အခန်း ၂၂၈
Vol. 23 Ch. 228
အပိုင်း ၂၂၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လက်ရှိအချိန်၌ လေထဲ၌ တည်ရှိနေသည့် စစ်သင်္ဘောငါးစင်းသည် လင်းချန် စီးနင်းထားသည့် စစ်သင်္ဘောနှင့် အနည်းငယ် ဆင်တူသော်လည်း ထူးခြားကွဲပြားမှုများ ရှိနေ၏။
ထိုစစ်သင်္ဘောငါးစင်းလုံးကို နက်ပြာရောင်သတ္တုများဖြင့် တည်ဆောက်ထားပြီး ကုန်းပတ်ပေါ်ရှိ အဆောက်အအုံများကိုမူ ပင်လယ်ပြာသလင်းကျောက်များဖြင့် ပြုလုပ်ထားသည်။ ထိုသည်က ပင်လယ်မျိုးနွယ်များ အနှစ်သက်ဆုံး ဆောက်လုပ်ရေး ပစ္စည်းလည်း ဖြစ်၏။
တစ်ချိန်တည်းမှာပင် စစ်သင်္ဘောငါးစင်းလုံးကို အစီအရင်များဖြင့် လွှမ်းခြုံထားပြီး ထိုအစီအရင်များအတွင်း၌ ပင်လယ်ရေများ ပါဝင်နေသဖြင့် လေထုထဲ၌ ပင်လယ်ပြင်တစ်ခု ဖြစ်ပေါ်နေသကဲ့သို့ပင်။
ထိုစဉ် လင်းချန်က စစ်သင်္ဘောတစ်စင်းဆီသို့ ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။
"ဝေါးးး။"
နက်ပြာရောင် စစ်သင်္ဘောကြီးထံမှ ပင်လယ်ရေများ ရုတ်တရက် ပန်းထွက်လာပြီး လေထုထဲ၌ လှိမ့်ဝင်သွားကာ အစီအရင်၏ အလင်းရောင်နှင့် ပေါင်းစပ်လျက် ရေနဂါးကြီးတစ်ကောင် အသွင် ပျံဝဲနေ၏။
ထို့နောက် လင်းချန်က လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ စစ်သင်္ဘောမှ ပန်းထွက်နေသည့် ရေများ ပြန်လည်ဝင်ရောက်သွားပြီး တည်ငြိမ်သွားသည်။
"ဒါက... ဒါက တကယ့်ကို အံ့မခန်းပါပဲ..."
ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့သည် ထိုစစ်သင်္ဘောငါးစင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ အထူးသဖြင့် စောစောက ရေများ ပန်းထွက်လာသည့် မြင်ကွင်းက သူတို့ကို လုံးဝ မှင်သက်သွားစေသည်။
ထို့အပြင် သူတို့နောက်ရှိ ပင်လယ်မျိုးနွယ် စစ်သည်များကလည်း စစ်သင်္ဘောကို အံ့သြစွာဖြင့် စူးစမ်းလေ့လာနေကြသည်။ ရှင်းလင်းစွာပင် ဤစစ်သင်္ဘော၏ ပုံပန်းသဏ္ဌာန်သည် သူတို့ စိတ်ကူးထားသည်နှင့် အလွန် ကွာခြားနေသောကြောင့် ဖြစ်၏။
လင်းချန်က သူ၏ လက်ရာကို ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။ "အကြီးအကဲတို့က ပင်လယ်မျိုးနွယ်ဝင်တွေ ဖြစ်ကြတဲ့အတိုင်း... မူလစစ်သင်္ဘောတွေက သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး... ဒီစစ်သင်္ဘောငါးစင်းက ကျုပ်တို့အင်ပါယာရဲ့ ကောင်းကင်လက်မှုပညာဌာနနဲ့ မီးသွန်းဌာနတို့ ပူးပေါင်းပြီး လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ ထူးခြားချက်တွေနဲ့ ကိုက်ညီအောင် သီးသန့် ဖန်တီးပေးထားတာပါ..."
"ဒီစစ်သင်္ဘောက ကောင်းကင်မှာ ပျံသန်းနိုင်ရုံသာမက ပင်လယ်ရေအောက်မှာလည်း ငုပ်လျှိုးသွားလာနိုင်ပါတယ်... ဒါပေမဲ့ ကျုပ်စီးထားတဲ့ စစ်သင်္ဘောနဲ့ ယှဉ်ရင်တော့ ဝေဟင်ပျံသန်းနှုန်းက တစ်ဝက်လောက်ပဲ ရှိပါလိမ့်မယ်... ဒါပေမဲ့ ရေအောက်သွားလာနှုန်းကတော့ ဝေဟင်ပျံသန်းနှုန်းထက် လေးဆ ပိုမြန်ပါလိမ့်မယ်..."
"နောက်ထပ် နှစ်ဝက်လောက် လိုသေးတယ်ဆိုတော့ နှစ်လလောက်ပဲ စစ်သင်္ဘောနဲ့ ပျံသန်းသွားမယ်ဆိုရင် အချိန်အလုံအလောက်ပါပဲ... ခင်ဗျားတို့ရဲ့ မျိုးနွယ်စု တွေ့ဆုံပွဲကလည်း ခဏခဏ လုပ်တာမှ မဟုတ်တာ... ဒါကြောင့် ကောင်းကင်ပျံသန်းဖို့ လိုအပ်ချက်က သိပ်မများပါဘူး... အဲဒါကြောင့် ကျုပ်သဘောနဲ့ကျုပ် ပင်လယ်ရေအောက် စွမ်းဆောင်ရည်ကို ပိုပြီး အလေးထား ထည့်သွင်းပေးထားပါတယ်..."
"ဒါ့အပြင် ပျံသန်းနေစဉ်မှာလည်း ရေပြင်ဧရိယာအကျယ်ကြီးကို ဖန်တီးပေးနိုင်ပါတယ်... ဒီနည်းအားဖြင့် လေပေါ်မှာ တိုက်ခိုက်ခံရရင်တောင် ခင်ဗျားတို့အတွက် အားသာချက်ရှိမယ့် ရေပြင်ပတ်ဝန်းကျင်ကို ဖန်တီးပြီး ရန်သူတွေကို ထိရောက်စွာ တိုက်ခိုက်နိုင်မှာပါ... စစ်သင်္ဘောရဲ့ အတွင်းပိုင်းကိုလည်း ပင်လယ်ကြမ်းပြင် ပတ်ဝန်းကျင်နဲ့ တူအောင် ပြုပြင်မွမ်းမံထားတဲ့အတွက် ခင်ဗျားတို့အနေနဲ့ သက်တောင့်သက်သာ နေထိုင်နိုင်မှာပါ..."
"နောက်ပြီး... စစ်သင်္ဘောထဲမှာ တခြား အံ့သြစရာလေးတွေ အများကြီး ရှိပါသေးတယ်... ခင်ဗျားတို့ဘာသာ တဖြည်းဖြည်း ရှာဖွေကြည့်ကြတာပေါ့..."
လင်းချန် ပြောပြီးသည်နှင့် ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့သည် ဆွံ့အသွားကြပြီး ခဏအကြာမှ စစ်သင်္ဘောဆီသို့ အလျင်အမြန် ပျံသန်းသွားကြ၏။
စစ်သင်္ဘောပေါ်သို့ ရောက်သည့်အခါ ကျန်းနျန်ရှင်းသည် ကျေးဇူးတင်စိတ်များဖြင့် လင်းချန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ "ဧကရာဇ်လင်း... ဒီကျေးဇူးကို ဘယ်လိုဆပ်ရမလဲတောင် မသိတော့ပါဘူးဗျာ..."
ထိုသည်က မမျှော်လင့်ထားလွန်းသည့်၊ အံ့ဖွယ်ကောင်းလွန်းသော အရာပင် ဖြစ်၏။
ကျန်းနျန်ရှင်းရော ကျန်းနျန်ရီပါ လင်းချန်ကို ရှေးဟောင်းစာအုပ်များ ပေးအပ်ပြီးနောက် ဤမျှကြီးမားသည့် အံ့အားသင့်ဖွယ်လက်ဆောင်ကို ပြန်ရလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
မူလက သူတို့အနေဖြင့် စစ်သင်္ဘောဝယ်ယူပြီးနောက် မျိုးနွယ်စုရှိရာသို့ သွားလာရာ၌ ပိုမိုအဆင်ပြေစေရန်သာ မျှော်လင့်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့သည် ပင်လယ်မျိုးနွယ်များ ဖြစ်ကြသဖြင့် ပင်လယ်ပြင်သည်သာ သူတို့၏ မူလနေထိုင်ရာဖြစ်ပြီး ကောင်းကင်၌ စစ်သင်္ဘောဖြင့် ပျံသန်းရခြင်းမှာ မလွှဲသာ၍သာ ဖြစ်၏။
အချိန်လုံလောက်ပါက သူတို့သည် ပင်လယ်ထဲ၌သာ ခရီးသွားလိုကြ၏။ ယခုမူ လင်းချန် ဖန်တီးပေးလိုက်သည့် စစ်သင်္ဘောများသည် ကောင်းကင်၌ ပျံသန်းနိုင်ရုံသာမက ပင်လယ်ထဲ၌လည်း ရွက်လွှင့်နိုင်ပြီး အရှိန်အဟုန်မှာလည်း ပိုမိုမြန်ဆန်လှ၏။
ထို့အပြင် လေထဲ၌ ပျံသန်းနေစဉ်၌ပင် စစ်သင်္ဘောအတွင်းရှိ ပတ်ဝန်းကျင်သည် ပင်လယ်ကြမ်းပြင်ကဲ့သို့ ဖြစ်နေသဖြင့် သူတို့ စိုးရိမ်ခဲ့ရသည့် မသက်မသာဖြစ်မှုများ ရှိတော့မည် မဟုတ်ပေ။
နောက်ထပ် အရေးကြီးသည့်အချက်မှာ လေထဲ၌ ပျံသန်းနေစဉ် ရေပြင်ဧရိယာအမြောက်အမြားကို ဖန်တီးပေးနိုင်ခြင်းပင် ဖြစ်၏။ ပုံမှန်အားဖြင့် သူတို့ ပိုင်နက်နယ်မြေဖြစ်သော ပင်လယ်ပြင်ကို စွန့်ခွာလာပါက ပင်လယ်မျိုးနွယ်များ၏ စွမ်းအားသည် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားလေ့ရှိသည်။
ထိုအခြေအနေ၌ တိုက်ခိုက်ခံရပါက အလွန် အားနည်းသွားနိုင်သည်။ ယခုမူ ထိုအားနည်းချက် ရှိတော့မည် မဟုတ်ပေ။
လင်းချန်က ဆက်ပြောသည်။ "တကယ်တော့ ဒီစစ်သင်္ဘောမှာ စိတ်ဝိညာဉ်စွမ်းအား အမြောက် လို့ခေါ်တဲ့ တိုက်ခိုက်ရေးယန္တရားလည်း ပါဝင်ပါသေးတယ်..."
ထို့နောက် လင်းချန်သည် ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့ စစ်သင်္ဘော၏ စွမ်းဆောင်ရည်များကို အပြည့်အဝ နားလည်စေရန် အသေးစိတ် ရှင်းပြလိုက်၏။
လင်းချန် ရှင်းပြလေလေ သူတို့၏ အံ့သြမှုများက ပိုမိုတိုးပွားလာလေလေပင်။ လက်ရှိအချိန်၌မှ တိမ်တိုက်လှေဟု မခေါ်ဘဲ စစ်သင်္ဘော ဟု ခေါ်ဝေါ်ကြောင်း သူတို့ နားလည်သွားကြ၏။ ထိုစစ်သင်္ဘော၏ လုပ်ဆောင်ချက်သည် လူသယ်ယူပို့ဆောင်ရေးအတွက် သက်သက်မဟုတ်ဘဲ စစ်တိုက်ရန်အတွက် အဓိကရည်ရွယ်ထားခြင်း ဖြစ်သည်။
ဤစစ်သင်္ဘောများကို မောင်းနှင်ပုံ သင်ကြားပေးရန်အတွက် အင်ပါယာမှ ပညာရှင်များကို လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ထံသို့ အမြဲတမ်း စေလွှတ်ထားပေးမည်ဟု လင်းချန်က ပြောလိုက်သည့်အခါ ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့သည် ပို၍ပင် အားနာလာကြသည်။
ကျန်းနျန်ရှင်းသည် အားနာစိတ်ကြောင့် မျက်နှာပင် နီရဲသွားကာ လျော်ကြေးပေးရန် ကြိုးပမ်းလိုက်၏။ "ဧကရာဇ်လင်း... ဒါက ကျွန်တော်တို့ကို တကယ်ပဲ အားနာစေပါတယ်... အရှင့်ဘက်က အရမ်းနစ်နာလွန်းပါတယ်..."
စိတ်ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ စိတ်ဝိညာဉ်ပစ္စည်းများ၊ မူလလက်နက်များ... ထိုလျော်ကြေးအားလုံးကို လင်းချန်က ငြင်းပယ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် သူ့အတွက် အသုံးမဝင်သည့်အတွက်ပင် ဖြစ်၏။ တကယ်တမ်း တန်ဖိုးရှိသည်မှာ ပင်လယ်မျိုးနွယ်၏ စာအုပ်များသာ ဖြစ်ပြီး ဟွာရှာအင်ပါယာအနေဖြင့် ကမ္ဘာကြီးအကြောင်း လေ့လာရာ၌ များစွာ အထောက်အကူ ဖြစ်စေသည်။ ကျန်သည့်အရာများကိုမူ သူကိုယ်တိုင် အလွယ်တကူ ထုတ်လုပ်နိုင်၏။
လင်းချန်က ထိုပစ္စည်းများကို စိတ်မဝင်စားသည်ကို မြင်သည့်အခါ ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့မှာ အခက်တွေ့သွားကြပြီး မည်သို့ ကျေးဇူးဆပ်ရမည်ကို မသိဖြစ်နေကြ၏။
ကျန်းနျန်ရှင်း၏ စိတ်ဒုက္ခရောက်နေသည့် မျက်နှာကို မြင်လိုက်ရသဖြင့် လင်းချန်သည် သူ ကြိုတင်ပြင်ဆင်ထားသော အကြံအစည်ကို ထုတ်ဖော်လိုက်၏။ "ခေါင်းဆောင်ကျန်း... ကျုပ်မှာ ပိုကောင်းတဲ့ အကြံပြုချက်တစ်ခု ရှိပါတယ်... ကျုပ်တို့ မဟာမိတ် ဖွဲ့လိုက်ကြရင်ရော ဘယ်လိုလဲ..."
ကျန်းနျန်ရှင်းက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ "ကောင်းပါတယ်... ပြဿနာမရှိပါဘူး..."
မဟာမိတ်ဖွဲ့ခြင်းသည် ကျန်းနျန်ရှင်း၏ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် ဌာနခွဲအတွက် အဆန်းမဟုတ်ပေ။ သူတို့သည် အခြားသော ပင်လယ်မျိုးနွယ်များနှင့် မဟာမိတ်ဖွဲ့ဖူးကြသည်။ ပင်မမျိုးနွယ်စုကြီး အနေဖြင့် လူသားများနှင့် မဟာမိတ်ဖွဲ့ဖူးခြင်း ရှိသော်လည်း သူတို့ဌာနခွဲ အနေဖြင့်မူ မကြုံဖူးသေးပေ။
သို့သော် လင်းချန်အတွက်မူ ကျန်းနျန်ရှင်းသည် ဒုတိယအကြိမ် စဉ်းစားမနေဘဲ သဘောတူလိုက်သည်။
ဤမျှကြီးမားသည့် ကျေးဇူးကို မည်သို့ မဆပ်ဘဲ နေနိုင်မည်နည်း။
သီးသန့်ဖန်တီးပေးထားသည့် ဤစစ်သင်္ဘောများကိုသာ ပင်မမျိုးနွယ်စုကြီး မြင်တွေ့ပါက တစ်စင်းလျှင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ဖြင့် ချက်ချင်း ဝယ်ယူပေလိမ့်မည်။ သို့သော် လင်းချန်ကမူ... ငါးစင်းလုံးကိုမှ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဖြင့် ရောင်းချပေးသည်။
ထို့ကြောင့်ပင် ကျန်းနျန်ရှင်းသည် လင်းချန်အနေဖြင့် များစွာ နစ်နာသည်ဟု ခံစားရပြီး အလွန် အားနာနေခြင်း ဖြစ်၏။
ထို့နောက် လင်းချန်က မဟာမိတ်ဖွဲ့ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်၏။ လင်းချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့သည် အံ့သြစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
ယခင်က အခြားအင်အားစုများ သို့မဟုတ် မျိုးနွယ်စုများနှင့် မဟာမိတ်ဖွဲ့ရာ၌ စာချုပ်များ ချုပ်ဆိုပြီး သတ်မှတ်ချက်များကို ထည့်သွင်းလေ့ရှိသည်။ ဥပမာအားဖြင့် တိုက်ခိုက်ခံရပါက အပြန်အလှန် ကူညီခြင်း၊ သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ ကုန်သွယ်ခြင်းတို့ ဖြစ်၏။ ထိုထက်ပို၍ ထူးခြားသော ဆက်ဆံရေးမျိုး မရှိပေ။
သို့သော် လင်းချန်က လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် ဌာနခွဲ၌ ဟွာရှာအင်ပါယာ သံတမန်နန်းဆောင်တစ်ခု ဖွင့်လှစ်ရန်နှင့် ဟွာရှာအင်ပါယာ၏ ကမ်းရိုးတန်းပြည်နယ်၌ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် သံတမန်နန်းဆောင်တစ်ခု ဖွင့်လှစ်ရန် အကြံပြုခြင်း ဖြစ်၏။
ဤအကြံပြုချက်သည် ကျန်းနျန်ရှင်းနှင့် ကျန်းနျန်ရီတို့အတွက် အလွန် ဆန်းသစ်နေ၏။ အထူးသဖြင့် လင်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထိုအရာသည် အလွန် အဆင်ပြေချောမွေ့စေမည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။