အခန်း ၂၂၅
Vol. 23 Ch. 225
အပိုင်း ၂၂၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပထမဆုံး တုံ့ပြန်လိုက်သူမှာ ပင်လယ်မျိုးနွယ် အဘိုးအိုပင် ဖြစ်၏။ သူသည် လျင်မြန်စွာပင် လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်သည်။
"အရှင်က ဒီစစ်သင်္ဘောကြီးရဲ့ ပိုင်ရှင် ဟွာရှာအင်ပါယာရဲ့ ဧကရာဇ်လား ခင်ဗျာ။"
လင်းချန်သည်လည်း သူ၏ ရှေ့ရှိ အဘိုးအိုကို ကြည့်ရင်း လက်ယှက်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
"ဟုတ်ပါတယ်။ ကျုပ်ရှေ့က အကြီးအကဲက လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ရဲ့ တတိယအကြီးအကဲ ကျန်းနျန်ရီ၊ အကြီးအကဲကျန်း ထင်ပါရဲ့။"
သို့သော် ထိုစဉ် လင်းချန်၏ စိတ်ထဲ၌ အတော်လေး အံ့ဩသွားသည်။ အကြောင်းမှာ သူသည် ပင်လယ်မျိုးနွယ်ဝင်တစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့်ပင် ဖြစ်၏။
သူ၏ ရှေ့ရှိ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ဝင်များသည် လူသားများနှင့် ပုံပန်းသဏ္ဌာန် အနည်းငယ် တူညီသော်လည်း သူတို့၏ လက်ရှစ်ချောင်းရှိ စုပ်ခွက်များကို ကြည့်ရုံဖြင့် အလွယ်တကူ ခွဲခြားနိုင်သည်။
ရေဘဝဲများပင်။
'ရေဘဝဲတွေက သိုင်းဝိညာဉ်အဖြစ် ပြောင်းလဲသွားကြတာပဲ။'
လင်းချန်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။ စင်စစ်အားဖြင့် ထိုစကားကို အပြင်သို့ ထုတ်ပြောမိမည်တော့ မဟုတ်ပေ။
လင်းချန် အံ့ဩနေချိန်၌ ပင်လယ်မျိုးနွယ်ဝင်များကလည်း အတော်လေး အံ့ဩနေကြ၏။
သူတို့၏ အထင်၌ ထိုမျှ ဆန်းကြယ်သည့် စစ်သင်္ဘောကြီးကို ပိုင်ဆိုင်ပြီး ဧကရာဇ်အာဏာစွမ်းရည် ရှိသူသည် သက်တမ်းရာချီနေသော ရှေးဟောင်းပညာရှင်ကြီးတစ်ဦး သို့မဟုတ် သေခြင်းရှင်ခြင်းနယ်ပယ် အထက်ရှိ ပုဂ္ဂိုလ်ကြီး ဖြစ်လိမ့်မည်ဟု တွေးထင်ထားကြခြင်း ဖြစ်၏။
သို့သော် မျှော်လင့်မထားသည်မှာ အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည့် လူငယ်လေးတစ်ဦး ဖြစ်နေပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ကောင်းကင်နယ်ပယ်၌သာ ရှိနေသေးခြင်းပင် ဖြစ်သည်။
သို့သော် အသက် နှစ်ဆယ်အရွယ်ဖြင့် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိခြင်းသည်လည်း သာမန်မဟုတ်သည့် ပါရမီရှင်တစ်ဦး ဖြစ်၏။
တတိယအကြီးအကဲ ကျန်းနျန်ရီ၏ ဘေးရှိ ပင်လယ်မျိုးနွယ်လူငယ်လေးက သဘောကျစွာ ပြုံးရယ်လိုက်သည်။
"ဒီနေ့မှပဲ လူချင်းတွေ့ဖူးတော့တယ်။ မိန်းကလေးယီနဲ့ ဧကရာဇ်လင်းတို့က တကယ့်ကို လိုက်ဖက်ညီလွန်းတဲ့ စုံတွဲပါပဲဗျာ။"
လင်းချန်ကလည်း ရယ်မောကာ လက်ကာပြလိုက်သည်။
"ညီအစ်ကို ကျန်းချီက မြှောက်ပင့်လွန်းပါပြီဗျာ။ ကဲ အားလုံးပဲ ထိုင်ကြပါဦး။ စားရင်းသောက်ရင်း ပြောကြတာပေါ့။"
ကျန်းနျန်ရီက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ။"
ကျန်းနျန်ရီသည် အလွန် ဝမ်းသာသွား၏။ သူသည် ထိုကိစ္စအတွက် တစ်လနီးပါးခန့် စိတ်ပူပန်နေရပြီး သူ၏ အစ်ကိုကြီးဖြစ်သူ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ် ခေါင်းဆောင်ကလည်း ထိုကိစ္စကို အထူးအလေးထားနေသည်။ အကယ်၍သာ သူတို့အနေဖြင့် စစ်သင်္ဘောကို ဝယ်ယူနိုင်ပါက လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်အတွက် ကြီးမားသည့် ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သူတို့၏ စကားဝိုင်းအတွင်း၌ ယီစင်း ပြောပြဖူးသည့်အတိုင်း လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်သည် မြင့်မြတ်သည့် နေရာကို ကျော်ဖြတ်ပြီး အချိန်ကုန်သက်သာစေရန်အတွက် စစ်သင်္ဘောကို ဝယ်ယူလိုခြင်းဖြစ်ကြောင်း လင်းချန် သိရှိလိုက်သည်။
အကြီးအကဲ ကျန်းနျန်ရီ၏ ပြောပြချက်အရ သူတို့မျိုးနွယ်စုမှ မျိုးဆက်သစ်လူငယ်များကို လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်၏ တောင်ဘက်ရေပိုင်နက်၌ ကျင်းပမည့် မျိုးနွယ်စုတွေ့ဆုံပွဲသို့ ခေါ်ဆောင်သွားလိုလျှင် သူတို့ဌာနခွဲ၏ မြင့်မြတ်သည့် နေရာကို ရှောင်ကွင်းသွားလာရမည် ဖြစ်၏။
ထိုခရီးစဉ်သည် တစ်နှစ်တိတိ ကြာမြင့်မည်ဖြစ်သည်။ ထိုအချိန်သည် သွားချိန်သက်သက်သာ ရှိသေးပြီး ပြန်လာလျှင်လည်း တစ်နှစ်ကြာဦးမည် ဖြစ်၏။ အသွားအပြန်ဆိုလျှင် နှစ်နှစ်ကြာမြင့်ပေလိမ့်မည်။
အကယ်၍ သူတို့သာ စစ်သင်္ဘောကို ဝယ်ယူနိုင်ပါက နှစ်လခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်သည် အဘယ်ကြောင့် အတင်းအဓမ္မ လုယူခြင်းမပြုဘဲ အရောင်းအဝယ်ပြုလုပ်ရန်သာ ဇွဲနပဲကြီးစွာ တောင်းဆိုနေရကြောင်းကိုလည်း လင်းချန် နားလည်သွား၏။
လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်၏ အမြင်၌ စစ်သင်္ဘောသည် လင်းချန်၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်သည်။
အကယ်၍ ကမ္ဘာ့ရတနာ သို့မဟုတ် လျှို့ဝှက်နယ်မြေတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်ပါက အင်အားသုံး၍ လုယူခြင်းမှာ သဘာဝကျသည်။ သို့သော် သူတစ်ပါး၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်နေပါက လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်သည် အပေးအယူဖြင့် ဝယ်ယူရန်သာ ရွေးချယ်လေ့ရှိ၏။
ထိုသည်မှာ သူတို့၏ သဘာဝပင်ဖြစ်ပြီး အင်အားသုံး လုယူခြင်းကို ယုတ်မာသည့် လုပ်ရပ်ဟု သတ်မှတ်ထားကြသည်။ အားနည်းသူကို အားကြီးသူက ဝါးမြိုတတ်သော ဤလောကကြီး၌ ထိုမျှ အကျိုးသင့်အကြောင်းသင့် တွေးခေါ်တတ်သည့် မျိုးနွယ်စု ရှိနေခြင်းက လင်းချန်ကို အံ့ဩစေပြီး လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်အပေါ် လေးစားမှုနှင့် အမြင်ကြည်လင်မှုများ ဖြစ်ပေါ်လာစေ၏။
လင်းချန်က စကားစလိုက်သည်။
"အကြီးအကဲကျန်း၊ ကျုပ် အရင်ဆုံး ပြောပြစရာတစ်ခု ရှိတယ်။ ခင်ဗျားတို့ရဲ့ မြင့်မြတ်တဲ့ နေရာကို ကျူးကျော်ခဲ့တဲ့ သွေးနက်မျိုးနွယ်က လုရှန်တာက ကျုပ်နဲ့ ရန်ငြိုးရှိဖူးပြီး အခုတော့ ကျုပ်လက်ချက်နဲ့ သေသွားပြီ။"
ထို့နောက် လင်းချန်သည် မူလပြည်နယ်၌ ဖြစ်ပျက်ခဲ့သည့် သွေးနက်မျိုးနွယ်ကိစ္စကို အသေးစိတ် ရှင်းပြလိုက်၏။ စကားဆုံးသည့်အခါ လင်းချန်က လက်နှစ်ဖက်ကို ယှက်၍ တောင်းပန်လိုက်သည်။
"ကျုပ် တကယ်ပဲ တောင်းပန်ပါတယ်။ ခင်ဗျားတို့ကို ကိုယ်တိုင် လက်စားချေခွင့် မပေးနိုင်ခဲ့တဲ့အတွက်ပါ။"
ကျန်းနျန်ရီက ပြာပြာသလဲ ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ဧကရာဇ်လင်းက ကျွန်တော်တို့ကို အထင်ကြီးလွန်းပါပြီ။ ကျွန်တော်တို့ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ် တောင်ဘက်ဆက်ဆံရေးဌာနက အရှင့်ကို အကြွေးတစ်ခု တင်သွားပါပြီ။"
ကျန်းနျန်ရီ၏ မျက်လုံးများ အရောင်တောက်လာသည်။
"ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ အရှင် နားထောင်ကြည့်မလား။"
လင်းချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ညာဘက်လက်ကို ဖြန့်ပြလိုက်၏။
"အကြီးအကဲကျန်း၊ ပြောပါဗျာ။"
ကျန်းနျန်ရီက အကြံပြုလိုက်သည်။
"မိန်းကလေးယီက အရှင်တို့ရဲ့ အခြေအနေကို ပြောပြထားပါတယ်။ ကျွန်တော် ကြွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကမ်းရိုးတန်းပြည်နယ်မှာ ဘယ်သူမှ ကျွန်တော့်ပြိုင်ဘက် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ရှန်ထျန်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ပေးပြီး ကျွန်တော်တို့ရဲ့ စေတနာကို ပြသချင်ပါတယ်။ ဘယ်လိုသဘောရလဲ။"
ကျန်းနျန်ရီ၏ အမြင်၌ ရှန်ထျန်ဂိုဏ်းသည် သွေးနက်မျိုးနွယ်မှ လုရှန်တာနှင့် ပူးပေါင်းဖူးသဖြင့် လူကောင်းများ မဟုတ်ကြပေ။
ထို့ကြောင့် ရှန်ထျန်ဂိုဏ်းကို ဖျက်ဆီးပေးခြင်းဖြင့် လင်းချန်ကို အဘယ်ကြောင့် မကူညီဘဲ နေရမည်နည်း။
ထိုသို့ ကူညီပေးလိုက်ပါက ထိုမျက်နှာသာပေးမှုအပေါ် မူတည်ပြီး လင်းချန်က စစ်သင်္ဘောများ ရောင်းချပေးလာနိုင်သည်။
ကျန်းနျန်ရီ၏ စိတ်ထဲ၌ စစ်သင်္ဘောများသည် အလွန် တန်ဖိုးရှိလှသဖြင့် တစ်စင်းတလေ ဝယ်ယူရန်ပင် ဟွာရှာအင်ပါယာဧကရာဇ် လင်းချန်အတွက် ဝန်လေးစရာ ဖြစ်နေလိမ့်မည်ဟု တွေးထင်နေမိ၏။
ထို့ကြောင့် ယခင်က ကျန်းနျန်ရီသည် လင်းချန် မရှိခိုက် အခွင့်ကောင်းယူ၍ မကြာခဏ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ကျန်းနျန်ရီ၏ အတွေး၌ ယီစင်းမှာ မိန်းကလေးဖြစ်သဖြင့် စိတ်ထားနူးညံ့ကာ သူတို့က အသနားခံ တောင်းဆိုပါက စစ်သင်္ဘော ရောင်းချပေးရန် သဘောတူလိမ့်မည်ဟု ယူဆခဲ့၏။ သို့သော် မမျှော်လင့်ဘဲ ယီစင်းက ခိုင်မာပြတ်သားစွာဖြင့် လင်းချန် ပြန်လာသည်ကိုသာ စောင့်ရန် ပြောဆိုခဲ့သည်။
ကံကောင်းသည်မှာ ဤလင်းချန်ဆိုသူ လူငယ်လေးသည် အသက်ငယ်ရွယ်ပြီး စကားပြောရလွယ်ကူပုံ ပေါက်နေသော်လည်း ကျန်းနျန်ရီ၏ စိတ်ထဲ၌မူ စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင် ဖြစ်၏။
လင်းချန်က ညင်သာစွာ ခေါင်းခါရင်း ကျန်းနျန်ရီ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"အကြီးအကဲကျန်း၊ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး။ ကမ်းရိုးတန်းပြည်နယ်ကိစ္စကို ကျုပ်ကိုယ်တိုင်ပဲ ဖြေရှင်းချင်ပါတယ်။"
အကယ်၍ သူသာ ကမ်းရိုးတန်းပြည်နယ်ကို ထိန်းချုပ်လိုပါက မိမိကိုယ်ပိုင်အင်အားဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်၏။ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်၏ အကူအညီကို ယူလိုက်ပါက လူထု၏အမြင်နှင့် သိမ်းသွင်းစည်းရုံးရေး၌ အခက်အခဲ ရှိလာနိုင်သည်။
လင်းချန်၏ ငြင်းပယ်စကားကို ကြားလိုက်ရသည့်အခါ ကျန်းနျန်ရီ၏ မျက်နှာပေါ်၌ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး လင်းချန်ကို လက်ယှက်ဂါရဝပြုလိုက်သည်။
"အရှင်၊ ကျွန်တော် စကားလွန်သွားပြီ။ ဒီနေ့တော့ ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး။ အရှင် ပြန်လည်စဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်နည်းနည်းကြာရင် ကျွန်တော်တို့ ထပ်လာခဲ့ပါ့မယ်။"
ကျန်းနျန်ရီမှာ ခေါင်းငိုက်စိုက်ကျလျက် ပြန်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် လင်းချန် ကြောင်အသွားရ၏။
"အကြီးအကဲကျန်း၊ ခင်ဗျားက ကျုပ်ဆီက စစ်သင်္ဘော လာဝယ်တာ မဟုတ်ဘူးလား။ ဘာလို့ မဝယ်ဘဲ ပြန်တော့မှာလဲ။"
"ဗျာ။"
လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းနျန်ရီမှာ မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။
"အရှင်က ကျွန်တော်တို့ကို တကယ်ပဲ စစ်သင်္ဘော ရောင်းပေးမှာလား။"
လင်းချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့၊ ခင်ဗျားတို့ရဲ့ စေတနာက ကျုပ်ကို စိတ်လှုပ်ရှားစေခဲ့ပြီပဲ။"
ကျန်းနျန်ရီမှာ နားမလည်နိုင်စွာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ဒါပေမဲ့ အရှင်က ခုနကပဲ ကျွန်တော့်ကို ငြင်းလိုက်တယ် မဟုတ်လား။"
ထိုအခါမှသာ လင်းချန်နှင့် ယီစင်းတို့ သဘောပေါက်သွားကြသည်။ ကျန်းနျန်ရီက လင်းချန်၏ အကူအညီကို ငြင်းပယ်ခြင်းသည် စစ်သင်္ဘော ရောင်းချရန် ငြင်းပယ်ခြင်းဟု လွဲမှားစွာ ထင်မှတ်သွားခြင်း ဖြစ်၏။
အမှန်တကယ်တော့ လင်းချန်က သူတို့၏ အကူအညီကို ငြင်းပယ်ခြင်းမှာ အနာဂတ်၌ ကမ်းရိုးတန်းပြည်နယ်ကို ထိန်းချုပ်ရန်အတွက် သက်သက်သာ ဖြစ်သည်။
လင်းချန်က ကျန်းနျန်ရီကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
"ကမ်းရိုးတန်းပြည်နယ်ကိစ္စကတော့ ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေကြောင့် အကြီးအကဲကျန်း ပါဝင်ပတ်သက်ဖို့ အဆင်မပြေတာပါ။ ဒါပေမဲ့ စစ်သင်္ဘောကိစ္စကတော့ ကျုပ် အစကတည်းက ရောင်းဖို့ ဆုံးဖြတ်ပြီးသားပါ။"
လင်းချန်က စကားဆက်လိုက်သည်။
"ရှင်းရှင်းက ပြောဖူးတယ်။ ခင်ဗျားတို့က ကျုပ်ဆီက စစ်သင်္ဘောတစ်စင်းကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ ဝယ်မယ်ဆို။"
ကျန်းနျန်ရီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။"
လင်းချန်က လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ဘက်သို့ ညာလက်ဖဝါးကို ဖြန့်ကာ လက်ချောင်းများကို လှုပ်ရှားပြလိုက်၏။
လင်းချန် စကားမပြောရသေးခင်မှာပင် ကျန်းနျန်ရီသည် နာကျင်စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြတ်သားစွာ ဆုံးဖြတ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။
"တစ်စင်းကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်၊ ကျွန်တော်တို့ သဘောတူပါတယ်။"
လင်းချန်က ခေါင်းရမ်းလိုက်၏။
"အကြီးအကဲကျန်း၊ ခင်ဗျား ကျုပ်ကို နားလည်မှုလွဲနေပြီ။"
လင်းချန်သည် သူ၏ ညာလက်ကို နောက်တစ်ကြိမ် ထပ်မံလှုပ်ယမ်းပြကာ ပြုံးရယ်လိုက်သည်။
"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ ကျုပ် ခင်ဗျားတို့ကို စစ်သင်္ဘော ငါးစင်း ပေးမယ်။"
"ဖူးးး"
လင်းချန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် အရသာရှိသည့် ဝိုင်ကို သောက်သုံးနေသော ကျန်းချီသည် သူ၏ အဘိုးဖြစ်သူ ကျန်းနျန်ရီ၏ မျက်နှာတည့်တည့်သို့ ဝိုင်များ မှုတ်ထုတ်လိုက်မိ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။