အခန်း ၂၃၀
Vol. 23 Ch. 230
အပိုင်း ၂၃၀
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကျန်းနျန်ရှင်းက သူ့အား ပြင်ပအကူအဖြစ် လိုက်ပါရန် ပြောဆိုလာသဖြင့် လင်းချန်မှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားရ၏။
အဘယ်ကြောင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်အတွက် ရုတ်တရက် ပြင်ပအကူ လုပ်ပေးရမည်နည်း။
ထို့အပြင် သူတို့မျိုးနွယ်ဆီသို့ သွားရောက်လည်ပတ်ရမည် ဆိုသည်လော။ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်လော။
လင်းချန်၏ မျက်နှာထက်၌ သံသယရိပ်တို့ ယှက်သန်းသွားသည်ကို မြင်လိုက်ရသည့်အခါ ကျန်းနျန်ရှင်းသည် အခြေအနေကို အလျင်အမြန်ပင် အသေးစိတ် ရှင်းပြလိုက်သည်။
အမှန်တကယ်၌မူ ဤတစ်ကြိမ် ကျင်းပမည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ အစည်းအဝေးမှာ ယခင်နှစ်များနှင့်မတူဘဲ တောင်ဘက်ပင်လယ်ဒေသရှိ ပင်လယ်မျိုးနွယ်အားလုံး ပါဝင်မည့် ခမ်းနားကြီးကျယ်သည့် ပွဲကြီးတစ်ခု ဖြစ်နေခြင်းပင်။
အဓိကအကြောင်းရင်းမှာ ဤပွဲကြီး၌ ပါဝင်မည့်သူများသည် တောင်ဘက်ပင်လယ်ဒေသမှ ပင်လယ်မျိုးနွယ်များသာမက တောင်ပိုင်းနယ်မြေမှ လူသားမျိုးနွယ်ဝင်များလည်း ပါဝင်နေသည့်အတွက် ဖြစ်၏။
တောင်ပိုင်းနယ်မြေဆိုသည်မှာ လူသားမျိုးနွယ်တို့ ပိုင်နက်နယ်မြေ၏ တောင်ဘက်အရပ်ဒေသဖြစ်ပြီး ကမ်းရိုးတန်းပြည်နယ်သည် ထိုနယ်မြေအတွင်း တည်ရှိသော်လည်း အလွန်ခေါင်ဖျား၍ အင်အားမကြီးမားသည့် နေရာတစ်ခုမျှသာ ဖြစ်သည်။
ကမ်းရိုးတန်းပြည်နယ်၌ သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိသူများကို အထွတ်အထိပ်အဆင့်ဟု သတ်မှတ်ထားကြသော်လည်း တောင်ပိုင်းနယ်မြေတစ်ခုလုံးနှင့် ယှဉ်လိုက်လျှင်မူ ပြောပလောက်သည့် အဆင့်အတန်းမျိုး မဟုတ်ချေ။
တောင်ပိုင်းနယ်မြေရှိ အင်အားကြီးသည့် ပြည်နယ်များကို ထည့်မပြောလျှင်ပင် ကမ်းရိုးတန်းပြည်နယ်ကဲ့သို့သော နေရာမျိုးမှာ ထောင်ပေါင်းများစွာ ရှိနေသည်။
လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်တို့ နေထိုင်ရာ ပင်လယ်ပြင်သည် ပင်လယ်မျိုးနွယ်အားလုံး၏ နေထိုင်ရာနယ်မြေ၏ တောင်ဘက်အစွန်း၌ ရှိနေသဖြင့် တောင်ဘက်ပင်လယ်ဒေသ၏ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားကြသည်။
ကျန်းနျန်ရှင်းက ရှင်းပြသည်။
"ရှေးခေတ်တုန်းက တောင်ဘက်ပင်လယ်ဒေသက ပင်လယ်မဟုတ်ဘဲ ကုန်းမြေဖြစ်ခဲ့တယ်ဆိုတာကို ဧကရာဇ်လင်း သိမယ်ထင်တယ်။"
ထိုသို့ ပြောပြီးသည့်နောက်၌ လင်းချန်က သူ မသိရှိကြောင်း ဖော်ပြသည့်အနေဖြင့် ခေါင်းကို တွင်တွင်ခါရမ်းလိုက်၏။ ကျူးကော့မင်သည် ရှေးဟောင်းကျမ်းစာများကို သုတေသနပြုလုပ်ရင်း အသေးစိတ်အချက်အလက်များကို သိရှိကောင်း သိရှိနိုင်သော်လည်း လင်းချန်က တကူးတက မေးမြန်းခြင်း မရှိခဲ့ချေ။
ကျူးကော့မင်၏ တွေးခေါ်ပုံအရလည်း ထိုကဲ့သို့သော အသေးအဖွဲကိစ္စများကို သူ့အား အထူးတလည် တင်ပြရန်မလိုဟု ယူဆထားဟန်တူသည်။
လင်းချန်က ဤကိစ္စကို မသိနားမလည်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ကျန်းနျန်ရှင်းမှာ အတော်ပင် အံ့အားသင့်သွားပြီး ဖြည်းညှင်းစွာ စတင်ရှင်းပြလိုက်သည်။
"ဧကရာဇ်လင်း မသိရင်လည်း ကျွန်တော် အသေးစိတ် ရှင်းပြပါရစေ။"
"ရှေးခေတ်တုန်းက သိုင်းဝိညာဉ်တိုက်ကြီးကို ပြင်ပကလူတွေ ရုတ်တရက်ရောက်လာပြီး တိုက်ကြီးတစ်ခုလုံးကို ကျူးကျော်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအချိန်က မျိုးနွယ်တော်တော်များများက ကျူးကျော်သူတွေဆီ အညံ့ခံခဲ့ပြီး မူလမျိုးနွယ်တွေကိုတောင် ပြန်တိုက်ဖို့ ကူညီပေးခဲ့ကြတာလေ။"
"သွေးနက်၊ လူပုသရဲနဲ့ ဘီလူးသရဲမျိုးနွယ်တွေက ကျူးကျော်သူတွေဆီ အညံ့ခံပြီး လူသားတွေရဲ့ နယ်မြေတွေကို တိုက်ခိုက်ခဲ့ကြတဲ့အထဲမှာ ပါတယ်။"
"ဒါပေမဲ့ ဒီမျိုးနွယ်သုံးခုတည်းကပဲ အညံ့ခံခဲ့တာ မဟုတ်သလို သူတို့ပဲ လူသားတွေကို တိုက်ခဲ့တာလည်း မဟုတ်ဘူး။"
"ရှေးခေတ်စစ်ပွဲတွေက အရမ်းရက်စက်ကြမ်းကြုတ်လို့ အဲဒီတုန်းက လူသားအင်အားစု အများအပြား ချေမှုန်းခံခဲ့ရတယ်။ အခု တောင်ဘက်ပင်လယ်ဒေသက အရင်က ကုန်းမြေဖြစ်ခဲ့ပေမဲ့ အဲဒီစစ်ပွဲတွေကြောင့် နစ်မြုပ်ပြီး အခုလို ပင်လယ်ပြင်ကြီး ဖြစ်လာရတာပဲ။"
"ဒါကြောင့် တောင်ဘက်ပင်လယ်ဒေသမှာ ရှေးဟောင်းလူသားတွေရဲ့ အမွေအနှစ်နယ်မြေတွေ အများကြီးကျန်ခဲ့ပြီး ကျွန်တော်တို့ ပင်လယ်မျိုးနွယ်တွေ ရှာတွေ့ခဲ့ကြတယ်။ အဲဒီနေရာတွေကို တွေ့ပြီးနောက်မှာ အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်လေ။"
"ကျွန်တော်တို့ သုံးလို့ရတာတွေကိုတော့ သိမ်းထားလိုက်ကြတယ်။ လူသားတွေပဲ သုံးလို့ရမယ့် ပစ္စည်းတွေဆိုရင်တော့ သူတို့နဲ့ လိုအပ်တာတွေကို ဖလှယ်ကြတာပေါ့။"
ထိုအခါမှ လင်းချန်လည်း သဘောပေါက်သွားသည်။ လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်တို့ ရံဖန်ရံခါ ကုန်သွယ်မှုပြုလေ့ရှိကြောင်း ကျန်းနျန်ရှင်း ယခင်က ပြောဖူးသည်ကို သတိရလိုက်၏။
'လက်စသပ်တော့ လူသားတွေနဲ့ ပင်လယ်မျိုးနွယ်တွေ အပေးအယူလုပ်ကြတာက တောင်ဘက်ပင်လယ်ဒေသမှာရှိတဲ့ လူသားအမွေအနှစ်နယ်မြေတွေက ထွက်လာတဲ့ ပစ္စည်းတွေ ဖြစ်နေတာကိုး။'
လင်းချန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ ထို့နောက် မေးလိုက်၏။
"ခေါင်းဆောင်ကျန်း... ဒါက ကျုပ်ကို ပြင်ပအကူအနေနဲ့ အကူအညီတောင်းတာနဲ့ ဘာဆိုင်လဲ။"
ကျန်းနျန်ရှင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဆက်လက် ရှင်းပြသည်။
"ဧကရာဇ်လင်း မသိသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။"
"ဒီအစည်းအဝေးကို စောပြီး ခေါ်လိုက်ရတာက လူသားတွေရဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေ အသစ်တစ်ခု ထပ်တွေ့ထားလို့ပဲ။ ပြီးတော့ အဲဒီနေရာက အတိုင်းအတာ အရမ်းကြီးတယ်။"
ကျန်းနျန်ရှင်း၏ အဆိုအရ ဤရှေးဟောင်းလူသားမျိုးနွယ် အမွေအနှစ်နယ်မြေသည် ဂိုဏ်းသားများကို လေ့ကျင့်ပေးရန် ရည်ရွယ်ထားပုံရပြီး အမွေအနှစ်နယ်မြေ၏ အပြင်ဘက် ကျောက်တိုင်များပေါ်ရှိ ဖော်ပြချက်များနှင့် အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် အတွင်းရှိ ရတနာများမှာ အလွန်တရာ တန်ဖိုးကြီးမားပေလိမ့်မည်။
သို့သော် ဤရှေးဟောင်းလူသားမျိုးနွယ် အမွေအနှစ်နယ်မြေအတွင်းရှိ အစီအရင်များမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ တောင်ဘက်ပင်လယ်ဒေသရှိ ပင်လယ်မျိုးနွယ်များအနေဖြင့် ထိုအစီအရင်များကို ဖြေရှင်းနိုင်စွမ်း လုံးဝ မရှိကြချေ။
တောင်ဘက်ပင်လယ်ဒေသရှိ ပင်လယ်မျိုးနွယ် အစီအရင်ပညာရှင်အားလုံး စုပေါင်းလေ့လာခဲ့ကြသော်လည်း ဤရှေးဟောင်းအမွေအနှစ်နယ်မြေ၏ အစီအရင်ကို ဖွင့်လှစ်ဝင်ရောက်ရန်မှာ လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်မှသာ ရပေလိမ့်မည်။
မည်သို့ပင်ဆိုစေ တောင်ဘက်ပင်လယ်ဒေသသည် ယခုအခါ ပင်လယ်မျိုးနွယ်တို့၏ နေထိုင်ရာ အရပ်ဒေသဖြစ်နေသည့်အတွက် ထိုကဲ့သို့သော လူသားမျိုးနွယ် အမွေအနှစ်နယ်မြေကို လူသားတို့လက်ထဲသို့ အလွယ်တကူ လွှဲပြောင်းပေးအပ်လိုက်ရန်လည်း ဝန်လေးနေကြသည်။
ထို့အတူ ပင်လယ်မျိုးနွယ်တို့ စောင့်ကြပ်နေသည့် အမွေအနှစ်နယ်မြေကို လူသားမျိုးနွယ်တို့ဘက်က တစ်ဦးတည်း ခံစားစံစားရန် မျှော်လင့်ခြင်းမှာလည်း လက်တွေ့မကျပေ။
"ဒါကြောင့် ပင်လယ်မျိုးနွယ်တွေနဲ့ လူသားတွေ ညှိနှိုင်းပြီး အဲဒီအမွေအနှစ်နယ်မြေကို ပူးပေါင်းရှာဖွေဖို့ သဘောတူခဲ့ကြတာ။"
ထိုအကြောင်းကို ပြောပြပြီးနောက် ကျန်းနျန်ရှင်းက လင်းချန်ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
"ဒီညှိနှိုင်းမှုမှာပဲ ကျွန်တော်တို့ မျိုးနွယ်က ဧကရာဇ်လင်းရဲ့ အကူအညီကို လိုအပ်နေတာ။"
လင်းချန်မှာ နားမလည်နိုင်ဘဲ ဆက်မေးလိုက်၏။
"ယုတ္တိသဘောအရ ပြောရရင် ဒီရှေးဟောင်းအမွေအနှစ်နယ်မြေက ထိပ်သီးပင်လယ်မျိုးနွယ်စုကြီးတွေနဲ့ တောင်ပိုင်းက လူသားထိပ်သီးအင်အားစုတွေရဲ့ စားကျက်မြေ ဖြစ်သင့်တာမဟုတ်ဘူးလား... ကျုပ်နဲ့ ဘာဆိုင်လို့လဲ။"
ကျန်းနျန်ရှင်းက ရှင်းပြသည်။
"ဧကရာဇ်လင်း မသိလို့ပါ။ ပင်လယ်မျိုးနွယ်တွေနဲ့ လူသားတွေ သဘောတူထားတဲ့ စည်းကမ်းတွေအရ ပင်လယ်မျိုးနွယ်တစ်ခုက မိတ်ဖက်အဖြစ် ပူးပေါင်းဖို့ လူသားအင်အားစုတစ်ခုကို ရှာရတယ်။ ဥပမာ ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကြီးမှာ ကိုယ်ပိုင်မိတ်ဖက် ရှိပြီးသားမလို့ ခွဲတမ်း ရထားပြီးသားပါ။ ဒါပေမဲ့ လူသားမိတ်ဖက်တွေကိုတော့ ကျွန်တော်တို့ဘာသာ ရှာကြရတယ်။"
"ကျွန်တော်တို့ ဌာနခွဲအနေနဲ့ လူငယ်နှစ်ယောက်ပဲ လွှတ်ခွင့်ရှိတယ်။ တစ်ယောက်က ပင်လယ်မျိုးနွယ်ဝင် ဖြစ်ရမှာဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိတ်ဖက် လူသားဖြစ်ရမယ်။"
"တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ဌာနခွဲနဲ့ ဧကရာဇ်လင်းတို့က မိတ်ဖက်ဖြစ်နေတာလေ။ ဒါကြောင့် ဧကရာဇ်လင်းကို ပြင်ပအကူအနေနဲ့ ဖိတ်ခေါ်ပြီး ဒီအစည်းအဝေးကို တက်စေချင်တာ။"
ဤစကားကို ကြားလိုက်ရမှ လင်းချန်လည်း နောက်ဆုံး၌ သဘောပေါက်သွားသည်။
တောင်ဘက်ပင်လယ်ဒေသမှ ပင်လယ်မျိုးနွယ်တို့သည် လူသားမျိုးနွယ်၏ အရေးပါသည့် အမွေအနှစ်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိထားကြခြင်း ဖြစ်၏။
သို့သော် ပင်လယ်မျိုးနွယ်တို့သည် ဤအခွင့်အရေးကို လူသားမျိုးနွယ်တို့အား အလကားသက်သက် ပေးမလိုက်ချင်ကြပေ။
ထို့ကြောင့် ဝင်ရောက်ရန်အတွက် ပင်လယ်မျိုးနွယ်တစ်ဦးနှင့် လူသားမျိုးနွယ်တစ်ဦး တွဲဖက်သည့်စနစ်ကို အသုံးပြုကြခြင်း ဖြစ်သည်။
လင်းချန်သည် နှုတ်ဆိတ်သွားပြီး လေးနက်စွာ စဉ်းစားခန်း ဝင်သွားသည်။
လင်းချန် တွေဝေနေသည်ကို မြင်သည့်အခါ ကျန်းနျန်ရှင်းက အလျင်အမြန်ပင် ဖျောင်းဖျလိုက်သည်။
"တကယ်လို့ ဧကရာဇ်လင်းသာ ငြင်းလိုက်ရင် ဒီအစည်းအဝေးမှာ ကျွန်တော်တို့ ဌာနခွဲအတွက် နေရာမရှိတော့ဘဲ ခွဲတမ်းက တခြားဌာနခွဲတွေဆီ ရောက်သွားလိမ့်မယ်။"
ထို့နောက် ဆက်ပြောသည်။
"ဧကရာဇ်လင်း... ဒါက လူသားအမွေအနှစ်နယ်မြေ ဖြစ်တဲ့အတွက် အဲဒီကရတဲ့ ပစ္စည်းတွေက ခင်ဗျားတို့အတွက် အများကြီး အကျိုးရှိမှာ သေချာတယ်။"
ကျန်းနျန်ရှင်း ပြောလာသည်ကို ကြားလိုက်ရသော် လင်းချန်လည်း ခေါင်းကို အသာညိတ်လိုက်မိ၏။ တစ်ဖက်လူ ပြောသည်မှာလည်း အကြောင်းပြချက် ခိုင်လုံသည်။
ထိုနေရာမှာ လူသားမျိုးနွယ်၏ အမွေအနှစ်နယ်မြေ ဖြစ်သည့်အားလျော်စွာ တန်ယွမ်ဂိုဏ်းမှ ရတနာများကဲ့သို့ပင် ကျမ်းစာအများအပြား ပါဝင်နေမည်မှာ မလွဲဧကန်ပင်။
အကယ်၍ ထိုအရာများကိုသာ ရရှိလျှင် ဟွာရှာအင်ပါယာ၏ သိပ္ပံသုတေသန လုပ်ငန်းစဉ် တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ထို့ပြင် ရရှိလာနိုင်သည့် အခြားပစ္စည်းများ၏ တန်ဖိုးကို သူ သိပ်ပြီး ဂရုမစိုက်သော်လည်း ကမ္ဘာလောကကြီးကို လေ့လာရန် သွားရောက်ခြင်းကလည်း အကျိုးရှိနိုင်သည်။
ထိုအချက်များအပြင် လင်းချန်သည် သူ၏ စွမ်းအားကို လျင်မြန်စွာ တိုးတက်စေလိုသည့်အတွက် အမွေအနှစ်နယ်မြေသို့ သွားရောက်လေ့ကျင့်ခြင်းသည် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်းနျန်ရှင်း ပြောစကားအရ ထိုနေရာ၌ လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်မှ ဉာဏ်ကြီးရှင် ပါရမီရှင်များစွာကို မလွဲမသွေ တွေ့ဆုံရမည် ဖြစ်သည်။
ထိုသို့ တွေ့ဆုံရသည့်အခါ မည်သူက ပို၍ စွမ်းအားကြီးမားမည်ကို လင်းချန် သိချင်စိတ် ပြင်းပြနေမိသည်။
လင်းချန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ခေါင်းဆောင်ကျန်း... ခင်ဗျားရဲ့ တောင်းဆိုမှုကို ကျုပ် လက်ခံတယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team