အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) ကြိုတင်ခန့်မှန်းတဲ့ ဗီဒီယို နောက်တစ်ခု ပေါ်လာပြန်ပြီ
ဝမ်ဟိုင်၏ စကားကို မယုံကြည်နိုင်သော်လည်း ယုံကြည်ရန် သူမ ဖိအားပေးခံလိုက်ရပေ၏။
ယွမ်တစ်ဘီလီယံ ဆိုတာ ဘာအဓိပ္ပာယ်လဲ...
အကယ်၍ သူမက နေ့တိုင်း ယွမ်တစ်သိန်း သုံးစွဲမည်ဆိုလျှင်ပင် အကုန်ကုန်ရန်အတွက် ၂၇ နှစ်တောင် ကြာလိမ့်မည်။
ထိပ်တန်း သြဇာကြီးမားသူများမှလွဲ၍ ပေ့ဟူ တစ်မြို့လုံးမှာ ဘယ်သူကများ ဒီလောက် ငွေအများကြီးကို ထုတ်ပေးနိုင်မှာလဲ…
ယခုအခါ
ရှန်ချင် လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့ရပေ၏။
ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ချန်ဖုန်းက တစ်နေ့ကျရင် ဘီလီယံနာ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
သူမ နောင်တရသွားပြီ...
ချန်ဖုန်းနှင့် လမ်းခွဲခဲ့ခြင်းကို သူမ နောင်တရနေခဲ့၏။
အကယ်၍ ဝမ်ဟိုင်ကသာ သူမကို မမြူဆွယ်ခဲ့လျှင် ချန်ဖုန်းကို သူမ ကန်ထုတ်ခဲ့မည် မဟုတ်ချေ။
မှန်တယ်...
ဒါတွေ အကုန်လုံး ဝမ်ဟိုင် အပြစ်ပဲ...
ရှန်ချင်သည် အလျင်အမြန် ဖုန်းထုတ်ကာ ချန်ဖုန်းထံသို့ ဖုန်းခေါ်ဆိုရန် ပြင်လိုက်သည်။
သူမ ယုံကြည်နေခဲ့၏။
ချန်ဖုန်းက သူ့အပေါ်မှာ ခံစားချက်တွေ ရှိနေသေးတယ် ဆိုတာကိုပဲ။
"ဟွန့်... မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ပြန်လိုက်ဖို့ဆိုတာ လွယ်ကူပါတယ်... ရှန်ယန်းယန်း က ငါ့ကို အနိုင်ယူနိုင်မယ်လို့ ငါ မယုံဘူး..."
သူမ ဖုန်းခေါ်ဆိုလိုက်ချိန်မှာပင် ဆွံ့အသွားခဲ့ရပေ၏။
ဘာကြောင့်လဲဆိုတော့ ချန်ဖုန်းက သူမ ဖုန်းနံပါတ်ကို ပိတ်ထားလို့ပဲ…
"ငါ..."
ရှန်ချင် လုံးဝ မယုံကြည်နိုင်ခဲ့ချေ။
ယခင်က အလွန် လိုက်လျောညီထွေရှိခဲ့သော ချန်ဖုန်းသည် ယခုအခါ သူမအား ပိတ်ပင်ထားလေပြီ။ "ချန်ဖုန်း... နင် ထွက်ပြေးလို့ မရပါဘူး... ငါ နင်နဲ့ ပြန်အဆင်ပြေအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်..."
သူမ ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု နောက်ဆုံးတော့ ပေါ်လာခဲ့၏။
…
အဆောင်၌
နောက်ဆုံးတွင် ချန်ဖုန်းသည် သူ၏ အခန်းဖော်များကို တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့ပေသည်။
သူ ရှန်ယန်းယန်း နှင့် သိကျွမ်းခဲ့ခြင်းမှာ တကယ်တော့ မတော်တဆမှုတစ်ခုသာ ဖြစ်လေ၏။
"တတိယညီ... မင်း လမ်းခွဲပြီးနောက် ဘာလို့ နည်းနည်းလေးမှ ဝမ်းနည်းမနေလဲတိုတာ အခုမှ ငါ နားလည်တော့တယ်..."
ဒုတိယအစ်ကို ယန်ချီက နက်နက်ရှိုင်းရှိုင်း အားကျနေသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။ "ဒါပေမဲ့ မင်း သတိထားသင့်တယ်နော်... ဘဏ္ဍာရေးဌာနက ကျောက်တုန်းလိုင် ဆိုတဲ့ကောင်က ရှန်ယန်းယန်း ကို အမြဲတမ်း လိုက်နေတာ..."
“ကံကောင်းထောက်မလို ခုနက သူ ကျောင်းမှာ မရှိလို့ပေါ့…
..မဟုတ်ရင် သူ့အကျင့်စရိုက်နဲ့ဆို မင်းကို သေချာပေါက် ဒုက္ခပေးလိမ့်မယ်…”
"ကျောက်တုန်းလိုင်..."
ချန်ဖုန်း ထိုလူအကြောင်းကို ကြားဖူးထားလေ၏။
သူ့မိသားစုက အလွန် ချမ်းသာပြီး ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်သည်ဟု ဆိုကြပေသည်။
သူက ကျောင်းကို သိပ်လာလေ့မရှိဘူး... ဂုဏ်သရေရှိတဲ့ ဘွဲ့တစ်ခုရဖို့လောက်ပဲ တက္ကသိုလ်တက်တာ...
ဒါက ဘွဲ့ရဖို့သက်သက်ပဲလေ…
ချန်ဖုန်းကလည်း "ရှန်ယန်းယန်း နဲ့ ငါက ဘာပတ်သက်မှုမှ မရှိဘူးဆိုပေမဲ့ တကယ်လို့ သူက ငါ့ကို ဒုက္ခပေးချင်တယ်ဆိုရင်တော့ ငါကလည်း အလွယ်တကူ အနိုင်ကျင့်ခံမယ့်သူ မဟုတ်ဘူး..."ဟု
ချန်ဖုန်း ယုံကြည်ထားလေ၏။
ဒီလောကမှာ ပိုက်ဆံနဲ့ ဖြေရှင်းလို့မရတဲ့ အရာဆိုတာ မရှိဘူး...
သူ၏ အခန်းဖော်များကမူ သူ့ကို ရှင်းလင်းစွာ မယုံကြည်ကြချေ။
ဘာပတ်သက်မှုမှ မရှိဘူး ဟုတ်လား...
ဘာဖြစ်လို့ တစ်ယောက်ယောက်က သူတို့ရဲ့ ဂုဏ်သိက္ခာကို အရင်းခံပြီး အဆောင်အောက်မှာ မင်းကို စောင့်နေရမှာလဲ...
မင်း ငါ့ကို နောက်နေတာပဲ...
ထို့နောက် အချိန်များတွင်တော့၊
လူတိုင်းက ကိုယ်ပိုင် အလုပ်များဖြင့် အလုပ်ရှုပ်နေကြပေသည်။
ဤအချိန်၌ ရှန်ယန်းယန်း သည် သူ၏ ဘဏ်ကတ်ထဲသို့ ယွမ် ၂.၄ သန်း လွှဲပြောင်းပေးခဲ့ကြောင်း ချန်ဖုန်း ဘဏ်မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့၏။
စနစ်က မည်သည့် ပြစ်ဒဏ်မျှ ချမှတ်ပုံ မပေါ်ချေ။
စနစ်ကို အဆင့်မြှင့်တင်ဖို့ သုံးခဲ့တဲ့ ပိုက်ဆံတွေကို ပြန်ရနိုင်တယ် ထင်တယ်...
ငါ အရမ်း ပျော်တာပဲ...
ထိုအရာအပြီး ချက်ချင်းပင်
"ယန်းယန်း" ဆိုသော နာမည်ပြောင်ဖြင့် WeChat တွင် သူငယ်ချင်း အက် (Add) ထားသော အသိပေးချက်တစ်ခုကို သူ လက်ခံရရှိခဲ့လေ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ ရှန်ယန်းယန်း ၏ WeChat အကောင့်ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
ချန်ဖုန်းသည် မူလက လက်မခံချင်ခဲ့သော်လည်း ယနေ့ အဖြစ်အပျက် ပြီးနောက် တစ်ဖက်လူမှာ အလွန် ဇွဲကောင်းကြောင်းကိုလည်း သူ သဘောပေါက်သွားခဲ့၏။
ခဏတာ တွေးတောပြီးနောက် တိုက်ရိုက်ပင် လက်ခံလိုက်လေသည်။
၎င်းတို့နှစ်ဦးသည် စကားမပြောခဲ့ကြချေ။ ဖြစ်နိုင်သည်မှာ အချင်းချင်း ဆက်သွယ်ရန် အချက်အလက်များကို ထည့်သွင်းထားရုံသာ ဖြစ်နိုင်ပေသည်။
WeChat မှ ထွက်လိုက်ပြီးနောက်
ဖုန်းပေါ်တွင် ဗီဒီယိုတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
လာပီပဲ...
ချန်ဖုန်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေသည်။
ယနေ့တွင် ဖုန်းမှ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလမှာ ၂၀၁၀ မှ ၂၀၂၃ အထိ ဖြစ်သော်လည်း ဤခန့်မှန်းချက်များမှာ အလွန် ကျပန်းဖြစ်နေပေ၏။
ဒီတစ်ခါ ဘယ်လို မက်ဆေ့ခ်ျမျိုး ဖြစ်လာမလဲ မသိဘူး…
"ပေ့ဟူမြို့ ဖီးနစ်တောင်မှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်..."
ချန်ဖုန်း ဗီဒီယိုကို ကြည့်လိုက်၏။
အထက်တွင် ပြသထားသော ဗီဒီယိုသည် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မြေပြိုမှုအပြီး မြင်ကွင်းကို ဖော်ပြနေပေသည်။
ဗီဒီယို၏ နောက်ခံတွင် တစ်စုံတစ်ယောက် ဒဏ်ရာရနေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်လေ၏။
အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် သူနာပြုများ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ဆက်လက်ကုသပေးနေကြသည်။
"ဖီးနစ်တောင်... ဖီးနစ်တောင်..."
ချန်ဖုန်း ရုတ်တရက် အာမေဍိတ်သံ ထွက်သွားလေ၏။
တောင်က ရင်းနှီးနေသလို ခံစားရတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ... အဲဒါက သူရဲ့ ဇာတိရွာက တောင်ဖြစ်နေတာကိုး...
ရွာသူရွာသားတွေက အဲဒီလိုပဲ ခေါ်ကြတာလေ...
တကယ်တော့
ဖီးနစ်တောင်သည် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်ပေသည်။
အထူးသဖြင့် နွေရာသီတွင် အချို့သူများသည် အပူဒဏ်ကို ရှောင်ရှားရန်နှင့် အားလပ်ရက် အနားယူရန်အတွက် တောင်များသို့ သွားရောက်ကြလေ၏။
သူ အချိန်ကို စစ်ဆေးကြည့်လိုက်သည်။
ဤဗီဒီယိုသည် ဩဂုတ်လ ၁၀ ရက် ၂၀၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့ပုံရပေ၏။
ဆိုလိုတာက မနက်ဖြန်ပေါ့…
"ဒါနဲ့... ဒီတစ်ယောက်က ရုပ်ရှင်မင်းသမီး ရွှီချင်းချန် နဲ့ တူသလိုလိုပဲ..."
ဗီဒီယိုထဲ၌
ရွှီချင်းချန် သည် သတိလစ်နေပြီး သေဆုံးသွားခြင်း ရှိ၊ မရှိကိုမူ မသိရချေ။
ချန်ဖုန်းသည် အလျင်အမြန် ဖုန်းထုတ်ကာ မိခင်ဖြစ်သူထံ ဖုန်းခေါ်ဆိုလိုက်လေ၏။
ဖုန်းကို အလွန် လျင်မြန်စွာ ဖြေကြားခဲ့ပေသည်။
"ဖုန်းဇီ... သား နေထိုင်စရိတ် ကုန်သွားလို့လား..."
အမေ၏ အသံကို ကြားရချိန်တွင် ချန်ဖုန်း၏ နှလုံးသားထဲ၌ ဝမ်းနည်းမှု တစ်ချက် ဖြစ်ပေါ်လာခဲ့၏။
အတိတ်က အိမ်ကို ဖုန်းခေါ်တိုင်း နေထိုင်စရိတ် ကုန်သွားသောကြောင့် ဖြစ်လေ့ရှိပေသည်။
မိဘများ၏ ချွေးနှဲစာများကို အသုံးပြု၍ ရှန်ချင်အား သုံးနှစ်တိုင်တိုင် ထောက်ပံ့ပေးခဲ့ရခြင်းကို တွေးမိတိုင်း သူ အလွန်အမင်း နောင်တရမိလေ၏။
"မဟုတ်ပါဘူး အမေ... သားဆီမှာ ပိုက်ဆံ ရှိပါသေးတယ်..."
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။ "အမေတို့ အိမ်မှာ အရမ်းကြီး ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ဘူးနော်... အခု သား ပိုက်ဆံရှာနိုင်ပြီဆိုတော့ အမေတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပြီ..."
"ဘယ်သူက သားကို ပိုက်ဆံရှာခိုင်းနေလို့လဲ... သား ကျောင်းမှာ စာကြိုးစားရမယ်... အချိန်ရရင် အမေ့အတွက် ချွေးမလေးတစ်ယောက် ရှာပေးပါ..."
“သားက ငယ်တော့တာ မဟုတ်ဘူးလေ... အခု ၂၁ နှစ်တောင် ရှိနေပြီ...
ဘေးအိမ်က ရှောင်ဟူ ကို ကြည့်ပါဦး... သူက သားနဲ့ ရွယ်တူပဲကို သူ့ကလေးတွေက အခုဆို ပြေးလွှားဆော့ကစားနေနိုင်ပြီ…”
အမေဖြစ်သူ၏ ညည်းတွားပြောဆိုနေမှုများကို သူ နားထောင်နေခဲ့၏။
ချန်ဖုန်း ခဏတာ စကားပြောစရာမဲ့သွားပြီးနောက် အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။
"အမေ... သား မနက်ဖြန် ကျောင်းပိတ်ရက် အိမ်ပြန်လာမလို့..."
"အော်... တကယ်လား..."
"မနက်လောက်ဆို ရောက်မှာပါ... စကားမစပ်... ဒီရက်ပိုင်း ရွာနောက်က တောင်ပေါ်ကို မတက်ကြနဲ့ဦးနော်..."
"မကြာသေးခင်က မြေပြိုတယ်လို့ ကြားတယ်... တောင်ပေါ်ကို လူတွေ တက်သွားတာ မြင်လို့ သတိပေးတာပါ..."
ချန်ဖုန်းသည် မူလက မြို့ထဲတွင် တိုက်ခန်းတစ်ခန်း အရင်ဝယ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် လကုန်ပိုင်းတွင် အိမ်ပြန်ကာ မိဘများကို အနားယူ အပန်းဖြေရန် ခေါ်ဆောင်လာရန် ဖြစ်၏။
သို့သော်
စနစ်ဖုန်း ဗီဒီယိုကို ကြည့်ပြီးနောက် သူ အစောပိုင်း ပြန်သွားသင့်သည်ဟု ထင်မိလေသည်။
ရွှီချင်းချန် ကိုလည်း သတိပေးချင်သေး၏။
သို့သော် သူက တစ်ဖက်လူကို မသိသလို ဘယ်လို ဆက်သွယ်ရမည်ကိုလည်း မသိသဖြင့် သူသွားပြောလျှင် ယုံကြည်မည် မဟုတ်ချေ။
တစ်ခုတည်းသော နည်းလမ်းမှာ မိခင်အား သတိပေးခိုင်းရန်ပင် ဖြစ်လေသည်။
"ကောင်းပြီလေ..."
သားဖြစ်သူ အိမ်ပြန်လာမည်ကို ကြားသဖြင့် မိခင်မှာ အလွန် ဝမ်းသာသွားပေ၏။
အခြားတစ်ဖက်တွင်
ရှန်ယန်းယန်း အဆောင်သို့ ပြန်ရောက်ပြီးနောက်
သူမ၏ အခန်းဖော်များက အလျင်အမြန် စုဝေးလာကြလေ၏။ "ယန်းယန်း... နင်က ချန်ဖုန်း ဆိုတဲ့သူနဲ့ တွဲနေတယ်လို့ ကြားတယ်..."
"အခု လူတိုင်းက အဲဒီအကြောင်းကို ပြောနေကြတယ်... အဲဒါ တကယ်လား..."
"ဘာ..."
ရှန်ယန်းယန်း သည်လည်း ပြောစရာစကားမဲ့ ဖြစ်သွားရပေသည်။
သူမရဲ့ အစောပိုင်း လုပ်ရပ်များအတွက် နောင်တရစပြုလာပြီး အလျင်အမြန် ရှင်းပြလိုက်၏။ "အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... ငါ သူ့ကို ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးတာ..."
"သူ့ကို သွားတွေ့ရတဲ့ အကြောင်းရင်းက အရင်က 4S အရောင်းပြခန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ပါ..."
ရှန်ယန်းယန်းက "သူက ငါ့ကို ကားတစ်စီး ဝယ်ပေးခဲ့လို့ သူ့ကို ပိုက်ဆံပြန်ဆပ်မလို့ သွားတာလေ..."
"မဖြစ်နိုင်တာ... သူက နင့်ကို ကားဝယ်ပေးဖို့တောင် ပိုက်ဆံရှိလို့လား..."
သူမ၏ အခန်းဖော်၏ မျက်နှာအမူအရာမှာ အလွန် ထူးဆန်းနေခဲ့ပေသည်။
ရှန်ယန်းယန်း အံ့အားသင့်သွား၏။
"ဟုတ်တယ်... စုစုပေါင်း ယွမ် ၂.၄ သန်းတောင်နော်... ဘာလို့လဲ... နင် သူ့ကို သိလို့လား..."
"အရင်ကတော့ ကြားဖူးပါတယ်... သူ့မှာ ရှန်ချင် ဆိုတဲ့ ရည်းစားရှိတယ်လို့ ကြားတယ်... ရှန်ချင်က သူ့သူငယ်ချင်းတွေကို မကြာခဏ ညည်းတွားလေ့ရှိတာ..."
"သူ့ရည်းစားက အရမ်းဆင်းရဲလွန်းလို့ လက်ကိုင်အိတ် တစ်လုံးတောင် မဝယ်နိုင်ဘူးတဲ့လေ..."
"ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေး တော်တော်များများက သူ့ကို သိကြပေမဲ့ သူက အဲဒီလောက် ချမ်းသာတယ်လို့ ငါ မယုံဘူး..."
"ယန်းယန်း... နင် ငါ့ကို လိမ်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား..."
သူမ၏ အခန်းဖော်က မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ကျောင်းရှိ ချမ်းသာသော လူငယ်လေးများ အားလုံးနီးပါးအကြောင်းကို သူမ ကြားဖူးထားလေသည်။
ချန်ဖုန်းက ယွမ် ၂.၄ သန်းကို ထုတ်ပေးနိုင်သည်ဆိုမှတော့
သူ့ကို ချမ်းသာသော သူတစ်ယောက်အဖြစ် သတ်မှတ်သင့်ပေသည်။
သို့သော် ဤသည်မှာ ကောလာဟလများနှင့် လုံးဝ ကွဲလွဲနေပြီး လုံးလုံးလျားလျား မတူညီချေ။
ရှန်ယန်းယန်း က မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။ "ကောလာဟလတွေကို ငါ အရင်က မကြားဖူးသလို သူ ဘယ်လိုလူစားမျိုးလဲ ဆိုတာကိုလည်း ငါမသိဘူး..."
"ဒါပေမဲ့ သူက ယွမ် ၂.၄ သန်းကို ထုတ်ပေးနိုင်တာကတော့ အမှန်ပဲ..."
"ဒါတင်မကသေးဘူး... သူက အခု ယွမ် ၄၅ သန်းတန် ပါဂါနီ ကို မောင်းနေတာလေ..."