အခန်း ၂၁၅
Vol. 22 Ch. 215
အပိုင်း ၂၁၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"သတ်..."
လင်းချန်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ကျောက်လုံသည် ရှေ့ဆုံးမှ ဦးဆောင်ကာ ထွက်သွား၏။ သူသည် လှံတံအား ဝှေ့ယမ်းပြီး ဟိန်းဟောက်ကာ ပြေးထွက်သွားသည်။
"ချလွင်းးး ချလွင်းးး ချလွင်းးး"
ဓားလှံထုတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး စစ်သည်တော်များအားလုံးသည် ဖုတ်ကောင်တပ်မတော်ဆီသို့ မုန်တိုင်းပမာ ဝင်ရောက်စီးနင်း တိုက်ခိုက်လိုက်ကြ၏။
"အရှင်မင်းမြတ်အတွက်..."
သူတို့သည် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြရာ စစ်သည်တို့၏ ကြွေးကြော်သံများမှာ ကောင်းကင်ယံအား တုန်ခါသွားစေသည်။
ဖျော့တော့သည့် အဝါရောင် ဟွာရှာစိတ်ဝိညာဉ်စွမ်းအားများသည် စစ်သည်တော်များ၏ ခန္ဓာကိုယ်များမှ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသော သံမဏိတံတိုင်းကြီးတစ်ခုအဖြစ် စုစည်းသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပေါ်ရှိ ထူထပ်နေသည့် ဖုန်မှုန့်များ လွင့်စင်သွားပြီး ထာဝရ မှိုင်းညို့နေခဲ့သော တောင်ဘက်အရပ်သည် ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်ပြာအား မြင်တွေ့လိုက်ရသည်။
တောက်ပသည့် နေရောင်ခြည်သည် စစ်သည်တော်များ၏ လေးလံလှသော သံချပ်ကာများပေါ်သို့ ဖြာကျလာ၏။
သွေးအလောင်းကောင်များအား ထိန်းချုပ်ထားသည့် လုရှန်တာသည် အံ့ဩသွားသော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ဖုတ်ကောင်တပ်မတော်အား ရှေ့သို့ ချီတက်ရန် အမိန့်ပေးလိုက်သည်။
နေ့ခင်းဘက်၌ သွေးစွမ်းအင် အကူအညီဖြင့် သူ၏ ဖုတ်ကောင်တပ်မတော်သည် ပိုမို အသက်ဝင်လာပြီး ဖိနှိပ်ရန် ပိုခက်ခဲလာပုံ ပေါက်နေ၏။
သို့သော် ဖုတ်ကောင်တပ်မတော်နှင့် ရန်သူတို့ ထိပ်တိုက်တွေ့ဆုံလိုက်သောအခါ ဖြစ်ပေါ်လာသည့် ရလဒ်က သူ့အား လုံးဝ ကြောင်အမ်းသွားစေသည်။
သွေးနက်မျိုးနွယ်သည် ဖုတ်ကောင်တပ်မတော်အား အားပြုကာ သေခြင်းနယ်မြေ၌ ခြေကုပ်ယူထားနိုင်ဆဲ ဖြစ်၏။
သွေးအလောင်းကောင်များနှင့် မတူဘဲ ဤဖုတ်ကောင်တပ်မတော်သည် ကြောက်ရွံ့ခြင်း မရှိချေ။ သွေးနက်မျိုးနွယ်၏ အမိန့်ကိုသာ နာခံပြီး သတ်ဖြတ်ခြင်းကိုသာ သိကြသည်။ ထို့အပြင် ယခင်ဘဝမှ စိတ်ဝိညာဉ်စွမ်းရည်များအား အလိုအလျောက် အသုံးပြုနိုင်ပြီး တိုက်ခိုက်ရေး ဗီဇများကိုလည်း ထိန်းသိမ်းထားနိုင်ကြ၏။
ထို့အပြင် သွေးအလောင်းကောင်များကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်များမှာ အလွန်တရာ မာကျောပြီး လူသားမျိုးနွယ် သိုင်းဝိညာဉ်ပညာရှင်များ၏ မူလလက်နက်များနှင့် ယှဉ်နိုင်သည့် စွမ်းအားရှိ၏။
အတိတ်ကာလက ဖုတ်ကောင်တပ်မတော် အမြောက်အမြားနှင့် လူသားမျိုးနွယ် သိုင်းဝိညာဉ်ပညာရှင်များအကြား တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ဖူးသည်။ လုရှန်တာ သိထားသည်မှာ သွေးနက်မျိုးနွယ် ဘိုးဘေးတစ်ဦးသည် ရှေးမင်းဆက်တစ်ခု၏ အင်အားစုနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးခြင်းပင်။
ထိုမင်းဆက်၏ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖုတ်ကောင်တပ်မတော်သည် ပြိုင်ဘက်အား လုံးဝ အနိုင်ယူခဲ့သည်။ ထိုမင်းဆက်၏ တပ်မတော်မှာ ထက်ဝက်ကျော် အကျအဆုံး ရှိခဲ့သော်လည်း ဖုတ်ကောင်များမှာမူ ဆယ်ပုံတစ်ပုံသာ ဆုံးရှုံးခဲ့ရ၏။
သို့သော် လက်ရှိအချိန်၌ သူ၏ မျက်စိရှေ့၌ ဖြစ်ပျက်နေသည့် အရာက လုရှန်တာ၏ ရင်ထဲအား အေးစက်သွားစေသည်။
ပြိုင်ဘက်၏ တပ်မတော်သည် သံမဏိရေစီးကြောင်းကြီးတစ်ခုအလား သူ၏ ဖုတ်ကောင်တပ်မတော်၏ စစ်ကြောင်းအား ချက်ချင်းပင် လူစုကွဲသွားစေ၏။
ရှေ့ဆုံး၌ ကြီးမားထွားကျိုင်းပြီး လေးလံသည့် သံချပ်ကာ ဝတ်ဆင်ထားသော လူများက ဧရာမဒိုင်းကြီးများကို ကိုင်ဆောင်ထားကြ၏။ ဤဒိုင်းကာစစ်သည်များ ရှိနေခြင်းကြောင့် ဖုတ်ကောင်တပ်မတော်သည် ပြိုင်ဘက်၏ ရှေ့တိုးလာမှုကို မတားဆီးနိုင်ဘဲ ဆက်တိုက် ကျူးကျော်ဝင်ရောက်လာသည်ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်၏။
ထိုမျှမကသေးချေ။ ဒိုင်းကာစစ်သည်များ၏ အနောက်၌ လှံရှည်ကိုင်စစ်သည်များ ရှိနေပြီး ဒိုင်းကာစစ်သည်များကြောင့် ဟန်ချက်ပျက်သွားသည့် ဖုတ်ကောင်များအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေကြသည်။
ဒိုင်းကာစစ်သည်များ၏ အကာအကွယ်ဖြင့် ဤလှံကိုင်စစ်သည်များမှာ ပစ်မှတ်တိုင်းအား တိကျစွာ ထိမှန်အောင် တိုက်ခိုက်နိုင်ကြ၏။
လုရှန်တာက စွမ်းအားကြီးသည့် ဖုတ်ကောင်များအား ဒိုင်းကာစစ်သည်များဆီသို့ ဝင်တိုက်ရန် အမိန့်ပေးလိုက်သောအခါ ပုဆိန်ကိုင်စစ်သည်များက ကြားဖြတ် တိုက်ခိုက်ကြပြန်သည်။
ဤတပ်ဖွဲ့များမှာ ကြမ်းတမ်းစွာ တိုက်ခိုက်ကြပြီး ပုဆိန်များကို အားကုန် လွှဲယမ်းကာ ရန်သူအား သတ်ဖြတ်ရန်အတွက်သာ ရည်ရွယ်ပြီး တိုက်ခိုက်ကြ၏။ သူတို့၏ သတ်ဖြတ်နိုင်စွမ်းမှာ အံ့မခန်းပင်။
ဤပုဆိန်ကိုင်တပ်ဖွဲ့များ၏ ရှေ့၌ စွမ်းအားကြီးသော ဖုတ်ကောင်များမှာ အသာစီးမရဘဲ ထိုးကွက်အနည်းငယ် အပြန်အလှန် ဖလှယ်ပြီးနောက် အပိုင်းပိုင်း ခုတ်ထစ်ခံရကာ မြေပေါ်သို့ လဲကျသွားရ၏။
အခြားရွေးချယ်စရာ မရှိသဖြင့် လုရှန်တာသည် ပိုမို လျင်မြန်သည့် ဖုတ်ကောင်များအား ပုဆိန်ကိုင်တပ်ဖွဲ့များကို ရှောင်ကွင်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်သော်လည်း ဓားသိုင်းတပ်ဖွဲ့များက ပိတ်ဆို့ထားပြန်၏။
ဓားသိုင်းတပ်ဖွဲ့များသည် ပုဆိန်ကိုင်တပ်ဖွဲ့များကဲ့သို့ တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ဓားသိုင်းကွက်များမှာ မျက်စိကျိန်းလောက်အောင် လျင်မြန်ပြီး ဖုတ်ကောင်များအား ထိန်းချုပ်ထားနိုင်ကာ ပို၍ပင် လျင်မြန်သွက်လက်ကြသည်။
တောက်ပသော ဓားအလင်းရောင်အောက်၌ ဖုတ်ကောင်များသည် အားနည်းချက်များကို ထုတ်ပြမိသကဲ့သို့ ဖြစ်သွားပြီး ဒန်ထျန်အား ဓားဖြင့် အထိုးခံရကာ တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားကြ၏။
စိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် လုရှန်တာသည် ဖုတ်ကောင်တပ်မတော်၏ တစ်စိတ်တစ်ပိုင်းအား လေပေါ်သို့ ခုန်တက်စေပြီး ဒိုင်းကာစစ်သည်များ၏ အကွာအဝေးအား ကျော်ဖြတ်ကာ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန် အမိန့်ပေးလိုက်၏။
"ဒီလိုဆိုရင်တော့ မင်း... ငါ... တောက်... ဒါ ဘယ်လိုတိုက်ပွဲမျိုးလဲကွ"
လုရှန်တာက ချက်ချင်းပင် ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ အမိန့်ပေးလိုက်သည့် ဖုတ်ကောင်တပ်မတော်မှာ လေပေါ်သို့ ခုန်တက်ပြီး ကျော်ဖြတ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် အနောက်ဘက်မှ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော မြှားမိုးများ ရွာကျလာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
စိတ်ဝိညာဉ်စွမ်းအားမြှား တစ်စင်းစီသည် လှပသည့် မျဉ်းကွေးတစ်ခုအား ပုံဖော်ပြီး ပျံသန်းလာရာ မျက်လုံးပါသကဲ့သို့ ထိုဖုတ်ကောင်များအား ပစ်မှတ်ထားပြီး တစ်ကောင်ချင်းစီကို ပစ်ချလိုက်သည်။
ဖုတ်ကောင်တစ်ကောင်က ကံကောင်းထောက်မစွာဖြင့် ဒန်ထျန်အား မထိမှန်လျှင်ပင် ရုတ်တရက် ဖြတ်သန်းသွားသော အရိပ်မည်းတစ်ခု၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထိုအရိပ်မည်း ပျောက်ကွယ်သွားသောအခါ ဖုတ်ကောင်၏ မျက်လုံးများထဲရှိ သွေးရောင်အလင်းတန်းများ မှေးမှိန်သွားပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွား၏။
ဘီလူးသရဲမျိုးနွယ် သွေးအလောင်းကောင်က နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
သို့သော် နောက်တစ်ခဏမှာပင် ထက်ရှသည့် လှံသွားတစ်ခုသည် အရှိန်အဟုန်ဖြင့် နီးကပ်လာ၏။ မာန်မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက်လာသဖြင့် ခုခံရန် မဆိုထားနှင့် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။
"ဘုန်းးး"
ဤဘီလူးသရဲမျိုးနွယ် သွေးအလောင်းကောင်၏ ခေါင်းသည် လှံချက်ကြောင့် ချက်ချင်း ပေါက်ကွဲသွားပြီး ပြင်းထန်သည့် အားကြောင့် အလောင်းကောင်မှာ အသားစများအဖြစ် ပြောင်းလဲသွား၏။
ကျောက်လုံက လှံရှည်ကို တစ်ချက်ခါလိုက်ရာ လှံသွားပေါ်ရှိ သွေးများ စင်ထွက်သွားသည်။ သူက အထင်သေးစွာ ပြောလိုက်၏။
"အမှိုက်ကောင်..."
"ရွှီးးး ရွှီးးး"
ထိုအချိန်မှာပင် လေအား ခွင်းသည့် အသံနှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အရပ်ရှည်ရှည် တစ်ကောင်နှင့် ပုပြတ်ပြတ် တစ်ကောင်... သွေးအလောင်းကောင် နှစ်ကောင်သည် ကြီးမားသော အရှိန်အဟုန်ဖြင့် ကျောက်လုံအနားသို့ ရုတ်တရက် ရောက်ရှိလာ၏။
လော့လီ ၊ မိုအာ။
ဘီလူးသရဲမျိုးနွယ်နှင့် လူပုသရဲမျိုးနွယ်တို့၏ ခေါင်းဆောင်နှစ်ဦးသည်လည်း သွေးအလောင်းကောင်များအဖြစ် ပြောင်းလဲခံလိုက်ရပြီ ဖြစ်၏။
ဤသွေးအလောင်းကောင် နှစ်ကောင်ထံမှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်နေသဖြင့် နဂါးကိုးကောင် ပလ္လင်တော်ထက်၌ ထိုင်နေသည့် လင်းချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။
"သေခြင်းရှင်ခြင်း နယ်ပယ်... ခန္ဓာနယ်ပယ်လား"
သွေးအလောင်းကောင်များထံမှ ထွက်ပေါ်လာသည့် ဖိနှိပ်မှု အရှိန်အဝါသည် လင်းချန်နှင့် အလွန် ရင်းနှီးနေပြီး ကောယွဲ့ဖေး၏ အရှိန်အဝါနှင့် အလွန် နီးစပ်နေ၏။ မည်သည့်နယ်ပယ် ရောက်နေသနည်း ဆိုသည်ကို သူ သိပ်စဉ်းစားစရာမလိုဘဲ ခန့်မှန်းနိုင်လိုက်သည်။
သို့သော်...
"ဘုန်းးး ဘုန်းးး"
ကျယ်လောင်သော တိုက်ခိုက်သံ နှစ်သံ ထွက်ပေါ်လာပြီး ကျောက်လုံအနားသို့ ကပ်လာသည့် သွေးအလောင်းကောင် နှစ်ကောင်သည် တစ်ဖန် ပြန်လည် လွင့်စင်သွားကြသည်။ ကိုက်အတော်များများ လွင့်ထွက်သွားပြီးမှ ခန္ဓာကိုယ်များအား ပြန်လည် ထိန်းသိမ်းနိုင်လိုက်ကြ၏။
မြောက်ဘက်ရှိ ခန်းမဆောင်ကြီးထဲ၌ လုရှန်တာသည် မယုံကြည်နိုင်စွာဖြင့် မတ်တပ်ရပ်လိုက်မိပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဘာ..."
လော့လီနှင့် မိုအာသည် သူ ထိန်းချုပ်ထားသမျှထဲ၌ အသန်မာဆုံး သွေးအလောင်းကောင်များ ဖြစ်ကြ၏။ သန့်စင်ပြီးနောက် သေခြင်းရှင်ခြင်း နယ်ပယ်၊ ခန္ဓာနယ်ပယ်သို့ပင် အဆင့်တက်ထားကြသည်။
ယုတ္တိနည်းအရ ကြည့်မည်ဆိုလျှင် ကောင်းကင်နယ်ပယ် ကိုးဆင့်သာ ရှိသေးသည့် နဂါးနက်ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားသော ဤလူသည် သေခြင်းရှင်ခြင်းနယ်ပယ် သွေးအလောင်းကောင် နှစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။
ထိုအချိန်၌ လေထဲ၌ ရှိနေသည့် ကျောက်လုံသည် နှင်းဖြူရောင် လှံရှည်အား မြှောက်လိုက်ပြီး လှံသွားဖြင့် သွေးအလောင်းကောင် နှစ်ကောင်ကို တည့်တည့်ချိန်လိုက်၏။
"စိတ်ပျက်စရာပဲ... ဒေါသထွက်လောက်အောင်ကို စိတ်ပျက်စရာ ကောင်းတယ်"
"စည်းကမ်းမရှိ၊ ညီညွတ်မှုမရှိ၊ တိုက်ခိုက်နိုင်စွမ်းလည်း မရှိတဲ့ ဒီလိုစစ်တပ်ကို အားကိုးပြီးတော့... နယ်ပယ်အဆင့်သာ ရှိပြီး တိုက်ခိုက်နိုင်စွမ်း မရှိတဲ့ အလောင်းကောင်သက်သက်တွေနဲ့များ အရှင်မင်းမြတ်ကို စော်ကားရဲတယ်... ဟွာရှာအင်ပါယာကိုတောင် ရန်စရဲတယ်ပေါ့လေ"
"သိက္ခာကျလိုက်တာ... ဒါက သိက္ခာကျစရာ သက်သက်ပဲ။ ဒီလို အမှိုက်ကောင်တွေကို တိုက်ဖို့အတွက် ၅ သန်း ပါတဲ့ တပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့တင် လုံလောက်နေပြီကို... ငါက ၁၀ သန်း တောင် စုစည်းပြီး ခေါ်လာမိတယ်"
သွေးအလောင်းကောင် လော့လီနှင့် မိုအာတို့ကို ထိန်းချုပ်ထားသော လုရှန်တာသည် ဆွံ့အသွားပြီး နဂါးကိုးကောင် ပလ္လင်တော်ထက်၌ မြင့်မားစွာ ထိုင်နေသည့် လင်းချန်ကို သွေးအလောင်းကောင်များ၏ သွေးရောင်မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ရုံသာ တတ်နိုင်၏။
၁၀ သန်း... ထိုသည်က ရှေးမင်းဆက်တပ်မတော်အား တိုက်ခိုက်ခဲ့စဉ်က သွေးနက်မျိုးနွယ် ဘိုးဘေးတို့၏ စုစုပေါင်း အရေအတွက်ပင်။ သို့သော် လက်ရှိ၌ကား ပြိုင်ဘက်၏ တပ်ဖွဲ့ တစ်ဖွဲ့တည်းတဲ့လား။
တပ်ဖွဲ့တစ်ဖွဲ့တည်းနှင့်ပင် လူအင်အား ၁၀ သန်း ရှိသည်ဆိုတော့... ဟွာရှာအင်ပါယာ၏ အင်အားက မည်မျှလောက်တောင် ကြောက်စရာကောင်းနေမည်နည်း။
လုရှန်တာသည် သွေးအလောင်းကောင် လော့လီကို ထိန်းချုပ်လျက် လင်းချန်ကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ"
လင်းချန်သည် ရွှေရောင်မျက်လုံးများဖြင့် သွေးအလောင်းကောင်ကို စိုက်ကြည့်လိုက်ရာ သွေးအလောင်းကောင်မှာ အကြည့်ချင်း မဆုံရဲဘဲ အလျင်အမြန်ပင် အကြည့်လွှဲလိုက်ရ၏။
ထို့နောက် သူက ပြန်ပြောလိုက်၏။
"ခင်ဗျား အခုထိ စဉ်းစားမရသေးဘူးလား..."
"ဟွာရှာအင်ပါယာရဲ့ ဧကရာဇ်လေ"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊