အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) လျှို့ဝှက်ထားလို့ မရတော့ဘူး မဟုတ်လား
"အာ... ဟုတ်ပါတယ်... ကျွန်တော်ကိုယ်တိုင် ခွဲစိတ်ခဲ့တာပါ..."
ပြောနေရင်း ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
ဖန်ဝမ်ချောင်"အဓိက ပြဿနာက ဆေးရုံအုပ်ကြီး ရောက်လာတာ နောက်ကျသွားလို့ပဲ... ပြီးတော့ ရွှီချင်းချန်ရဲ့ အခြေအနေကလည်း ဆက်ပြီး အချိန်ဆွဲထားလို့ မရတော့ဘူးလေ... အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် တာဝန်ယူပြီး ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာ..."
ဆေးရုံအုပ်ကြီးက ရယ်မောလျက် ပြောဆိုလိုက်သည်။
“အရမ်းကောင်းတယ်… မင်းရဲ့ စွမ်းရည်တွေက ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဆေးရုံမှာကလည်း ညွှန်ကြားရေးမှူး တစ်နေရာ လစ်လပ်နေတာ... ဆက်ကြိုးစားပါ... မင်းမှာ အခွင့်အရေး ရှိနေသေးတယ်..."
"ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ကြီး..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်မှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့ပေ၏။
မမျှော်လင့်ဘဲ တိုက်ဆိုင်မှုများမှတစ်ဆင့် သူ့အတွက် အခွင့်အရေးကောင်းတစ်ခုကို ရယူနိုင်ခဲ့လေသည်။
"ဆေးရုံအုပ်ကြီး... ကျွန်မကိုယ်ပေါ်မှာ အမာရွတ်တွေ ကျန်မနေလောက်ဘူး မဟုတ်လား..."ရွှီချင်းချန်သည် သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးမြန်းလိုက်၏။
ယခု လက်ရှိ သူမ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ နောက်ပိုင်းတွင် အမာရွတ်ကျန်ခဲ့မည်ကိုပင် ဖြစ်ပေသည်။
ဆေးရုံအုပ်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။ "စိတ်မပူပါနဲ့ မစ်ရွှီ... အခြားဟာတွေကို အာမမခံရဲပေမဲ့ ခင်ဗျားရဲ့ ဒဏ်ရာတွေကတော့ သေချာပေါက် အမာရွတ်ကျန်ခဲ့မှာ မဟုတ်ပါဘူး... လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ သေချာ ဂရုစိုက် ကုသပေးသွားပါ့မယ်... သုံးလလောက်ဆိုရင် ဒဏ်ရာက တဖြည်းဖြည်း သက်သာပျောက်ကင်းသွားပါလိမ့်မယ်..."
ထို့နောက် သူက ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်ကို လက်ညှိုးထိုးကာ ပြုံးလျက် ပြောဆိုလိုက်၏။ "ခွဲစိတ်မှု ဒီလောက် အဆင်ပြေချောမွေ့သွားအောင် လုပ်ပေးခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူး ဖန် ကို ခင်ဗျား ကျေးဇူးတင်သင့်တယ်နော်..."
ရွှီချင်းချန် "အခုလို ပင်ပင်ပန်းပန်း လုပ်ပေးခဲ့တဲ့အတွက် ဒုတိယညွှန်ကြားရေးမှူး ဖန် ကို တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်..."
သို့သော် သူမသည် အလွန် ဇဝေဇဝါ ဖြစ်နေခဲ့၏။ အစောပိုင်း ခွဲစိတ်ခန်းထဲတွင် ရှိနေစဉ်က ဆရာဝန်များ အားလုံး ခွဲစိတ်ခန်းသုံး ဝတ်စုံများ ဝတ်ဆင်ထားကြသဖြင့် ၎င်းတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်ရသော်လည်း ထိုခွဲစိတ်ဆရာဝန်မှာ ဤမျှလောက် မဝဖြိုးကြောင်း သူမ မှတ်မိနေပေသည်။
ဖန်ဝမ်ချောင် "မစ်ရွှီ... ရပါတယ်... ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ ရင်ထဲတွင် လျှို့ဝှက်သော ပျော်ရွှင်မှုလှိုင်းလုံးတစ်ခု ရိုက်ခတ်သွားလေ၏။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။ တကယ်လို့ ဒီအခွင့်အရေးကို အသုံးချပြီး ရွှီချင်းချန်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် အကျိုးအမြတ်တွေ အများကြီး ရလာနိုင်သေးတယ်ဟု သူ တွေးလိုက်မိ၏။
အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် ၎င်းတို့အဖွဲ့သည် လူနာဆောင်ထဲမှ ထွက်ခွာသွားကြပေသည်။ ရွှီချင်းချန်မှာ အများပြည်သူသိ လူသိများသူတစ်ဦး ဖြစ်သောကြောင့် သူမ ဤနေရာသို့ ရောက်ရှိနေကြောင်းကို ဆေးရုံဝန်ထမ်းများမှလွဲ၍ အခြားမည်သူမျှ မသိရှိကြချေ။
နောက်ရက်များတွင် ဟွာရှန်းဆေးရုံ တစ်ခုလုံး၌ သတင်းတစ်ခု တဖြည်းဖြည်း ပျံ့နှံ့သွားလေ၏။ ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ ခွဲစိတ်မှု အောင်မြင်ခြင်းနှင့် သူ၏ ထူးချွန်သော စွမ်းရည်များကြောင့် ဆေးရုံအုပ်ကြီးက သူ့ကို အလွန်တန်ဖိုးထားကာ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးရန် ဆုံးဖြတ်လိုက်ကြောင်း ဖြစ်ပေသည်။
သူသည် ရာထူးတိုးမြှင့်ခြင်း မခံရသေးသော်လည်း လုပ်ဖော်ကိုင်ဖက်များက သူ့ကို စတင်ဂုဏ်ပြုနေကြပြီ ဖြစ်သည်။ ထို့အပြင် ရွှီချင်းချန်က ကျေးဇူးဆပ်သည့်အနေဖြင့် ယွမ်ငါးသန်း ပေးအပ်ရန်ပင် ပြင်ဆင်နေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့၏။
ဤအကြောင်းကို ကြားချိန်တွင် ချန်ရွှမ်းရွှမ်းသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှု ဤမျှ ချောမွေ့သွားရခြင်းမှာ အဓိကအားဖြင့် ချန်ဖုန်း၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သူမ ကောင်းစွာ သိထားသောကြောင့်ပင်။ သို့သော် ယခုအခါတွင်မူ ဤဂုဏ်ကျေးဇူးကို ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်က ယူဆောင်သွားခဲ့ပြီ ဖြစ်ပေသည်။
သူမသည် ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ ရုံးခန်းထဲသို့ ဒေါသတကြီး ဝင်ရောက်သွားကာ တံခါးကို ဆွဲဖွင့်လျက် ပြောဆိုလိုက်သည်။ "ဒုတိယညွှန်ကြားရေးမှူး ဖန်... ဒီခွဲစိတ်မှုကို ချန်ဖုန်းက လုပ်ခဲ့တာ ရှင်းနေတာကို ရှင်က ဘာလို့များ..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တံခါးကို ပိတ်လိုက်ကာ လေးနက်စွာ ပြောဆိုလိုက်၏။ “ရှောင်ချန်…ဒီကိစ္စက မင်းထင်သလို မရိုးရှင်းဘူး... စဉ်းစားကြည့်စမ်း... ချန်ဖုန်းမှာ ဆေးဘက်ဆိုင်ရာ လိုင်စင်ပဲ ရှိတာ... သူက ဆရာဝန်တစ်ယောက် ဖြစ်ဖို့ အရည်အချင်း ပြည့်မီလို့လား... ခွဲစိတ်မှု လုပ်ဖို့ရော အရည်အချင်း ပြည့်မီရဲ့လား... သူ ခွဲစိတ်ခဲ့တယ်လို့ ပြောလိုက်တာက သူ့အတွက် ပြဿနာတွေပဲ ဖြစ်လာစေမှာ..."
"ဒါပေမဲ့..."
ချန်ရွှမ်းရွှမ်းမှာ ယခုမှ ဘွဲ့ရခါစ ကောင်မလေးတစ်ယောက် မဟုတ်တော့ချေ။ ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ စကားများမှာ ဆင်ခြေတစ်ခုသက်သက်သာ ဖြစ်ကြောင်း အလွန် သိသာထင်ရှားနေပေသည်။
ချန်ရွှမ်းရွှမ်းက"ဒါပေမဲ့ သူ့ရဲ့ ဂုဏ်ကျေးဇူးကို ရှင်က အလကား ယူလိုက်လို့ မရဘူးလေ... ရွှီချင်းချန် ကျေးဇူးတင်ရမယ့်သူက ချန်ဖုန်းပဲ..."
"ချန်ရွှမ်းရွှမ်း..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်မှာ အနည်းငယ် ဒေါသထွက်သွားခဲ့၏။ သူ၏ မျက်နှာသည် အလွန် ကြည့်ရဆိုးသွားလေသည်။
"မမေ့နဲ့နော်... ငါက မင်းရဲ့ အထက်လူကြီးပဲ... မင်း အလုပ်ထွက်ချင်နေတာလား... တကယ်လို့ ပြဿနာ မတက်ချင်ဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်..."
"ကျွန်မ..."
ချန်ရွှမ်းရွှမ်း၏ နှလုံးသားမှာ တစ်ချက် ခုန်လှုပ်သွားခဲ့သည်။ ဟုတ်တယ်လေ သူမ၏ ကိုယ်ပိုင်အလုပ်သည်ပင် ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ သဘောဆန္ဒအပေါ်တွင် မူတည်နေသည် မဟုတ်လော။ အကယ်၍ သူသာ မကျေမနပ်ဖြစ်သွားပါက သူမကို အလုပ်ဖြုတ်ပစ်ရန် နည်းလမ်းများစွာ ရှိနေပေ၏။
တကယ်ကို ဒေါသထွက်ဖို့ကောင်းတာပဲ…
ချန်ရွှမ်းရွှမ်း"အလုပ်ထွက်ရရင်လည်း ထွက်ရပါစေတော့... ဒီကိစ္စကို ဆေးရုံအုပ်ကြီးဆီ သေချာပေါက် သွားပြောပြမယ်..."
"သွားပြောလိုက်လေ..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်က လုံးဝ ဂရုမစိုက်ကြောင်း သိသာနေပေသည်။
သူက လှောင်ပြောင်လျက် ပြောဆိုလိုက်၏။ "ဆေးရုံအုပ်ကြီးက မင်းကို ယုံမယ်လို့ ထင်နေတာလား... ဘာပဲဖြစ်ဖြစ် ငါက အတွေ့အကြုံရင့် ခွဲစိတ်ဆရာဝန်ကြီး တစ်ယောက်ပဲ... ပရော်ဖက်ရှင်နယ် စွမ်းရည်ရော ခွဲစိတ်မှု အတွေ့အကြုံအရပါ မင်းစကားတွေထက် ပိုပြီး ယုံကြည်ရတယ် မဟုတ်ဘူးလား..."
"ကျွန်မ..."
ချန်ရွှမ်းရွှမ်းမှာ စကားပြောစရာမဲ့ ဖြစ်သွားရတော့သည်။ ထိုခွဲစိတ်မှုအတွက် တစ်ဦးတည်းသော သက်သေများမှာ သူမကိုယ်တိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်တို့သာ ဖြစ်ကြပေ၏။ ရွှီချင်းချန်ကိုယ်တိုင်ပင် မည်သူက အမှန်တကယ် ခွဲစိတ်မှု ပြုလုပ်ခဲ့သည်ကို သိရှိမည် မဟုတ်ချေ။ ကိုယ့်စကားကို ဘယ်သူက ယုံကြည်မည်နည်း။
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ မောက်မာသော အမူအရာကို ကြည့်ရင်း ချန်ရွှမ်းရွှမ်းသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ရုံးခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့လေသည်။
မဖြစ်ဘူး... ချန်ဖုန်းကို ကူညီဖို့အတွက်နဲ့တော့ ငါ့အလုပ်ကို အဆုံးရှုံးခံလို့ မဖြစ်ဘူးလေ…
"ဟွန့်... မင်းလို သူနာပြုမလေးက ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်မှာ အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့၏။ ဤခွဲစိတ်မှုက သူ့ကို နာမည်ဂုဏ်သတင်းရော ဓနဥစ္စာပါ ယူဆောင်လာပေးခဲ့ရာ သူက မည်သို့လုပ် အလွယ်တကူ လက်လွှတ်ခံနိုင်မည်နည်း။
ဟွာရှန်းဆေးရုံသည် ပုဂ္ဂလိက ဆေးရုံတစ်ခုသာဖြစ်ပြီး ၎င်းတို့၏ လစာများမှာ စွမ်းဆောင်ရည်အပေါ် အခြေခံသော ကော်မရှင်များ ဖြစ်ကြပေသည်။ ပုံမှန် အခြေအနေများအောက်တွင် ၎င်းတို့သည် တစ်နှစ်တာအတွင်း ငွေအများအပြား မရရှိကြချေ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရွှီချင်းချန်က ဆုကြေးငွေအဖြစ် ယွမ်ငါးသန်းတောင် ပေးလိမ့်မည်။
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်အတွက် ဤငွေမှာ သူ၏ တစ်သက်တာလုံး ရှာဖွေ၍မရနိုင်သော ဧရာမ ငွေကြေးပမာဏကြီးတစ်ခု ဖြစ်ပေသည်။ တွေးကြည့်ရုံနဲ့တင် အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ...
ထိုအချိန်၌ ဆေးရုံအုပ်ကြီးထံမှ ဖုန်းဝင်လာပြီး သူ့ကို ထိုနေရာသို့ သွားရန် ပြောဆိုလိုက်၏။
ဟင်... ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ နှလုံးသားမှာ တစ်ချက် ခုန်လှုပ်သွားခဲ့သည်။ ချန်ရွှမ်းရွှမ်းက ဆေးရုံအုပ်ကြီးဆီ တကယ်ပဲ သွားတိုင်လိုက်တာလား... မစိုးရိမ်ဘဲတော့ ဘယ်နေနိုင်ပါ့မလဲ... ဘာပဲဖြစ်ဖြစ် ကိုယ်က နည်းနည်းတော့ အပြစ်ရှိနေတာကိုး...
ဆေးရုံအုပ်ကြီး၏ ရုံးခန်းသို့ ရောက်ရှိသွားချိန်တွင် ဆရာဝန်ကြီး ဝမ်ယွီလည်း ထိုနေရာ၌ ရှိနေကြောင်း တွေ့လိုက်ရပေသည်။
ဖန်ဝမ်ချောင်"ဆေးရုံအုပ်ကြီး... ကျွန်တော့်ကို ခိုင်းစရာ အလုပ်ကိစ္စများ ရှိလို့လား..."
"ရှောင်ဖန်..." ဆေးရုံအုပ်ကြီးက ပြုံးလျက် ပြောဆိုလိုက်သည်။ "ထိုင်ပါဦး... ဒီမှာက အပြင်လူတွေမှ မရှိတာ... အရမ်းကြီး တရားဝင်ဖြစ်နေစရာ မလိုပါဘူး..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်သည် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်၏။ တစ်ဖက်လူ၏ အမူအရာမှာ အလွန် ပေါ့ပေါ့ပါးပါး ရှိနေသဖြင့် သူ စိုးရိမ်နေသည့် ကိစ္စမျိုး မဟုတ်ကြောင်း ထင်ရှားနေပေသည်။
၎င်းတို့အဖွဲ့သည် ခဏတာ စကားစမြည် ပြောဆိုလိုက်ကြ၏။ အများစုမှာ ပုံမှန် အလုပ်ကိစ္စများသာ ဖြစ်ပြီး အခြေခံအားဖြင့် သာမန်စကားများသာ ဖြစ်ပေသည်။
ထိုအချိန်၌ ဆေးရုံအုပ်ကြီးက ရုတ်တရက် စကားစလိုက်သည်။ "ရှောင်ဖန်... ငါတို့တွေ ဆွေးနွေးပြီးသွားပြီ... ဒီနေ့ မွန်းလွဲပိုင်းမှာ အတွေ့အကြုံဖလှယ်ပွဲတစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်... အဓိက ရည်ရွယ်ချက်ကတော့ ခွဲစိတ်မှု အတွေ့အကြုံတွေကို ဖလှယ်ဖို့ပဲ... မင်းကလည်း ဒီနယ်ပယ်မှာ အများကြီး အောင်မြင်မှုတွေ ရထားပြီဆိုတော့ ဒီတစ်ကြိမ်တော့ မင်းပဲ တာဝန်ယူလိုက်... ဒီမနက်က ဖြစ်ခဲ့တဲ့ ခွဲစိတ်မှုက အထူးသဖြင့် ကိုယ်စားပြုလောက်တယ်လေ... မင်းရဲ့ နည်းလမ်းတွေနဲ့ အတွေ့အကြုံတွေကို အားလုံးကို မျှဝေပေးလိုက်ပါလား..."
"အာ..." ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်သည် ကုလားထိုင်ပေါ်မှ ခုန်ထလုနီးပါး ဖြစ်သွားခဲ့၏။
မျှဝေရမယ်... ငါက ဘာခွေးချီးကို သွားမျှဝေရမှာလဲ…
"ဘာဖြစ်လို့လဲ..." ဆေးရုံအုပ်ကြီးက ခဏတာ ရပ်တန့်သွားပြီးနောက် ပြုံးလျက် ပြောဆိုလိုက်သည်။ "မစိုးရိမ်ပါနဲ့... သူတို့တွေက ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေချည်းပါပဲ... အားလုံးက သူတို့ရဲ့ အလုပ်ကို သေချာလုပ်ဖို့ ကြိုးစားနေကြတာလေ... တကယ်လို့ မင်းက ဒီနည်းလမ်းကို မျှဝေပေးလိုက်လို့ သူတို့ သင်ယူသွားနိုင်မယ်ဆိုရင်... အခုကစပြီး ဟွာရှန်းဆေးရုံရဲ့ ဂုဏ်သတင်းက မြင့်တက်လာရုံသာမကဘဲ မင်းရဲ့ နာမည်ကလည်း ကြီးလာတော့မှာ..."
အနီးနားတွင် ရပ်နေသော ဆရာဝန်ကြီး ဝမ်ယွီက ရယ်မောလျက် ပြောဆိုလိုက်၏။ "ညွှန်ကြားရေးမှူးဖန် ရဲ့ ဂုဏ်သတင်းက လုပ်ငန်းခွင် တစ်ခုလုံးမှာတောင် ပျံ့နှံ့နေပါပြီဗျာ... တကယ်ကို မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်လွန်သွားတာပဲ... အခြားဟာတွေ အကုန် ဘေးဖယ်ထားလိုက်ဦး... ခွဲစိတ်မှု နယ်ပယ်နဲ့ ပတ်သက်လာရင် သူ့ရဲ့ စွမ်းရည်တွေကို ငါတောင် တကယ်ကို လေးစားမိသွားတယ်... မြို့ထဲက ငါ့ရဲ့ ကျွမ်းကျင်ဆရာဝန် သူငယ်ချင်းတွေကိုလည်း အကြောင်းကြားထားတယ်... သူတို့ကလည်း ညွှန်ကြားရေးမှူးဖန် ကို တွေ့ချင်နေကြတာ... ဒီနေ့ မွန်းလွဲပိုင်း ဆွေးနွေးပွဲမှာ သူတို့ ပါဝင်တာကို ဆေးရုံအုပ်ကြီး စိတ်မရှိဘူး မဟုတ်လား..."
ဆေးရုံအုပ်ကြီးမှာ အလွန် ဝမ်းသာနေခဲ့သည်။
“ဒါပေါ့ စိတ်မရှိပါဘူး… သူတို့က ဆေးဘက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေချည်းပဲ... ငါတို့ရဲ့ နေရာသေးသေးလေးကို လာချင်တယ်ဆိုတော့... ငါ အရမ်းကို ဝမ်းသာတာပေါ့..."
"ဒါဆိုလည်း ကောင်းတာပေါ့..." ဆရာဝန်ကြီး ဝမ်ယွီသည်လည်း အလွန် စိတ်လှုပ်ရှားနေပြီး ယဉ်ကျေးစွာ ပြောဆိုလိုက်၏။ "တကယ်လို့ ညွှန်ကြားရေးမှူးဖန် သာ စိတ်မရှိဘူးဆိုရင် ဒီနေ့ မွန်းလွဲပိုင်းမှာ နောက်ထပ် လူနာတစ်ယောက် ရောက်လာလိမ့်မယ်... ခွဲစိတ်မှုချင်း အတူတူဆိုပေမဲ့ လူနာတွေက သူတို့ရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ပိုကြီးကြတယ်လေ... အရင်ကတော့ ငါကိုယ်တိုင် ခွဲစိတ်ဖို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ အခုတော့ ညွှန်ကြားရေးမှူးဖန် က ပိုပြီး သင့်တော်နေပြီ... အတွေ့အကြုံဖလှယ်ပွဲ အချိန်နဲ့လည်း ကွက်တိပဲ... အားလုံးပဲ ညွှန်ကြားရေးမှူးဖန် ရဲ့ စွမ်းရည်တွေကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ရသွားတာပေါ့..."
ဤစကားများကို ကြားရချိန်တွင်... ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်၏ မျက်နှာသည် သေသူတစ်ဦးအလား ဖြူရော်သွားတော့၏။