အခန်း ၂၂၆
Vol. 23 Ch. 226
အပိုင်း ၂၂၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"ငါး... ငါးစင်းတောင်လား..."
ကျန်းနျန်ရီသည် မျက်နှာပေါ်မှ ဝိုင်များကို သုတ်ဖယ်လိုက်ပြီး သူ့မြေးဖြစ်သူနှင့် ဖက်ပြိုင်ရန် စိတ်မဝင်စားတော့ဘဲ လင်းချန်ကိုသာ မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
မူလက သူ၏ အစီအစဉ်မှာ စစ်သင်္ဘော တစ်စင်းတည်းကိုသာ ဝယ်ယူရန် ဖြစ်သော်လည်း အံ့ဩစရာကောင်းသည်မှာ တစ်ဖက်လူက သူတို့ကို မူရင်းဈေးအတိုင်း ငါးစင်းတိတိ ရောင်းချပေးမည်ဟု ကမ်းလှမ်းလာခြင်းကြောင့်ပင် ဖြစ်၏။
ကျန်းနျန်ရီသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး စမ်းတဝါးဝါး မေးလိုက်၏။ "အရှင်လင်းရဲ့ လက်ထဲမှာ ဒီစစ်သင်္ဘော လေးစင်းထက် ပိုရှိနေသေးလို့လား..."
လင်းချန်က ရယ်မောကာ ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ်။ ကျုပ်လက်ထဲမှာ ဒီလေးစင်းထက်မက ရှိပါသေးတယ်။ အရေအတွက်ကလည်း မနည်းပါဘူး။"
ကျန်းနျန်ရီက မမျှော်လင့်ထားသည့် ကမ်းလှမ်းမှုကို သဘောကျနေသော်လည်း သတိထားပြီး မေးလိုက်သည်။ "ဒါက တကယ်ကို ကောင်းလွန်းပါတယ်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ ငါးစင်းတောင် ရောင်းပေးမယ်ဆိုတော့ အရှင် ရှုံးမနေဘူးလား။"
ကျန်းနျန်ရီ၏ တုံ့ပြန်ပုံကို မြင်လိုက်ရသဖြင့် လင်းချန် အောင့်မထားနိုင်ဘဲ ရယ်မောလိုက်သည်။ "အကြီးအကဲကျန်း... ခင်ဗျားက တကယ်ကို ချစ်ဖို့ကောင်းလွန်းပါတယ်။ ခင်ဗျားက ကျုပ်ဆီက ဝယ်တာလေ။ ဘာလို့ ကျုပ်ရှုံးမှာကို ပူနေရတာလဲ။ ကြည့်ရတာ ဒီစစ်သင်္ဘော ငါးစင်း ရောင်းပေးလိုက်ရုံနဲ့ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်အပေါ်ထားတဲ့ ကျုပ်ရဲ့ လေးစားမှုကို ပြသဖို့ မလုံလောက်သေးဘူးနဲ့ တူတယ်။"
လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းနျန်ရီက နားမလည်နိုင်ဘဲ မေးမြန်းလိုက်သည်။ "အရှင်လင်း... အရှင့်သဘောက..."
လင်းချန်က ရှင်းပြလိုက်သည်။ "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ ကျုပ် ခင်ဗျားတို့ကို စစ်သင်္ဘော ငါးစင်း ရောင်းပေးပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့မျိုးနွယ်စုအနေနဲ့ ရှေးဟောင်းစာအုပ်တချို့ကို လက်ဆောင်အဖြစ် ပေးနိုင်မယ်ဆိုရင် ကျုပ် နောက်ထပ် အကျိုးခံစားခွင့်တွေ ထပ်ပေးပါဦးမယ်။ ရှေးဟောင်းစာအုပ်ဆိုတဲ့နေရာမှာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ကျုပ် အကုန်လိုချင်ပါတယ်။ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းလမ်းတွေ ဒါမှမဟုတ် ပေးဖို့ အဆင်မပြေတဲ့ စာအုပ်တွေ ရှိရင်တော့ ထားလိုက်ပါ။ စာအုပ်ဆိုရင် ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ... ကျုပ် အကုန်လိုချင်ပါတယ်။"
လင်းချန်၏ တောင်းဆိုမှုမှာ စာအုပ်များ ဖြစ်နေသည်ကို ကြားလိုက်ရသည့်အခါ ကျန်းနျန်ရီ အံ့အားသင့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "စာအုပ်ကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေတဲ့ စာအုပ် ခုနစ်အုပ်၊ ရှစ်အုပ်လောက်ကလွဲရင် ကျန်တာ ပေးလို့မရစရာ အကြောင်းမရှိပါဘူး။ အရှင်လင်း... မူရင်းစာအုပ်တွေကို လိုချင်တာလား။"
လင်းချန်က ပြုံးလျက် ခေါင်းညိတ်ကာ လက်ယှက်လိုက်သည်။ "မလိုပါဘူး။ မိတ္တူဆိုရင် ရပါပြီ။ ကျုပ်က အဲဒီစာအုပ်တွေကို အရမ်းလိုအပ်နေလို့ပါ။ အကြီးအကဲကျန်းကို ကြိုပြီး ကျေးဇူးတင်ပါတယ်။"
ထိုအခါ ကျန်းနျန်ရီက လက်ကာပြလိုက်သည်။ "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ စစ်သင်္ဘော ငါးစင်းတောင် ရတာ... ကျွန်တော်တို့ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ကသာ အရှင့်ရဲ့ စေတနာအတွက် အများကြီး ကျေးဇူးတင်ရမှာပါ။"
လင်းချန်က ပြောလိုက်သည်။ "ဒါဆိုရင် ကျုပ်တို့ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ပါစေ။ ဒီမတိုင်ခင် ကျုပ် အကူအညီလေးတစ်ခုလောက် တောင်းချင်ပါတယ်။"
ကျန်းနျန်ရီက ချက်ချင်းပင် တုံ့ပြန်၏။ "ပြောပါ အရှင်လင်း..."
လင်းချန်က ကျန်းနျန်ရီကို လေးနက်စွာ ပြောလိုက်သည်။ "စာအုပ်တချို့ကို အရင်ပို့ပေးစေချင်ပါတယ်။ အထူးသဖြင့် ခင်ဗျားတို့ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်အကြောင်း မိတ်ဆက်ထားတဲ့ စာအုပ်တွေပေါ့။ ဥပမာ - ခင်ဗျားတို့ ဘယ်လိုနေထိုင်မှု ပတ်ဝန်းကျင်မျိုးကို နှစ်သက်လဲ... ဘယ်လို ဗိသုကာလက်ရာမျိုးကို ကြိုက်လဲဆိုတာမျိုးကို အရင်ပို့ပေးစေချင်ပါတယ်။ နောက်သုံးရက်နေရင်တော့ ကျန်တဲ့စာအုပ်တွေနဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို ယူလာပြီး ခင်ဗျားတို့ ရမယ့် စစ်သင်္ဘောတွေကို လာယူနိုင်ပါပြီ။"
လင်းချန်၏ စကားကို ကြားသည့်အခါ ကျန်းနျန်ရီနှင့် သူ၏ အပေါင်းအပါများသည် ဝမ်းသာပီတိ ဖြစ်သွားကြသော်လည်း အနည်းငယ်တော့ နားဝေတိမ်တောင် ဖြစ်နေကြ၏။ သို့သော်လည်း သူတို့သည် ကျေးဇူးတင်စကားဆိုကာ ထွက်ခွာသွားကြသည်။
လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ဝင်များ ထွက်ခွာသွားပြီးနောက် ယီစင်းက လင်းချန်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ချန်လေး... ရှင် တကယ်တမ်း ဘာတွေ ကြံစည်နေတာလဲ..."
လင်းချန်က တံခါးဝဆီသို့ လေးနက်စွာ ကြည့်လိုက်သည်။ "အချိန်တန်ရင် ရှင်းရှင်း သိလာပါလိမ့်မယ်။ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်ရဲ့ စိတ်နေသဘောထားက မဟာမိတ်ဖွဲ့ဖို့ တကယ်ကို ထိုက်တန်ပါတယ်။ ပင်လယ်ပြင်နယ်မြေမှာ ယုံကြည်ရတဲ့ မဟာမိတ်တစ်ယောက် ရှိထားတာက အနာဂတ်မှာ ကိုယ်တို့အတွက် အများကြီး အဆင်ပြေစေပါလိမ့်မယ်။ ကိုယ့်ရဲ့ရည်ရွယ်ချက်က လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ် ဌာနခွဲကို အသုံးချပြီး ပင်လယ်ပြင်နယ်မြေမှာရှိတဲ့ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ် တစ်ခုလုံးနဲ့ အဆက်အသွယ်ရဖို့ပဲ။ အဆုံးသတ်မှာတော့ သူတို့ကနေတစ်ဆင့် သဘောထားမှန်ကန်တဲ့ ပင်လယ်မျိုးနွယ်စုအားလုံးနဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်။"
လင်းချန် ပြောပြီးသည်နှင့် ယီစင်း၏ မျက်လုံးများလည်း အရောင်တောက်သွားပြီး သူ၏ လုပ်ရပ်များ မည်မျှ အရေးပါကြောင်း နားလည်သွား၏။
ပင်လယ်ပြင်နယ်မြေသည် ကျယ်ပြောလှပြီး သယံဇာတ အရင်းအမြစ်များစွာ ကြွယ်ဝပေလိမ့်မည်။ အကယ်၍သာ ပင်လယ်မျိုးနွယ်စုများနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားနိုင်ပါက အနာဂတ် ကုန်သွယ်ရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ထို့အပြင် ပင်လယ်မျိုးနွယ်စုသည် အလွန် အင်အားကြီးမားသည့် မျိုးနွယ်စုလည်း ဖြစ်၏။ သူတို့နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားခြင်းက သူတို့၏ အကူအညီကိုလည်း ရရှိစေနိုင်၏။
ခုနက ကျန်းနျန်ရီကိစ္စကို ကြည့်လျှင် သိနိုင်၏။ အကယ်၍ လင်းချန်သာ ကမ်းရိုးတန်းပြည်နယ်ကို ထိန်းချုပ်ရန် ဆန္ဒမရှိဘဲ သူတို့၏ အကူအညီကို လက်ခံလိုက်မည်ဆိုပါက ရှန်ထျန်ဂိုဏ်း၏ ပြဿနာသည် အလွယ်တကူပင် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
မကြာမီမှာပင် ပင်လယ်နက်အတွင်း၌... ပြာလဲ့နေသော သလင်းကျောက်များဖြင့် တည်ဆောက်ထားသည့် မြို့တော်ကြီးသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီး ကျန်းနျန်ရီ အပါအဝင် မြို့သူမြို့သားများသည်လည်း သူတို့၏ မူလပုံစံသို့ ပြောင်းလဲသွားကြသည်။
သူတို့၏ ရုပ်ဆင်းသဏ္ဌာန်သည် မူလက လူသားများနှင့် ဆင်တူသော်လည်း ယခုအခါ သိသိသာသာ ပြောင်းလဲသွားပြီး ရေဘဝဲများနှင့် ပိုမိုတူညီလာ၏။ မည်သို့ပင်ဆိုစေ သူတို့သည် ပင်လယ်မျိုးနွယ်ဝင်များ ဖြစ်ကြသဖြင့် ရေထဲမှ ထွက်လာချိန်၌သာ လူသားပုံစံနှင့် ပိုမိုတူညီကြခြင်း ဖြစ်၏။
ဤမြို့သည် လင်းချန်၏ ဟွာရှာအင်ပါယာ မြို့တော်ကဲ့သို့ပင် လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်၏ မြင့်မြတ်သည့်မြို့တော် ပင် ဖြစ်၏။
မြင့်မြတ်သည့်မြို့တော်၏ အလယ်ဗဟိုရှိ သလင်းကျောက်နန်းတော်အတွင်း၌ လက်ရှစ်ချောင်း ပင်လယ်မျိုးနွယ်၏ အကြီးအကဲတစ်ဦးသည် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေပုံ ရသည်။
ထိုအကြီးအကဲက စိတ်ပူပန်စွာ တွေးတောနေမိ၏။ 'တတိယညီလေး ဘယ်လိုနေလဲ မသိဘူး... အောင်မြင်ရဲ့လား...'
ဤအကြီးအကဲသည် ဤဌာနခွဲ၏ ခေါင်းဆောင်ဖြစ်သူ ကျန်းနျန်ရှင်း ဖြစ်၏။
ပင်လယ်မျိုးနွယ်စု တွေ့ဆုံပွဲကို မမျှော်လင့်ဘဲ နောက်ထပ် နှစ်ဝက်အကြာ၌ ကျင်းပရန် ရက်ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ဖြစ်၏။ ရလဒ်အနေဖြင့် မျိုးနွယ်စုမှ ကြိုတင်အကြောင်းကြားစာ ပေးပို့ချိန်၌ သွေးနက်မျိုးနွယ်မှ လုရှန်တာက သူတို့၏ မြင့်မြတ်သည့်နယ်မြေ၌ ဖျက်ဆီးသောင်းကျန်းနေချိန် ဖြစ်နေခဲ့၏။
ထို့ကြောင့် သူတို့သည် မျိုးနွယ်စု၏ အကြောင်းကြားစာကို သတိမပြုမိလိုက်ဘဲ နောက်ကျမှသာ သိရှိခဲ့ရ၏။
ဤလက်ရှစ်ချောင်း ပင်လယ်မျိုးနွယ် တွေ့ဆုံပွဲသည် အလွန်အရေးကြီးပြီး လျှို့ဝှက်နယ်မြေ ဖွင့်လှစ်မည့်ကိစ္စနှင့်လည်း သက်ဆိုင်နေသည်။ ဤအခွင့်အရေး လွဲချော်သွားပါက သူတို့ဌာနခွဲအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် လင်းချန်၏ စစ်သင်္ဘောများကို တွေ့ရှိလိုက်ရသည့်အခါ သူတို့သည် ဝယ်ယူရန် အသည်းအသန် မျှော်လင့်ခဲ့ကြခြင်း ဖြစ်၏။ ထိုစစ်သင်္ဘောများကို အားကိုးမှသာ နောက်ထပ် နှစ်ဝက်အကြာ၌ ကျင်းပမည့် မျိုးနွယ်စုတွေ့ဆုံပွဲသို့ အချိန်မီ ရောက်ရှိနိုင်ပေလိမ့်မည်။
ယခုအချိန်၌ ကျန်းနျန်ရှင်း အနေဖြင့် တစ်ဖက်လူက သူတို့၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် စစ်သင်္ဘော တစ်စင်းလောက် ရောင်းချပေးပါစေဟုသာ မျှော်လင့်နေမိသည်။
ထိုစဉ် ခန်းမဆောင်ဆီသို့ လျင်မြန်သည့် ခြေသံများ နီးကပ်လာသည်။ ကျန်းနျန်ရှင်းက အဝင်ဝဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
သူ့ညီဖြစ်သူ ကျန်းနျန်ရီက ပျော်ရွှင်နေသည့် မျက်နှာထားဖြင့် ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျှော်လင့်ချက် မျက်ဝန်းများဖြင့် သူ့ညီဆီသို့ လျှောက်သွားလိုက်သည်။
ကျန်းနျန်ရီက ခန်းမထဲ ဝင်လာရင်း ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ "ဟားဟားဟား... အစ်ကိုကြီး... သတင်းကောင်း.. သတင်းကောင်းပဲ... စစ်သင်္ဘောပိုင်ရှင် ဟွာရှာအင်ပါယာရဲ့ ဧကရာဇ် ပြန်ရောက်လာပြီ... ကျွန်တော် ခုနကပဲ တွေ့ခဲ့တယ်။"
ညီဖြစ်သူ၏ စကားနှင့် မျက်နှာထားကို မြင်လိုက်ရသဖြင့် ကျန်းနျန်ရှင်း အလွန် ဝမ်းသာသွား၏။
အဘယ်ကြောင့်ဆိုသော် ဟွာရှာအင်ပါယာမှ ယီစင်းက စစ်သင်္ဘောရောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး လင်းချန် ပြန်လာမှသာ ဆုံးဖြတ်မည်ဟု အမြဲပြောဆိုခဲ့သည့်အတွက်ပင်။ သို့သော် ဟွာရှာအင်ပါယာ ဧကရာဇ် ဘယ်အချိန်ပြန်ရောက်လာမည်ကို မသိရသဖြင့် ကျန်းနျန်ရှင်းမှာ များစွာ စိတ်ပူပန်နေခဲ့ရ၏။
ယခု သူ့ညီ၏ စကားကို ကြားပြီး ပုံစံကို မြင်လိုက်ရသည့်အခါ အောင်မြင်ရန် မျှော်လင့်ချက်များစွာ ရှိနေပြီဟု ကျန်းနျန်ရှင်း ခံစားလိုက်ရကာ မေးလိုက်သည်။ "ကဲ... စစ်သင်္ဘော ရခဲ့ရဲ့လား။ စစ်သင်္ဘောတစ်စင်းကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ တစ်ဖက်လူက သဘောတူရဲ့လား။ ဒါမှမဟုတ် ဈေးထပ်တောင်းသေးလား။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းခြောက်ဆယ်အထိဆိုရင် ငါတို့ လက်ခံနိုင်တယ်။"
အစ်ကိုကြီး၏ စကားကို ကြားသည့်အခါ ကျန်းနျန်ရီက ခေါင်းရမ်းကာ လက်ကာပြလိုက်သည်။ "မဟုတ်ဘူး အစ်ကိုကြီး... တစ်ဖက်လူက ကျွန်တော်တို့ကို တစ်စင်းတည်း ရောင်းဖို့ သဘောမတူဘူး..."
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။