့်အခါ သူနှင့်အတူ သေတူရှင်တူ ရှိနေကြမည့် ပုံစံများကို တွေ့လိုက်ရသဖြင့် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွား၏။
ကိုယ့်လူမျိုးအပေါ် မေတ္တာထား၊ ကြင်နာခြင်းသည် ကိုယ့်ကို ပြန်ပြီး ချစ်ခင်စေသည်။
လင်းချန် ပြုံးလိုက်သည်။
"ဒါပေါ့... ငါက ကိုယ့်လူမျိုးအပေါ်မှာတော့ မေတ္တာထားတယ်... ဒါပေမဲ့ ရန်သူတွေအတွက်တော့..."
ထို့နောက် လင်းချန် ရှေ့သို့ မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများသည် စူးရှထက်မြက်သွားသည်။
'သူတို့က သေချာပေါက် သနားညှာတာမှုကို မရထိုက်ဘူး။'
အဝေးမှ ကောင်းကင်တစ်ဝက်ခန့်သည် ရုတ်တရက် မည်းမှောင်သည့် တိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားပြီး နေကြတ်သကဲ့သို့ ဖြစ်သွားသည်။ ထိုအရာများသည် သာမန်တိမ်တိုက်များ မဟုတ်လေဘဲ လုရှန်တာ ပြန်လည်မွေးမြူထားသည့် ဖုတ်ကောင်တပ်မတော်ကြီးပင် ဖြစ်၏။
ကောင်းကင်နယ်ပယ် အဆင့် ဖုတ်ကောင်စစ်သည် သန်း ၃၀...။ ကြောက်မက်ဖွယ်ကောင်းလှသည့် အရေအတွက်ကြောင့် သင်္ဘောပေါ်ရှိ လူအများအပြား ခြေထောက်များ ပျော့ခွေသွားကြရသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ နောက်မဆုတ်ကြချေ။
နောက်ဆုံးတော့ သင်္ဘောခြောက်စင်း၏ အကာအကွယ်အတားအဆီးများနှင့် အကွာအဝေးတစ်ခု၌ ဖုတ်ကောင်တပ်မတော်ကြီးသည် ညီညာစွာ ရပ်တန့်လိုက်ကြသည်။ သူတို့၏ နီရဲနေသည့် မျက်လုံးများသည် သင်္ဘောပေါ်ရှိ လူများအား စိုက်ကြည့်နေကြ၏။
ထိုဖုတ်ကောင်များသည် အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာလှသည်။
ဖုတ်ကောင်တပ်မတော်ကြီး၏ အထက်၌ လုရှန်တာသည် သွေးအလောင်းကောင်၏ ခန္ဓာကိုယ်အား ထိန်းချုပ်ထားပြီး တိုက်စစ်သင်္ဘော၏ အစီအရင်အတားအဆီးကို ဖြတ်ကျော်ကာ လင်းချန်အား ငုံ့ကြည့်လိုက်၏။
လုရှန်တာက လှောင်ပြောင်လိုက်သည်။
"ဟမ့်... လင်းချန်... ဒီနေ့ အဆုံးအဖြတ်တိုက်ပွဲက ငါ့တပ်မတော်ကြီးက မင်းရဲ့ လိပ်ခွံကို လာတိုက်ခိုက်ရမှာနဲ့ တူနေပါလား။"
လင်းချန်က ပြန်လည်တုံ့ပြန်လိုက်၏။
"ခင်ဗျားက တော်တော် ယုံကြည်မှု ရှိနေတာပဲ... ဝမ်းနည်းစရာ ကောင်းတာက ဒီစစ်ပွဲရဲ့ တစ်ဦးတည်းသော အောင်နိုင်သူက ကျုပ်ပဲ ဖြစ်လိမ့်မယ်။"
လင်းချန်၏ ပုံစံကို ကြည့်ပြီး လုရှန်တာ ရယ်ချင်သလိုလို စိတ်တိုသလိုလို ဖြစ်သွားရသည်။
လုရှန်တာက ခနဲ့လိုက်သည်။
"မင်းလို လူသားမျိုးနွယ် ကောင်စုတ်လေးက စကားကြီးစကားကျယ် ပြောလှချည်လား။"
လင်းချန် ပခုံးတွန့်လိုက်သည်။
"ကျုပ်က အမှန်တရားကို ပြောနေရုံသက်သက်ပါ... ပြီးတော့..."
လင်းချန် စကားပြောလိုက်သည်နှင့် ဧကရာဇ်စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ဧကရာဇ်အာဏာစက် လွှမ်းခြုံထားသည့် မီးတောက်ဝတ်ရုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ နဂါးကိုးကောင် ပေါ်ထွက်လာပြီး တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။
"ဝေါင်းးး..."
လင်းချန်သည် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ပြီး သူ၏ နောက်ရှိ ဟာလာဟင်းလင်း ဖြစ်နေသည့် ကောင်းကင်ယံ၌ ထိုင်ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျက်သရေရှိသည့် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်ပလ္လင်တော်ကြီးတစ်ခု ပုံဖော်လာ၏။ နဂါးကိုးကောင်သည် ထိုပလ္လင်တော်ပေါ်သို့ ထိုးဆင်းသွားပြီး အသက်ဝင်လှုပ်ရှားနေသည့် နဂါးရုပ်တုများအဖြစ် ပြောင်းလဲသွားကြသည်။
လင်းချန်သည် ဧကရာဇ်ဝတ်ရုံကို လွှမ်းခြုံထားပြီး နဂါးကိုးကောင်ပလ္လင်တော်ထက်၌ ထိုင်လျက် ကောင်းကင်ယံသို့ မြင့်တက်သွား၏။ သူ၏ နောက်၌ ကွဲပြားသည့် ကမ္ဘာတစ်ခု ပေါ်လာသကဲ့သို့ ထူးဆန်းသော ရှုခင်းများ တဖျတ်ဖျတ် လက်နေပြီး နောက်ဆုံးတော့ ပလ္လင်တော်နှင့် ပေါင်းစပ်သွားသည်။
မည်သူမျှ သတိမထားမိလိုက်သည့် အချိန်၌ လင်းချန်၏ မျက်လုံးအိမ်များသည် ရွှေရောင်ပြောင်းလဲသွားပြီး သွေးအလောင်းကောင်ကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။
အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ဖုတ်ကောင်တပ်မတော်ကြီး၏ အထက်၌ ဝဲပျံနေသော သွေးအလောင်းကောင်ကို ထိန်းချုပ်ထားသည့် လုရှန်တာသည် အရာအားလုံးက ပြိုင်ဘက်၏ လက်ခုပ်ထဲ၌ ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ထိုအကြည့်သည် သက်ရှိအားလုံး၏ အထက်၌ ကြီးစိုးနေသော ဧကရာဇ်တစ်ပါးက သူ့အား ဖီဆန်ရဲသည့် အောက်တန်းစား သတ္တဝါများကို အထင်သေးစွာ ကြည့်နေသကဲ့သို့ပင်။
မဟုတ်ချေ... ထိုသည်က တူညီရုံသက်သက် မဟုတ်ပေ... လက်တွေ့အစစ်အမှန်ပင် ဖြစ်၏။
ထို့အပြင် ထူးဆန်းသည့် ခံစားမှုတစ်ခုသည် ပြိုင်ဘက်၏ အကြည့်နောက်သို့ လိုက်ပါလာပြီး သူတို့ဘက်ခြမ်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လုရှန်တာသည် သူကိုယ်သူသာမက သူ၏ နောက်ကွယ်မှ အရာများကိုပါ ဖောက်ထွင်းမြင်နေရသကဲ့သို့ ခံစားလိုက်ရ၏။ ထိုရွှေရောင်မျက်လုံးများအောက်၌ ပုန်းကွယ်နိုင်သည့် အရာဟူ၍ မရှိချေ။
"အွပ်..."
ဖုတ်ကောင်တပ်မတော်ကြီး အထက်ရှိ သွေးအလောင်းကောင်သည် ရုတ်တရက် ခေါင်းငိုက်သွားပြီး လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်သည်။ မျက်လုံးအိမ်များထဲမှ သွေးမျက်ရည်များ စီးကျလာ၏။ သို့သော် မျက်လုံးများသည် ပြူးကျယ်နေပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
လုရှန်တာက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ သူ့အကြည့်ကို ရင်မဆိုင်ရဲဘူး။"
ထိုအချိန်၌ လင်းချန်သည် စောစောက မပြီးပြတ်သေးသည့် စကားကို ဆက်ပြောလိုက်သည်။
"မင်းမှာ ကျုပ်ရဲ့ မတူမတန်သလို ငုံ့ကြည့်ခံရတဲ့ အခွင့်အရေးပဲ ရှိတယ်... ဂြိုဟ်သားကောင်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၃ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊