← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အပိုင်း ၂၂၂

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

စစ်သင်္ဘောပေါ်၌ နတ်ဓားဂိုဏ်းမှ တပည့်များစွာက ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြရာ လင်းချန်၏ ဘေးတွင် ရပ်နေသော ကျောက်ဝေမှာမူ ထူးခြားသည့် ခံစားချက်ကို ရရှိနေလေ၏။

နှစ်နှစ်တာကာလကို ဖြတ်သန်းခဲ့ရသော်လည်း မူလပြည်နယ်မှ လူသားမျိုးနွယ်များနှင့် စစ်သင်္ဘောပေါ်ရှိ နတ်ဓားဂိုဏ်းသားများကို နှိုင်းယှဉ်ကြည့်လျှင် သိသာထင်ရှားသည့် ကွာခြားမှုများ ရှိနေဆဲပင်။

နတ်ဓားဂိုဏ်းသားများထံ၌ သူတို့၏ စိတ်ဝိညာဉ်အတွင်းပိုင်းမှ ထွက်ပေါ်လာသော ယုံကြည်မှုများ ရှိနေကြ၏။ သူတို့သည် ရက်စက်ကြမ်းကြုတ်သည့် အဖြစ်အပျက်များကို မကြုံတွေ့ရသလို မိမိတို့လူမျိုးအပေါ် သံသယဝင်ခြင်းလည်း မရှိခဲ့ကြပေ။

ကံကောင်းသည်မှာ လင်းချန် ရောက်ရှိလာမှုကြောင့် မူလပြည်နယ်မှ လူသားမျိုးနွယ်များသည်လည်း ကောင်းမွန်သည့် ဦးတည်ချက်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေပြီ ဖြစ်သဖြင့် မကြာမီ သူတို့လည်း အမှန်တကယ် ပြောင်းလဲသွားနိုင်ပေလိမ့်မည်။

လင်းချန် စစ်သင်္ဘောပေါ်သို့ ပြန်ရောက်လာချိန်၌ ကြီးမားသည့် လှုပ်ရှားမှုမျိုး မရှိလှပေ။ နတ်ဓားဂိုဏ်းမှ အခြားတပည့်များသည် အလုပ်ရှုပ်နေကြသဖြင့် လင်းချန်နှင့် ကျောက်ဝေကို သတိမထားမိကြ။ အမှန်တကယ်တွင်မူ လင်းချန်က သူ၏ အရှိန်အဝါကို ဖုံးဖိထားသဖြင့် မည်သူမျှ သတိမထားမိကြခြင်း ဖြစ်၏။

လူအနည်းငယ်သာ လင်းချန်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။ ထိုသို့ဖြစ်တိုင်း လင်းချန်သည် လက်ကာပြကာ တိတ်တဆိတ် နေရန်နှင့် သူတို့အလုပ်ကိုသာ ဆက်လုပ်ရန် အချက်ပြလိုက်လေ့ရှိသည်။

မကြာမီ လင်းချန်သည် ယီစင်း ရှိနေသည်ဟု ကြားသိရသော အခန်းဆီသို့ ဦးတည်သွားလိုက်၏။

"စွမ်းအင်လည်ပတ်မှု အစီအရင်တစ်ခု ထပ်ထည့်လိုက်ရင် စွမ်းအားက အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် တက်လာနိုင်တယ်... ဒါပေမဲ့ တည်ငြိမ်မှုပိုင်းမှာ ပြဿနာရှိလာနိုင်တယ်... တကယ်လို့ လိုက်ဖက်ညီတဲ့ အစီအရင်အသေးစားလေး တစ်ခုလောက် ရှာတွေ့ခဲ့ရင် အရာအားလုံး အဆင်ပြေသွားမှာပါ..."

"ချန်လေး ပြန်လာရင် အရောင်းအဝယ် ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာ သူ့ကို ဆုံးဖြတ်ခိုင်းလိုက်ရုံပဲ..."

လင်းချန် အခန်းထဲသို့ မဝင်ရသေးခင်မှာပင် ယီစင်း၏ အသံကို ကြားလိုက်ရသဖြင့် အပြုံးတစ်ပွင့်နှင့်အတူ ဝင်သွားလိုက်၏။

"ဘာကိစ္စမို့လို့ ကိုယ်ပြန်လာပြီး ဆုံးဖြတ်ပေးဖို့ လိုနေတာလဲ။"

အခန်းထဲရှိ ငွေကြယ်ရောင်ဂါဝန်ဖြူကို ဝတ်ဆင်ထားသော ပုံရိပ်လေးသည် ရုတ်တရက် တောင့်တင်းသွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လာလေ၏။

လင်းချန်သည် နှစ်နှစ်တာမျှ မတွေ့ရသော ယီစင်းကို ကြည့်လိုက်မိပြီး မျက်လုံးများထဲ၌ မြတ်နိုးရိပ်များ ယှက်သန်းသွား၏။ သူမ၏ ငယ်ရွယ်နုနယ်သည့် ပုံစံများ ပျောက်ကွယ်သွားပြီး မျက်လုံးလွှဲချင်စရာ မကောင်းလောက်အောင် ကျက်သရေရှိသော အလှပိုင်ရှင်လေး ဖြစ်လာလေပြီ။

ထို့အပြင် သူမသည် ယခင်ကလို အားနွဲ့ဟန် မရှိတော့ဘဲ ယုံကြည်မှုအပြည့် ရှိနေပုံက ပို၍ပင် ဆွဲဆောင်မှု ရှိနေစေ၏။

"ချန်လေး..."

လင်းချန်ကို မြင်လိုက်ရသည်နှင့် ယီစင်း၏ မျက်ဝန်းများ၌ မျက်ရည်များ ပြည့်လျှံလာပြီး စိတ်လှုပ်ရှားစွာ သူ့ဆီသို့ ပြေးဝင်လာလေ၏။

ယီစင်းကို ရင်ခွင်ထဲ ထည့်ထားရင်း လင်းချန်သည် သူမ၏ ဆံနွယ်များမှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်လိုက်၏။

"ကိုယ်တို့ ခွဲခွာနေရတဲ့ နှစ်နှစ်အတွင်းမှာ ရှင်းရှင်းက ပိုပြီး လှလာပါလား။"

ပါးပြင်လေးများ ရဲတက်သွားသည့် ယီစင်းသည် ခေါင်းမော့လာပြီး မျက်မှောင်လေး အနည်းငယ် ကြုတ်လျက် ရန်တွေ့လိုက်၏။

"အဲဒီ ကမ္ဘာငယ်လေးထဲမှာ ဘာတွေဖြစ်လို့ ဒီလောက်တောင် အကြာကြီး အဆက်အသွယ် ပြတ်နေရတာလဲ။"

ယီစင်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ လင်းချန်သည် အဖြစ်အပျက်များကို တစ်ခုပြီးတစ်ခု အလျင်အမြန် ရှင်းပြလိုက်ရလေ၏။

"မူလပြည်နယ်... ဒါဆို ချန်လေး ပြောချင်တာက အဲဒီ ကမ္ဘာငယ်လေးကို အခု ချန်လေး ပိုင်ဆိုင်သွားပြီပေါ့။"

လင်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယီစင်း အံ့သြသွားလေ၏။ လင်းချန်၏ ပြောပြချက်အရ သူ အမည်ပေးထားသော ကမ္ဘာငယ်လေးသည် ဟွာရှာအင်ပါယာ၏ အစီအရင်များဖြင့် အပြည့်အဝ လွှမ်းခြုံထားပြီး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၏။

လင်းချန်၏ သဘောတူညီချက်မပါဘဲ ကမ္ဘာငယ်လေးကို သီးခြားခွဲထုတ်ထားနိုင်ပြီး အခြားသူများ ဝင်ရောက်လာခြင်းကို တားဆီးထားနိုင်၏။ ထို့အပြင် ကမ္ဘာငယ်လေး တစ်ခုလုံးကို အစီအရင်များဖြင့် သန့်စင်ထားပြီး ဖြစ်၏။ အကယ်၍ ရန်သူများ ဝင်ရောက်လာပါက ကမ္ဘာငယ်လေး၏ ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ခိုက်ချေမှုန်းနိုင်လေသည်။

ကမ်းရိုးတန်းပြည်နယ်လောက် အရွယ်အစားရှိသည့် ကမ္ဘာငယ်လေး တစ်ခုလုံးကို လင်းချန်က စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပြီ ဆိုသော အချက်မှာ ယီစင်းအတွက် စဉ်းစားရခက်နေလေ၏။

သို့သော် လင်းချန် ပြောပြဖူးသည့် ဟွာရှာအင်ပါယာ၏ အံ့ဖွယ်အရာများကို ပြန်တွေးမိသောအခါ ယီစင်း သိပ်ပြီး မအံ့သြတော့ပေ။ ယီစင်း နားမလည်နိုင်သော တစ်ခုတည်းသည့် အရာမှာ လင်းချန်သည် ဟွာရှာအင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး ထိုအင်ပါယာသည် အလွန်အင်အားကြီးမားပုံ ရ၏။ သို့သော် လင်းချန်သည် ထိုအင်ပါယာမှ လူများကို မည်သည့်နည်းလမ်းဖြင့် လေထဲကနေ ဆွဲထုတ်သလို သူ့ဘေးနားသို့ ရောက်လာအောင် ခေါ်ဆောင်ခဲ့သနည်း ဆိုသည်မှာ စဉ်းစားစရာပင်။

စစ်သင်္ဘော၏ ကွပ်ကဲမှုအခန်းရှိ နည်းဗျူဟာမှန်ပြင်မှတစ်ဆင့် ဟွာရှာအင်ပါယာသည် အလွန်ကြွယ်ဝပြီး အင်အားကြီးမားကြောင်း ယီစင်း နားလည်ခဲ့ရ၏။ သို့သော် ယီစင်း၏ လက်ရှိ အတွေ့အကြုံဖြင့် လင်းချန်၏ ဟွာရှာအင်ပါယာ မည်မျှ အင်အားကြီးမားကြောင်းကိုမူ လုံးဝ မှန်းဆနိုင်မည် မဟုတ်ပေ။

"ချန်လေး... အမတ်ချုပ်ကျူးကော့မင်က ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးကို နောက်ထပ် မူလပြည်နယ် တစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတာလား။"

ယီစင်းက ရုတ်တရက် မေးလိုက်သည်။

လင်းချန်၏ မျက်နှာထား တောင့်တင်းသွားပြီး ယီစင်းကို အံ့သြစွာ ကြည့်လိုက်မိ၏။

"ရှင်းရှင်း... ဘယ်လိုလုပ် သိတာလဲ။"

"ဒါက ရိုးရှင်းပါတယ်... စစ်သင်္ဘောထဲမှာ ကောင်းကင်နယ်ပယ် စစ်သည် တစ်သိန်းရှိနေပြီး ထိပ်တိုက်ရင်ဆိုင်ရင် နည်းနည်းလေးမှ မညံ့တဲ့ အခြေအနေမှာ တိုက်ပွဲကို ရှောင်လွှဲဖို့ ရွေးချယ်ခဲ့တယ်... ဒီလုပ်ရပ်က သေချာပေါက် စီမံကိန်းတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ရမယ်... ဒါက ပထမအချက်။"

"ရန်သူကို ချေမှုန်းဖို့ စစ်သင်္ဘောတစ်စီးကို တမင်တကာ ဖျက်ဆီးပြလိုက်တာက ကိုယ့်ဘက်က အားနည်းတယ်လို့ ရန်သူကို ထင်သွားစေချင်လို့ပဲ... တို့မှာ ထွက်ပေါက်မရှိတော့လို့ ဒီလို အစွန်းရောက် နည်းလမ်းတွေနဲ့ ခုခံနေရတယ်လို့ သူတို့ကို ထင်မြင်သွားစေချင်တာ... အဲဒီလို လုပ်တဲ့သူက နောက်ပိုင်းကျရင် ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်တတ်တယ်... ဒါက ဒုတိယအချက်။"

"ဒီလိုလုပ်ခြင်းအားဖြင့် နတ်ဓားဂိုဏ်းကို မောင်းထုတ်နိုင်ခဲ့ပြီလို့ ယူဆပြီး အောင်ပွဲခံနေတဲ့ ရှန်ထျန်ဂိုဏ်းက တခြားအင်အားစုတွေကိုပါ ပစ်မှတ်ထား လာလိမ့်မယ်... သူတို့ကြားမှာ ပဋိပက္ခတွေ ဖြစ်လာတာနဲ့ တို့က ဒုတိယအချက်မှာ ပြောခဲ့တဲ့ တန်ပြန်တိုက်ခိုက်မှုကို စတင်နိုင်ပြီ... ရလဒ်ကတော့ ပထမအချက်မှာ ပါတဲ့ ကမ်းရိုးတန်းပြည်နယ်ကို သိမ်းပိုက်ဖို့ဆိုတဲ့ အစီအစဉ် အောင်မြင်လာမှာပဲ။"

ယီစင်း ယုံကြည်မှုရှိရှိ ပြောနေသည်ကို ကြည့်ရင်း လင်းချန်သည် ကြောင်အစွာ ခေါင်းညိတ်လိုက်မိ၏။

"ရှင်းရှင်း ပြောတာ လုံးဝ မှန်တယ်... အဲဒါက တကယ်ပဲ ကျူးကော့မင်ရဲ့ အစီအစဉ်ပဲ။"

ထို့နောက် လင်းချန်သည် ကျူးကော့မင် ပြောသမျှကို ယီစင်းအား ပြန်လည်ပြောပြလိုက်၏။ နားထောင်ပြီးနောက် ယီစင်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။

"ဒါက တကယ်ပဲ အမတ်ချုပ်ကျူးကော့ရဲ့ စတိုင်ပဲ... ဒီနှစ်နှစ်အတွင်းမှာ သူ့အကြောင်း မိန်း ကောင်းကောင်း နားလည်လာခဲ့ပြီ... သူက အမြဲတမ်း ချန်လေးရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေး ထည့်သွင်းစဉ်းစားတတ်တယ်။"

"ဟင်။"

လင်းချန် တစ်စုံတစ်ခုကို သတိထားမိသွားပြီး စပ်စုချင်စိတ် ဖြစ်ပေါ်လာ၏။

"ဒါနဲ့ ထူးဆန်းတယ်... ရှင်းရှင်း စောစောက ပြောတဲ့ စွမ်းဆောင်ရည် မြှင့်တင်တာတို့ တည်ငြိမ်မှုတို့ ဆိုတာက ဘာအကြောင်းလဲ... နည်းဗျူဟာမှန်ပြင်ကနေတစ်ဆင့် အမတ်ချုပ်ကျူးကော့ဆီကနေ အများကြီး သင်ယူထားပုံရတယ်။"

"အဲဒါက မိန်း သုတေသန လုပ်နေတာလေ... တိမ်တိုက်လှေနဲ့ စစ်သင်္ဘောတွေရဲ့ ထုတ်လုပ်မှု နည်းပညာတွေက အပြန်အလှန် အထောက်အကူ ဖြစ်စေနိုင်မလား... တစ်ခုနဲ့တစ်ခု ပိုကောင်းအောင် လုပ်ပေးနိုင်မလား ဆိုတာပေါ့... ဒီနှစ်နှစ်အတွင်း အမတ်ချုပ်ကျူးကော့က မိန်းရဲ့ ဆရာလိုပဲ အများကြီး သင်ပေးခဲ့တယ်။"

ယီစင်းသည် ကျူးကော့မင်ကို လေးစားသမှုဖြင့် ရည်ညွှန်းပြောဆိုလိုက်၏။

"အို။"

ယီစင်းက ကျူးကော့မင်ဆီမှ ပညာသင်ယူနေသည်ကို ကြားလိုက်ရသောအခါ လင်းချန် အံ့သြသွားလေ၏။

ထိုအချိန်၌ လင်းချန်၏ နောက်ကျောဘက်မှ ရင်းနှီးနေသည့် အသံတစ်သံ ထွက်ပေါ်လာ၏။ လှည့်ကြည့်လိုက်သောအခါ သူ့ဆရာဝေဝူရွှမ် ဖြစ်နေလေ၏။ ကြောင်ငေးနေသော လင်းချန်ကို ကြည့်ပြီး ဝေဝူရွှမ်က စနောက်လိုက်သည်။

"ဒါက သဘာဝကျပါတယ်... ယီစင်းဆိုတဲ့ ကောင်မလေးက မင်းထက် အများကြီး သာတယ်ကွ... ကောင်စုတ်လေးရဲ့။"

"မင်းဆိုတဲ့ ကောင်ကလေ... ကျင့်ကြံတာကလွဲရင် ကျန်တာ အကုန်လုံး အသုံးမကျဘူး... ဆေးဖော်ရင် မီးဖိုကွဲတယ်... လက်နက်သွန်းလုပ်ရင် တူကျိုးတယ်... အဆောင်ရေးရင် မင်အိုးမှောက်တယ်... အခြေခံအားဖြင့် ကျင့်ကြံတာကလွဲရင် မင်းလုပ်သမျှ အကုန်ပေါက်ကွဲတာချည်းပဲ။"

"ဒါပေမဲ့ ယီလေးကတော့ မတူဘူး... သူ့ရဲ့ ဆေးပညာ၊ လက်နက်သွန်းလုပ်တာ၊ အစီအရင်၊ ပြီးတော့ လက်ရုံးရည်ပိုင်းမှာပါ ထူးချွန်တဲ့ ပါရမီရှင်ပဲ... မင်းရဲ့ အမတ်ချုပ်တောင် သူ့ကို ချီးကျူးရတယ်။"

ဆရာဖြစ်သူ၏ စကားကို ကြားရသောအခါ လင်းချန် အလွန်အံ့သြသွား၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဟွာရှာအင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး ကျူးကော့မင်သည် သူ့အပေါ် အလွန်အမင်း ကိုးကွယ်ဆည်းကပ်ကာ သူ၏ ဩဝါဒကို နာခံသူဖြစ်၏။

သို့သော် အခြားသူများအပေါ်တွင်မူ ကျူးကော့မင်သည် သူ၏ ဉာဏ်ပညာကြောင့် အမြဲတမ်း မောက်မာလေ့ ရှိသည်။ ယခင်ဘဝက ဂိမ်းတွင် စစ်ရေးဆိုင်ရာ ပညာရပ်များနှင့် ပတ်သက်လျှင် ကျူးကော့မင်သည် အဆင့်သတ်မှတ်ချက်၌ နံပါတ်တစ် နေရာတွင် ရှိခဲ့ပြီး ဘာမဆို လုပ်ဆောင်နိုင်စွမ်း ရှိသူဖြစ်၏။

ကျူးကော့မင်က မရပ်မနား ချီးကျူးနေသည်ကို ကြည့်ခြင်းအားဖြင့် ယီစင်း၏ ဤနယ်ပယ်များတွင် ပါရမီပါပုံမှာ သူနှင့် အနည်းဆုံး တန်းတူ ရှိလောက်ပေသည်။

'ရှင်းရှင်းကလည်း ဘက်စုံတော်တဲ့ ပါရမီရှင် ဖြစ်နေတာလား။'

လင်းချန် တွေးတောရင်း ဟွာရှာအင်ပါယာရှိ ကျူးကော့မင်ထံ ဆက်သွယ်မေးမြန်းလိုက်၏။ သို့သော် ကျူးကော့မင်ထံမှ ရရှိလိုက်သော အဖြေမှာမူ သူ့မျှော်လင့်ချက်များနှင့် လွဲချော်နေခဲ့လေ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters