အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) ဆုကြေးငွေ အားလုံးကို သိမ်းကျုံးယူရန် ပြင်ဆင်ခြင်း
"ကျွန်တော် ယွမ်တစ်သန်းလောက် ချေးချင်လို့ပါ..."
"ဖွီး..."
ကျန်တဝေသည် သောက်လက်စ ရေများကိုပင် ပန်းထုတ်မိမတတ် ဖြစ်သွားလေ၏။
"မင်းက ငါ့ဆီကနေ ဘာလို့ ပိုက်ဆံလာချေးနေရတာလဲ... ဘဏ်ကို သွားရှာလေ..."
"ဒီချေးငွေကိစ္စကိုတော့ ငါ မကူညီနိုင်ဘူး... ငါ့မှာ ဘဏ်က အဆက်အသွယ်တွေ ရှိပေမဲ့ ဘဏ်တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေရှိတယ်... ပြီးတော့ မင်းချေးချင်တဲ့ ပမာဏက အရမ်းများလွန်းနေတယ်..."
"အော်... နားလည်ပါပြီ..."
ချန်ဖုန်းမှာ အနည်းငယ် စိတ်ပျက်သွားပေသည်။
သူတို့က အကဲဖြတ်မှု အကြောင်းအရာကိုတောင် ဆက်မပြောတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်၏။
ကျန်တဝေသည် ဒုတိယ မန်နေဂျာချုပ်တစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ စိတ်အခြေအနေမှာ အလွန်အမင်း စိတ်မရှည်ဖြစ်နေချေပြီ။
ဤသည်မှာ လူကို သက်သက် မျှော်လင့်ချက်ပေးပြီး ဆွဲထားခြင်းပင် ဖြစ်လေ၏။
တကယ်ကို ခံရခက်လွန်းလှပေသည်။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"မသွားပါနဲ့ဦး... မင်းက အဲဒီလောက် ပိုက်ဆံအများကြီးကို ဘာလုပ်ဖို့ လိုတာလဲဆိုတာ အရင်ပြောပြပါ..."
"ဆင်ခြေဖုံးက ဖျင်ယန်လမ်းမှာရှိတဲ့ မြေကွက်တစ်ကွက်ကို ကျွန်တော် မျက်စိကျနေလို့ပါ... တကယ်လို့ ဘွဲ့ရပြီးရင် အလုပ်ရှာမရခဲ့ရင် အဲဒီမြေကိုဝယ်ပြီး စိုက်ပျိုးရေးလုပ်ဖို့နဲ့ ကြက်မွေးဖို့ စဉ်းစားထားတာပါ..."
ချန်ဖုန်း မျက်နှာသေဖြင့် အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေခြင်းကို နားထောင်ရင်း ကျန်တဝေသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။
‘မင်းစကားကို ငါက တစ်စက္ကန့်လေးတောင် ယုံမှာမဟုတ်ဘူး…’
သို့တိုင်အောင်။
သူသည် လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့ပေသည်။
ဒုတိယ မန်နေဂျာချုပ်တစ်ဦးအနေဖြင့် သူသည် ပေ့ဟူမြို့ရှိ သြဇာကြီးမားသူ အချို့နှင့် မကြာခဏ ထိတွေ့ဆက်ဆံလေ့ရှိပြီး မြို့လယ်ခေါင်ကို ဆင်ခြေဖုံးရပ်ကွက်များဆီသို့ တိုးချဲ့မည့်အကြောင်းကို လွန်ခဲ့သော ရက်အနည်းငယ်က သူ ကြားသိခဲ့ရလေ၏။
ဤစီမံကိန်းကို တရားဝင် မကြေညာရသေးသလို ဖျင်ယန်လမ်းအထိ တိုးချဲ့မည်လား ဆိုသည်မှာလည်း မသိရသေးချေ။
သို့သော် အကယ်၍သာ မှန်ကန်ခဲ့မည်ဆိုပါက ထိုဒေသရှိ မြေကွက်များသည် မဝေးတော့သော အနာဂတ်တွင် တန်ဖိုးတက်လာရန် အလားအလာ ရှိနေပေသည်။
"ဒီကောင်လေးကတော့..."
ထိုနေရာရှိ မြေကွက်များကို ချန်ဖုန်းက ပစ်မှတ်ထားနေကြောင်း ကျန်တဝေ ပို၍ ခံစားလာရ၏။
ယခင်က အကဲဖြတ်မှုနှင့် ပတ်သက်၍ သူ သံသယရှိခဲ့သော်လည်း ယခုအခါ ချန်ဖုန်း၏ စကားများကို သူ ပို၍ပို၍ ယုံကြည်လာခဲ့ပေပြီ။
ဤကောင်လေးမှာ တကယ်ကို သာမန်မဟုတ်ချေ။
"မင်းကို ယွမ်တစ်သန်း ချေးပေးနိုင်တယ်... သုံးနှစ်တိတိ အတိုးမဲ့ပဲ..."
ကျန်တဝေက သူ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"ငါ့မှာ တောင်းဆိုချက် တစ်ခုပဲရှိတယ်... မင်း ဒီပိုက်ဆံနဲ့ ဘာပဲလုပ်လုပ် မြေဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ငါ့ဆီမှာ အာမခံအဖြစ် ပေးထားရမယ်…
ငါက မင်းအတွက်နဲ့ အဆုံးအရှုံး မခံနိုင်ဘူး…
တကယ်လို့ မင်းက သုံးနှစ်အတွင်း အကြွေးပြန်မဆပ်နိုင်ရင် အဲဒီမြေက ငါ့ဟာပဲ…”
"ပြဿနာမရှိပါဘူး…”
ချန်ဖုန်းသည် ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်နိုင်လေ၏။
သူနှင့် ကျန်တဝေမှာ မည်သို့မျှ ပတ်သက်မှု မရှိခဲ့ရာ ယခုကဲ့သို့ အကူအညီပေးမည်မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။
အနာဂတ်ကနေ ပို့လိုက်တဲ့ ဒီဗီဒီယို မက်ဆေ့ခ်ျတွေ မှန်ကန်ဖို့ပဲ မျှော်လင့်ရတော့မယ်...
မဟုတ်ရင်တော့ ငါ သေပြီပဲ…
"မန်နေဂျာကျန်... အကဲဖြတ်မယ့် အကြောင်းအရာတွေကို ဆက်ပြောကြရအောင်..."
ထို့နောက် သူသည် အဓိက အချက်များအားလုံးကို ရှင်းပြလိုက်၏။
ကျန်တဝေသည် နာခံမှုရှိသော လက်အောက်ငယ်သားတစ်ဦးအလား မှတ်စုအက်ပလီကေးရှင်းဖြင့် သေချာစွာ ရေးမှတ်ကာ အာရုံစိုက် နားထောင်နေခဲ့ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာများ အားလုံးသည် စာမေးပွဲ မေးခွန်းများ ဖြစ်နေသည် မဟုတ်လော။
ဤမြင်ကွင်းက ဖြတ်လျှောက်သွားသော ဝန်ထမ်းများနှင့် လက်အောက်ငယ်သားများအား လုံးလုံးလျားလျား အံ့အားသင့် မှင်တက်သွားစေခဲ့လေသည်။
မန်နေဂျာကျန်မှာ အများအားဖြင့် အလွန် တည်ကြည်လေးနက်သူဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် အားလုံးက သူ့အား အထက်စီးဆန်သည်ဟု မြင်ကြပေ၏။
သူက ဘယ်အချိန်ကစပြီး ဒီလောက် သဘောကောင်းသွားရတာလဲ...
သူတို့ကို ပို၍ အံ့အားသင့်သွားစေသည့် အရာမှာ...
ဒီလူငယ်လေးနဲ့ ဒုတိယ မန်နေဂျာချုပ်တို့ကြားက ပတ်သက်မှုက ဘာများလဲ...
ငါးမိနစ်ခန့် ကြာပြီးနောက်။
ကျန်တဝေက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဤအကဲဖြတ်မှု အစီအစဉ်မှာ နောက်ထပ် မန်နေဂျာချုပ်ကို ရွေးချယ်ရန်အတွက် အထူး ရေးဆွဲထားခြင်းဖြစ်ကြောင်း ယခုအခါ သူ လုံးလုံးလျားလျား ယုံကြည်သွားခဲ့လေပြီ။
ဆယ်မိနစ်အတွင်း သူသည် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ချန်ဖုန်းထံသို့ ယွမ်တစ်သန်း လွှဲပြောင်းပေးလိုက်ပေ၏။
ထို့နောက်။
ချန်ဖုန်းသည် ဆင်ခြေဖုံးရှိ ဖျင်ယန်လမ်းသို့ အလျင်အမြန် သွားရောက်ကာ တာဝန်ရှိသူကို ရှာဖွေပြီး မြေကွက်အမှတ် (၁) ကို ဝယ်ယူလိုက်လေသည်။
ယွမ်တစ်သန်း ပေးချေလိုက်ခြင်းပင်။
ထို့နောက် မြေဂရန်ကို ကျန်တဝေထံသို့ အပေါင်ထားလိုက်၏။
အရာအားလုံးက ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်တာ ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
လွန်ခဲ့သော သုံးနှစ်က ဗီဒီယိုများထဲမှ သတင်းအချက်အလက်များ အားလုံးသည် လက်တွေ့တွင် အမှန်တကယ် ဖြစ်လာတော့မည် ဖြစ်ပေသည်။
ယနေ့တွင်။
ချန်ဖုန်းသည် ထီဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့၏။
သူသည် ယွမ်သုံးဆယ်ကို ထုတ်ယူလိုက်ပြီး ဆိုင်ရှင်အား ပြောဆိုလိုက်သည်။
"သူဌေး... ကျွန်တော် နှစ်ရောင်ခြယ်ထီ ဝယ်ချင်လို့... အနီရောင်ဂဏန်းတွေက ၀၂၊ ၀၅၊ ၁၃၊ ၁၇၊ ၂၃ နဲ့ ၂၈... အပြာရောင်ဂဏန်းက ၀၇... တစ်စောင်ဝယ်မယ်... အာ မဟုတ်ဘူး... ၁၅ စောင် ဝယ်မယ်..."
သူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။
မတတ်နိုင်ချေ။
အကြိမ်ရေ ၂၀၂၃၁ ထီဖွင့်ပွဲသည် ယနေ့ည ၉ နာရီခန့်တွင် ကျင်းပမည် ဖြစ်ပေသည်။
လွန်ခဲ့သော သုံးနှစ်အတွင်း ထိုမြေကွက်ကို ဝယ်ယူပြီးကတည်းက သူ၏ဖုန်းထဲသို့ မည်သည့် ဗီဒီယို မက်ဆေ့ခ်ျမျှ ထပ်မံဝင်ရောက်လာခြင်း မရှိတော့ချေ။
သူကိုယ်တိုင်က ထိုဗီဒီယိုထဲတွင် ပါဝင်နေခဲ့သဖြင့် ဗီဒီယို အကြောင်းအရာများ အားလုံး မပြီးဆုံးမချင်း ဗီဒီယိုအသစ်များ ပေါ်လာမည်မဟုတ်ခြင်းလည်း ဖြစ်နိုင်ပေ၏။
သူ၏ဘဝအတွက် ပထမဆုံးသော ကြီးမားသည့် ရွှေအိုးကြီးပင်။
ဤထီဖွင့်ပွဲသည် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။
လွန်ခဲ့သော သုံးနှစ်က ဗီဒီယို မက်ဆေ့ခ်ျအရ ၂၀၂၃၁ ကြိမ်မြောက် နှစ်ရောင်ခြယ်ထီ၏ စုစုပေါင်း ဆုကြေးငွေမှာ ၁ ဒသမ ၃ ဘီလီယံ ဖြစ်ပေ၏။
အမြင့်ဆုံး ပထမဆုမှာ ထီတစ်စောင်လျှင် ယွမ် ၆ သန်းဖြစ်ပြီး စုစုပေါင်း ပေါက်မဲ ၁၅ စောင် ရှိမည်ဖြစ်သည်။ ငါ ထီစောင်ရေ ရာနဲ့ချီ ဝယ်ပြီး ယွမ်တစ်ဘီလီယံလောက် လုပ်လိုက်ရမလား...
ချီးပဲ...
ယွမ်တစ်ဘီလီယံတောင်... တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ...
သို့သော်။
ချန်ဖုန်းက ခေါင်းခါလိုက်ပြန်သည်။
သူ အန္တရာယ် မစွန့်ရဲချေ။
တကယ်လို့များ အဲဒီအချိန်ကျမှ ဂဏန်းတွေ ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ... အရှုံးကြီး ရှုံးသွားမှာပေါ့...
ဤအချိန်၌ ဆိုင်ရှင်က ချန်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။
လူအများအပြားသည် ဤကဲ့သို့သော ဂဏန်းအစုကို အကြိမ်ရေ ဆယ်ဂဏန်းခန့် ဝယ်ယူလေ့ရှိသော်လည်း အများအားဖြင့် မပေါက်တတ်ကြချေ။
မင်းက အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ တကယ်ကြီး ထင်နေတာလား...
သူက သတိမပေးဘဲ မနေနိုင်တော့သဖြင့် ပြောဆိုလိုက်၏။
"လူငယ်လေး... ဒီဂဏန်းတွေနဲ့ ပေါက်ဖို့ အခွင့်အရေးက အရမ်းနည်းတယ်... တခြားဂဏန်းတွေ ထပ်ဝယ်လိုက်ရင် မကောင်းဘူးလား... အခွင့်အရေး ပိုများတာပေါ့..."
"မလိုပါဘူး..."
ချန်ဖုန်းက ရယ်မောလိုက်သည်။
ငါ့မှာ cheat ကုဒ် ရှိနေတာပဲ ဘာကြောက်စရာ လိုလို့လဲ...
နှစ်ရောင်ခြယ်ထီကို ဝယ်ယူပြီးနောက် သူသည် ကျောင်းသို့ အလျင်အမြန် ပြန်လာခဲ့လေ၏။
ပေ့ဟူတက္ကသိုလ် သည် ဒုတိယအဆင့် တက္ကသိုလ်တစ်ခု ဖြစ်သော်လည်း ဒုတိယအဆင့် တက္ကသိုလ်များထဲတွင် အဆင့်အတန်း အတော်လေး မြင့်မားပြီး ဆရာ ဆရာမ အင်အားလည်း တောင့်တင်းပေသည်။
အခြားသော ထူးခြားချက်တစ်ခုမှာ ကျောင်းတွင် လှပသော မိန်းကလေးများ များပြားခြင်းပင်။
ချန်ဖုန်းသည် လက်ရှိတွင် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး ဖြစ်သည်။
အလုပ်သင်ကာလသည် အများအားဖြင့် ဒုတိယနှစ်ဝက်တွင် စတင်လေ့ရှိပေ၏။
သို့သော် အလုပ်ရရှိသွားသော အချို့သူများမှာမူ စာသင်နှစ် စတင်သည်နှင့် တစ်ပြိုင်နက် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်လေသည်။
အခန်းဖော် သုံးဦးမှာ အဆောင်သို့ ပြန်မရောက်သေးချေ။
ချန်ဖုန်းသည် ကုတင်ပေါ်တွင် ထိုင်ကာ ကွန်ပျူတာကို ဖွင့်ပြီး ၉ နာရီ ၁၅ မိနစ်အထိ စောင့်ဆိုင်းနေခဲ့သည်။
သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။
လွန်ခဲ့သော သုံးနှစ်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ဖုန်းပေါ်၌ ပေါ်လာခဲ့သော ဗီဒီယိုမှာ အစစ်အမှန်ဖြစ်ကြောင်း သူ လုံးလုံးလျားလျား ယုံကြည်သွားခဲ့ပြီ ဖြစ်ပေသည်။
ဥပမာအားဖြင့် မြို့လယ်ခေါင်သည် ဆင်ခြေဖုံးရပ်ကွက်များဆီသို့ တဖြည်းဖြည်း တိုးချဲ့လာနေပြီး မြေကွက်အမှတ် (၁) ၏ တန်ဖိုးမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့လေ၏။
နောက်တစ်ခုအနေဖြင့် ထျန်ပေါင်ဂရု၏ မန်နေဂျာချုပ် ရာထူးတိုးခြင်းမှာ အခြေခံအားဖြင့် အတည်ပြုပြီးဖြစ်ကာ အကဲဖြတ်ရေးအဖွဲ့သည်လည်း ဒုတိယ မန်နေဂျာချုပ်များ၏ စွမ်းဆောင်ရည်ကို လျှို့ဝှက်စွာ အကဲဖြတ်နေခဲ့ပေသည်။
သို့သော် ဤအရာများ အားလုံးသည် ထီဖွင့်ပွဲလောက် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ချေ။
"အားလုံးပဲ မင်္ဂလာပါ... ဒါကတော့ နှစ်ရောင်ခြယ်ထီ အကြိမ်ရေ ၂၀၂၃၁ ရဲ့ မဲဖွင့်ပွဲဖြစ်ပါတယ်..."
လာပြီဟေ့...
ကြေညာသည့် စာသားနှင့် အစီအစဉ်တင်ဆက်သူ အားလုံးသည် ထိုဗီဒီယိုထဲမှ အတိုင်းပင် အတိအကျ ဖြစ်နေပေ၏။
"ဒီအကြိမ်အတွက် ပထမဆုံး အနီရောင်ဂဏန်းက ၀၂ ပါ..."
ဟုတ်တယ်...
"ဒုတိယ အနီရောင်ဂဏန်းက ၀၅..."
ထပ်မှန်ပြန်ပြီ...
"တတိယ အနီရောင်ဂဏန်းက ၁၃ ပါ..."
မှန်တယ်…
ဤအချိန်၌ ချန်ဖုန်းသည် ကွန်ပျူတာ မျက်နှာပြင်ကို စူးစိုက်ကြည့်ရင်း အသက်ပြင်းပြင်းပင် မရှူရဲခဲ့ချေ။
သူ၏ နှလုံးသားသည် လည်ချောင်းဝအထိ ရောက်နေခဲ့လေပြီ။
ဤသည်မှာ သူ၏ဘဝတွင် ထီကို ပထမဆုံးအကြိမ် ဝယ်ယူဖူးခြင်းပင်။
ထီဖွင့်ပွဲကိုလည်း ပထမဆုံးအကြိမ် ကြည့်ရှုဖူးခြင်း ဖြစ်ပေသည်။
"စတုတ္ထ အနီရောင်ဂဏန်းက ၁၇ ပါ..."
မှန်တယ်...
"ပဉ္စမ အနီရောင်ဂဏန်းက ၂၃ ပါ..."
မှန်တယ်…
‘ငါ ပိုပြီးတောင် စိတ်လှုပ်ရှားလာပြီ…’
သူ ဝယ်ထားသော ဂဏန်းများ ပေါက်မည်ကို သူ သိထားသော်လည်း သူ၏ ခံစားချက်များကို မထိန်းချုပ်နိုင်သေးချေ။
ဒီလိုဖြစ်လေလေ ငါ ပိုပြီး စိတ်လှုပ်ရှားလာလေလေပဲ…
"ဆဋ္ဌမ အနီရောင်ဂဏန်းက ၂၈ ပါ..."
ချီးပဲ... ချီးပဲ...
အားလုံး မှန်သွားပြီပဲ…
အကယ်၍ သူ နောက်ဆုံး အပြာရောင်ဂဏန်းကို လွဲသွားလျှင်ပင် ယွမ်သန်းချီ၍ ရနိုင်သေးပေသည်။
ချန်ဖုန်းသည် ညတွင်းချင်း ချမ်းသာသွားခြင်း၏ ခံစားချက်ကို နောက်ဆုံးတွင် ခံစားလိုက်ရလေ၏။
"အခုလေးတင် အနီရောင်ဂဏန်းတွေကို မဲဖောက်ပေးခဲ့တာပါ... အခု ဆက်လက်ပြီးတော့ အပြာရောင်ဂဏန်းကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်..."
အစီအစဉ်တင်ဆက်သူ၏ ရှည်လျားသော စကားများကို ကြားရချိန်တွင် ချန်ဖုန်းမှာ ဆဲရေးတိုင်းထွာပစ်ချင်စိတ်များကို မထိန်းနိုင်တော့ချေ။
အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့...
မြန်မြန်လှည့်စမ်းပါ…
"ဒီအကြိမ်အတွက် အပြာရောင်ဂဏန်းကတော့ ၀၇ ဖြစ်ပါတယ်..."
ချန်ဖုန်းသည် သူ၏လက်ထဲမှ ထီလက်မှတ်ကို ကြည့်လိုက်ပြီးနောက် ကွန်ပျူတာ မျက်နှာပြင်ပေါ်သို့ ကြည့်ရှုလိုက်လေသည်။