အခန်း ၂၁၆
Vol. 22 Ch. 216
အပိုင်း ၂၁၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"ခလွမ်... ခလွမ်... ဒေါင်... ဒိုင်း..."
တိုက်စစ်သင်္ဘောပေါ်ရှိ လူတိုင်း၏ လက်ထဲမှ လက်နက်များမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။
'လင်းချန်နဲ့အတူ သေတူရှင်တူ တိုက်ပွဲဝင်မယ် ဟုတ်လား...'
လက်ရှိအချိန်၌ ပြန်စဉ်းစားကြည့်လိုက်သောအခါ သူတို့ အစောပိုင်းက ပြောခဲ့သော စကားများမှာ ရယ်စရာကောင်းနေသကဲ့သို့ ဖြစ်နေတော့၏။
လင်းချန်သည် အစကတည်းက အဘယ်ကြောင့် တည်ငြိမ်နေခဲ့သနည်း။ အရာအားလုံးကို သူ ကိုင်တွယ်ဖြေရှင်းမည်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း ဆိုသည်ကို ယခုအခါ၌ သူတို့ ကောင်းစွာ နားလည်သွားကြလေပြီ။
ထို့အပြင် လင်းချန်သည် သူတို့နှင့် တိုင်ပင်ဆွေးနွေးစဉ်က လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်အား သူတို့ကိုယ်တိုင် ဖြေရှင်းမှသာ မိမိကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အဘယ်ကြောင့် အလေးထား ပြောကြားခဲ့သည်ကိုလည်း သဘောပေါက်သွားကြ၏။
လက်ရှိအချိန်၌မူ ဤကဲ့သို့သော စစ်တပ်ကြီး၏ ရှေ့မှောက်တွင် ထိုသရဲမျိုးနွယ်တို့မှာ ပြောပလောက်သည့် အရာများ မဟုတ်သည်ကို သူတို့ သိလိုက်ရလေပြီ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုမျိုးနွယ်စုများအား အမြစ်ပြတ် ချေမှုန်းပစ်နိုင်ပေသည်။
သတိပြုရမည်မှာ လက်ရှိအချိန်၌ ရှိနေသော ဖုတ်ကောင်တပ်မတော်သည် အရေအတွက် သန်း ၃၀ ကျော်ရှိပြီး တစ်ကောင်ချင်းစီသည် ကောင်းကင်နယ်ပယ် အဆင့်တွင် ရှိနေကြခြင်းပင်။
နဂါးနက်ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီးက ရှင်းလင်းပြတ်သားစွာ ပြောခဲ့သည့်အတိုင်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တော်ဝင်တပ်မတော်မှာ ၁၀ သန်း သာ ရှိလေ၏။
ပုံမှန်အခြေအနေတွင်ဆိုလျှင် အရေအတွက်များသောဘက်က အသာစီးရပြီး အနိုင်ရရန် အခွင့်အလမ်း ပိုများ၏။
သို့သော် လက်တွေ့၌မူ ဟွာရှာအင်ပါယာ တပ်ဖွဲ့များထက် သုံးဆပိုများသော ဖုတ်ကောင်တပ်မတော်သည် လုံးဝ ချေမှုန်းခံနေရပြီး ခုခံနိုင်စွမ်း မရှိသလောက်ပင် ဖြစ်နေလေသည်။
တိုက်စစ်သင်္ဘောပေါ်တွင် ရပ်နေသော လျူဝေက စူးစမ်းလိုစိတ်ဖြင့် "အရမ်း ထူးဆန်းတယ်... ဖုတ်ကောင်တပ်မတော်က ပုံစံအမျိုးမျိုး ပြောင်းပြီး တိုက်ခိုက်ဖို့ ကြိုးစားပေမဲ့ သူတို့ လှုပ်ရှားလိုက်တာနဲ့ အရှင်မင်းမြတ်ရဲ့ စစ်တပ်က ချက်ချင်း ဟန့်တားလိုက်နိုင်တယ်... သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြိုမြင်နေရသလိုပဲ"
လီရီကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်ထောက်ခံကာ "မှန်တယ်... မမြင်ရတဲ့ လက်တစ်ဖက်က စစ်တပ်ကို ထိန်းချုပ်နေသလိုပဲ။ ဖုတ်ကောင်တပ်မတော်ရဲ့ လှုပ်ရှားမှုတိုင်းက ရယ်စရာ ဖြစ်နေရတယ်"
ချန်လင်းသည်လည်း အံ့သြမဆုံး ဖြစ်ကာ သက်ပြင်းချ၍ "ဒါ့အပြင် ရုတ်တရက် ပေါ်ထွက်လာတဲ့ အရှင်မင်းမြတ်ရဲ့ တပ်ဖွဲ့တွေကလည်း... ပူးပေါင်းဆောင်ရွက်မှုက အရမ်းကို ကောင်းမွန်လွန်းတယ်"
တိုက်စစ်သင်္ဘောပေါ်ရှိ လူသားများ အံ့သြနေကြစဉ် မြောက်ဘက်ရှိ မှောင်မိုက်နေသည့် ခန်းမဆောင်ကြီးအတွင်း၌ လုရှန်တာသည် အလွန်အမင်း စိတ်ပျက်အားငယ်ကာ စိုးရိမ်ပူပန်နေလေ၏။
လုရှန်တာသည် ယခင်က မာန်မာနများနှင့် ကျေနပ်အားရမှုများ ပျောက်ဆုံးသွားလေပြီ ဖြစ်ကာ စိုးရိမ်သောကများဖြင့် ပြည့်နှက်နေလျက် ရေရွတ်လိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘာအဓိပ္ပာယ်မှ မရှိဘူး"
သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ ခန္ဓာကိုယ်အား ရရှိထားခြင်းကြောင့် လုရှန်တာသည် သန်း ၃၀ ကျော်ရှိသော ဖုတ်ကောင်တပ်မတော်အား လွတ်လပ်စွာ ထိန်းချုပ်နိုင်လေ၏။ တစ်ချိန်တည်းမှာပင် လင်းချန်၏ တပ်မတော်သည် ၁၀ သန်းသာ ရှိကြောင်းကိုလည်း သူ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
သို့သော် တိုက်ပွဲအခြေအနေမှာမူ တစ်ဖက်သတ် ဖြစ်နေ၏။
ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရာတွင် သူတို့ဘက်မှ လုံးဝ ကြေမွသွားခြင်းမှာ အဓိပ္ပာယ် မရှိလွန်းလှချေ။
ဝက်ဝံများကဲ့သို့ သန်မာထွားကျိုင်းပြီး ဧရာမဒိုင်းကြီးများအား ကိုင်ဆောင်ထားသည့် စစ်သည်များမှာ ထိုးဖောက်၍ မရနိုင်သော ကြေးတံတိုင်း၊ သံတံတိုင်းကြီးများအလား ခိုင်မာတောင့်တင်းကြ၏။ ထို့အပြင် သူတို့၏ အနောက်တည့်တည့်၌ လှံရှည်ကိုင်စစ်သည်များ ရှိနေပြီး ရုတ်တရက် ထိုးနှက်တိုက်ခိုက်တတ်ကြသည်။
မြေပြင်၌ ဓားသိုင်းသမားများနှင့် ပုဆိန်ကိုင်သမားများက နေရာယူထားပြီး စွမ်းအားကြီးသော ပုဆိန်ကိုင်သမားများသည် ဓားသိုင်းသမားများအတွက် လျင်မြန်သွက်လက်စွာ ကာကွယ်ပေးကြ၏။ ရေလုံပြာလုံ ဖြစ်နေသဖြင့် ဖောက်ထွင်းဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ကောင်းကင်ယံ၌မူ လေးသမားများက ဖိနှိပ်ထားသဖြင့် ဖုတ်ကောင်တပ်မတော်မှာ မြေပြင်တပ်ဖွဲ့လေးမျိုးနှင့်သာ ထိပ်တိုက်ရင်ဆိုင်ရန် အတင်းအဓမ္မ တွန်းပို့ခံရသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ဘယ်နေရာကမှန်းမသိ ရုတ်တရက် ပေါ်ထွက်လာတတ်သည့် သရဲတစ္ဆေကဲ့သို့သော လေဟုန်စစ်သည်များလည်း ရှိသေး၏။ ဖုတ်ကောင်တစ်ကောင်၏ ခြေလက်အင်္ဂါ ပြတ်တောက်သွားချိန် သို့မဟုတ် လွတ်မြောက်သွားချိန်မျိုး၌ သူတို့ ပေါ်ထွက်လာပြီး အပြီးသတ် သုတ်သင်သွားတတ်ကြသည်။
လုရှန်တာ မည်သို့ပင် စီစဉ်ပါစေ၊ သူ၏ တပ်ဖွဲ့များအား မည်သို့ပင် ကြိုးကိုင်ပါစေ ဖုတ်ကောင်တစ်ကောင်က ပုံမှန်မဟုတ်သော လှုပ်ရှားမှု ပြုလုပ်လိုက်သည်နှင့် ချက်ချင်းပင် ဖော်ထုတ်ခံရပြီး ရှင်းလင်းခံလိုက်ရ၏။
သူ၏ ဝှက်ဖဲများ ဖြစ်ကြသည့် သေခြင်းရှင်ခြင်း နယ်ပယ်၊ ခန္ဓာနယ်ပယ် အဆင့်ရှိ သွေးအလောင်းကောင် နှစ်ကောင်သာ စစ်ပွဲထဲသို့ ဝင်ရောက်နိုင်ပါက တိုက်ပွဲအခြေအနေအား ပြောင်းလဲနိုင်မလားဟု တွေးထင်ခဲ့သည်။
ကြီးမားသော အင်အား၏ ရှေ့မှောက်တွင် အရေအတွက်ဟူသည် အကန့်အသတ်တစ်ခုအထိသာ ထိရောက်မှု ရှိနိုင်သည် မဟုတ်ပါလော။
သို့သော် ကောင်းကင်နယ်ပယ် ကိုးဆင့်သာ ရှိသော လူတစ်ယောက်တည်းက သွေးအလောင်းကောင် နှစ်ကောင်စလုံးအား တားဆီးထားနိုင်ရုံသာမက အသာစီးပင် ရယူထားနိုင်လေ၏။
ဖုတ်ကောင်တပ်မတော်၏ အားသာချက်မှာ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ရိုင်းစိုင်းကြမ်းကြုတ်ခြင်း၊ သတ်ဖြတ်ခြင်းကိုသာ အာရုံစိုက်ခြင်း၊ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်များ ရှိခြင်းနှင့် အသက်ရှင်စဉ်ကထက် ပိုမို အားကောင်းသည့် တိုက်ခိုက်နိုင်စွမ်း ရှိခြင်းတို့ပင်။
အတိတ်ကာလက သွေးနက်မျိုးနွယ် ဘိုးဘေးများသည် ရှေးမင်းဆက်အား အနိုင်ယူနိုင်ခဲ့ခြင်းမှာ ဤအချက်များကြောင့်ပင် ဖြစ်၏။
ဖုတ်ကောင်များသည် အမှန်တကယ်ပင် သေသည်အထိ တိုက်ခိုက်နိုင်ကြသည်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပျက်စီးစေရလျှင်ပင် သွေးနက်မျိုးနွယ်အတွက် ဘာမှ ဆုံးရှုံးစရာ မရှိသည့် နည်းဗျူဟာဖြစ်၏။ သို့သော် ရှေးမင်းဆက်၏ တပ်မတော်မှာမူ မတူညီချေ။ စစ်သည်များနှင့် တပ်မှူးများသည် လူသားများ ဖြစ်ကြသဖြင့် သေချာပေါက် ကြောက်ရွံ့တတ်ကြသည်။
သို့သော် လင်းချန်၏ တပ်မတော်ရှေ့၌မူ ထိုအချက်သည် ပျောက်ကွယ်သွား၏။
လင်းချန်၏ တော်ဝင်တပ်မတော်ရှိ စစ်သည်များ၏ အေးစက်သော မျက်လုံးများထဲ၌ ကြောက်ရွံ့မှုဟူသည် လုံးဝ မရှိချေ။ သူတို့သည် လူသားများနှင့် မတူတော့ဘဲ အေးစက်သည့် စစ်လက်နက်ကိရိယာများနှင့် ပိုတူနေကြသည်။
ဟွာရှာအင်ပါယာ၏ စစ်သည်များမှာ အသွေးအသား ရှိကြပြီး သက်ရှိများနှင့် တူညီသော်လည်း အမှန်တကယ်၌ ဉာဏ်ရည်တု ထည့်သွင်းထားသော ရုပ်သေးရုပ်များနှင့် တူညီကြောင်းကို လုရှန်တာ သိနိုင်မည် မဟုတ်ချေ။
သေသည်အထိ တိုက်မလား။
အပြန်အလှန် ဖျက်ဆီးမလား။
ကြိုက်သလို လာစမ်းပါ... ဘယ်သူက ကြောက်နေလို့လဲ။ စစ်သည်တစ်ယောက် သေဆုံးသွားလျှင် အင်ပါယာအနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ထပ်မံ ဖန်တီးလိုက်ရုံသာ ဖြစ်၏။
သွေးအလောင်းကောင်များမှာ ဤခန္ဓာကိုယ်ပိုင်ရှင် လုရှန်တာက စိတ်ဝိညာဉ်စွမ်းရည်များအား အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်၏။ မူလကုန်ကြမ်းမှာ တန်ယွမ်ဂိုဏ်း၏ အပြင်စည်းတပည့်များပင် ဖြစ်ကြသည်။
အပြင်စည်းတပည့်များ၏ ကျင့်ကြံခြင်းနယ်ပယ်များ ကွဲပြားသလို သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများမှာလည်း ကွဲပြားကြသည်။
ထို့ကြောင့် သွေးအလောင်းကောင်များထဲ၌ အားနည်းသူနှင့် အားကြီးသူဟူ၍ ရှိကြ၏။ လုရှန်တာသည် သူတို့၏ အင်အား၊ အရွယ်အစားနှင့် တိုက်ခိုက်ပုံအပေါ် မူတည်ပြီး အဖွဲ့အမျိုးမျိုး ဖွဲ့စည်းထားသော်လည်း လင်းချန်၏ စစ်တပ်ရှေ့၌မူ ဟာသတစ်ခုသဖွယ် ဖြစ်နေတော့သည်။
တပ်ဖွဲ့ခွဲတစ်ခုစီမှ စစ်သည်များမှာ လုံးဝ တူညီသည့် ခန္ဓာကိုယ် တည်ဆောက်ပုံများ ရှိကြပြီး မျက်နှာများမှာလည်း အလွန် ဆင်တူကြ၏။ တစ်ဦးချင်းစီ၌ ရှင်းလင်းသော အလုပ်တာဝန် ခွဲဝေမှုများ ရှိကြသည်။
လုရှန်တာသည် ဖုတ်ကောင်များ လျင်မြန်စွာ လျော့နည်းသွားသည်ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်သဖြင့် ရူးသွပ်လုမတတ် ဖြစ်နေလေပြီး ရေရွတ်လိုက်၏။ "တူညီတဲ့ စိတ်ဝိညာဉ်စွမ်းရည် ပိုင်ဆိုင်ထားတဲ့ လူဆယ်သန်း... သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ညီအစ်ကိုအရင်း ဆယ်သန်းလိုပဲ။ လူသားတွေက မျိုးပွားနိုင်တယ် ဆိုပေမဲ့... တောက်... စစ်တပ်တစ်ခုလုံးကို မွေးထုတ်ပေးနိုင်တဲ့ အမျိုးသမီး ရှိတယ်လို့တော့ ငါ မယုံနိုင်ဘူးကွာ"
ရန်သူ့တပ်ဖွဲ့များမှာ သံမဏိသတ္တဝါကြီး တစ်ကောင်ကဲ့သို့ တစ်သားတည်း ဖြစ်နေပြီး ဖုတ်ကောင်နှင့် သွေးအလောင်းကောင်များအား ဆွဲဖြဲဝါးမျိုနေလေ၏။
တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်ကာ အနိုင်အရှုံးမှာလည်း ပေါ်သွားပြီ။
ကျောက်လုံက မိုအာအား သန့်စင်ထားသည့် သွေးအလောင်းကောင်ကို သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ လင်းချန်၏ မျက်လုံးများထဲမှ ရွှေရောင်အလင်းတန်းများ မှေးမှိန်သွား၏။ စစ်မြေပြင်တစ်ခုလုံးအား စောင့်ကြည့်ရန်နှင့် စစ်သည်ဆယ်သန်းပါဝင်သည့် တပ်ဖွဲ့အား ထိန်းညှိရန်အတွက် ဧကရာဇ်မျက်လုံးကို အားကိုးစရာ မလိုတော့ချေ။
လီရီ ပြောခဲ့သည့် မမြင်ရသည့်လက် ဆိုသည်မှာ အမှန်တော့ လင်းချန်ပင် ဖြစ်၏။
ဧကရာဇ်မျက်လုံးအား ဖွင့်လိုက်သည်နှင့် လင်းချန်သည် စစ်မြေပြင်တစ်ခုလုံး၏ အသေးစိတ် အချက်အလက်များကို အပြည့်အဝ စောင့်ကြည့်နိုင်ပြီး စစ်သည်တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများကိုပါ မြင်တွေ့နိုင်၏။
တစ်ချိန်တည်းမှာပင် နဂါးကိုးကောင် ပလ္လင်တော်ထက်၌ ထိုင်လျက် လင်းချန်သည် ယခင်ဘဝ ဂိမ်းကစားစဉ်က နိုင်ငံအချင်းချင်း တိုက်ခိုက်သည့် စစ်ပွဲများကဲ့သို့ပင် စစ်တပ်အား စိတ်အာရုံဖြင့် တိုက်ရိုက် ထိန်းချုပ်နိုင်လေသည်။
ယခင်ဘဝ၌ လင်းချန် လွှမ်းမိုးကြီးစိုးနိုင်ခဲ့ခြင်းမှာ ငွေအများကြီး သုံးနိုင်သော ဟွာရှာငွေကြေး ကစားသမား ဖြစ်ခဲ့ခြင်းကြောင့် တစ်ခုတည်း မဟုတ်ချေ။ အခြားသော ငွေကြေးချမ်းသာသည့် ကစားသမားများ ရှိသော်လည်း ကွဲပြားသွားစေသည့် အချက်မှာ တိုက်ပွဲကြီးများအတွင်း အသေးစိတ် အချက်အလက်များကို ထိန်းချုပ်နိုင်စွမ်းပင် ဖြစ်၏။
'သူက ချမ်းသာတယ်၊ လုပ်ချင်တာလုပ်တယ်၊ ပြီးတော့ ကျွမ်းကျင်မှု ရှိတယ်'
ဂြိုဟ်သား၏ ဖုတ်ကောင်စစ်တပ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ လင်းချန်၏ မျက်လုံးထဲ၌ ကလေးကစားစရာ သဖွယ်သာ ဖြစ်၏။ သူသည် သန်းချီသော စစ်တပ်ကို လွယ်ကူစွာ သုတ်သင်ရှင်းလင်းနိုင်သည်။
မူလပြည်နယ် ကမ္ဘာငယ်လေးအတွင်း၌ အရာအားလုံး ပြီးဆုံးလုနီးပါး ဖြစ်နေသော်လည်း အပြင်ဘက်၌မူ ယီစင်းနှင့် အခြားသူများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။
ယီစင်း၏ စိုးရိမ်နေသည့် မျက်နှာအား ကြည့်ပြီး ဝေဝူရွှမ်က လက်ကို နောက်ပစ်လျက် နှစ်သိမ့်ပေးလိုက်သည်။ "စိတ်မပူပါနဲ့... ဒီတိုက်စစ်သင်္ဘောထဲမှာ နောက်လိုက် တစ်သိန်းလောက် ရှိတာဆိုတော့... အဲဒီ ကမ္ဘာငယ်လေးထဲမှာ သူ တိုက်စစ်သင်္ဘောတစ်စင်း တည်ဆောက်ထားတယ်ဆိုရင် အနည်းဆုံးတော့ လူတစ်သိန်းလောက် ရှိမှာပါ။ ဘာ စိတ်ပူစရာ ရှိလို့လဲ"
ယီစင်းက ခေါင်းကို အနည်းငယ်ခါကာ ပြောလိုက်၏။ "စီနီယာဝေ... အဲဒီလို ပြောလို့ မရဘူး။ ချန်လေး ပြောဖူးတာက ဒါက ပင်မတိုက်စစ်သင်္ဘော မို့လို့ ကာကွယ်သူ တစ်သိန်း ရှိတာတဲ့။ ဒုတိယတန်းစား တိုက်စစ်သင်္ဘောတွေမှာက လူတစ်ရာလောက်ပဲ ပါတာ... ချန်လေးဆီမှာ လူတစ်ရာလောက်ပဲ ရှိမှာကို ကျွန်မ စိုးရိမ်တယ်။ သူ ရင်ဆိုင်နေရတာက သေခြင်းရှင်ခြင်း နယ်ပယ် အဆင့်ရှိတဲ့ ဂြိုဟ်သားတွေလေ"
ယီစင်း၏ စကားများက ဝေဝူရွှမ်အား သဘောပေါက်သွားစေ၏။ သူသည် နတ်ဓားဂိုဏ်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး စိုးရိမ်စိတ်များ ဝင်ရောက်လာတော့သည်။
လူတစ်ရာတည်းလား။
အကယ်၍ လုရှန်တာသာ ယီစင်းနှင့် ဝေဝူရွှမ်တို့၏ စိုးရိမ်ပူပန်မှုကို သိရှိခဲ့ပါက သေချာပေါက် ဆဲဆိုကြိမ်းမောင်းမိပေလိမ့်မည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊