← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈) ငါက မင်းရဲ့ ယောက်ဖ တကယ် မဟုတ်ပါဘူး

ချန်ဖုန်းက စကားပြောစရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။ "ငါ့ကို လာပြီး ဖားမနေနဲ့... မင်း ရှုံးသွားပြီဆိုတော့ ငါ့ကို ယွမ်သုံးသန်း ပေးရမှာလေ..."

"ဒါပေမဲ့ ငါ ပိုက်ဆံ မလိုချင်ဘူး... ကားကိုပဲ ထားခဲ့လိုက်..."

"ဘာ..."

စွန်းကျီကန်း အနည်းငယ် မှင်တက်သွားပေသည်။

ချန်ဖုန်းက ဘေးရှိ ရှန်ယန်းယန်း ကို လက်ညှိုးထိုးပြလိုက်၏။ "သူက မင်းကားကို အမြင်ကတ်လို့ ရိုက်ခွဲပစ်ချင်နေတာ... ကန့်ကွက်စရာ မရှိဘူးမလား..."

"..."

စွန်းကျီကန်း ၏ နှုတ်ခမ်းများ ရုတ်တရက် တွန့်ကွေးသွားလေသည်။

ချီးပဲ...

သူ၏ကားမှာ ယွမ်နှစ်သန်းကျော်သာ တန်သော်လည်း ပြုပြင်မွမ်းမံရန်အတွက် အတော်လေး အားထုတ်ခဲ့ရခြင်း ဖြစ်ပေ၏။

နည်းနည်းတော့ နှမြောမိတာ အမှန်ပဲ...

သူ မငြင်းဆန်ရသေးမီမှာပင် "ခွမ်း" ဆိုသော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှန်ယန်းယန်း သည် လမ်းဘေးမှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ လေကာမှန်ပေါ်သို့ တိုက်ရိုက် ထုချလိုက်လေ၏။

မည်မျှပင် အရည်အသွေးကောင်းသော ကားဖြစ်စေကာမူ ထိုသို့ ထုချခံရခြင်းကို ခံနိုင်ရည် ရှိမည်မဟုတ်ချေ။

အက်ကြောင်းတစ်ခု ချက်ချင်းပင် ပေါ်လာခဲ့ပေသည်။

ရှန်ယန်းယန်း သည် ရပ်တန့်မသွားရုံသာမက ပို၍ပင် စိတ်အားထက်သန်စွာ ထုချနေခဲ့၏။

တောက်...

သည်းမခံနိုင်တော့သဖြင့် စွန်းကျီကန်း သည် ဒေါသတကြီးဖြင့် လျှောက်သွားလိုက်သည်။

နှစ်ဖက်ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားတော့မည်ဟု ချန်ဖုန်း ထင်မှတ်လိုက်ချိန်မှာပင်။

စွန်းကျီကန်း က ချက်ချင်းပင် နောက်ဆုတ်သွားခဲ့လေ၏။

"အစ်မ... ကျွန်တော် နောက်တာပါဗျာ... တကယ်ကြီး မခွဲပါနဲ့..."

ဘာ...

ချန်ဖုန်း ချက်ချင်းပင် ဆွံ့အသွားရပေသည်။

ရှန်ယန်းယန်း က တစ်ဖက်လူရဲ့ ဝမ်းကွဲအစ်မလား... ဘာတွေ ဖြစ်နေတာလဲ...

ဒါကြောင့်ကိုး...

ပြိုင်ပွဲစတော့မယ့် အချိန်မှာတောင် ရှုံးမှာကို သူက နည်းနည်းလေးမှ စိုးရိမ်မနေခဲ့တာ...

ဤအချိန်၌။

ရှန်ယန်းယန်း မှာ တွေးလေတွေးလေ ပို၍ ဒေါသထွက်လေ ဖြစ်လာခဲ့၏။ "ဘာမှမဖြစ်ဘူး... ခုနက နင်ပြောလိုက်တဲ့ စကားတွေအတွက် ငါ ဒေါသထွက်နေတာ မဟုတ်ဘူး... နင့်ကားကို အမြင်ကတ်လို့ အပျော်သဘောနဲ့ ရိုက်ခွဲပစ်ချင်ရုံ သက်သက်ပဲ... အဲဒါကရော မရဘူးလား..."

"ရပါတယ်... ရပါတယ်... ရပါတယ်ဗျာ..."

စွန်းကျီကန်း သည် သူမ၏ရှေ့တွင် မြေးတစ်ယောက်အလား ပြုမူနေခဲ့ပေသည်။

မတတ်နိုင်ချေ။

ဤဝမ်းကွဲအစ်မသည် ကလေးဘဝကတည်းက မိသားစု၏ အလိုလိုက်ခြင်းကို ခံခဲ့ရပြီး သူ၏ မိဘများကပင် သူမအား အလွန် ချစ်ခင်ကြလေ၏။

‘ငါက ဘယ်လိုလုပ် သူ့ကို ဒေါသထွက်အောင် လုပ်ရဲမှာလဲ...

တကယ်လို့များ ငါ့အမေသာ သိသွားရင် ငါ့ကို အရေခွံခွာပစ်မှာပဲ...အဲ့တော့

ခွဲပစ်လိုက်…’

ရှန်ယန်းယန်း ၏ ဒေါသများ ပြေကျသွားသည်ကို မြင်သောအခါ

စွန်းကျီကန်း က သနားစရာကောင်းသော အမူအရာဖြင့် ပြောဆိုလိုက်သည်။ "ဒါက တကယ် ကျွန်တော့်အမှား မဟုတ်ပါဘူး... အစ်မက အဲဒီကောင်လေးရဲ့ ကားထဲမှာ ထိုင်နေတာကို မြင်လိုက်လို့ပါ..."

"အစ်မရဲ့ ရည်းစားသစ်လို့ ထင်လိုက်မိလို့လေ..."

"အစ်မအတွက် သူ့ကို စမ်းသပ်ပေးမလို့ စဉ်းစားခဲ့တာ... ဒါပေမဲ့ အဲဒီကောင်လေးက တကယ် မိုက်တာပဲ..."

"ကားမောင်း ကျွမ်းကျင်ရုံသာမကဘူး... အရမ်းလည်း ချမ်းသာတာပဲ... ပါဂါနီ ကိုတောင် ဝယ်နိုင်တယ်ဆိုတော့..."

သူ စကားပြော၍ပင် မဆုံးသေးမီ ရှန်ယန်းယန်း ၏ မည်းမှောင်နေသော မျက်နှာကို ရုတ်တရက် မြင်တွေ့လိုက်ရလေ၏။

ကြောက်လန့်သွားပြီး ပါးစပ်ကို အမြန် ပိတ်လိုက်ရသည်။

ရှန်ယန်းယန်းက"တကယ်လို့ နင် ထပ်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ်ဆိုရင် နင့်ကားတွေ အကုန်လုံးကို ရိုက်ခွဲပစ်မယ်..."

"ကျွန်တော် ဘာမှ ထပ်မပြောတော့ပါဘူးဗျာ..."

စွန်းကျီကန်း ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပေ၏။

သူ၏ ကားဂိုဒေါင်ထဲတွင် ပြိုင်ကား အနည်းဆုံး လေးစီးခန့် ရှိနေပေသည်။

မကြာမီပင်

သူသည် ချန်ဖုန်းထံသို့ ပြေးသွားကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ယောက်ဖ... ခုနကတော့ နားလည်မှု လွဲသွားတာပါ... ခင်ဗျားရဲ့ ကျွမ်းကျင်မှုတွေက ဒီလောက် အံ့သြဖို့ကောင်းမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."

"နောင်ကျရင် ကျွန်တော့်ကို လမ်းညွှန်မှုတွေ ပေးပါဦးဗျာ..."

၎င်းတို့နှစ်ဦးသည် အချင်းချင်း ပခုံးဖက်ထားကာ မိသားစုဝင်များအလား ဖြစ်နေကြပေသည်။

ချန်ဖုန်းမှာ ဆွံ့အသွားရလေ၏။

‘ငါက ဘယ်အချိန်တုန်းက မင်းရဲ့ ယောက်ဖ ဖြစ်သွားရတာလဲ…’တွေးလိုက်မိတယ်

"မင်း နားလည်မှုလွဲနေပြီ ထင်တယ်... ရှန်ယန်းယန်း နဲ့ ငါက ကျောင်းသူကျောင်းသားဟောင်းတွေ သက်သက်ပါ..."

"ကျွန်တော့်ကို လာမလိမ်ပါနဲ့... ကျွန်တော့်အစ်မအကြောင်း ကျွန်တော် အသိဆုံးပါ... ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူက ဘယ်တုန်းက သူများကားပေါ် တက်စီးဖူးလို့လဲ..."

"တကယ်လို့ ဆက်ဆံရေးက အဆင့်တစ်ခုအထိ မရောက်သေးဘူးဆိုရင် သူက ခင်ဗျားကားပေါ် တက်စီးမှာ မဟုတ်ဘူး..."

"နားလည်မှု လွဲနေတာပါ... ငါက သူ့ကို ပေါ်ရှေး တစ်စီး လက်ဆောင်ပေးလိုက်လို့ သူက ငါ့ကို လာတွေ့တာပါ..."

"ချီးပဲ... ခင်ဗျားက တကယ် မိုက်တာပဲ... သူမကို ရဖို့အတွက် ဇိမ်ခံကားတစ်စီးတောင် လက်ဆောင်ပေးခဲ့တာလား... သူ့ကို ရသွားတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ..."

"ငါ..."

ချန်ဖုန်းသည် ရှင်းပြလေလေ ပို၍ ရှုပ်ထွေးသွားလေလေ ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။

ဒီကိစ္စက လုံးဝ လိမ်လည်မှုကြီးပဲ...

သို့သော်

စွန်းကျီကန်း နှင့် ရှန်ယန်းယန်း တို့ မောင်နှမမှာ တကယ်ကို လိုက်ဖက်လှပေသည်။

စွန်းကျီကန်း က တစ်စုံတစ်ရာ ပြောချင်နေသော်လည်း ရှန်ယန်းယန်း ၏ အကြည့်များက သူ၏အပေါ်သို့ ကျရောက်လာသည်ကို မြင်သောအခါ အပြုံးကို အလျင်အမြန် ဖုံးကွယ်လိုက်လေ၏။

"ဟဲ့ကောင်... ဒီကိုလာခဲ့..."

ရှန်ယန်းယန်း က သွားကို ကြိတ်လိုက်သည်။

သူမ၏ ဝမ်းကွဲမောင်လေး အကျင့်စရိုက်ကို သူမ ကောင်းစွာ သိရှိထား၏။ အကယ်၍ သူ့ကို အမြန် မခေါ်လိုက်ပါက သူ ဘာတွေ ဆက်ပြောလာမည်ကို မည်သူက သိနိုင်မည်နည်း။

ရှန်ယန်းယန်း ၏ ဒေါသထွက်နေသော မျက်နှာအမူအရာကို မြင်သောအခါ။

စွန်းကျီကန်း သည် ချန်ဖုန်း၏ နောက်သို့ ဝင်ပုန်းလိုက်ပြီး ပြောဆိုလိုက်သည်။ "ယောက်ဖ... ကျွန်တော့်အစ်မက ဒေါသ အရမ်းကြီးတယ်... သူက ကျွန်တော့်ကို ဒုက္ခပေးတော့မှာမို့ ခင်ဗျားက ကူညီပေးရမယ်နော်..."

"နင်..."

ရှန်ယန်းယန်း သည် ဒေါသတကြီးဖြင့် ခြေစောင့်လိုက်၏။

အကယ်၍ သူမ ဒီထက်ပိုပြီး ဆက်နေပါက မည်သည့်အရာက သူမကို ရူးသွပ်သွားစေဦးမည်ကို သူမ တကယ်ပင် မသိတော့ချေ။

သူမသည် စွန်းကျီကန်း ၏ ကားဖြင့် ဒေါသတကြီး မောင်းထွက်သွားလေတော့သည်။

ကားမှာ ထုချခံထားရသော်လည်း ခရီးသွားလာမှုအတွက်တော့ အဟန့်အတား မဖြစ်စေချေ။

"ဟေ့ အစ်ကို... WeChat လေးများ အက် (Add) ထားလို့ ရမလား..."

စွန်းကျီကန်း က ပြုံးလျက် QR ကုဒ်ကို ဖွင့်ပြလိုက်သည်။

"ငါ့အစ်မကို စောင့်ရှောက်ပေးမယ့်သူ နောက်ဆုံးတော့ ပေါ်လာပြီပဲ..."

သို့သော်

တစ်ဖက်လူနှင့် ရှန်ယန်းယန်း တို့၏ ဆက်ဆံရေးကို ဘေးဖယ်ထားလိုက်လျှင် ပါဂါနီ ကို ဝယ်ယူနိုင်စွမ်းရှိသော အဆင့်အတန်းမျိုး ဖြစ်ကြောင်းမှာ ရှင်းလင်းနေပေသည်။

ဒါ့ကြောင့်လည်း မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပေသည်။

"ကောင်းပြီလေ... ငါ စကင်ဖတ်လိုက်မယ်..."

ချန်ဖုန်းက သူ၏ ဖုန်းကို ထုတ်ယူကာ QR ကုဒ်ကို စကင်ဖတ်လိုက်သည်။

တစ်ဖက်လူမှာ အတော်လေး ရယ်စရာကောင်းပေ၏။

သို့သော် မကောင်းသော ရည်ရွယ်ချက် မရှိချေ။ သူငယ်ချင်း များများရှိခြင်းက အနာဂတ်တွင် အသုံးဝင်လာနိုင်ပေသည်။

စွန်းကျီကန်း က မေးမြန်းလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။ "အစ်ကို... ခင်ဗျားနဲ့ ကျွန်တော့်အစ်မက ဘယ်တုန်းက စသိကြတာလဲ..."

"ဒီနေ့မှ စသိတာပါ..."

၎င်းတို့နှစ်ဦးမှာ ကျောင်းသူကျောင်းသားဟောင်းများ ဖြစ်ကြသော်လည်း ယနေ့မှသာ ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်ကြောင်း ချန်ဖုန်း တွေးလိုက်မိ၏။

"ချီးပဲ... အဲဒါက အံ့သြဖို့ကောင်းတာပဲ... တွေ့ပြီးတာနဲ့ ချက်ချင်း ရသွားတာလား..."

စွန်းကျီကန်း ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားရလေသည်။

ရှန်ယန်းယန်း ၏ အကျင့်စရိုက်ကို သူ ကောင်းစွာ သိရှိထား၏။ ယခုလေးတင် သူမ၏ ရှက်ရွံ့ပြီး တုံ့ဆိုင်းနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် ဤကောင်လေးနှင့် သူမကြားတွင် တစ်ခုခု ရှိနေကြောင်း သေချာပေသည်။

ဤအခိုက်အတန့်တွင်

ချန်ဖုန်းအပေါ် သူ၏ အမြင်များမှာ ထပ်မံ၍ ပြောင်းလဲသွားပြန်လေပြီ

ဒီကောင်လေးရဲ့ မိန်းကလေးတွေကို မြူဆွယ်တဲ့ စွမ်းရည်က ထိပ်တန်းပဲ...

တစ်ဖက်လူက နောက်ထပ် တစ်စုံတစ်ရာ မေးမြန်းချင်နေသေးသည်ကို မြင်သောအခါ

ချန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားပေ၏။

စွန်းကျီကန်း အား ရှင်းပြနေရန် အလွန် ပျင်းရိသွားသဖြင့် သူသည် ထိုနေရာမှ အလျင်အမြန် မောင်းထွက်သွားခဲ့လေသည်။

သူသည် မူလက ကျောင်းသို့ ပြန်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် လမ်းတစ်ဝက်တွင် ဖုန်းပေါ်၌ မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့ပေသည်။

"ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေးအနေနဲ့ စနစ်ပွိုင့် ၁၀ ပွိုင့် ရရှိပါတယ်..."

"ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့်များ - ၁၀ ပွိုင့်..."

"ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်ဖို့ ပိုင်ရှင်က ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလက ပြောင်းလဲသွားပါပြီ... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလကတော့ ၂၀၂၁-၂၀၂၃ ဖြစ်ပါတယ်..."

အချိန်ကာလက ထပ်ပြောင်းသွားပြန်ပြီလား...

ချန်ဖုန်းသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သူသည် နှစ်ရောင်ခြယ်ထီ ပေါက်ခဲ့သောကြောင့် မနေ့က တာဝန်တွင် ပါဝင်ခဲ့ခြင်း ဖြစ်ပေသည်။

ဒီနေ့ ဘာဖြစ်ခဲ့လို့လဲ...

မည်သည့် ဗီဒီယိုတာဝန်တွင် ပါဝင်သည်ဖြစ်စေ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလ ပိုမိုကျယ်ပြန့်လာခြင်းက သူ့အတွက် အကျိုးရှိပေသည်။

သူ၏ အတွေးများကိုပင် မစုစည်းရသေးမီ အခြားဖုန်းတစ်လုံး မြည်လာခဲ့၏။

ထျန်ပေါင်ဂရုမှ ဒုတိယ မန်နေဂျာချုပ် ကျန်တဝေ ထံမှ ဖုန်းဝင်လာခြင်း ဖြစ်ပေသည်။

လွန်ခဲ့သော သုံးနှစ်က ၎င်းတို့ တွေ့ဆုံပြီးနောက် ဖုန်းနံပါတ်များ ဖလှယ်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် လွန်ခဲ့သော သုံးနှစ်အတွင်း ၎င်းတို့မှာ အဆက်အသွယ် လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

ကျန်တဝေက

"ညီလေးချန်... ထျန်ပေါင်ဂရုကို လက်ဖက်ရည်လာသောက်ဖို့ အချိန်ရလား..."

"ရပါတယ်..."

ချန်ဖုန်းက အနည်းငယ် ပြုံးလိုက်လေ၏။

ဤအချိန်တွင် ဖုန်းခေါ်ဆိုလာခြင်းဖြစ်ရာ တစ်ဖက်လူတွင် သေချာပေါက် အရေးကြီးသော ကိစ္စရှိမည် ဖြစ်သည်။

ကျန်တဝေ"မင်း ဘယ်မှာလဲ... ငါ ကားသမားလွှတ်ပြီး လာကြိုခိုင်းလိုက်မယ်..."

"ဒုက္ခခံစရာ မလိုပါဘူး... ကျွန်တော့်ဘာသာ လာခဲ့ပါ့မယ်..."

ချန်ဖုန်းက ခေါင်းခါလိုက်၏။

မည်သို့ပင်ဖြစ်စေ သူ၏ ကိုယ်ပိုင်ကား ရှိနေပြီဖြစ်ရာ ထျန်ပေါင်ဂရုသို့ သွားရန်မှာ အလွန် အဆင်ပြေလှပေသည်။

သူက မြေဂရန်ကို သွားရွေးရန်လည်း ရှိနေသေးသည်လေ။ ယခုအခါ မြေကွက်အမှတ် (၁) မှာ ယွမ်သန်းရာချီ တန်ဖိုးရှိနေပြီ ဖြစ်၏။

အနည်းဆုံး အဆတစ်ရာလောက် တက်သွားတာပဲ...

ပြီးတော့ ဒီနှုန်းအတိုင်းဆို ဆက်ပြီး တက်နေဦးမှာပဲ…

မကြာမီပင်

ထျန်ပေါင်ဂရုသို့ သူ ရောက်ရှိလာခဲ့လေသည်။

ဤနေရာရှိ အဆောက်အအုံတစ်ခုလုံးသည် ထျန်ပေါင်ဂရုပိုင် ဖြစ်ပေ၏။

မန်နေဂျာချုပ်နှင့် ဒုတိယ မန်နေဂျာချုပ် ရုံးခန်းများသည် ၁၈ ထပ်တွင် ရှိလေသည်။ ကျန်တဝေက ကြိုတင် အသိပေးထားပုံရပြီး ဧည့်ကြိုဝန်ထမ်းသည် ဧည့်ခန်းမတွင် သူ့ကို စောင့်ဆိုင်းနေခဲ့သည်။

ထျန်ပေါင်ဂရုမှ ဝန်ထမ်းများသည် ချန်ဖုန်းကို နက်နက်ရှိုင်းရှိုင်း မှတ်မိနေကြပေ၏။

တစ်ဖက်လူသည် လွန်ခဲ့သော သုံးနှစ်က တစ်ကြိမ် လာရောက်ခဲ့ဖူးပြီး ဒုတိယ မန်နေဂျာချုပ် ကျန် နှင့် ဆက်ဆံရေးကောင်းမွန်ပုံ ရလေသည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင်

ဧည့်ကြိုဝန်ထမ်းဖြစ်စေ၊ စင်္ကြံတွင် တွေ့ရသော ဝန်ထမ်းများနှင့် အမှုဆောင်အရာရှိများဖြစ်စေ။

၎င်းတို့ အားလုံးက ချန်ဖုန်းအား ပြုံးလျက် နှုတ်ဆက်ကြပေသည်။

မသိသူများအဖို့ ဤကောင်လေးမှာ ကုမ္ပဏီ၏ အမွေဆက်ခံသူဟုပင် ထင်မှတ်သွားနိုင်လေ၏။

ဘာလို့လဲဆိုတော့...

တစ်ဖက်လူက အလွန် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားခဲ့သောကြောင့် ဖြစ်ပေသည်။

သို့သော် သူ ရောက်လာချိန်တွင် ယွမ် ၄၅ သန်းတန် ပါဂါနီ ကို မောင်းနှင်လာခဲ့ခြင်း ဖြစ်၏။

ပေ့ဟူ တစ်မြို့လုံးတွင် ဤကဲ့သို့သော ဇိမ်ခံကားမျိုးမှာ လက်ချိုးရေ၍ရပြီး မန်နေဂျာချုပ်၏ ကားထက်ပင် ပိုမို ဈေးကြီးသေးပေသည်။

All Chapters