အခန်း ၂၁၈
Vol. 22 Ch. 218
အပိုင်း ၂၁၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ နှုတ်ဖျားမှ ထိုနာမည် ထွက်ပေါ်လာသည်နှင့် လုရှန်တာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အလောတကြီး အော်ဟစ်လိုက်၏။
"နန်... နန်ရှန်း။"
"သွေးနက်ဧကရာဇ်..."
"ရှေးဟောင်းခေတ်တုန်းက ငါတို့မျိုးနွယ်ရဲ့ ခေါင်းဆောင်... မင်း ဘယ်လိုလုပ် သူ့နာမည်ကို သိနေတာလဲ။"
လင်းချန်က တောင်းပန်သည့်ဟန် မျက်နှာထားဖြင့် ပခုံးတွန့်ပြလိုက်သည်။
"အိုး... ဆောရီးပါ... ကျုပ်က သူ့နာမည်ကို သိရုံတင် မဟုတ်ဘူး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ် သူ့ကို သတ်လိုက်မိတယ်။"
"မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သူ ဘေးကင်းမယ်လို့ မျှော်လင့်ထားပုံရတယ်... စိတ်ပျက်သွားစေတဲ့အတွက် တောင်းပန်ပါတယ်။"
လုရှန်တာသည် ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း အော်ဟစ်ရုန်းကန်လိုက်ရာ သူ၏ ကိုယ်၌ ချည်နှောင်ထားသည့် အဖြူရောင်အလင်းတန်းသံကြိုးများ ပိုမို တင်းကျပ်သွား၏။
"ဒါ မဖြစ်နိုင်ဘူး... နန်ဧကရာဇ်က သိုင်းဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားခဲ့တဲ့ ရှေးဟောင်းခေတ်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်လေ။ မင်းလို လူငယ်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ဘယ်လိုလုပ် သေနိုင်မှာလဲ။"
လုရှန်တာ၏ မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာကို ကြည့်ကာ လင်းချန်က ဂရုမစိုက်သလို ပြောလိုက်သည်။
"အဲဒါ ဘာများ အံ့ဩစရာ ရှိလို့လဲ။ မင်းတို့ အထွတ်အမြတ်ထားတဲ့ နန်ဧကရာဇ်က အစီအရင်တစ်ခုနဲ့ ချုပ်နှောင်ပိတ်လှောင်ခံထားရတာ။ အဲဒီချုပ်နှောင်ရေးအစီအရင်ကို ပြုပြင်ပြောင်းလဲဖို့ ကျုပ်လူတွေကို ခိုင်းလိုက်ပြီး သူ့ကို အရှင်လတ်လတ် သွေးနဲ့အသားအစီအရင်အဖြစ် သန့်စင်လိုက်တာ။ သာမန် သွေးနဲ့အသားစွမ်းအင်ထက် အများကြီး ပိုသာလွန်တယ်။"
"အဲဒီတုန်းက တိုက်ခိုက်ခံခဲ့ရတဲ့ တန်ယွမ်ဂိုဏ်းချုပ်က အခုထိ အသက်ရှင်နေသေးပြီး နန်ရှန်းကို သန့်စင်ထားတဲ့ သွေးအဆီအနှစ်တွေကို စုပ်ယူနေတယ်။ တော်ဝင်မိသားစုရဲ့ သွေးအဆီအနှစ်တွေကတော့ သူပေးလိုက်တာပေါ့။"
လုရှန်တာသည် မျက်လုံးများပြူးကျယ်လျက် စိုက်ကြည့်နေ၏။ အချိန်အတော်ကြာမှသာ မျှော်လင့်ချက် ကုန်ဆုံးသွားသည့်ဟန်ဖြင့် ခေါင်းငိုက်စိုက်ကျသွားပြီး မျက်နှာ ညှိုးငယ်သွားသည်။
လင်းချန်၏ စကားများကို လုရှန်တာ စတင်ယုံကြည်လာလေပြီ။ ထို့အပြင် လင်းချန်၏ လက်ထဲ၌ သူတို့ သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ သွေးစစ်သွေးမှန်များ ရှိနေခြင်းက လိမ်ညာ၍ မရသည့် အမှန်တရားပင် ဖြစ်၏။ ဤအချက်တစ်ခုတည်းနှင့်ပင် လင်းချန်၏ စကားများကို သွယ်ဝိုက်၍ သက်သေပြနေသည်။
"နန်ဧကရာဇ်က အသက်ရှင်နေလျက်နဲ့ ဒီလူသားလက်ချက်ကြောင့် သေသွားခဲ့တာပဲ..."
လက်ရှိအချိန်၌ လုရှန်တာတစ်ယောက် ရင်ထဲ၌ ထိတ်လန့်သွားပြီး သူ၏ အခြေအနေ အလွန်အန္တရာယ်များနေကြောင်း ခံစားလိုက်ရ၏။
လင်းချန်သည် အစီအရင်များကို ပြုပြင်ပြောင်းလဲကာ နန်ဧကရာဇ်ကို သွေးနှင့်အသားအစီအရင်အဖြစ် သန့်စင်နိုင်သည့် နည်းလမ်းများ ရှိနေမှတော့၊ ယခု သူ၏ လက်ရှိ သွေးနက်မျိုးနွယ် တော်ဝင်မိသားစု ခန္ဓာကိုယ်ကိုလည်း ထိုနည်းတူ လုပ်ဆောင်နိုင်မည့် နည်းလမ်းများ သေချာပေါက် ရှိနေမည်ပင်။
သွေးနှင့် အသားအစီအရင်ဆိုသည်မှာ စွမ်းအင်များကို စုပ်ယူနိုင်သည့် သန့်စင်မှုအဆင့် မြင့်မားသော အသွေးအသားစွမ်းအင်များ ဖြစ်၏။
မူလက လုရှန်တာသည် သူ ပိုင်ဆိုင်ထားသည့် သွေးနက်မျိုးနွယ် တော်ဝင်မိသားစု ခန္ဓာကိုယ်ကြောင့် လင်းချန်ကဲ့သို့ နယ်ပယ်အဆင့်နိမ့်သူတစ်ဦးက သူ့ကို မည်သို့မျှ မလုပ်နိုင်ဟု ထင်မှတ်ထားခဲ့သည်။
ချုပ်နှောင်ခံထားရခြင်းမှ လွတ်မြောက်ရန် အချိန်ယူ ကြိုးစားရနိုင်သော်ငြား၊ ယခုအခါ၌မူ သူ ထင်ထားသကဲ့သို့ ချောမွေ့မည် မဟုတ်တော့ကြောင်း သိလိုက်ရလေပြီ။
လုရှန်တာသည် ခေါင်းမော့ကာ လင်းချန်ကို စိုက်ကြည့်လိုက်သည်။
"ဒါဆိုရင် မင်း ငါ့ကိုလည်း သွေးနဲ့ အသားအစီအရင်အဖြစ် သန့်စင်ပစ်မှာလား။"
လင်းချန်သည် လုရှန်တာကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းကို အသွေးအသားအစီအရင်အဖြစ် သန့်စင်ပစ်မဲ့အစား ပိုကောင်းတဲ့နည်းလမ်း ကျုပ်မှာ ရှိတယ်။"
"ဒါပေမဲ့ နောက်ဆုံးတော့ မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသားပါ။ အဲဒီမတိုင်ခင် ဟွာရှာအင်ပါယာရဲ့ ကျင့်ကြံခြင်းပညာအတွက် ကောင်းကောင်း အကျိုးပြုသွားပါဦး။"
လင်းချန်၏ ရုတ်တရက် ပြောစကားကြောင့် လုရှန်တာတစ်ယောက် စိတ်ရှုပ်ထွေးပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ... ရှင်းရှင်းလင်းလင်း ပြောစမ်း။"
သို့သော် လင်းချန်က ပြန်ဖြေရန် စိတ်မဝင်စားချေ။ ထိုအစား သူသည် ကျောက်ဝေနှင့် အခြားသူများကို ဦးဆောင်ကာ ခန်းမအနှံ့ လှည့်လည်ကြည့်ရှုလိုက်သည်။
"မောင်မင်းတို့ ဘာတွေမြင်ရလဲ။"
အဖွဲ့သားများက သူတို့၏ အမြင်များကို ဝေမျှကြပြီး တိကျသည့် ကောက်ချက်တစ်ခုကို ရရှိသွားကြ၏။
ဤခန်းမကို သရဲမျိုးနွယ်တို့ တည်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်တို့ တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ လင်းချန် ပေးသည့် အချက်အလက်များအရ ရှေးဟောင်း တန်ယွမ်ဂိုဏ်းက တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်ကြသည်။
လင်းချန်သည် ကျူးကော့မင်၏ သုံးသပ်ချက်ကို အခြေခံကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ငါတို့ လူသားမျိုးနွယ် ဒီခန်းမထဲ ဝင်လာလို့ အစီအရင်ကို အသက်သွင်းနိုင်ခဲ့တာ။ မဟုတ်ရင် သွေးနက်မျိုးနွယ်ဝင်က ခန်းမထဲမှာ လွတ်လပ်စွာသွားလာနိုင်တယ်။ ဒါပေမဲ့ ခန်းမထဲကနေ ထွက်ပြေးနိုင်မှာတော့ မဟုတ်ဘူး။"
လူတိုင်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြပြီး ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်သွားကြ၏။
ကမ္ဘာခြားမှ အစွမ်းထက်ပုဂ္ဂိုလ်ကို ဖမ်းဆီးချုပ်နှောင်ထားသည့် ဤခမ်းနားထည်ဝါသော ခန်းမကြီးကို လူသားမျိုးနွယ်က တည်ဆောက်ခဲ့သည်ဆိုသည့် အချက်က သူတို့၏ လူမျိုးရေးဂုဏ်ကို မြင့်မားစေခဲ့သည်။
လင်းချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ၏ ရည်ရွယ်ချက် အောင်မြင်သွားလေပြီ။ သူက လူတိုင်းကို တိုက်စစ်သင်္ဘောပေါ်သို့ ပြန်တက်ပြီး အခြားသူများ၏ အမြင်များကို စုစည်းရန် ညွှန်ကြားလိုက်သည်။
"ပြီးရင် တခြားသူတွေကို မေးတဲ့အခါ... မူလပြည်နယ်ကို ဘယ်လိုပုံစံ ဖြစ်စေချင်လဲဆိုတာ မေးကြည့်ပါ။ တောတောင်တွေ ပိုများစေချင်လား၊ လွင်ပြင်တွေ ပိုများစေချင်လား... တောင်တွေ၊ မြစ်တွေ၊ ကန်တွေ အများအပြား ရှိသင့်လား၊ နည်းနည်းပဲ ရှိသင့်လားဆိုတာတွေကိုပေါ့။ အားလုံး စာရင်းပြုစုပြီးရင် ငါ့ကို ပြန်လာတင်ပြကြ။"
ကျောက်ဝေနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် လင်းချန်သည် လုရှန်တာကို ကြည့်လိုက်၏။ ရုတ်တရက် ပုံရိပ်အချို့နှင့် ကိရိယာတန်ဆာပလာ အမျိုးမျိုးသည် သူ၏ ပတ်လည်၌ ပေါ်လာသည်။
ယခင်က ကျယ်ဝန်းသည့် ခန်းမသည် ယခုအခါ ကျပ်တည်းသွားသလို ဖြစ်သွား၏။ ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော ဤလူစုသည် ပေါ်လာသည်နှင့် သူ တစ်ခါမျှ မမြင်ဖူးသည့် ကိရိယာများကို စတင်ကိုင်တွယ် အသုံးပြုနေကြသဖြင့် လုရှန်တာတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
ဤမြင်ကွင်းသည် သူ၏အတွက် အလွန်ရင်းနှီးနေ၏။ ယခင်က ဖုတ်ကောင်တပ်မတော်နှင့် တိုက်စစ်သင်္ဘောခြောက်စင်း ရင်ဆိုင်တွေ့စဉ်ကလည်း ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် စစ်သည်ဆယ်သန်း ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သို့သော် ဤလူများ၏ ပုံပန်းသဏ္ဌာန်နှင့် အခြေအနေက ထိုစစ်တပ်နှင့် သိသိသာသာ ကွဲပြားနေပြီး တိုက်ခိုက်နိုင်စွမ်းရှိပုံမရချေ။
ထူးဆန်းသည့် မြင်ကွင်းကို ကြည့်ရင်း လုရှန်တာတစ်ယောက် ဇဝေဇဝါ ဖြစ်နေမိ၏။
"ဒီလူသား လင်းချန်က ဘာတွေများ လုပ်ဖို့ ကြံစည်နေတာလဲ။"
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ လုရှန်တာ၏ ရင်ထဲ၌ တုန်လှုပ်လာပြီး ထိုလူများ၏ လုပ်ရပ်ကြောင့် ကြောင်အမ်းသွားရသည်။
သူတို့က အစီအရင်ကို မွမ်းမံပြင်ဆင်နေကြခြင်းပင်။
ထို့အပြင် အစီအရင်ကို မွမ်းမံပြင်ဆင်နေစဉ်အတွင်း အစီအရင်ကို ရပ်တန့်စရာမလိုဘဲ ပြုပြင်ပြောင်းလဲမှုများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြ၏။
လုရှန်တာကို ပိုမိုထိတ်လန့်စေသည်မှာ ထိုအချက်တင်မဟုတ်ဘဲ ပြုပြင်ပြောင်းလဲပြီးနောက် ပြောင်းလဲသွားသည့် အစီအရင်၏ အကျိုးသက်ရောက်မှုပင် ဖြစ်၏။
"ဒီလူတွေက ဘယ်သူတွေလဲကွ။"
ဤခန်းမကို သွေးနက်မျိုးနွယ် တော်ဝင်မိသားစုအား ပိတ်လှောင်ရန် အစီအရင်အကျိုးသက်ရောက်မှုဖြင့် တန်ယွမ်ဂိုဏ်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုသွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်မှာ သူ၏ စိတ်ဝိညာဉ် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ နောက်ဆုံး၌ လုရှန်တာ ရောက်ရှိလာခြင်းနှင့်အတူ တော်ဝင်မိသားစုဝင်သည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သူ၏ သားမြေးထံ လွှဲပြောင်းပေးခဲ့၏။
လုရှန်တာသည် သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ ခန္ဓာကိုယ်ကို ရရှိပြီးနောက် သူ၏ မူလခန္ဓာကိုယ်ကို သွေးနှင့်အသားအစီအရင်အဖြစ် သန့်စင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာ အစီအရင်ကို အနည်းငယ်သာ လှုပ်ခါနိုင်ခဲ့သည်။
ထိုမျှဖြင့် မလုံလောက်သဖြင့် တောင်ဘက်ရှိ လူသားများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် လင်းချန် ရောက်ရှိလာခြင်းက သူ၏ အစီအစဉ်ကို ဟာသတစ်ခု ဖြစ်သွားစေခဲ့သည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်ကို သွေးနှင့်အသားအစီအရင်အဖြစ် သန့်စင်ပြီး ဖွင့်ထားခဲ့သည့် ကွက်လပ်နေရာ ပြန်လည်ပြည့်သွားရုံသာမက၊ အစီအရင်သည် သူ၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားရုံသာမက ထိန်းချုပ်နိုင်စွမ်းပါ ရှိနေကြောင်း လုရှန်တာ တွေ့ရှိလိုက်ရ၏။
သူ အပြည့်အဝ ထိန်းချုပ်ထားသည့် သွေးနက်မျိုးနွယ် တော်ဝင်မိသားစု ခန္ဓာကိုယ်သည် ယခုအခါ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။ ပြောင်းပြန်အားဖြင့် အစီအရင်၏ စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားနေရသည်။
အစီအရင်စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်လာသည်နှင့် ချည်နှောင်ထားသည့် သံကြိုးများလည်း လုံးဝ ပျောက်ကွယ်သွား၏။
ပညာရှင်တစ်ဦးက လင်းချန်အနားသို့ လာကာ အရိုအသေပေးလိုက်သည်။
"အရှင်မင်းမြတ်... ပြီးပါပြီ။"
လင်းချန်က အနည်းငယ် အံ့ဩသွားပြီးနောက် လုရှန်တာကို ဆုံးမလိုသည့် ရည်ရွယ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။
"မြန်သားပဲ... ကောင်းတယ်။ ဒါပေမဲ့ သေချာအောင်လို့ စမ်းသပ်ကြည့်ရအောင်။"
လင်းချန်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ လုရှန်တာသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ လင်းချန်၏ နောက်ထပ်စကားကို ကြားလိုက်ရသောအခါ သူ၏ နှလုံးသား ပြိုလဲလုမတတ် ဖြစ်သွား၏။
"သူ့ကို အဝတ်ဗလာနဲ့ ဒီကမ္ဘာငယ်လေးကို တစ်ပတ်လောက် ပတ်ပြေးခိုင်းလိုက်စမ်းပါ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊