← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အပိုင်း ၂၂၄

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ဝေဝူရွှမ်သည် ယုံနိုင်စရာမရှိသဖြင့် ခေါင်းကိုသာ ခါယမ်းနေဆဲဖြစ်ပြီး လင်းချန် ပြောသည်ကို လုံးဝ မယုံကြည်နိုင်သေးပေ။

လင်းချန်၏ စကားများသည် လက်တွေ့နှင့် ကင်းကွာလွန်းပြီး မဖြစ်နိုင်သလောက်ပင်။

သို့သော် ယီစင်းကမူ လင်းချန်၏ စကားကို လေးနက်စွာ ယုံကြည်နေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ချန်လေးရဲ့ ဟွာရှာအင်ပါယာကို သွားလည်ရရင် သိပ်ကောင်းမှာပဲ။"

ထိုကိစ္စနှင့် ပတ်သက်ပြီး လင်းချန် ကိုယ်တိုင်လည်း ယီစင်းအား ဟွာရှာအင်ပါယာဆီ ခေါ်သွားပြီး လှည့်လည်ပြသချင်၏။ သို့သော် လက်ရှိအချိန်၌မူ ထိုသို့သွားရောက်နိုင်သည့် နည်းလမ်း မရှိသေးပေ။

လင်းချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးလိုက်သည်။ "တစ်နေ့ကျရင် ရှင်းရှင်းကို ဟွာရှာအင်ပါယာဆီ ခေါ်သွားဖို့ နည်းလမ်းရှာတွေ့မှာပါ။ ဒါပေမဲ့ နောက်ရက်နည်းနည်းနေရင် ကျူးကော့မင်ကို လူကိုယ်တိုင် တွေ့ရလိမ့်မယ်။"

လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ယီစင်း၏ မျက်လုံးများ၌ အံ့ဩရိပ်များ ပေါ်လာသည်။ "တကယ်လား။ ဒါပေမဲ့ ချန်လေး ပြောသလိုဆို အမတ်ချုပ် ကျူးကော့ကို ဆင့်ခေါ်နိုင်တဲ့အဆင့်ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။"

လင်းချန်က ရှင်းပြလိုက်သည်။ "သူက ရုပ်သေးရုပ် တစ်မျိုးကို သုတေသန လုပ်နေတယ်။ အဲဒါပြီးသွားရင် သူတို့ကိုယ်ပွားတွေနဲ့ ဒီကမ္ဘာကို စောစောစီးစီး ရောက်လာနိုင်လိမ့်မယ်။ သူတင်မကဘူး၊ အင်ပါယာရဲ့ တခြား ထိပ်သီးပုဂ္ဂိုလ်တွေ၊ တပ်မမှူးတွေနဲ့ စစ်သူကြီးတွေပါ ဒီကမ္ဘာမှာ ပေါ်လာနိုင်တယ်။ ဒါပေမဲ့ သူတို့ စွမ်းအားနဲ့ နယ်ပယ်ကတော့ အများကြီး ကန့်သတ်ခံရမှာပေါ့။"

လင်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယီစင်း၏ မျက်လုံးများ၌ မျှော်လင့်ချက်များ ပြည့်နှက်သွား၏။ ကျူးကော့မင်သည် သူမ အလွန်လေးစားရသည့် ဝေချင်းချင်း ကဲ့သို့ပင် ပညာရှိဆရာကောင်း တစ်ဦးဖြစ်၏။ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရမည်ဆိုလျှင် သူမ အလွန်ဝမ်းသာမိမည်မှာ အမှန်ပင်။

ထိုစဉ် ကွပ်ကဲမှုအခန်းထဲ၌ အချက်ပေးသံတစ်ခု ရုတ်တရက် မြည်လာ၏။ ယီစင်းသည် နည်းဗျူဟာမှန်ပြင်ကို ကြည့်ကာ အခြေအနေကို သဘောပေါက်သွားပြီး လင်းချန်ကို လှမ်းကြည့်လိုက်သည်။ "ဟင်... ချန်လေး၊ ပင်လယ်မျိုးနွယ်တွေ ရောက်လာပြန်ပြီ။ ငါတို့နဲ့ အရောင်းအဝယ် လာလုပ်ကြတာ။"

ယီစင်း၏ စကားကြောင့် လင်းချန် အံ့ဩသွားသည်။ "ပင်လယ်မျိုးနွယ်။ ပင်လယ်ထဲမှာ နေတဲ့ လူမျိုးလား။"

ယီစင်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငါတို့ စစ်သင်္ဘော ပင်လယ်ပြင်ပေါ် ရောက်လာကတည်းက သူတို့ ခဏခဏ လာကြတယ်။ သူတို့ အရောင်းအဝယ် လုပ်ချင်တာက ငါတို့ စစ်သင်္ဘော ဖြစ်နေလို့ပဲ။ ဒါက ချန်လေး ပစ္စည်းဆိုတော့ ဘယ်သူမှ ဆုံးဖြတ်ချက် မချရဲဘူး။ ချန်လေး ပြန်လာမယ့်အချိန်ကို စောင့်နေကြတာ။"

'ပင်လယ်မျိုးနွယ်တွေက ကောင်းကင်ပေါ်မှာ ပျံသန်းတဲ့ စစ်သင်္ဘောကို ဘာကြောင့် လိုချင်ကြတာလဲ' လင်းချန် အံ့အားသင့်သွား၏။ နာမည်နှင့်လိုက်အောင် ပင်လယ်ထဲမှာ နေထိုင်ကြသော ပင်လယ်မျိုးနွယ်တွေက ကောင်းကင်ပေါ်မှာ ပျံသန်းသည့် စစ်သင်္ဘောကို ဘာကြောင့် လိုချင်ကြတာလဲ။

လင်းချန် နားမလည် ဖြစ်နေသည်ကို ရိပ်မိသည့် ယီစင်းက ဖြည်းညှင်းစွာ ရှင်းပြသည်။ သွေးနက်မျိုးနွယ်ဝင် လုရှန်တာသည် သူတို့၏ဘိုးဘေးများ မြှုပ်နှံရာ မြင့်မြတ်သည့် နေရာသို့ ကျူးကျော်ဝင်ရောက်ခဲ့ဖူး၏။

သွေးနက်မျိုးနွယ်က ပင်လယ်မျိုးနွယ်တို့၏ အထွတ်အမြတ်ထားရာ နေရာသို့ သွားရောက်ရခြင်း အကြောင်းရင်းမှာ ရှင်းရှင်းလေးပင်။ အလောင်းကောင် ခိုးယူရန် ဖြစ်၏။

ကံကောင်းစွာဖြင့် မြင့်မြတ်သည့် နေရာကို ပင်လယ်မျိုးနွယ်များက အမြဲတမ်း ကင်းလှည့် စောင့်ကြပ်နေသဖြင့် လုရှန်တာ မအောင်မြင်ခဲ့ပေ။ သို့မဟုတ်ပါက ကမ်းရိုးတန်းပြည်နယ်သည် အမှန်တကယ် ဒုက္ခရောက်ပေလိမ့်မည်။

ပင်လယ်မျိုးနွယ်များသည် သူတို့၏ မြင့်မြတ်သည့် နေရာကို အလွန် လေးစားတန်ဖိုးထားကြ၏။ သူတို့၏ မျိုးနွယ်စု စည်းမျဉ်းများအရ မြင့်မြတ်သော နေရာ၏ အနီးတဝိုက် ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာခွင့် မရှိပေ။ ထိုသို့ပြုလုပ်ခြင်းသည် ဘိုးဘေးများကို မလေးစားရာ ရောက်သည်ဟု ယူဆကြသည်။

ထို့အပြင် ပင်လယ်မျိုးနွယ်မှ စွမ်းအားကြီးသူများသည် မသေဆုံးခင် ထိုနေရာ၌ ကျိန်စာတိုက်ခဲ့ကြ၏။ မည်သူမဆို အမိန့်မနာခံပါက အသက်စွမ်းအားကို စုပ်ယူပြီး အတူတကွ မြှုပ်နှံပစ်မည်ဟု ဆိုထားကြသည်။

ယခုတစ်ကြိမ် လာရောက် ဆက်သွယ်ကြသူများမှာ ကမ်းရိုးတန်းပြည်နယ်၏ တောင်ဘက်ပင်လယ်အနီး၌ နေထိုင်ကြသည့် လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်များ ဖြစ်ကြပြီး ထိုနေရာသည် သူတို့၏ မြင့်မြတ်သော နေရာလည်း ဖြစ်၏။

လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်တို့၏ မြင့်မြတ်သည့် နေရာသည် ကမ်းရိုးတန်းပြည်နယ်၏ တောင်ဘက်ပင်လယ်ပြင်သာမက အနောက်ဘက်အထိပါ ကျယ်ပြန့်သည်။

ထို့ကြောင့် သူတို့သည် အခြား ပင်လယ်မျိုးနွယ်များနှင့် ဆက်သွယ်ရန်အတွက် အနောက်ဘက် ပင်လယ်နက်ပိုင်းသို့ ကွေ့ပတ်သွားလာနေရသဖြင့် အလွန် အဆင်မပြေ ဖြစ်နေကြ၏။

စစ်သင်္ဘောသာ ရှိလျှင် အခြေအနေ ကွာခြားသွားပေလိမ့်မည်။ ပင်လယ်ပြင်အထက် ကောင်းကင်မှ တိုက်ရိုက် ပျံသန်းသွားနိုင်သဖြင့် လွယ်ကူသက်သာသွားမည် ဖြစ်၏။

ထို့အပြင် မျိုးနွယ်စုဝင် လူငယ်များကို ခေါ်ဆောင်ကာ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကို လျင်မြန်စွာ ဖြတ်ကျော်ပြီး အခြား ပင်လယ်မျိုးနွယ်များနှင့် ထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။

စစ်သင်္ဘော ရရှိခြင်းသည် ပင်လယ်မျိုးနွယ်အတွက် အလွန် အဓိပ္ပာယ်ရှိသည်ဟု ဆိုနိုင်၏။

ထို့အပြင် ပင်လယ်မျိုးနွယ်များသည် သူတို့ ဘိုးဘေးများ၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်ခဲ့သည့် သွေးနက်မျိုးနွယ် လုရှန်တာကို ကိုယ်တိုင် လက်စားချေလိုကြပြီး မည်သည့်နည်းနှင့်မဆို သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြ၏။

သို့သော် မြင့်မြတ်သည့် နေရာ ရှိနေခြင်းကြောင့် သူတို့သည် ကမ်းရိုးတန်းပြည်နယ်သို့ ကိုယ်တိုင် မသွားရောက်နိုင်ကြပေ။

စစ်သင်္ဘော ရရှိလိုက်ပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သဖြင့် သူတို့ အလွန် လိုချင်နေကြ၏။

ထို့ကြောင့် လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်များသည် မကြာခဏ လာရောက်လည်ပတ်ကြပြီး ယီစင်းတို့အဖွဲ့နှင့် အရောင်းအဝယ်လုပ်ကာ စစ်သင်္ဘော ဝယ်ယူရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ယီစင်းက ရှင်းပြသည်။ "နှစ်ရက် သုံးရက်လောက်နေရင် လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်က လူတွေ ရောက်ရောက်လာတတ်တယ်။ ချန်လေး ပြန်လာမှ ဆုံးဖြတ်လို့ရမယ် ပြောထားပေမဲ့ ဆက်လာနေကြတုန်းပဲ။ သူတို့လွှတ်လိုက်တဲ့သူက တတိယအကြီးအကဲ။ သေခြင်းရှင်ခြင်း နယ်ပယ်ကို ကျော်လွန်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ ဒါပေမဲ့ အရမ်းယဉ်ကျေးတယ်။ လက်ဆောင်တွေ အမြဲ ယူလာတတ်ပြီး ရန်လိုမှု မရှိဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ အရောင်းအဝယ်လုပ်ဖို့ တောင်းဆိုတယ်။"

ယီစင်း၏ ပြောပြချက်ကို ကြားရသည့်အခါ လင်းချန် စိတ်ဝင်စားသွား၏။

ဝေဝူရွှမ်က ဘေးမှ ဝင်ပြောသည်။ "ပင်လယ်မျိုးနွယ်တွေထဲမှာ လူမျိုးစု အများကြီး ကွဲပြားတယ်။ တချို့က အရမ်း ရက်စက်ကြမ်းကြုတ်ပေမဲ့ ပင်လယ်မျိုးနွယ် အများစုကတော့ ရန်သူမဟုတ်သရွေ့ သူတို့နေထိုင်တဲ့ ပင်လယ်ကြီးလိုပဲ သဘောထားကြီးကြတယ်။"

လင်းချန်သည် ခေါင်းညိတ်လိုက်ပြီး ယီစင်းကို ကြည့်လိုက်သည်။ "အင်း... ရှင်းရှင်း၊ ဒီရက်ပိုင်း လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်တွေ ဘာလက်ဆောင်တွေ ယူလာခဲ့လဲ။"

လင်းချန် မေးလိုက်သည်နှင့် ယီစင်းက ချက်ချင်း ဖြေလိုက်သည်။ "အနိမ့်စား ဒုတိယအဆင့် ဆေးလုံး ငါးမျိုး၊ စုစုပေါင်း အလုံးတစ်ရာ ပါတယ်။ အနိမ့်စား ဒုတိယအဆင့် မူလလက်နက်နဲ့ စိတ်ဝိညာဉ်ပစ္စည်း ဆယ်စုံစီ ပါတယ်။ ပြီးတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းလည်း ပါတယ်။ တတိယအကြီးအကဲ ပြောတာတော့ မိတ်ဆက်လက်ဆောင် သက်သက်ပဲတဲ့။ စစ်သင်္ဘောဖိုး မဟုတ်သေးဘူးတဲ့။"

လင်းချန်က ယီစင်းထံသို့ လက်ကမ်းပေးလိုက်သည်။ "သူတို့က ဒီလောက်တောင် စေတနာ ထက်သန်နေမှတော့ ကိုယ်တိုင်ပဲ သွားတွေ့လိုက်မယ်။"

ယီစင်းလည်း ပြုံးကာ လင်းချန်၏ လက်ကို လှမ်းဆွဲလိုက်သည်။

ဝေဝူရွှမ်သည် လျှာဖြင့် တောက်ခေါက်ကာ နောက်ပြောင်လိုက်ပြီး ကွပ်ကဲမှုအခန်းထဲမှ ဦးစွာ ထွက်ခွာသွားသည်။ "ကျွတ် ကျွတ်... ဒါက မင်းတို့နှစ်ယောက် ကိစ္စပဲ။ ငါ ဝင်မပါတော့ဘူး။"

စစ်သင်္ဘော ကုန်းပတ်ပေါ်ရှိ အထပ်ထပ် တည်ဆောက်ထားသည့် အဆောက်အဦးများ၏ အလယ်ဗဟို ခန်းမဆောင်၌ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော စားပွဲဝိုင်းတစ်ခု ရှိနေ၏။ ဟင်းပွဲများ၏ အဆင်း၊ အနံ့၊ အရသာတို့သည် မြင်သူတိုင်း သွားရည်ယိုစေလောက်၏။ ခန်းမတစ်ခုလုံး ပျံ့လွင့်နေသည့် မွှေးကြိုင်လှသော ဝိုင်နံ့ကြောင့် ထိုင်နေသူများသည် မျက်လုံးများကို မှေးစင်းကာ ဖြည်းညှင်းစွာ ရှူရှိုက်နေမိကြသည်။

စားပွဲဝိုင်း၌ ထိုင်နေသည့် လူသားနှင့် ဆင်တူသော်လည်း ခန္ဓာကိုယ်မှ အပြာရောင် ရောင်ခြည်များ ဖြာထွက်နေပြီး စုပ်ခွက်ဝိုင်းများပါရှိသည့် လက်ရှစ်ချောင်း ပိုင်ဆိုင်ထားသော လူငယ်တစ်ဦးက မေးလိုက်သည်။ "အဘိုး၊ ဘာလို့ မိန်းကလေးယီက ဒီနေ့ ကျွန်တော်တို့ကို ဧည့်ခံဖို့ ဆုံးဖြတ်လိုက်တာလဲ။"

အသက်ကြီးရင့်သည့် လက်ရှစ်ချောင်း အကြီးအကဲက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ "အပေးအယူ သဘောပါပဲကွာ။ ငါတို့က ဒီရက်ပိုင်း လာလည်နေတာဆိုတော့ သူတို့ဘက်က ပြန်ဧည့်ခံတာ သဘာဝကျတယ်။"

အကြီးအကဲ စကားဆုံးသည်နှင့် စားပွဲ၌ အတူထိုင်နေသည့် အခြား လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ဝင် ခြောက်ဦးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

အဘိုးနှင့် မြေး စကားပြောနေစဉ် ခန်းမတံခါး ပွင့်သွားပြီး လူနှစ်ဦး ဝင်ရောက်လာသည်။

ဝင်လာသော အမျိုးသားနှင့် အမျိုးသမီးကို မြင်လိုက်ရသည့်အခါ ခန်းမထဲရှိ ပင်လယ်မျိုးနွယ်များ၏ မျက်ဝန်းထဲ၌ အံ့ဩရိပ်များ ဖြတ်ပြေးသွားကြ၏။

ယခုအချိန်အထိ သူတို့နှင့် တွေ့ဆုံခဲ့သူမှာ ယီစင်းသာ ဖြစ်သည်။

ယခု ရုတ်တရက် ပေါ်လာသည့် ဤလူငယ်မှာ မည်သူနည်း။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters