← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အပိုင်း ၂၂၃

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန်က မေးလိုက်သည်။ “ငါကိုယ်တော်ထက်တောင် သာလွန်နေတယ်ပေါ့။”

ကျူးကော့မင်၏ စကားကို ကြားလိုက်ရသည့်အခါ လင်းချန်သည် ကြောင်အစွာဖြင့် မတ်တပ်ရပ်လျက်သား ဖြစ်သွားရ၏။

ကျူးကော့မင်က လေးစားစွာ လျှောက်တင်လိုက်သည်။ "ဧကရီက ဉာဏ်ရည်ထက်မြက်လှပါတယ်... ဥပမာတစ်ခု ပြလိုက်တာနဲ့ ကျန်တဲ့အရာတွေကို ဆက်စပ်တွေးခေါ်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် အင်ပါယာရဲ့ ကျင့်ကြံခြင်းယဉ်ကျေးမှုနဲ့ လက်ရှိကမ္ဘာရဲ့ ကျင့်ကြံခြင်းယဉ်ကျေးမှုကြားက အပြန်အလှန် အထောက်အကူပြုနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတွေကို အချိန်တိုအတွင်းမှာပဲ ရှာဖွေတွေ့ရှိသွားပါတယ်။"

"ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဧကရီဟာ ဒီနယ်ပယ်မှာ သဘာဝအလျောက် ထူးခြားတဲ့ ပါရမီဓာတ်ခံ ရှိနေပုံရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်မျိုး ရှက်ရွံ့စွာနဲ့ ဝန်ခံရပါလိမ့်မယ်... ကျွန်တော်မျိုးက ဧကရီလောက် မတော်ပါဘူး။"

"ဒါပေမဲ့ ကျွန်တော်မျိုး ဝမ်းသာပါတယ်။ တကယ်လို့ ဧကရီသာ ဒီနယ်ပယ်မှာ ကျွန်တော်မျိုးနဲ့ ရင်ဘောင်တန်းနိုင်ရင် ဒါမှမဟုတ် ကျွန်တော်မျိုးထက် သာလွန်သွားရင် အရှင်မင်းကြီးအတွက် အများကြီး အထောက်အကူ ဖြစ်လာပါလိမ့်မယ်။ ဒါက အရှင်မင်းကြီးအတွက်ရော၊ ဧကရီ ကိုယ်တိုင်အတွက်ရော၊ ဟွာရှာအင်ပါယာအတွက်ပါ ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ရပ်ပါပဲ။"

ထိုသို့လျှောက်တင်နေစဉ် ကျူးကော့မင်၏ မျက်လုံးများကလည်း တောက်ပနေ၏။

"ဒါကြောင့် ကျွန်တော်မျိုးက ဧကရီကို ဘာမှချန်မထားဘဲ သင်ကြားပေးနေတာပါ။ ဒါပေမဲ့ ဧကရီရဲ့ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှုကို မထိခိုက်စေမယ့် နည်းလမ်းနဲ့ပဲ သင်ပေးတာပါ။ ဧကရီရဲ့ ပါရမီ အလားအလာက အချိန်နည်းနည်းလေး ပေးလိုက်ရုံနဲ့တင် သာမန်လူတွေ ယှဉ်နိုင်မယ့်အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးတော့ မပါဘူးပေါ့လေ။ ပညာရပ်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုတွေ ကွဲပြားကြတာကိုး။ အရှင်မင်းကြီးရဲ့ ပါရမီက ကျင့်ကြံခြင်းပိုင်းမှာ ရှိတာပါ။"

ကျူးကော့မင်၏ မျက်ဝန်းထဲမှ ပြုံးသယောင်ယောင် အရိပ်အယောင်ကို မြင်လိုက်ရသည့်အခါ လင်းချန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ "စကားကို ကွေ့ပတ်ပြောမနေနဲ့ မောင်မင်း။ ငါက ကျင့်ကြံတာကလွဲရင် လက်နက်သွန်းလုပ်တာတို့ ဆေးဖော်တာတို့လို နေရာမျိုးမှာ ပါရမီမရှိဘူးဆိုတာ ငါ့ကိုယ်ငါ သိတယ်။ ဧကရီကိုသာ သေချာသင်ပေးလိုက်။ တစ်ခုခု လွဲချော်သွားရင်တော့ မောင်မင်း တာဝန်ပဲ။"

ကျူးကော့မင်က ခါးကိုင်းလျက် အရိုအသေပေးလိုက်သည်။ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။"

ထို့နောက် သူတို့၏ စိတ်ဝိညာဉ်ဆက်သွယ်မှု လမ်းကြောင်း ပြတ်တောက်သွား၏။

'ငါ နားမလည်ဘူးဆိုပြီး လှောင်ပြောင်ရဲနေတယ်ပေါ့လေ... လေသံပြောင်းလာလိုက်တာ...'

လင်းချန်သည် မကျေမနပ် ရေရွတ်လိုက်သော်လည်း မျက်ဝန်း၌ ဒေါသအရိပ်အယောင်မရှိဘဲ ကြည်နူးမှုများသာ ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကျူးကော့မင်၏ သက်ဝင်လှုပ်ရှားနေသည့် အပြုအမူများသည် သူ အချိန်ကြာမြင့်စွာ အိပ်မက်မက်ခဲ့ရသော အရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ ဇာတ်ကောင်များသည် တကယ်တမ်း အသက်ဝင်လာပြီး သူနှင့် အပြန်အလှန် နောက်ပြောင်ကျီစယ်နိုင်ခြင်းက လင်းချန်၏ အထီးကျန်ဆန်သော နှလုံးသားကို ကျေနပ်နှစ်သိမ့်စေ၏။

ထို့နောက် လင်းချန် ခေါင်းလှည့်ကြည့်လိုက်ရာ ယီစင်းနှင့် ဝေဝူရွှမ်တို့၏ နားမလည်နိုင်သည့် အကြည့်များကို တွေ့လိုက်ရသည်။

ထို့ကြောင့် လင်းချန်က ရယ်မောလိုက်သည်။ "ကျွန်တော့်မှာ အင်ပါယာက လူတွေနဲ့ တိုက်ရိုက် စကားပြောလို့ရတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်။ ဆရာနဲ့ ရှင်းရှင်းတို့က မမြင်ရဘဲ ကျွန်တော်တစ်ယောက်တည်းပဲ မြင်ရတာ။"

လင်းချန်၏ ရှင်းပြချက်ကို ကြားလိုက်ရမှ ယီစင်းနှင့် ဝေဝူရွှမ်တို့ သဘောပေါက်သွားကြ၏။

လင်းချန်က ယီစင်းဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။ "ရှင်းရှင်းရဲ့ ပါရမီကို အမတ်ချုပ်က ဒီလောက်တောင် တန်ဖိုးထားမှတော့ သူ့ဆီကနေ သေချာလေး ကြိုးစားသင်ယူပါ။ တစ်ခုခုဆို သူ့ကို မေးဖို့ ဝန်မလေးနဲ့။ ဘာမှ စိတ်ပူစရာမလိုဘူး။ သူ့ရဲ့ ဉာဏ်ပညာက ရှင်းရှင်း ထင်ထားတာထက် အများကြီး ပိုမြင့်တယ်။"

ယီစင်းကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဒီရက်ပိုင်း မိန်း တကယ် ခံစားမိတယ်။ သူ့ကို အခက်တွေ့စေမယ့်အရာဆိုတာ မရှိသလောက်ပဲ။ မိန်း ဘယ်လောက်ပဲ မြန်မြန် တိုးတက်ပါစေ အမတ်ချုပ်ရဲ့ အကန့်အသတ်ကို မမီနိုင်သလိုပဲ။ အစတုန်းကတော့ မိန်း အမတ်ချုပ်ရဲ့ အဆင့်ကို စပြီး မီလာပြီလို့ ထင်ဖူးတယ်။ မေးခွန်းတိုင်းအတွက် အဖြေရှိမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ နားမလည်တာမှန်သမျှ အမတ်ချုပ်ကို မေးလိုက်ရင် တိကျတဲ့အဖြေကို အမြဲတမ်း ပြန်ရတယ်။ သူ မသိတာ ဘာမှမရှိသလိုပဲ။"

ယီစင်း စကားပြောနေချိန်၌ သူမ၏ မျက်ဝန်းများမှ စစ်မှန်သည့် လေးစားမှုများ ထွက်ပေါ်နေ၏။

သူမသာမက ဘေးနားရှိ ဝေဝူရွှမ်သည်လည်း သက်ပြင်းရှည်ကြီးချကာ လင်းချန်ကို ကြည့်လိုက်သည်။ "တပည့်ကျော်... ငါတောင် ဝန်ခံရတော့မယ်။ မင်းရဲ့ အမတ်ချုပ်က တကယ်ကို ထူးကဲလွန်းတယ်။ ယီစင်းက သိပ်နားမလည်ပေမဲ့ ငါ နားလည်တယ်။ မင်းရဲ့ အမတ်ချုပ် ကျူးကော့မင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာကိုပဲ။ ယီစင်းရဲ့ အမြင်အာရုံက ကမ်းရိုးတန်းပြည်နယ်လောက်မှာပဲ ကန့်သတ်ခံထားရသေးတာကိုး။ သူသာ ပြင်ပကမ္ဘာကြီးထဲ ရောက်သွားရင် ကျူးကော့မင်ဆိုတဲ့လူက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ တဖြည်းဖြည်း နားလည်လာလိမ့်မယ်။"

ဝေဝူရွှမ် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသော်လည်း လင်းချန် မအံ့ဩပေ။

သူ၏ ယခင်ဘဝ ဂိမ်းထဲ၌ ကျူးကော့မင်သည် အစွမ်းအထက်ဆုံး စစ်ရေးပညာရှင် ဖြစ်ခဲ့သည်။ အကယ်၍ လင်းချန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဟွာရှာအင်ပါယာသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်၌လည်း ကျူးကော့မင်သည် အတော်ဆုံးလူ ဖြစ်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် တန်ယွမ်ဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ရရှိခဲ့သည့် ကျမ်းစာများကို လေ့လာခိုင်းလိုက်သောအခါ ကျူးကော့မင်သည် အခက်အခဲမရှိဘဲ စာတစ်ကြောင်းကို ဖတ်ရုံဖြင့် ကျမ်းတစ်စောင်လုံးကို ပေါက်မြောက်သွားသောကြောင့် ဖြစ်၏။

ဒါက ဘယ်လိုသဘောတရားမျိုးလဲ။ တန်ယွမ်ဂိုဏ်း ဘဏ္ဍာတိုက်မှ ရရှိသည့် ကျမ်းစာများကို နတ်ဓားဂိုဏ်းမှ အကြီးအကဲများကို ပြသလိုက်သောအခါ အခြေခံအပိုင်းမှလွဲ၍ ကျန်တာများကို ထိုသူတို့ နားမလည်နိုင်ကြပေ။ သို့သော် ကျူးကော့မင်အတွက်မူ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လုံလောက်နေ၏။ ကွာခြားချက်မှာ မိုးနှင့်မြေပမာပင်။

ရုတ်တရက် ယီစင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်လာ၏။ "ဒါနဲ့ ချန်လေး... ချန်လေးမှာ အင်ပါယာက စစ်သည်တွေနဲ့ ပညာရှင်တွေကို တိုက်ရိုက်ဆင့်ခေါ်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုရင် ဘာလို့ အမတ်ချုပ်ကို တိုက်ရိုက် မခေါ်ထုတ်တာလဲ။"

ဝေဝူရွှမ်သည်လည်း စပ်စုချင်လာသဖြင့် အဖြေသိလိုစိတ်ဖြင့် လင်းချန်ကို ကြည့်လိုက်သည်။

လင်းချန်သည် အလွန်ဆန်းကြယ်သည့် အမွေအနှစ်တစ်ခုကို ရရှိပြီး အင်ပါယာတစ်ခု၏ ဧကရာဇ် ဖြစ်လာကာ လက်အောက်ငယ်သားများကို ဆင့်ခေါ်နိုင်ကြောင်း သူတို့ နားလည်ထားကြပြီး ဖြစ်၏။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ကျူးကော့မင်ကို မခေါ်ထုတ်သနည်း။

ယီစင်းနှင့် ဝေဝူရွှမ်ကို တစ်လှည့်စီ ကြည့်လိုက်ရာ နှစ်ယောက်စလုံးသည် သူ၏ အရင်းနှီးဆုံးနှင့် ယုံကြည်ရဆုံး လူများဖြစ်ကြသဖြင့် အမှန်အတိုင်း ပြောပြလိုက်ရုံနှင့် ဘာမှမဖြစ်နိုင်ပေ။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လင်းချန်က သူတို့နှစ်ယောက်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ "ရှင်းရှင်း... ဆရာ... ဒီကိစ္စကို အပြင်လူတွေကို ပေးမသိလို့ ရမလား။"

ယီစင်းနှင့် ဝေဝူရွှမ်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လေးနက်သည့် ကတိသစ္စာ ပြုလိုက်ကြ၏။ ထိုအခိုက်၌ သူတို့ဘေးပတ်လည်တွင် ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ဖျော့တော့စွာ ထွက်ပေါ်လာသည်။

ကောင်းကင်ကတိသစ္စာ ပြုပြီးသွားပါက လိုက်နာရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်၏။ လင်းချန် စိတ်အေးစေရန်အတွက် သူတို့သည် ကောင်းကင်ကတိသစ္စာ ပြုကြခြင်းပင်။ ထိုကဲ့သို့ ကတိသစ္စာပြုခြင်းသည် စိတ်ဝိညာဉ်အပေါ် ဝန်ပိစေတတ်သော်လည်း သူတို့နှစ်ဦးစလုံးကမူ ဂရုစိုက်ပုံမရပေ။

လင်းချန်၏ ရင်ထဲ၌ နွေးထွေးမှုများ ပြည့်နှက်သွားပြီး သက်ပြင်းချလိုက်သည်။ "ကျွန်တော်က အမတ်ချုပ် ကျူးကော့မင်ကို မခေါ်ထုတ်ချင်တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အင်အားက အရမ်းအားနည်းနေသေးလို့ မခေါ်ထုတ်နိုင်သေးတာပါ။"

ဝေဝူရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ "အရမ်း အားနည်းနေသေးတယ် ဟုတ်လား။"

လင်းချန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဆင့်ခေါ်ခံရမယ့်သူရဲ့ စွမ်းအားက ကျွန်တော့်ရဲ့ စွမ်းအားနဲ့ ဆက်စပ်နေတယ်။ တကယ်လို့ သူတို့က အရမ်းစွမ်းအားကြီးနေမယ်ဆိုရင် ဆင့်ခေါ်ဖို့ ကြိုးစားလိုက်တာနဲ့ ကျွန်တော့်ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်။"

ယီစင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ "ချန်လေး... အခုရောက်နေတဲ့ စစ်သည်တွေနဲ့ စစ်သင်္ဘောတွေက ချန်လေးရဲ့ အင်ပါယာမှာ ဘယ်အဆင့်ရှိလဲ။ အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့်ပိုင်းမှာ ပါလား။"

လင်းချန်သည် ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး မျက်နှာ၌ ဂုဏ်ယူသည့် အမူအရာတစ်ခု ပေါ်လာ၏။ "ဒီစစ်သည်တွေက အင်ပါယာရဲ့ အနိမ့်ဆုံးအဆင့် တပ်ဖွဲ့ဝင်တွေပဲ။"

ထိုသို့ပြောရင်း လင်းချန်သည် ကြမ်းပြင်ကို ညွှန်ပြလိုက်သည်။ "မြို့တစ်မြို့စာလောက်ပဲရှိတဲ့ ဒီစစ်သင်္ဘောက အင်ပါယာမှာ အနိမ့်ဆုံးအဆင့် စစ်သင်္ဘောပဲ။ လိုချင်သလောက် ရှိတယ်။ ရှင်းရှင်း... စစ်သင်္ဘောတွေကို လေ့လာချင်တယ်ဆို... အဆင်ပြေရင် ဖြိုဖျက်လေ့လာဖို့အတွက် အစီးနည်းနည်းလောက် ပေးနိုင်တယ်နော်။"

"အနိမ့်ဆုံးအဆင့် တပ်ဖွဲ့ဝင်တွေ... အနိမ့်ဆုံးအဆင့် စစ်သင်္ဘောတွေ ဟုတ်လား။"

ထိုစကားကို ကြားပြီးနောက် ယီစင်းသည် နဖူးကို စမ်းလိုက်မိပြီး ခေါင်းမူးချင်သလို ဖြစ်သွားရ၏။

သူမ၏ ဘေးနားရှိ ဝေဝူရွှမ်သည်လည်း မျက်လုံးပြူးသွားသည်။ "ဒါတွေက အနိမ့်ဆုံးအဆင့် စစ်သင်္ဘောတွေတဲ့လား။ ပြီးတော့ လိုချင်သလောက် ရှိတယ် ဟုတ်လား။ တပည့်ကျော်ရာ... လေကြီးမနေပါနဲ့ကွာ။ တကယ်လို့ မင်းဆရာက အစီးတစ်သောင်းလောက် လိုချင်တယ်ဆိုရင်ရော မင်း ထုတ်ပေးနိုင်မလား။"

လင်းချန်က ပခုံးတွန့်လိုက်သည်။ "တစ်သောင်းတည်းလား ဆရာ။ ကျွန်တော်လည်း ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီဆိုတော့... ဆရာလည်း ကိုယ့်သဘောဆန္ဒအလျောက် ကောင်းကင်ကတိသစ္စာ ပြုပြီးပြီပဲ။ တပည့်တစ်ယောက်အနေနဲ့ ဆရာ့ကို အမှန်အတိုင်း ပြောပြဖို့ ကြောက်စရာမလိုတော့ဘူး။ ဒီလို အနိမ့်ဆုံးအဆင့် စစ်သင်္ဘောမျိုးဆိုရင် အစီးရေ သန်းတစ်ရာလောက် ကျွန်တော် ထုတ်ပေးနိုင်တယ်။ ကြွားတာ မဟုတ်ဘူး။"

"ဘုန်းးး"

ဝေဝူရွှမ်သည် ဆက်ပြီး တောင့်ခံမထားနိုင်တော့ဘဲ ထိုင်ရက်သား လဲကျသွား၏။ သူ့တပည့်ကျော်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိပြီး ကမ္ဘာကြီးအပေါ် သူ၏ နားလည်ထားမှုများ တစစီ ပြိုကွဲပျက်စီးသွားရသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၃ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters