အခန်း ၂၂၉
Vol. 23 Ch. 229
အပိုင်း ၂၂၉
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ အဆိုအရ သံတမန်နန်းဆောင် တည်ဆောက်ပြီးစီးပါက နှစ်ဖက်အပြန်အလှန် ဆက်ဆံရေးသည် ပိုမို အဆင်ပြေချောမွေ့လာပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဤကမ္ဘာသည် အခြားကမ္ဘာတစ်ခု ဖြစ်သော်လည်း လင်းချန်သည် သူ၏ ယခင်ဘဝမှ အတွေ့အကြုံများကို အခြေခံ၍ သံတမန်နန်းဆောင်၌ အရာများစွာ ထည့်သွင်းထား၏။
ပထမဆုံးအနေဖြင့် တယ်လီပို့စက်ဝိုင်းများပင်။ သံတမန်နန်းဆောင်များ၌ တယ်လီပို့စက်ဝိုင်းများကို တပ်ဆင်ထားပြီး သက်ဆိုင်ရာ နယ်မြေများသို့ တိုက်ရိုက်ချိတ်ဆက်ပေးထား၏။ ဤစက်ဝိုင်းများကို ဟွာရှာအင်ပါယာနှင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်မှ အဆင့်မြင့်အရာရှိကြီးများသာ သီးသန့် အသုံးပြုခွင့်ရှိပြီး အပြန်အလှန် ကူးလူးဆက်ဆံရေးကို လွယ်ကူစေရန် ရည်ရွယ်သည်။
ဒုတိယအချက်မှာ သံတမန်နန်းဆောင် ဝန်းကျင်ရှိ သတ်မှတ်ထားသည့် ဧရိယာကို တစ်ဖက်အဖွဲ့အစည်းက လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားခြင်း ဖြစ်၏။
ဥပမာအားဖြင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် ပိုင်နက်ရှိ ဟွာရှာအင်ပါယာ သံတမန်နန်းဆောင် ဝန်းကျင်၌ လူသားများ နေထိုင်ခွင့်ပြုထားပြီး လူသားမျိုးနွယ်၏ ထူးခြားသည့် ကုန်ပစ္စည်းများကို ရောင်းချနိုင်၏။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များအနေဖြင့် ထိုပစ္စည်းများကို လာရောက်ဝယ်ယူနိုင်သလို ထိုနေရာ၌ နေထိုင်သော လူသားများနှင့်လည်း ထိတွေ့ဆက်ဆံနိုင်သည်။
တတိယအချက်မှာ သံတမန်နန်းဆောင်သည် သတင်းအချက်အလက် ဖလှယ်ရေးကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်၏။ သံတမန်မှတစ်ဆင့် တစ်ဖက်နှင့်တစ်ဖက် သတင်းစကားများ ပေးပို့နိုင်သဖြင့် အလွန် အဆင်ပြေချောမွေ့စေသည်။
ယခင် မဟာမိတ်ဖွဲ့ခြင်းများနှင့်မတူဘဲ လင်းချန်၏ အကြံပြုချက်သည် ဟွာရှာအင်ပါယာနှင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကြား ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်၏။ ရန်သူများ ကျူးကျော်လာချိန် သို့မဟုတ် ကုန်သွယ်မှုပြုလုပ်ချိန်မှသာ ဆက်သွယ်ခြင်းမျိုး မဟုတ်ဘဲ အချိန်မရွေး အဆက်မပြတ် ကူးလူးဆက်ဆံနေနိုင်မည် ဖြစ်သည်။
လူသားမျိုးနွယ်သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ ပင်လယ်ပိုင်နက်သို့ မကြာခဏ သွားရောက်လည်ပတ်နိုင်ပြီး ပင်လယ်မျိုးနွယ်၏ ဓလေ့ထုံးတမ်းများကို လေ့လာသင်ယူနိုင်၏။ ထို့အတူ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်သည်လည်း လူသားများ၏ နယ်မြေသို့ လာရောက်လည်ပတ်ကာ ကုန်းမြေပေါ်ရှိ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို လေ့လာနိုင်သည်။
သို့သော် ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် တစ်ဖက်နှင့်တစ်ဖက် နယ်မြေကျော်ဖြတ် ဝင်ရောက်လိုသည့် လူသားများ သို့မဟုတ် ပင်လယ်မျိုးနွယ်ဝင်များသည် ထောက်ခံစာဟုခေါ်သော လက်မှတ်ကို ကိုင်ဆောင်ထားရန် လိုအပ်၏။ ထိုလက်မှတ်သည် သူတို့၏ ကောင်းမွန်သည့် အကျင့်စာရိတ္တနှင့် ပြစ်မှုကင်းရှင်းကြောင်းကို အာမခံပေးမည်ဖြစ်သည်။
ကျန်းနျန်ရှင်းသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ အဓိက ဌာနခွဲကြီးလေးခုအနက် တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏ တတိယညီ ကျန်းနျန်ရီသည် ဒုတိယခေါင်းဆောင် ဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် ဗဟုသုတကြွယ်ဝပြီး အမြော်အမြင် ကြီးမားသူများ ဖြစ်ကြသဖြင့် လင်းချန်၏ အကြံပြုချက်သည် မည်မျှ ထူးချွန်ပြောင်မြောက်ကြောင်း ချက်ချင်း သဘောပေါက်လိုက်ကြသည်။
ဤနည်းလမ်းဖြင့် ဟွာရှာအင်ပါယာနှင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကြား ဆက်ဆံရေးသည် အလွန် နီးကပ်လာမည်ဖြစ်ပြီး မျိုးနွယ်စုများကြားရှိ အတားအဆီးများသည်လည်း မလွဲမသွေ ပါးလွှာသွားပေလိမ့်မည်။
ပင်လယ်မျိုးနွယ်များသည် ကုန်းမြေအကြောင်းကို စိတ်ကူးယဉ်ရုံ သက်သက်သာ ရှိတော့မည်မဟုတ်သလို လူသားမျိုးနွယ်များအနေဖြင့်လည်း ပင်လယ်ကြမ်းပြင်၏ ဆန်းကြယ်မှုများကို အိပ်မက်မက်နေရုံသာ ဖြစ်နေတော့မည် မဟုတ်ချေ။
ထို့အပြင် နှစ်ဖက်ကုန်သွယ်မှုသည် အဆင့်မြင့် ကုန်ပစ္စည်းများ၌သာ ကန့်သတ်ထားတော့မည် မဟုတ်ချေ။ ဘာရှန်းမြို့ကဲ့သို့သော မြို့ငယ်လေးများပင်လျှင် အနာဂတ်၌ ပင်လယ်မျိုးနွယ်၏ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်တော့မည် ဖြစ်၏။
ထို့အတူ ပင်လယ်မျိုးနွယ်စုငယ်လေးများသည်လည်း ကုန်းမြေပေါ်မှ အစားအစာ အရသာများကို မြည်းစမ်းခွင့် ရရှိကြပေလိမ့်မည်။
ကျန်းနျန်ရှင်းက လေးစားစွာ ပြောလိုက်၏။
"အရှင်က အရမ်းငယ်သေးပေမဲ့ ကျွန်တော့်မြေးတွေတောင် အရှင့်ထက် အသက် ၂၀ ကျော် ကြီးတယ်။ ဒါပေမဲ့ အရှင်က ဧကရာဇ်ကောင်းတစ်ပါး ဖြစ်လာမယ်လို့ ယုံတယ်။ ဟွာရှာအင်ပါယာကလည်း အင်အားအကြီးဆုံး အင်ပါယာ ဖြစ်လာမှာ သေချာပါတယ်။"
"လူသားတွေထဲမှာ ဘယ်ဧကရာဇ်၊ ဘယ်မဟာဧကရာဇ်မှ အရှင့်လောက် ဉာဏ်ပညာနဲ့ အမြော်အမြင် မကြီးမားဘူး။ အနည်းဆုံးတော့ သူတို့က ကိုယ့်အကျိုးစီးပွား မထိခိုက်အောင် ကာကွယ်ဖို့ပဲ စဉ်းစားကြတာ။ တခြားမျိုးနွယ်စုတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ စိတ်မဝင်စားကြဘူး။ ဧကရာဇ်လင်း၊ ကျွန်တော် အရှင့်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားပါတယ်။"
ထိုသို့ပြောပြီးနောက် ကျန်းနျန်ရှင်းသည် သူ၏ လက်ရှစ်ဖက်ကို ရင်ဘတ်ပေါ်၌ ကြက်ခြေခတ်ပုံစံ ယှက်ကာ လင်းချန်ကို ဂါရဝပြုလိုက်၏။ လင်းချန်ကလည်း ပြန်လည်ဂါရဝပြုလိုက်သည်။
လင်းချန်က ခေါင်းညိတ်လိုက်သည်။
"ခေါင်းဆောင်ကျန်း၊ ဟွာရှာအင်ပါယာနဲ့ ခင်ဗျားတို့မျိုးနွယ်စု ပိုကောင်းတဲ့ အနာဂတ်ကို အတူတူ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်တယ်။"
ထို့နောက် ကျန်းနျန်ရှင်းနှင့် လင်းချန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ၏။ လင်းချန်ဘေး၌ ရပ်နေသည့် ယီစင်းကလည်း လင်းချန်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
ယီစင်းသည် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။
'ဦးလေးလင်းနဲ့ ဒေါ်လေးယွမ်သာ ချန်လေးရဲ့ အခုအခြေအနေကို သိရင် အရမ်းဂုဏ်ယူနေကြမှာပဲ။'
'ချန်လေး ရှင်တို့ကို ရှာတွေ့ဖို့ သိပ်မလိုတော့ဘူးလို့ ကျွန်မ ယုံတယ်။'
ထို့နောက် ကျန်းနျန်ရှင်း၏ လှိုက်လှဲစွာ ဖိတ်ခေါ်မှုကြောင့် လင်းချန်နှင့် ယီစင်းတို့သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ မြင့်မြတ်သည့်မြို့တော်သို့ သွားရောက်လည်ပတ်ကြပြီး ပင်လယ်အောက် ဓလေ့ထုံးတမ်းများကို လေ့လာကြ၏။
ပင်လယ်ပြာသလင်းကျောက်များဖြင့် တည်ဆောက်ထားသည့် မြို့တော်သည် ပင်လယ်နက်အတွင်း၌ တောက်ပနေ၏။ ပင်လယ်ပြာသလင်းကျောက်သည် ပင်လယ်ကြမ်းပြင်ရှိ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးနိုင်ရုံသာမက အလင်းရောင်လည်း ပေးစွမ်းနိုင်၏။ ထို့အပြင် ထိုအလင်းရောင်သည် ပင်လယ်မျိုးနွယ်များ၏ ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး စိတ်ဝိညာဉ်ကိုပါ ပြုစုပျိုးထောင်ပေးနိုင်သည်။
ထို့ကြောင့်ပင် ပင်လယ်မျိုးနွယ်များသည် မြို့တော်တည်ဆောက်ရာ၌ ပင်လယ်ပြာသလင်းကျောက်များကို အသုံးပြုကြခြင်း ဖြစ်၏။ အမှန်တကယ်တော့ ဤမြို့သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ မြင့်မြတ်သည့်မြို့တော် ဖြစ်သောကြောင့်သာ တစ်မြို့လုံးကို ပင်လယ်ပြာသလင်းကျောက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အခြား ပင်လယ်မျိုးနွယ် မြို့များ၌မူ ဤမျှ ကြီးကျယ်ခမ်းနားနိုင်မည် မဟုတ်ချေ။
ရေအောက်နက်နက်၌ ဖိအား အလွန်ပြင်းထန်သော်လည်း လင်းချန်၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်စွမ်းသဖြင့် စိုးရိမ်စရာ မရှိချေ။
ယီစင်း ဝတ်ဆင်ထားသည့် ငွေကြယ်ရောင်ဂါဝန်ဖြူကလည်း ရေဖိအားဒဏ်ကို ခံနိုင်ရည်ရှိ၏။
သူတို့နှစ်ဦးစလုံးသည် ဟွာရှာအင်ပါယာမှ တီထွင်ထားသည့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကို ဝတ်ဆင်ထားကြ၏။ ထိုပစ္စည်းကို ဝတ်ဆင်ထားပါက ပင်လယ်မျိုးနွယ်များကဲ့သို့ပင် ရေအောက်၌ အသက်ရှူနိုင်သည်။ ထိုအရာသည် လင်းချန်၏ ယခင်ဘဝမှ ရေငုပ်မျက်နှာဖုံးများနှင့် အတော်လေး ဆင်တူ၏။
ပင်လယ်မျိုးနွယ်များ၏ နေထိုင်မှုပုံစံသည် အလွန် ဆန်းကြယ်သည့် မြင်ကွင်းတစ်ခု ဖြစ်၏။ ဥပမာအားဖြင့် သူတို့ စိုက်ပျိုးထားသော အစားအစာအချို့သည် ပင်လယ်ကြမ်းပြင်၌ ပေါက်ရောက်ပြီး အချို့မှာမူ ရေထဲ၌ မျောပါရင်း ဖြည်းဖြည်းချင်း ကြီးထွားလာကြသည်။
ထို့အတူ လူသားများက တိရစ္ဆာန် မွေးမြူသကဲ့သို့ပင် ပင်လယ်မျိုးနွယ်များသည်လည်း ရေနေသတ္တဝါများကို ဖမ်းဆီးမွေးမြူထားကြ၏။ ကျန်းနျန်ရီသည် လင်းချန်နှင့် ယီစင်းတို့ စုံတွဲကို ငါးအုပ်များကြားသို့ ဝင်ရောက်ကာ လက်ဖြင့် ငါးဖမ်းတမ်းကစားရန် ဖိတ်ခေါ်သေးသည်။ ထိုကစားနည်းသည် အလွန် စိတ်ဝင်စားစရာ ကောင်းလှ၏။
လင်းချန်နှင့် ယီစင်းတို့ အနားယူပြီးချိန်၌ ကျန်းနျန်ရှင်းသည် အရေးတကြီး ကိစ္စပေါ်လာသဖြင့် ခွင့်တောင်းကာ ထွက်ခွာသွားပြီး သူတို့နှစ်ဦးကို လွတ်လပ်စွာ လည်ပတ်ကြည့်ရှုရန် ပြောကြားသည်။
ကျန်းနျန်ရှင်း ထွက်ခွာသွားပြီးနောက် လင်းချန်နှင့် ယီစင်းတို့သည် ပင်လယ်ကြမ်းပြင်ရှိ ကျောက်ဆောင်တစ်ခုပေါ်၌ ရပ်လျက် အပေါ်ဘက်၌ ကူးခတ်သွားလာနေကြသည့် ဧရာမ ငါးအုပ်ကြီးများကို မော့ကြည့်နေမိကြသည်။
သူတို့နှစ်ဦးသည် လက်ချင်းချိတ်ထားရင်း တိတ်ဆိတ်နေကြပြီး တစ်ယောက်မျက်လုံးကို တစ်ယောက် ကြည့်လိုက်ကြသည့်အခါ မျက်ဝန်းထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များကို မြင်တွေ့နေရ၏။
ယီစင်းက ရုတ်တရက် အပြုံးလေးဖြင့် ဆိုလိုက်သည်။
"ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးမှာ ဒီလောက်လှတဲ့ မြင်ကွင်းကို မြင်ခွင့်ရတဲ့ မိန်းကလေးဆိုလို့ ဒီတစ်ယောက်ပဲ ရှိမယ်ထင်တယ်။"
အထူးပြုလုပ်ထားသည့် စိတ်ဝိညာဉ်ပစ္စည်းကို ဝတ်ဆင်ထားသဖြင့် ရေအောက်တွင် စကားပြောဆိုရာ၌ အခက်အခဲ မရှိသော်လည်း အသံမှာမူ အနည်းငယ် အက်ရှရှ ဖြစ်နေသည်။
လင်းချန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
"အင်း... ဒါပေါ့။ ဧကရီတစ်ပါးအနေနဲ့ ဒီလို အံ့မခန်း မြင်ကွင်းမျိုးကို ပထမဆုံး မြင်တွေ့ခွင့်ရတာ သဘာဝကျပါတယ်။"
ယီစင်းက ကြည်နူးပီတိဖြစ်စွာဖြင့် ဆိုလိုက်သည်။
"ဒါပေမဲ့ နောက်ပိုင်းကျရင် ချန်လေးရဲ့ ကျေးဇူးကြောင့် ကမ်းရိုးတန်းပြည်နယ်က လူတွေလည်း ဒီလိုလှတဲ့ မြင်ကွင်းမျိုးကို မြင်ခွင့်ရတော့မှာပါ။"
လင်းချန်နှင့် ယီစင်းတို့ စကားပြောနေစဉ် စောစောက ထွက်ခွာသွားသည့် ကျန်းနျန်ရှင်းသည် သူတို့ဆီသို့ အလျင်အစလို ပြန်လာနေသည်ကို တွေ့လိုက်ရ၏။ ကျန်းနျန်ရှင်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်သည့်အခါ လင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ခေါင်းဆောင်ကျန်း၊ ဘာဖြစ်လို့လဲ။ အရေးပေါ်ကိစ္စ ရှိလို့လား။ စစ်သင်္ဘောမှာ ပြဿနာ တက်လို့တော့ မဟုတ်ပါဘူးနော်။"
ကျန်းနျန်ရှင်းက လက်ကာပြလိုက်ပြီး ရှက်ရွံ့နေသည့် ပုံစံဖြင့် စကားဆိုရန် ခက်ခဲနေပုံရသည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ စစ်သင်္ဘောက အကောင်းကြီးပါ။ ဘာပြဿနာမှ မရှိပါဘူး။ ပြဿနာက ကျွန်တော်တို့ မျိုးနွယ်စုမှာ ဖြစ်နေတာပါ။"
ကျန်းနျန်ရှင်း၏ အမူအရာကို မြင်သည့်အခါ လင်းချန်က တိုက်တွန်းလိုက်သည်။
"ခေါင်းဆောင်ကျန်း၊ ဘာကိစ္စလဲဆိုတာ ပြောသာပြောပါ။"
"အဲဒါက..."
လင်းချန်က တိုက်တွန်းနေသော်လည်း ကျန်းနျန်ရှင်းသည် တွန့်ဆုတ်နေဆဲပင်။
ကျန်းနျန်ရှင်း တွန့်ဆုတ်နေသည်ကို မြင်သည့်အခါ လင်းချန်က ပြတ်သားစွာ ပြောလိုက်သည်။
"ခေါင်းဆောင်ကျန်း၊ ကျုပ်တို့က မဟာမိတ်ဖွဲ့ပြီးသားလေ။ ဘာအခက်အခဲပဲရှိရှိ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျုပ် တတ်နိုင်တဲ့ကိစ္စဆိုရင် သေချာပေါက် ကူညီပေးပါ့မယ်။"
လင်းချန်၏ အာမခံချက်ကို ကြားရသည့်အခါ ကျန်းနျန်ရှင်းက အားနာစွာဖြင့် ကြည့်လိုက်၏။
"အဲဒါက... ဧကရာဇ်လင်းအနေနဲ့ ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ ပြင်ပအကူအညီအဖြစ် မျိုးနွယ်စုဆီ လိုက်ပေးနိုင်မလား မသိဘူး။"
လင်းချန်က မျက်ခုံးပင့်လိုက်သည်။ "ပြင်ပအကူအညီ ဟုတ်လား။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၉ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။